• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 139, October 22, 2021)

 

၁။ မင်းတပ်မြို့နယ်ရှိ စစ်ရှောင်စခန်းအချို့ ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရ
October 21, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင် ၃၅၀၀၀ အနက် ငါးပုံတစ်ပုံခန့်သည် စက်တင်ဘာလကုန်ခန့်မှစ၍ ဆန်နှင့် စားနပ်ရိက္ခာ ပြတ်လပ်သည့်အနေအထား ရင်ဆိုင်နေရကြောင်း စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။ညဝဥ ကိုသာအဓိက ထား စိုက်ပျိုးသည့် ချင်းတောင်တွင် ဆန်ကို ပခုက္ကူမြို့နှင့် ယောနယ်တို့မှ အဓိကထားဝယ်ယူရပြီး လမ်းကြောင်းပိတ်ဆို့ ခံရမှု များကြောင့် ရိက္ခာသယ်ယူရာတွင် အခက်အခဲဖြစ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ “ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့ ဘူး။ ဆိုင်ကယ်နဲ့ မိုင် ၇၀၊ ၈၀ လောက် ကိုသယ်ပြီး ရောက်လာတဲ့ဆန်ကလည်း ဈေးကနှစ်ဆလောက်တက်သွားတယ်။ ၄၈၀၀၀၊ ၅၀၀၀၀ ထိ ဖြစ်သွားတယ်။ ဆန်က အရမ်းကိုခက်ခဲတဲ့အနေအထာကို ရောက်သွားတယ်။ တောထဲမှာ တာလပတ် တွေနဲ့ တဲလေးတွေထိုးပြီးနေရတဲ့အခါ မိုးကအရမ်းများတော့ ဆန်ကရေစိုကုန်တယ်။ ရွာမှာထားခဲ့တဲ့ ဆန်အိတ်တွေကလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ အခုချိန်ထိ ကျေးရွာတော်တော်များများမှာ ဆန်လိုအပ်ချက်က အရမ်းများနေတယ်” ဟု စစ်ရှောင် စခန်း တာဝန်ခံတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

မေလမှစ၍ အောက်တိုဘာလအထိ ငါးလအတွင်း စစ်ဘေးရှောင်များထဲတွင် အာဟာရချို့တဲ့ပြီး သေဆုံးသူ ၃၀ ကျော်ရှိနေပြီး အများစုမှာ ဆယ်နှစ်အောက်ကလေးများဖြစ်ကြောင်း၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲရှောင်ရင်းထွက်ပြေးလာသူ တစ်သောင်း ကျော်နှင့် ကျေးရွာနေဒေသခံနှစ်သောင်းခွဲရှိပြီး စက်တင်ဘာ ဒုတိယပတ်မှစတင်၍ အင်တာနက်ပြတ်တောက်နေသည်မှာ တစ်လခန့်ရှိပြီဖြစ် ကြောင်း စစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။ တိုက်ပွဲမျာကြောင့် ချင်းပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေး လာသူအရေအတွက်မှာ ၂၁,၄၂၀ ဦး အထိရှိနေပြီး စစ်ရှောင်သူဦးရေမှာလည်း သိသိသာသာ ဆက်လက်မြင့်တက် လျက်ရှိ ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

၂။ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်မီးရှို့ပစ်မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်
October 19, 2021

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ပိုင်း ရွာသစ်ကျေးရွာရှိ ဒေသခံရွာသားများအနေဖြင့် လက်ရှိအချိန်တွင် ထွက်ပြေးတိမ်း ရှောင်မှုများလုပ်ဆောင်ပါက နေအိမ်မီးရှို့ပစ်မည်ဟု ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်က ခြိမ်းခြောက်ပြောဆိုနေ သည်ဟု ဒေသခံများထံမှ သိရသည်။

ရွာသစ်ကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၆၀ ခန့်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက် အောက်ခံ ခြေမြန် တပ်ရင်း ခမရ- ၅၅၆နှင့် ၅၆၀ တို့သည် တိုက်ပွဲများဖြစ်ပွား၍ ရွာသားများ ထွက်ပြေးတိမ်း ရှောင်နေပါက ကျန်ရစ်သည့် နေအိမ် ကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ရွာသားများမှာ ကြောက်လန့်စွာဖြင့် နေထိုင်နေကြသည်ဟု KNLAနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ “ အခု စစ်တပ်က ရွာသစ်မှာပဲ နေတယ်။ သူတို့သွားနေတဲ့ သူများအိမ်တွေမှာလည်း အိမ်ရှင်တွေ ကို အပြင် ပေးမထွက်ဘူး။ ထွက်ရင် အိမ်မီးရှို့မယ်ခြိမ်းခြောက်တယ်။ မနေ့က သူများကားတစ်စီးကိုလည်း မီးရှို့လိုက်တယ်။ ပြီးတော့ ရွာက ကြက်ဝက်တွေကိုလည်း လိုက်ဖမ်းစားတာရှိတယ်။ သေနတ်တွေပစ်တယ်။ တိုက်ပွဲက နေ့တိုင်းဖြစ်တယ်”ဟု အဆိုပါ ဒေသခံက ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြန်လည်ထွက်ခွာခြင်းမရှိသေးဘဲ အဆိုပါဒေသတွင် ဆက်လက်တပ်စွဲပြီး တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေသည့်အတွက် လက်ရှိအချိန်တွင် ရွာသစ်ကျေးရွာအပြင် အနီးအနားရှိ ကျေးရွာများဖြစ်သည့် မြို့ဟောင်း နှင့် အံကလော်ကျေးရွာရှိ ရာနှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။ ၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ကော့ကရိတ် မြို့တောင် ပိုင်းဘက်တွင် ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်ရာ အောက်တိုဘာလ ၁ ရက်မှ ၁၈ရက်နေ့အထိ နယ်မြေခံ KNLA တပ်ရင်း ၁၈ နှင့် ၂၇ တို့အကြား နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်ကျဆုံးပြီး ၃၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ဆို သည်။ ဒေသခံရွာသားအချို့ကို ဖမ်းဆီးကာ စစ်ရေးလှုပ်ရှားရာတွင် လမ်းပြအဖြစ် ခေါ်ယူအသုံးပြုမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

၃။ မိုင်းပွန်မြို့တွင် စော်ဘွားကြီးစဝ်စံထွန်းရုပ်ထု စိုက်ထူ
October 20, 2021

သျှမ်းပြည်တောင်ပိုင်း လွိုင်ခင်ခရိုင် မိုင်းပွန်မြို့တွင် မိုင်းပွန်စော်ဘွားစဝ်စံထွန်း၏ ရုပ်ထုကို ယနေ့ အောက်တိုဘာ (၂၀)ရက်၌ စိုက်ထူခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ရုပ်ထုသည် အမြင့်ပေ ၉ ပေ ၃ လက်မ ရှိပြီး မိုင်းပွန်စော်ဘွား စဝ်စံထွန်း၏ ရုပ်ထုကို ဟော်နန်းရှေ့ရှိ ကျောက်တိုင်ကွင်းတွင် စိုက်ထူထားကြောင်း သိရသည်။

“သမိုင်းမပပျောက်ရေး နဲ့ အများပြည်သူတွေ စော်ဘွားရဲ့ သမိုင်းကြောင်း လေ့လာနိုင်ရေး အတွက် စိုက်ထူခဲ့ခြင်းဖြစ်ပါတယ်” ဟု မိုင်းပွန်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။ NLD အစိုးရလက်ထက်က သျှမ်းပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ ဦးဆောင်ပြီး သံဃာတော်များ မိုင်းပွန်ဒေသခံများက စုပေါင်း ပြုလုပ်ကြကြောင်း ရုပ်ထု ဖြစ် မြောက်ရေးတွင် ပါဝင်သူ တစ်ဦးက ပြောသည်။ “ဝန်ကြီး ဦးစွံဆိုင်း ဦးဆောင်ပြီးလုပ်တယ်။ ငွေကြေးပိုင်းလည်း သူတို့ပဲ တာဝန်ယူပြီး အားလုံးလုပ်ပေးတယ်။ ကျပ်သိန်း (၁၈၀) ကုန်ကျတယ် ” ဟု ၎င်းကပြောသည်။

မိုင်းပွန်စော်ဘွား စဝ်စံထွန်းဟာ ဇူလိုင် (၁၉) ရက်နေ့မှာ ကျဆုံးခဲ့သည့် အာဇာနည် (၉ ) ဦးထဲက တစ်ဦး အပါအဝင် ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် (၁၉) ရက်တွင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်းပြု ပြည်ပြုကိစ္စရပ်များ ဆွေးနွေးနေစဉ် ဂဠုန် ဦးစော၏ အပေါင်းအပါ လက်ချက်ဖြင့် လုပ်ကြံခံခဲ့ရသည်။ စော်ဘွားကြီး ကွယ်လွန်ချိန်တွင် အသက် (၄၀) သာ ရှိသေးကြောင်း သိရှိရသည်။

၄။ မြဝတီတွင် Taxi မောင်းသူ၏ လည်ပင်းကိုဓားဖြင့်လှီး၍ ဆိုင်ကယ် လုယက်ထွက်ပြေးသူ ၂ ဦးအား ဇာသပြင် တံတားတွင်ဖမ်းမိ

October 20, 2021

ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီခန့်က ဆိုင်ကယ် Taxi မောင်းသူတစ်ဦးအား လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယက် ထွက်ပြေးသူ အမျိုးသား နှစ်ဦးအား ဖားအံ-မော်လမြိုင်သွားလမ်း ဇာသပြင် တံတားတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက်နံနက် ၁၀ နာရီအချိန်ခန့်ကမြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်ရေပူကျေးရွာနေဆိုင်ကယ် Taxi နံပါတ်(၃၈) မောင်းသူ ဦးကျော်မင်း အသက်(၄၀)နှစ်သည် ဆိုင်ကယ် Taxi မောင်းနေစဉ် ၎င်းနှင့်အိမ်နီးချင်းဖြစ်သူ ဦးဝင်းထွန်း နှင့် ချစ်အောင်သဲတို့ သားအဖနှစ်ဦးမှ ဆိုင်ကယ် Taxi ငှားစီးရာ ဦးကျော်မင်းက လိုက်ပို့ပေးခဲ့သည်။ ထိုသို့ လိုက်ပို့ပေးစဉ် မြဝတီမြို့ပြင် တိုးချဲ့ ရပ်ကွက် ၆ နှင့် ၇ လမ်းကြား တစ်နေရာအရောက်တွင် ဆိုင်ကယ်ငှားစီးသူ သားအဖ နှစ်ဦးမှ အသင့်ပါ လာသော ဓားဖြင့် ဦးကျော်မင်းအား လည်ပင်းလှီးကာ ဆိုင်ကယ်လုယက် ထွက်ပြေးသွားခဲ့သည်။

အဆိုပါ ဆိုင်ကယ်လုပြေးသူ နှစ်ဦးမှာ မွန်ပြည်နယ် မော်လမြိုင်မြို့ဘက်သို့ မောင်းပြေးရာ ဇာသပြင်တံတား အရောက်တွင် လုယူသွားသည့်ဆိုင်ကယ်နှင့်အတူဖမ်းဆီးရမိထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိမှာ ဦးကျော်မင်းတွင် လည်ပင်း၌ ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံမှ ဖားအံဆေးရုံကြီးသို့ လွှဲပြောင်း ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူနေရကြောင်း ၎င်း၏မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။

၅။ မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

October 21, 2021

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တာဝန်ကျသည့် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်းယောက်ဖ ဖြစ် သူကို အမည်မသိအဖွဲ့တစ်ဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်ညနေပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။ “မနေ့ ညနေ ၆ နာရီလောက်မှာထင်တယ် သူတို့နေတဲ့အိမ်ကနေ သေနတ်ထောက်ပြီး လာဖမ်းသွားတာ သူ့ယောက်ဖလည်း ပါသွား တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီး တင့်ဆွေဦး သည် မိုးမောက်မြို့ ခါနန်ရပ်ကွက်တွင် အိမ်ငှားနေထိုင်ကြောင်းလည်း သိရသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ ဖမ်းဆီးခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကာ လက်ရှိချိန်ထိ မည်သည့်အဖွဲ့ စည်းမှ ဖမ်းဆီးသွားကြောင်း မသိရသေးပေ။ မိုးမောက်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာသွား လမ်းနှင့် အရှေ့ဘက် လွယ်ဂျယ် မိုင်ဂျာယန်သွားသောလမ်းဆုံတွင်တည်ရှိပြီး ပြီးခဲ့သောရက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်း ကို KIA က မိုင်းခွဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

၆။ ဟားခါးတွင် စစ်အင်အားတိုးချဲ့နေပြီး အင်အား ၇၀၀ ခန့်ရှိလာ၊ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေ
October 21, 2021

ချင်းပြည်နယ်၊ ဟားခါးမြို့ထဲကို အောက်တိုဘာ ၂၀ရက်နေ့က တင့်ကားတွေအပါအဝင် စစ်ကား ၅၀ ကျော်နဲ့ စစ်သားအင်အား ၄၀၀ ကျော်ထပ်တိုးဝင်ရောက်ခဲ့ပြီး မူလရှိတဲ့ အင်အားနဲ့ပေါင်းရင် စစ်ကောင်စီတပ်သား ၇၀၀ နီးပါးရှိလာပါတယ်။ ဟားခါးမြို့ ပေါ်က ပြည်သူတွေဟာ သေနတ်သံ၊ ဗုံးသံတွေကြားထဲမှာ ထိန့်လန့်မှုတွေခံစားနေရတာကြောင့် အိမ်ခြေ ၂၀၀ နီးပါး အိုးအိမ် စွန့်ခွာထွက်ပြေးနေကြပြီး စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေးအရ အနိုင်ကျင့်ဖိနှိပ်နေတယ်လို့ ချင်းနှစ်ချင်းခရစ်ယာန် အဖွဲ့ ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

စစ်ကောင်စီနဲ့ ဟားခါး CDF တို့ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအတွက် လုံခြုံရေးဇုန်နေရာ သတ်မှတ်ဖို့ ဒေသခံ ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့တွေက ကြိုးစားတာတွေရှိနေပြီး စစ်ကောင်စီဘက်က နုတ်အားဖြင့်သဘောတူထားတယ်လို့ ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။ စစ်ကောင်စီက ဘုရားကျောင်း တွေကို မီးရှို့တာ၊ ရည်ရွယ်ချက်ရှိရှိ တပ်စွဲတာတွေကတော့ ဘာသာရေး၊ လူမျိုးရေးအရ အနိုင်ကျင့်ဖိနှိပ်တာဖြစ်တယ်လို့ ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဒေးနစ်ငွန်ထောင်းမန်က ပြောပါတယ်။ “တကယ်တမ်းကြတော့ ကြိုက်သ လို ဖမ်းလိုက် အိမ်ထဲဝင်လိုက် ပစ္စည်းတွေမွှေနှောက်လိုက်။ ဘုရားကျောင်းလည်း မရှောင်ဘူးပေါ့။ ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့တာ တွေ တပ်စွဲတာတွေ တွေ့တဲ့အခါကြတော့ ကျနော်တို့ဘက်က ပြောသင့်သလောက်ပြောတယ်။ သူတို့ဘက်က လိုက်လျောမှု တော့မရှိဘူး။ ခံစားမှုကတော့ ဘာသာရေးလူမျိုးရေး အနိုင်ကျင့်တဲ့သဘော အထင်သေးတဲ့သဘော ဖိနှပ်တဲ့သဘောလို့ပဲ ခံစား တယ်ပေါ့။ ပြည်သူတွေက အထိတ်တလန့်ဖြစ်နေတယ်။ သေနတ်သံ ဗုံးသံကြားတဲ့အခါ ထွက်ပြေးကြပြီပေါ့။ ဟားခါးမြို့ပေါ် ကနေ အိမ်ခြေ ၁၆၀ ကနေ ၂၀၀ နီးပါးထွက်ပြေးကြတယ်။ မနေ့က မြို့ထဲဝင်လာတာ ၅၁ စီး တင့်ကားလည်းပါတယ်။ အင်အား ၄၀၀ လောက်။ နဂိုရှိတာနဲ့ဆို အင်အား ၆၀၀ ကျော် ၇၀၀ လောက်ရှိမယ်။” ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းနဲ့ မကွေးတိုင်းနယ်စပ် အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက ချင်းပြည်နယ်ကို ဦးတည်ချေမှုန်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။

“အောက်တိုဘာ ၂၀ ရက်နေ့ ၁နာရီ မိနစ် ၂၀ ဝန်းကျင်မှာဖြစ်တာ။ ကြာချိန်က ၃၅ မိနစ်၊ မိနစ် ၄၀ ဝန်းကျင် ကြာတယ်။ ဂန့်ဂေါလမ်းမကြီးပေါ်မှာ PRA တပ်ရင်း ၂နဲ့ ဖြစ်တာပါ။ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာတွေ စိပ်လာတယ်။ ကျနော်တို့ က အခြေအနေပေါ်မူတည်ပြီး ခြုံခိုတိုက်ခိုက်ရခြင်းဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းသုံးပြီး နယ်မြေရှင်းလင်း ထိုးစစ်ဆင်တာတွေ စိပ်လာတယ်။ ကျနော်တို့ ပတ်ဝန်းကျင်ကိုရောက်လာတဲ့ စစ်တပ်ကို ရနိုင်သမျှတိုက်ခိုက်ရခြင်းဖြစ်ပါတယ်။ စစ်ရှောင်တွေကိုပါ ကူညီနေရတာဖြစ်တဲ့အတွက် စားရေးသောက်ရေးပါ ခက်ခဲနေပါတယ်။ ဒါပေမယ့် ပြည်သူကို အသက်ပေးပြီး ကျွန်တော်တို့ တစ်ဖွဲလုံး ကာကွယ်ပေးသွားမှာပါ။ မြို့သိမ်းတိုက်ပွဲတွေ ကျနော်တို့ဘက်က စတင်သွားဖို့ ဆုံးဖြတ်ထားပါတယ်ဗျ။” အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက ဗျူဟာမြောက် ထိုးစစ်ဆင်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေသလို ဒေသခံ PDF တွေကလည်း လက်နက်နဲ့လူအင်အားဖြည့်တင်းပြီး အသင့် အနေအထားနဲ့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ လက်နက်အင်အား၊ လူအင်အားမမျှတတဲ့အခြေအနေဖြစ်ပေမယ့် စိတ်ဓာတ် ရေးရာအားသာချက်နဲ့ နယ်မြေကျွမ်းကျင်မှုကိုအသုံးချပြီး ခုခံတုံ့ပြန်မယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။

၇။ တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော်မည် မဟုတ်ကြောင်း ကုမ္ပဏီမှ ကတိပေး
October 20, 2021

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲ ကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည် မဟုတ်ကြောင်း ပြည်သူ များကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့ နှင့် ငွေရည်ပုလဲ ကုမ္ပဏီမှ တာဝန်ရှိသူများသည် ခြံပိုင်ရှင် (၃၀)ကျော်နှင့် ဒေသခံများကို တန့်ယန်းမြို့ နယ် နားဟုတ် ကျေးရွာအုပ်စုမှ နားဟုတ်အခြေခံပညာကျောင်းတွင် အစည်းအဝေးခေါ်ယူခဲ့သည်။

ထိုအစည်းအဝေးတွင် မိုင်းဟပြည်သူ့စစ်မှ ပြည်သူဘက်ရပ်တည်ပေးမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။ “ကုမ္ပဏီဘက်ကတော့ ပြည်သူတွေ သဘောမတူရင်လည်း ကျောက်မီးသွေးကို မတူးတော့ပါဘူး၊ ကန့်ကွက်တဲ့ သူရှိနေတော့ အတင်းမလုပ်တော့ဘူး၊ ပြည်သူတွေကိုလိုက်ပြီးလည်း နှောင့်ယှက်မှု မပေးဘူးလို့ပြောတယ်၊ မိုင်းဟ ပြည်သူ့စစ်ကလည်း ပြည်သူတွေရဲ့ သဘောအတိုင်းပဲ ပြည်သူဘက်က ရပ်တည်ပေးမယ်၊ ပြည်သူတွေမကြိုက်တဲ့ ကျောက်မီးသွေး တူးဖော်မှု မရှိစေရဘူးလို့ ပြောသွားတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြည်သူ့ အားလို့ ပြောရမှာပေါ့၊ ကျနော်တို့ ရွာသား ၃၀၀၀ ကျော်နဲ့ရွာပေါင်း ၁၄ ရွာက ဝိုင်းဝန်းဆန့်ကျင်တဲ့ အကျိုးအဆက်ပေါ့၊ ကုမ္ပဏီဘက်က မတူးတော့ဘူးလို့ ကတိစကားတွေနဲ့ ခုလိုပြောလာတော့ ကျနော်တို့ပြည်သူအနေနဲ့ ဝမ်းသာပါတယ်၊ ပြီးတော့ ပြည် သူဘက်က ရပ်တည်ပေးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရှိတော့ ပိုပြီးဝမ်းသာတယ်” ဟု နားဟုတ် ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေသည့် နေရာသစ်သည် ပြည်သူပိုင် လယ်ယာခြံ မြေနေရာများ ဖြစ်ကြသည့်အတွက် နောင်လာမည့် သားစဥ်မြေးဆက်များအတွက် စိုက်ပျိုးဖြစ်စေလိုကြောင်းနှင့် လက်ရှိမှာလည်း ပြည်သူ တို့၏ ဝမ်းစာအတွက် လုပ်ကိုင်စားသောက်နေရသည့် မြေနေရာဖြစ်နေကြောင်းလည်း သိရသည်။ ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်ရန် နေရာသစ်လျားထာသည့် တန့်ယန်းမြို့နယ်မှ နမ့်ပန်မြစ်သည် သံလွင်မြစ်၏ အဓိက မြစ်လက် တက်ဖြစ်ပြီး စိုက်ပျိုးရေးဖြင့်အသက်မွေးနေကြသည့် ဒေသခံပြည်သူ (၃၀၀၀)ကျော် မှီတင်းနေထိုင်ကြသည့် ဒေသဖြစ်ကြောင်း သိရှိရသည်။

၈။ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်း အလောင်းအပါအဝင်တပ်ဖွဲ့ဝင်များ၏အလောင်းများကို စစ်ကောင်စီက အမှိုက်အိတ်အမည်းဖြင့်ထုပ်၍ သင်္ချိုင်းဇရပ်တွင် ဖြစ်သလို စွန့်ပစ်သွား
October 22, 2021

အောက်တိုဘာလ ၂၀ ရက်နေ့ KNLA တပ်မဟာ ၆ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီ ခလရ ၂၈၃ တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန်းဝင်းထွန်းအပါအဝင် သေဆုံး ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်၇ ဦး ၏ အလောင်း များကို အမှိုက် အိတ်အမည်းများဖြင့် ထုပ်ကာ သံဖြူဇရပ်မြို့နယ် သင်္ချိုင်းဇရပ်ပေါ်တွင် ဖြစ်သလို လာရောက်စွန့်ပစ်သွား ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ ခုခံရွာနှင့် သံပုရာရွာကြားတွင် ၁ ကြိမ်၊ သံပုရာရွာနှင့် အနန်းကွင်းရွာကြားတွင် ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ယာယီ တပ်ရင်းမှူး သန်းဝင်းထွန်းအပါအဝင် ၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

နယ်မြေခံ KNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၂၈၃ ဖြစ်ပြီး လက်နက်အတိုအရှည်အပါအဝင် ၇ လက် သိမ်းဆည်းရမိကာ ကားတစ်စီးပျက်စီးသွားကြောင်း KNLA သတင်း ရင်းမြစ်က ပြောသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းတွင်လည်း ဘုရားသုံးဆူ-သံဖြူဇရပ် ကား လမ်းပေါ်ရှိ လွတ်ရှမ်း ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ ထပ်မံစစ်ရေးလှုပ်ရှားလာသည့်အတွက် နယ်မြေခံ KNLA တပ်နှင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွား ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ဗိုလ်မှူး ၁ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိကြောင်း နယ်မြေခံ KNLA တပ်ထံမှ သိရ သည်။

၉။ ကန်ပက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ ၉၀ ရာခိုင်နှုန်း ရိက္ခာပြတ်လပ်နေ
October 20, 2021

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင်ရှိသော စစ်ဘေးရှောင်ပြည်သူများ ရိက္ခာပြတ်လပ်နေသည့်အပြင် လာမည့် ဒီဇင်ဘာလအတွင်း ၉၀ ရာခိုင်နှုန်းမှာ ရိက္ခာ လုံးဝ ပြတ်လပ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့တွေက ဝဥခင်းတွေပဲ အားကိုးပြီး တောရွာဖက်မှာ လုပ်ကြတယ်ဆိုတော့ ဝဥ တွေရောင်းပြီး ဆန်တွေဝယ်ပြီး စားနေရတဲ့သူတွေ၊ အဲ့တာတွေလုပ်ပြီးတော့ တောင်ယာမခုတ်ကြဘူး။ သူတို့ တနှစ်စာအတွက် ချန်ထားတဲ့ဟာက အခု တချို့ဆို ဆန်တွေက ပြတ်ပြီ။ လုံးလုံးပြတ်သွားပြီ၊ တခြားသူဆီမှာ ချေးငှားပြီးမှ ပြန်စားနေရတဲ့သူ တွေရှိတယ်၊ အဲ့ဒါကြောင့်မို့ အခုဒီဇင်ဘာဆိုရင် ၉၀ ရာခိုင်နှုန်းက အစာရေစာငတ်ပြတ်လာမယ့်သဘောရှိတယ်။ နောက်ဆိုရင် ပိုခက်ခဲမယ်။” ဟု ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင် ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနိုင်ရန် ခါးရိုင်းကျေးရွာတွင် စင်တာတစ်ခုနှင့် ရှင်ဘောင်ကျေးရွာတို့ တွင် တစ်ခု ဖွင့်လှစ်ပေးထားပြီး ကန်ပက်လက်မြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူနှင့် ခါးနန်း၊ ရန်စဲ၊ မှုစိမ်းသိမ်း၊ မြောင်ကျေးရွာ တို့အပါအဝင် စစ်ဘေးရှောင်လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိသည်ဟု စစ်ဘေးရှောင်ကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။ လက်ရှိ ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ပြည်သူများသည် ခါးရိုင်းကျေးရွာဖောင်ဒေရှင်းမှ ရိက္ခာအနည်းငယ် ထောက်ပံ့ကူညီမှုများ ဖြင့် ဆက်လက်စားသုံးနေကြရသည်ဟုသိရပြီး ကန်ပက်လက်မြို့နယ်တွင် ယခုတစ်လောတိုက်ပွဲများထိတွေ့ဖြစ်ပွားမှုမရှိသော် လည်း ရိက္ခာများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အခက်အခဲများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ ဆန်အပြင် ဆီ၊ ဆား၊ ငပိနှင့် မီးဖိုဆောင်သုံးပစ္စည်းများ ပြတ်လပ်နေသည်ဟု သိရသည်။

၁၀။ ကယားရှိစစ်ရှောင်များကြား ကိုဗစ်ကူးစက်မှုမြင့်တက်၍ ဆေးဝါးအကူအညီလိုအပ်နေ
October 21, 2021

ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များကြား ကိုဗစ်ရောဂါဖြစ်ပွားမှုများမြင့်တက်လာနေပြီး ဆေးဝါးအကူအညီလိုအပ်လျက် ရှိ ကြောင်း ကိုဗစ်ကုသရေးပိုင်းတွင် အကူညီပေးနေသည့် လူမှုအဖွဲ့အစည်းများထံမှသိရသည်။

ကယားပြည်နယ်အတွင်း စက်တင်ဘာလမှစတင်ပြီး တိုက်ပွဲများပြန်လည်ပြင်းထန်ခဲ့ပြီးနောက် တိုက်ပွဲရှောင်ပြည်သူများကြား ကိုဗစ်ဖြစ်ပွားမှုမြင့်တက်လာခြင်းဖြစ်သည်။ ပိုးတွေ့သူမှာ တစ်ရက်လျှင် ပျမ်းမျှ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်ကြားရှိကြောင်း ကိုဗစ်စင်တာတာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။ “ရွာလုံကျွတ်နီးပါးလည်းဖြစ်တယ်။ စစ်ရှောင်စခန်း တစ်ခုဆို ၈၀ ရာခိုင်နှုန်းလောက် ကိုဗစ်ကူးစက်တာတွေရှိတယ်။ ၁၀၀ ကျော်ကိုစစ်ရင် ၆၀ လောက်ပိုးတွေ့တယ်။ စစ်ရှောင် တွေ လက်ခံတဲ့ရွာတွေမှာလည်းဖြစ်တယ်။ ဒေါသမကြီးမှာဆို တစ်ရွာလုံးနီးပါးဖျားနေကြတယ်။ test kit မလောက်လို့ မစစ်နိုင်ဘူး” ဟု ၎င်းကပြောသည်။ ထို့ပြင် ဆေးဝါးနှင့်အောက်ဆီဂျင်လိုအပ်ချက်များရှိနေပြီး လမ်းကြောင်းပိတ်ဆို့မှုများ ကြောင့် စာနပ်ရိက္ခာနှင့်ဆေးဝါးသယ်ယူရာ၌ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ကယားပြည်နယ်သည် ကိုဗစ်ကာလတလျှောက် ရောဂါပိုးတွေ့သူ အနည်းဆုံးပြည်နယ်ဖြစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မှ သင်တန်းတက်ရောက်ပြီး ပြန်လာသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတွင် ရောဂါပိုးစတင်တွေ့ရှိခဲ့ ခြင်း ဖြစ်သည်။

၁၁။ မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ
October 21, 2021

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် နောင်မွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု နှုန်းမြင့်တက်နေပြီး အောက်တို ဘာလ ၂၁ ရက်နေ့အထိ ကူးစက်ခံရသူ ၇၀ ဦးဝန်းကျင်ခန့်အထိ ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ၁၀ ရက်ကျော်ကစတင်ပြီး နောင်မွန်မြို့ပေါ်ရပ်ကွက်များတွင် ရောဂါ ကူးစက်ပျံနှံ့မှုများ ဖြစ်လာပြီး လက်ရှိတွင် ဒေသခံများမှာ တောင်ယာခင်းတွင် ထွက်ပြေးတိမ်းရှောင်ရသည့်အခြေအနေထိရှိနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “နောင်မွန်မြို့မှာက တစ်ရက်ပြီး တစ်ရက် အရမ်းများလာတယ်။ မနေ့ကအထိ ၆၀ ကျော် လောက်ဘဲရှိသေးတယ်။ ဒီကနေ့ဆို ၇၀ ယောက်အထိရှိသွားပြီတဲ့။ တစ်ချို့က ရောဂါကူးစက်မှာကြောက်ပြီး အခင်းတောင်ယာ တွေမှာဘဲ သွားနေကြပြီ။ ရောဂါဖြစ်တဲ့သူတွေတစ်ချို့ကလည်း အခင်းတွေမှာ သွားနေကြတယ်လို့ကြားတယ်။ အခုက မြို့ပေါ် ရပ်ကွက်အတွင်းမှာ ပိုဆိုးနေတယ်” ဟု ပြောဆိုသည်။နောင်မွန်မြို့ပေါ်တွင် ရပ်ကွက် ၅ ခုရှိသည့်အနက် ရပ်ကွက် (၂) နှင့် (၃) တွင် ကူးစက်ပျံနှံ့မှုအများဆုံးဖြစ်နေပြီး တစ်ရက်အတွင်း ကူးစက်မှုနှုန်း ၈ ဦးမှ ၁၀ ဦးကျော်ခန့်အထိ မြင့်တက်နေကြောင်း သူက ဆက်ဆိုသည်။

ပြီးခဲ့သောအပတ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၁၈ ဦး အထိရှိခဲ့ပြီး ၎င်းတို့အများစုမှာ စစ်ကောင်စီလက် အောက် အုပ်ချုပ်ရေးဌာနဆိုင်ရာနေရာတွင် သွားလာလှုပ်ရှားသူများဖြစ်သည်ဟု သိရသည်။ နောင်မွန်ဒေသသည် လမ်းပန်းဆက် သွယ်ရေး အလွန်ခက်ခဲနေသေးသောကြောင့် ကျန်းမာရေးနှင့် ပတ်သက်ပြီးလည်း အလွန်အားနည်းနေသည့် အတွက် ကူးစက်မှုနှုန်း ယခုထက် ပိုမိုမြင့်တက်လာပါက အသက်အန္တရာယ်သေဆုံးသည့်အထိ ဖြစ်လာနိုင်သည်ဟု ပူတာအို ဒေသ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ နောင်မွန်ဒေသတွင် ဌာနေပြည်သူ့စစ်အဖွဲ့မှ စစ်သင်တန်းပို့ချပေးခဲ့ပြီးနောက် ရောဂါကူးစက်မှုရှိလာခဲ့သည့်အပြင် ပြီးခဲ့သောပတ် နောင်မွန်အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး ဘောလုံးပွဲပြုလုပ်ရာတွင် ကူးစက်မှုနှုန်းပိုမိုများပြားလာကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

၁၂။ ဒီးမော့ဆို၊ ရဲစခန်းအနောက်ဘက် ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNDF ဝင်တိုက်၊ စစ်ကောင်စီ ဘက်မှ အသေအဆုံးရှိ
October 22, 2021

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ရဲစခန်းအနောက်ဘက်ရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်အား အောက်တိုဘာလ ၂၁ ရက် ည ၈ နာရီမှ ၈ နာရီခွဲအထိ ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၁၉ က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း KNDF တပ်ရင်း ၁၉ မှ သတင်းထုတ်ပြန်သည်။ KNDF တပ်ရင်း ၁၉ မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်းလည်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ်ရှိ အဆိုပါ စစ်ကောင်စီတပ်သည် နေ့ဘက်တွင်သာမပါ ညဘက်များတွင်ပါ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများရှိနေပြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ခြိမ်းခြောက်နေခြင်းကြောင့် ဝင်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု KNDF တပ်ရင်း ၁၉ ထံမှ သိရသည်။

၁၃။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းဆွဲယူလုပ်ကိုင်သူများကို အရေးယူသွားမည်
October 20, 2021

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ရဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ စစ်ကောင်စီကခေါ်ယူတဲ့ တင်ဒါလုပ်ငန်းများကို ဆွဲယူလုပ် ကိုင်သူများအားလုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ တနင်္သာရီတိုင်းဒေသအတွင်းရှိ Underground PDF အဖွဲ့မှ အောက်တိုဘာလ ၁၈ ရက်နေ့က သတိပေးလိုက်တာဖြစ်ပါတယ်။ ပြည်သူအစိုးရကနေ တရားဝင်ခေါ်ယူသော လုပ်ငန်းတွေမ ဟုတ်တဲ့ အတွက် တင်ဒါလုပ်ငန်းဆွဲယူလုပ်ကိုင်မယ့် မည်သည့်ကုမ္ပဏီ၊ လုပ်ငန်းရှင်များကိုမဆို စစ်ကောင်စီနဲ့ပူးပေါင်းသူ၊ စစ်ကောင်စီ ထောက်တိုင်တွေအဖြစ် သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေကို Underground PDF တွေက ပြင်းထန်စွာ အရေးယူမှာ ဖြစ်တယ်လို သိရပါတယ်။ လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေ၊ ပညာရေး၊ လမ်းတံတား၊ လျှပ်စစ်အပါအဝင် ကဏ္ဍစုံလုပ်ငန်းတွေရဲ တင်ဒါခေါ်ယူခြင်းကို ဌာနအလိုက် လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အဆိုပါ လုပ်ငန်းတွေအတွက် ဝင်ရောက်တင်ဒါဆွဲဝယ်တဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

၁၄။ တနိုင်း- ရှင်ဗွေယန်သွားသည့်လမ်းမပေါ်ရှိ KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွာ
October 22,2021

ကချင်ပြည်နယ်၊ တနိုင်း- ရှင်ဗွေယန်သွားသည့်လမ်းမပေါ်ရှိ လဂျားဘွမ့်နှင့် တရုန်ကျေးရွာ ၂ ခုကြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက် ထိခိုက် မှုများနိုင်ကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ နံနက် ၈နာရီခွဲအချိန်ခန့်မှစကာ အာဏာသိမ်းစစ်ကောင်စီတပ်သည် လဂျား ဘွမ့်ဘက်သို့ စစ်အင်အား ၅၀ခန့်က ခြေကျင်ဖြင့် တိုးချဲ့လာခဲ့ရာ လဂျားဘွမ့်ရွာဦးအထက်ပိုင်းရှိ တခန်ခ(Da Hkan Hka) အနီးတွင် KIA မှ စောင့်ကြိုကာ ၂ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း လဂျားဘွမ့် ဒေသခံတစ်ဦးက KNG သတင်း ဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တာက ၈နာရီလောက်မှာဖြစ်တယ်။ KIA က လမ်းမှာစောင့်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ရွာကနေအကျယ်ကြီး ကြားရတယ်။ ပြီးရင် ဗမာစစ်တပ်ဘက်က အထိနာဖို့များတယ်။ မိုင်းထိပြီး အော်တဲ့အသံတွေလည်းကြားရတယ်။ ဘယ် လောက်ထိ ထိခိုက်သေဆုံးတာက မသိရပါဘူး”ဟု ပြောဆိုသည်။ KIA ၏ မိုင်းခွဲတိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နံနက် အစောပိုင်း မိုးမလင်းခင် တနိုင်းမြို့ဘက်မှ ရှိန်လုံကျေးရွာအထိ စစ်ကားများဖြင့် စစ်အင်အားလာချသွားသည့် အဖွဲ့ဖြစ်ပြီး တရုန်ဘက်သို့ ပြန်တက်လာခဲ့ရာ လဂျားဘွမ့်ကျေးရွာအနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပါသည်။ အဆိုပါ တရုန်ဘက် သို့ တက်လာသည့် စစ်ကောင်စီအဖွဲ့မှာ တက်လာသည့် လမ်း ကြောင်း တစ်လျှောက်ရှိ ကျေးရွာတစ်ချို့တွင် အိမ်မွေးတိရိစ္ဆာန် များအား ကားဖြင့် တိုက်သတ်မှုများရှိခဲ့ပြီး လက်ရှိတွင် လဂျားဘွမ့်ကျေးရွာအနီးတဝိုက်တပ်စွဲနေထိုင်လျက်ရှိနေကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIA တို့ကြား လဂျားဘွမ့်ကျေးရွာတွင် ၂ ဖက်တပ် စောင့်ကြည့်အနေထားရှိ နေပြီး စစ်ရေးတင်းမာမှုတိုက်ပွဲ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သော စက်တင်ဘာလ အတွင်း၌ လည်း တနိုင်းဘက်မှ စစ်ကောင်စီတပ်ဖွဲ့ စစ်အင်အား အများအပြား တရုန်ဘက်သို့ စစ်အင်အားတိုးချဲ့လာသောကြောင့် ၁၀ ရက်ကျော်ခန့်အကြာ KIA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ပါသည်။

၁၅။ မွန်အမျိုးသားစာသင်ကျောင်းကကျောင်းသူကျောင်းသားတွေကိုကိုဗစ်ကာကွယ်ဆေးထိုးနှံပေးဖို့စာရင်းကောက်ယူနေ
October 21, 2021

မွန်အမျိုးသားစာသင်ကျောင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စာရင်းကောက်ယူနေတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီက ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် ကျောင်းသူ/ကျောင်သားစာရင်းကို အောက်တိုဘာ ဒုတိယအပတ်က စတင်ကောက်ယူနေတာဖြစ်ပြီး၊ ဆေးထိုးပေးမယ့် ကျောင်းသူ/ကျောင်သားအရေအတွက် စာရင်းအတိအကျမရသေးဘူးလို့ ဆိုပါတယ်။

“မွန်အမျိုးသားကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက်ကို သူ့နေရာသူ့ဒေသ အလိုက် စာရင်းကောက်ခံနေတာ လုပ်ဆောင်နေပါတယ်။ မွန်ပညာရေးဌာနနဲ့ ချိတ်ဆက်ဆွေးနွေးပြီးတော့ ဆေးထိုးဖို့စောင့်နေ တာပေါ့နော်။ ဆေးထိုးရမယ့် ကျောင်းသား၊ ကျောင်းသူအရေအတွက်တော့ မသိရသေးပါဘူး” လို့ မွန်ပညာရေးကော်မတီ အဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။ မွန်အမျိုးသားစာသင်ကျောင်းတွေဟာ ကျောင်းသူ/ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားရင် ကျောင်းပြန်ဖွင့်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

မွန်အမျိုးသားစာသင်ကျောင်းတွေဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ စာသင်ကျောင်းပေါင်း ၁၃၄ ကျောင်း ရှိနေတာဖြစ်ပြီး ကျောင်းသားကျောင်းသား ၁ သောင်းကျော်ကို မွန်စာပေနဲ့ အစိုးရသင်ရိုးညွန်တမ်းတွေကို သင်ကြားပေးနေ တာ ဖြစ်ပါတယ်။

၁၆။ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီ ပစ်မှတ်ထားလာနေ
October 21, 2021

ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဘုရားကျောင်းတွေနဲ့ အရပ်ဘက်နေအိမ်တွေ ကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း UCA သတင်းက ဖော်ပြပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့က ဖလမ်းမြို့ နယ်အတွင်း ရွာတစ်ရွာက ဘုရားကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ နေအိမ် ၁၃ လုံးကို မိးရှို့ခဲ့ပါတယ်။ အောက်တို ဘာလ ၁၃ ရက်နေ့ကလည်း ဘက်ပတစ် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း အပါအဝင် ကျေးရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာလည်း အောက်တိုဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တိုက်ခိုက် မှုကြောင့် ဒေသခံ နှစ်သောင်းတစ်ထောင်ကျော် ထွက်ပြေးခဲ့ကြရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာကူညီရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံး UNOCHA က အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်တွေမှာ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း နဲ့ အရပ်ဘက်အဆောက်အအုံ ၁၉၂ ခု တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး အရပ်ဘက်ပြည်သူ အနည်းဆုံး ၄၅ ဦးသေဆုံး၊ ၃၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်ကောင်စီ အာဏာသိမ်းပြီး ကတည်းက နိုင်ငံတဝန်း ချင်းပြည်နယ်နဲ့ အနီးတဝိုက်ဒေသတွေမှာ ဖမ်းဆီးခံရသူပေါင်း တစ်ရာကျော်ရှိပါတယ်။

၁၇။ ထိပ်သီးဆွေးနွေးပွဲ၌ စစ်ခေါင်းဆောင်ကို ဖယ်ထုတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ကြိုဆို သော်လည်း အရပ်သား ကိုယ်စား လှယ် ဖိတ်ကြားမည့်အပေါ် ဆန့်ကျင်ကြောင်း အရပ်ဖက်အဖွဲ့ပြော
October 19, 2021

ယခုလ ကုန်ပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင် လှိုင်ကို တက်ရောက် ခွင့် မပြုသည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း နိုင်ငံရေးနှင့် မသက်ဆိုင်သည့် အရပ်သားကိုယ်စားလှယ် ဖိတ်ကြားသွားမည့်အပေါ် ဆန့်ကျင်ကြောင်း မြန်မာအရပ် ဖက်အဖွဲ့အစည်းများက ယမန်နေ့အောက်တိုဘာလ ၁၈ ရက်နေ့ တွင် သတင်းထုတ်ပြန်ချက် ထုတ်ကာ ပြောဆိုခဲ့သည်။ လာမည့် အောက်တိုဘာလ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ် ရန်ရှိသည့် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲသို့ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ကို ပါဝင်တက်ရောက်ခွင့်မပြုဘဲ ၎င်းအစား နိုင်ငံရေးနှင့် ပတ်သက်မှုမရှိသည့် အရပ်သားကိုယ်စားလှယ်ကို တက်ရောက်ခွင့် ပေးသွားမည်ဖြစ် ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ၏ အရေးပေါ် နိုင်ငံခြားရေးရာ ဝန်ကြီးများအစည်း အဝေး တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရှေ့ပြေးအသံအဖွဲ့၏ ဒါရိုက်တာ မခင်ဥမ္မာ က “ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်က နိုင်ငံရေးနဲ့ဆိုင်တာ မဆိုင်တာဆိုတာထက် စစ်ကောင် စီကို ကိုယ်စားပြုနေသမျှကာလပတ်လုံး ကျမတို့အနေနဲ့ ဒီအာဆီ ယံထိပ်သီး အစည်းအဝေးပွဲမှာ သူတို့ရဲ့ ကိုယ်စား ပြုမှုတွေကို လုံးဝဆက်လက် ကန့်ကွက်ရှုတ်ချ သွားမှာဖြစ်ပါတယ်။ ဒီအာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်း ဖြစ် သလို ထိပ်သီးဆွေးနွေးပွဲကို သူတို့ကနေ ကိုယ်စားပြုတက်ရောက်ဖို့ ခန့်အပ်လိုက်တဲ့ ဘယ်သူမဆို မြန်မာပြည်သူတွေကို ကိုယ် စားပြုမှာမဟုတ်ပါဘူး။”ဟု သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ ၎င်းအပြင် နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စား လှယ်ကို ထိပ်သီးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ခြင်းသည်လည်း နိုင်ငံရေးအရ အခြေခံဖြစ်လာသည့် ပြဿနာများကို နိုင်ငံရေးနှင့် မသက်ဆိုင်သလို ဖြေလျှော့ရန် ကြိုးပမ်းလုပ်ဆောင်သည့် အသွင်ဆောင်ပြီး မြန်မာ့အရေးကိစ္စနှင့် ပတ်သက်ပြီး ထပ်မံ တုံ့ဆိုင်း နေမည့်အစား အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရကို ထိပ်သီးဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် တရားဝင် ဖိတ်ခေါ်ခြင်းဖြင့် မြန်မာပြည်သူများ၏ တရားဝင်အစိုးရအနေဖြင့် ချက်ချင်း အသိအမှတ်ပြု လက်ခံရမည်ဖြစ် ကြောင်းလည်း မခင်ဥမ္မာက ဆက်ပြောသည်။

မင်းအောင်လှိုင်နှင့် ၎င်းစစ်တပ်အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားအပေါ် ဆန့်ကျင်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာ ဇဝတ်မှုဖြင့် ကျူးလွန်ကြောင်း စွပ်စွဲခံထားရသည့်အပေါ် အာဆီယံအနေဖြင့် ၎င်း၏ ထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်း စစ်တပ်ကို ကိုယ်စားပြုခွင့်မပေးခြင်းဖြင့် အာဆီယံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဖြစ်ကြောင်းကို သေချာအောင် ပြုလုပ်သင့် ကြောင်းလည်း မြန်မာ အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်း ပြောဆိုထားသည်။

၁၈။ FVM က စတင်ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် To Federal Education
October 20, 2021

ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဖက်ခြမ်းက စစ်ရှောင်ကျေးရွာတစ်ခုမှာ စစ်ရှောင်ကလေးတွေအတွက် Freelance Volunteer Myanmarက စာသင်ကျောင်း (To Federal Education) ကို အောက်တိုဘာ ၁၈ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ သူငယ် တန်းကနေ စတုတ္ထတန်းအထိ စတင်သင်ကြားသွားမှာဖြစ်ပြီး စာသင်ကျောင်းဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်ကို FVM အဖွဲ့က တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလိုပြောပါတယ်။

“ကျနောတို့ ဒီစာသင်ကျောင်းကို ဖွင့်ရတဲ့ ရည်ရွယ်ချက်က စာသင်တာထက် ကျနောတို့ သူတို့ရဲ့ Thinking ပိုင်းကို အဓိက သွားတာပေါ့နော။ သူတို့ရဲ့ တွေးခေါ်မှုဆိုင်ရာတွေကို ကျနောတို့ ဒီဦးနှောက်ကို ဖွံ့ဖြိုးချင်တဲ့ရည်ရွယ်ချက်နဲ့ ကျနောတို့ ဒီကျောင်းကို ထူထောင်ခဲ့ရခြင်းဖြစ်ပါတယ်။“ Freelance volunteer Myanmar For Federal Education School ဖြစ်ပြီးတော့ မြန်မာ၊ အင်္ဂလိပ်၊သင်္ချာ ဘာသာရပ်တွေအပြင် Gender equality (ကျား၊ မ တန်းတူအခွင့်အရေး)၊ Understanding religious (ဘာသာရေးဆိုင်ရာလေးစားမှု)၊ Mental well Being (စိတ်ပိုင်းဆိုင်ရာ) ၊ Health (ကျန်းမာရေး) နဲ့ Social emotional learning (လူမှုရေး စိတ်ပိုင်းဆိုင်ရာသင်ယူမှု) တွေအပြင် Activities (လှုပ်ရှားမှု) တွေကိုလည်း ထည့်သွင်းသင်ကြားသွားမှာဖြစ်ပါတယ်။ ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး ကျောင်းဆရာမ (၂၇) ဦးက သင်ကြားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီစာသင်ကျောင်းရဲ့ Result ကို ဒီတစ်လကနေ review ပြန်လုပ်မယ်။ ကျနောတို့ course တွေရဲ့ အားနည်းချက် အားသာ ချက်ဘာရှိတုန်း။ အားနည်းချက်ကို ဘယ်လို ပြင်ဆင်မှာတုန်း။ ကျနောတို့ စဉ်းစားထားတယ်။ ပြင်ဆင်ပြီးတာနဲ့ ဒီ course က ကလေးတွေအတွက် တကယ် effect ဖြစ်ရဲ့လား။ တကယ်ကို လိုချင်တဲ့ level တစ်ခုရောက်ရဲ့လား။ ကျနောတို့ စဉ်းစား ဆုံးဖြတ်မယ်ပေါ့နော။ တကယ်လို့ ကျနောတို့ လိုချင်တဲ့ result အတိုင်းေကာင်းကောင်းထွက်လာတယ်ဆိုရင် ကျနောတို့က စစ်ဘေးရှောင် campတွေမှာရှိတဲ့ ကလေးတွေကို ပညာသင်ကြားဖို့ ကျနောတို့ ဆက်လက် လုပ်ဆောင်သွားပါမယ်။ ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျဆင်းနေတဲ့စိတ်ဓါတ်တွေ ကလေးတွေရဲ့ အနာဂတ်တွေ အိပ်မက်တွေကို ဆက်လက်ဖြည့် ဆည်းပေးဖို့အတွက် ကျနောတို့ FVMက ရှေ့ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။“ စစ်ရှောင်ဒေသက ကလေးတွေဟာ ဆိုရင် လက်ရှိမှာ ပညာရေးထက် လုံခြုံရေးကိုသာ ဦးစားပေး ဆောင်ရွက်နေရတာဖြစ်ပြီး တန်းတူအခွင့်အရေးရဖို့အတွက်နဲ့ သူတို့ရဲ့ အနာဂတ်အတွက် ဖော်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ်တွင်းက စစ်ရှောင်ကူညီတဲ့အဖွဲ့တချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ မြေပြင်မှာ ကူညီလှုပ်ရှားပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

၁၉။ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်
October 19, 2021

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် အောက်တိုဘာ (၁၉) မနက် ၇ နာရီ ဝန်ကျင်းတွင် နေအိမ် တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ် ရာ ရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။

“ အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ဘာကြောင့်လောင်တာလည်းတော့ မသိသေးဘူး “ ဟု နောင်ခမ်း ကျေးရွာဒေသခံတဦးက ပြောသည်။ ထိုအိမ်တွင် အိမ်ရှင်မရှိကြောင်း ၊ လက်ရှိ အချိန်ထိ မည်မျှဆုံးရှုံးသွားသည်ကို မသိရှိရသေးကြောင်း သိရသည်။ “ အဲအိမ်မှာက အိမ်ရှင်မရှိဘူး။ သူတို့က သီပေါဘက် အလုပ်သွားလုပ်တာ။ အိမ်ကတော့ ပြာကျသွားပြီ။ ဘယ်လောက်ဆုံး ရှုံးမှု‌ရှိလည်းတော့ အကုန်မသိရသေးဘူး။ ဘယ်သူကလာရှိုးတာလည်း စုံစမ်းနေတယ်” ဟု ‌နောင်ခမ်းကျေးရွာဒေသံတဦးက ပြောသည်။ နေအိမ်ကို မည်သူကို မီးလာရှိုးလာကြောင်းကို စုံစမ်းနေလျက်ရှိကြောင်းသိရသည်။

၂၀။ လွတ်မြောက်ပြီးမှ ပြန်လည်အဖမ်းခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးရှိဟု AAPP ထုတ်ပြန်
October 21, 2021

အကျဉ်းထောင်အသီးသီးက လွတ်မြောက်ပြီးနောက် ပြန်လည်အဖမ်းခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးရှိကြောင်း နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့(အောက်တိုဘာ၂၁) ထုတ်ပြန်လိုက်သည်။ ထိုသို့ ပြန် လည် ဖမ်းဆီးခံရသူများတွင် ထောက်ဗူးဝရောက်မှ ပြန်အဖမ်းခံရသူများရှိသလို နေအိမ်သို့ပြန်ရောက်ချိန်မှ ထပ်မံဖမ်းဆီးခံရ သူ များလည်းရှိပြီး အမှန်တစ်ကယ် ပြအဖမ်းခံရသည့်အရေအတွက်မှာ ယခုထက်ပိုနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပြန်လွှတ်ပြီးမှ ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးအကျဉ်းချသည့် စစ်ကောင်စီ၏လုပ်ရပ်မှာ နိုင်ငံရေးအကျဉ်းသားများ၏ မျှော်လင့် ချက်အား ရိုက်ချိုးယုံမျှမက မိသားစုဝင်များ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှု ပင်ဖြစ်ကြောင်း AAPPက ထောက်ပြထားသည်။ ထို့ကြောင့် စစ်အုပ်စု၏ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချပြီး နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် AAPP က တောင်းဆိုလိုက် သည်။ ယင်းအပြင် ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စု၏ လုပ်ရပ်များကို AAPP အနေဖြင့် ဖော်ထုတ်သွားမည်ဖြစ်ပြီး ထိုဖော်ထုတ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် တိုက်တွန်းထားသည်။

၂၁။ တာချီလိတ်ဆေးရုံဟောင်းအနီးတွင် လူငယ်တစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံး
October 21, 2021

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအနီးတွင် အမျိုးသားတစ်ဦးဓါးဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေးရုံဟောင်းအနီးတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က အသက် (၃၀)ဝန်း ကျင်ရွယ် အမျိုးသားတစ်ဦးသည် လက် နှင့် နံဘေးတို့တွင် ဓါးဒဏ်ရာများရရှိထားပြီး လဲနေသည်ကို တွေ့ရ၍ တာချီလိတ်နာရေးကူညီမှုအသင်းက ဒဏ်ရာရရှိသူအား သယ်ဆောင်ကာ တာချီလိတ်ဆေးရုံသစ်သို့ ရောက်ပြီး မိနစ် (၂၀) ဝန်း ကျင်အကြာတွင် သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ မည်သူဖြစ်ကြောင်းနှင့် မည်သည့် ကိစ္စကြောင့် ဓါးဒဏ် ရာရရှိသည်တော့ မသိရသေးပါ။

၂၂။ လွိုင်ကော်တက္ကသိုလ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး
October 21, 2021

လွိုင်ကော်တက္ကသိုလ်ကျောင်းရှေ့တွင် ပစ်ချသွားသည့် အထုပ်ကိုရှင်းလင်းရာမှ ဗုံးပေါက်ကွဲခဲ့သောကြာင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ညနေ သုံးနာရီခန့်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲသည့်နောက်ပိုင်း သေနတ်ပစ်ဖောက်ခံများကြားရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “တက္ကသိုလ်ရှေ့ကို ကားတစ်စီးနဲ့ အထုပ်တစ်ထုပ် လာချသွားတယ်လို့ တက္ကသိုလ် လုံခြုံရေးက ပြောပါတယ်။ အဲ့အထုပ်ကို စကစဖက်က လာရှင်းတာ ဗုံးထုပ်ဖြစ်နေပြီး ပေါက်ကွဲရာကနေ စကစ နှစ်ယောက် သေဆုံးသွားတယ်”ဟု သိရသည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလမ်းလာပြည်သူများအား နေ့စဉ်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံ PDF တပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။ ကယားပြည်နယ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ် များ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် လူသေဆုံးမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

၂၃။ ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါနေအိမ် အသံမိုင်းခွဲခံရ
October 21,2021

စစ်ကောင်စီလက်အောက်ခံ ဂွေထုအခြေစိုက် ဌာနေပြည်သူ့စစ်ခေါင်းဆောင် ၏ မြစ်ကြီးနားမြို့နေအိမ်တွင် ယနေ့ညနေ ၅ နာရီခွဲခန့်က အသံမိုင်းခွဲခံရကြောင်း သိရသည်။

မြစ်ကြီးနား၊ စီတာပူရပ်ကွက်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါနေအိမ်တွင် အသံမိုင်းတစ်ချက်ပေါက်ကွဲခဲ့ခြင်း ဖြစ် သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။ “နောင်ရာနယ်မြေထဲမှာရှိတဲ့ သူ့ခြံဝင်းထောင့်မှာ ကွဲတာ၊ ဘာမှ ထိခိုက်တာတော့ မရှိဘူး၊ အသံထွက်တာတစ်ချက်ပဲ” ဟု သူက ပြောသည်။ အလားတူ တပ်ကုန်းရပ်ကွက်တွင်လည်း အသံမိုင်း တစ်လုံးပေါက်ကွဲခဲ့သည်ဟု အခြားဒေသခံတစ်ဦးထံမှ သိရသည်။ ဦးလဆန်အောင်ဝါသည် ၂၀၀၄ ခုနှစ်တွင် ကေအိုင်အေအဖွဲ့မှ ခွဲထွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဌာနေပြည်သူ့စစ်ဖွဲ့စည်းကာ ဝိုင်းမော်မြို့နယ် ဂွေထုဒေသတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

၂၄။ မင်းပြားတွင် ဓားခုတ်ခံရ၍ လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံး
October 21, 2021

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မင်းဗာကြီးရပ်ကွက်တွင် အောက်တိုဘာလ ၂၀ ရက်က ဓားခုတ်ခံရ၍ လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ မင်းပြားမြို့၊ မင်းဗာကြီးရပ်ကွက်မှ ကိုလင်းလင်း (၂၁ နှစ်)ဖြစ်သည်။ သူ သည် အောက်တိုဘာလ ၂၀ ရက် ညနေ ၆ နာရီခန့်က ၎င်းရပ်ကွက်မှ အရက်တစ်ဆိုင်တွင် ဖုန်းအားသွင်း၍ ကုလားထိုင်ပေါ် တွင်ထိုင်နေစဉ် တစ်ရပ်ကွက်တည်းနေ ကိုဇော်ဦး (၂၆ နှစ်)က အသင့်ပါလာသော အိမ်သုံး ငါးခုတ်ဓားမဖြင့် ခုတ်သတ်လိုက် ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးလှသိန်းမောင်က နိရဥ္စရာကိုပြောသည်။ “ပွဲချင်းပြီးဆုံးသွားတာပါ။ အခုတ်ခံရတာ လည်ပင်း ထက်ဝက်ကျွံသွားတယ်”ဟု ပြောသည်။

သေဆုံးသူသည် ပြစ်မှုကျူးလွန်သူအား ငွေ ၁ သိန်းပေးရန်ရှိသည်ကို မပေးသည့်အတွက် မကျေနပ်၍ အခုတ်ခံခဲ့ခြင်းဖြစ် ကြောင်း သူတို့နှင့်နီးစပ်သူများက ပြောသည်။ အဆိုပါဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းကို တိုင်ကြားထားပြီး လက်ရှိတွင် ကျူးလွန်သူမှာ ထွက်ပြေးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

၂၅။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်စပ်ပတ်သက်သူအများစုကို စစ်ကောင်စီက ပြန်လွှတ်ပေးသော်လည်း SNA နဲ့ ပတ်သက်သူများကို လွှတ်မပေးသေး
October 21, 2021

စစ်ကောင်စီက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူ တစ်ရာကျော်အား အောက်တိုဘာလ ၁၅ ရက် နေ့စွဲဖြင့် အမှုပိတ် လွှတ်ငြိမ်းခွင့် ပေးခဲ့သော်လည်း ရှမ်းနီတိုင်းရင်းသားများတပ်မတော် SNA နှင့် ဆက်စပ်ပတ်သက်သူဟု စွပ်စွဲခံထားရသူများကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ ” ကိုလူကျန် ကိုလည်း ဟုမ္မလင်းမှာ ဖမ်း ထားတာ တစ်နှစ်ကျော်ပြီ ခုထိ ဒီဂရီမချသေးသလို ပြန်လည်း မလွှတ်ပေးသေးဘူး။ ပြီးတော့ သူက SNA အဖွဲ့ကလည်း မဟုတ်ဘူး။ သင်တန်းဆင်းပွဲကို မိတ်ဆွေတွေက ခေါ်လို့ သွားတက်ရင် ဖြစ်သွားတာ ။”ဟု ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည် ။

ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာသား စိုင်းလူကျန်သည် ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့ကထုတ်လွှင့်သော ဧရာဝတီ သတင်းဌာန၏ သတင်းဆောင်းပါးတွင် SNA နဲ့ပတ်သက်၍ အင်တာဗျူးဖြေကြားခဲ့ရာ ၂၀၂၀ ခုနှစ် ဇူလိူင်လ ၁၃ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်း ခံထားရခြင်းဖြစ်သည်။ အလားတူ SNA တပ်ဖွဲ့ဝင်များနှင့်အတူ ဆက်စပ် ပတ်သက်သူနှစ် ဆယ်ဦး ထက် မနဲကိုလည်း ဖမ်းဆီးထားဆဲ ဖြစ် ကြောင်း SNA နှင့် နီးစပ်သူတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည်။ “တပ်မဟာ ၆၁၄ ဘက်က လေးဦး ၊ ၇၅၃ ဘက်က လေးဦး ၊ ၉၇၂ ဘက်က ခြောက်ဦးနဲ့ ၈၉၁ ဘက်က နှစ်ဦး အဖမ်းခံထားရတယ်။ ဒီနောက် ပိုင်း အရပ်ထဲမှာ ထင်မြင်ချက်နဲ့ဆွဲပြီး တာတွေလည်း ရှိသေးတယ် ။ ”ဟု ၎င်းက ပြောကြားသည်။

ရှမ်းနီ အမျိုးသားများတပ်မတော် SNA ကို ၁၉၈၉ ခုနှစ် ဇူလိူင်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းနီပြည်နယ်ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ၊ မှူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၊ ရှမ်းမျိုးနွယ်စုများ စည်းလုံးညီညွှတ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းထိမ်းစောင့်ရှောက်ရေး နှင့် ဒေသဖွံ့ဖြိုးရေးစသည့် မူကြီး ငါးရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည် ။

၂၆။ ကျောက်ဆင်ကျေးရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေ
October 20, 2021

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာရှိ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲ နေထိုင်ပြီး ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့က ပျူစောထီး အဖွဲ့ဝင် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၂၀ ခန့် ရောက်ရှိ နေထိုင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိပြီးနောက်ပိုင်း မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးကျေးရွာတွေက ဒေသခံ တွေနဲ့ NLD ပါတီဝင်တို့ရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာ၊ ဖမ်းဆီးတာတွေလုပ်နေတာကြောင့် NLD ပါတီဝင်များအပါ အဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေအနက်က အချို့ကို ပြန်လွှတ်ပေးခဲ့တာတွေ ရှိ သလို နေအိမ်တွေမှာ ဝင်ရောက်ဖမ်းစဉ်တုန်းက အချို့နေအိမ်ထဲတွေက ပစ္စည်းတွေကို ဖျက်စီးခဲ့တာတွေရှိတယ်လို့ သိရပါ တယ်။ “ရီဦးအသတ်ခံရပြီးနောက်ပိုင်း တော်တော်အဖမ်းခံရတယ်။ ပြန်လွှတ်ပေးလိုက်တဲ့သူက အနည်းငယ်ဘဲရှိတယ်။ သူတို့ တွေလဲ စစ်ဆေးခံရတုန်းက ရိုက်နှက်ခံရတာတွေရှိတယ်လို့ သိရတယ်။ စကစတွေနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံတွေကို တော်တော်လေး စစ်ဆေးဒုက္ခပေးနေကြတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။ ဖမ်းဆီးစစ်ဆေးသူတွေကို စစ်ကောင်စီတပ်စွဲထားတဲ့စာသင်ကျောင်းမှာ စစ်ဆေးပြီး မောင်းမကန်ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

၂၇။ မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား CDF – မင်းတပ်မှ ဝင်ရောက်ပစ်ခတ်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ
October 21, 2021

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား CDF – မင်းတပ် တပ်ဖွဲ့မှ အောက်တိုဘာလ ၁၉ ရက်တွင် ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ ၄ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၉ ရက် နံနက် ၅ နာရီခွဲတွင် မင်းတပ်မြို့ပေါ်ရှိ ခရိုင်ထွေအုပ်ရုံးအား အီနာဂါဗုံးသီးများ ပစ်သွင်းကာ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ညနေ ၆ နာရီတွင် မီးသတ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF – မင်းတပ်မှ ထုတ်ပြန်ထားသည်။

ကျောက်ထုမြို့မှ တက်လာသော သံချပ်ကာ အမြှောက်ကား ၂ စီးနှင့် စစ်ကားအစီးရေ ၇၀ ကျော်ပါရှိသော ယာဉ်တန်းသည် အောက်တိုဘာလ ၁၄ ရက်တွင် မတူပီမြို့သို့ ထွက်ခွာသွားကာ အောက်တိုဘာလ ၁၉ ရက်တွင် မိုင်တိုင် ၂၃ တွင် ညအိပ်ရပ် နားကြောင်း၊ အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးကာ၊ ဆိုလာပြားများ အိုးခွက်ပန်းကန်များနှင့် မွေးမြူထားသော နွားနောက် ၆ ကောင်၏ ပေါင်သားများကို ခုတ်ထစ်ယူသွားကြောင်းသိရသည်။

၂၈။ စက်သုံးဆီဈေးမြင့်တက်နေသောကြောင့် ယခုနှစ်ဆားတောင်သူများ အရှုံးပေါ်မည်ကိုစိုးရိမ်
October 21, 2021

စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသောကြောင့် မွန်ပြည်နယ်မှ ဆားတောင်သူများ ယခုနှစ်နေလှမ်းဆားထုတ်လုပ်သည့် ရာသီတွင် အမြတ်အစွန်းလုံးဝမရရှိတော့ဘဲ အရှုံးပေါ်လာမည်ကို စိုးရိမ်နေကြရသည်။ ယခုအခါ နေလှမ်းဆားဖိုလုပ်ငန်းများ ပြန်လည်စတင်ရမည်ဖြစ်သောကြောင့် စက်သုံးဆီကို အဆက်မပြတ် သုံးရတော့မည်ဖြစ်ကြောင်း ပင မှ ဆားလုပ်ငန်းရှင် ဦးကျော်သူက ပြောသည်။ “အခုလက်ရှိ စက်သုံးဆီနဲ့ဆိုရင် ဆားဖိူတော်တော်များများက အဆင်မပြေဘူး။ အခုတော့ နည်းနည်းနေလို့ရသေးတယ်။ နည်းနည်းလောက်ပဲ သုံးလို့ရသေးတယ်။ ဒီရာသီပွင့်ချိန် နောက်ထပ် ၁၅ ရက် တစ်လလောက်ဆို စက်သုံးဆီတွေက အဆက်မပြတ် သုံးရတော့မယ်။ စက်သုံးဆီ ဈေးနှုန်းက ဒီလောက်မြင့်နေရင် ဘယ်လိုလုပ်ရတော့မလဲ”ဟု ၎င်းက ပြောသည်။

စက်သုံးဆီစျေးနှုန်းသည် ယမန်နှစ်ထက် ၂ ဆကျော် စျေးမြင့်တက်လာပြီး (အောက်တိုဘာ ၂၁ ရက်) တွင် စက်သုံးဆီ ၉၅ တစ်လီတာ ၁၄၉၀ ကျပ်၊ ၉၂ တစ်လီတာ ၁၄၄၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၄၄၀ကျပ် နှင့် ပရီမီယမ် ဒီဇယ် တစ်လီတာ ၁၄၄၅ ကျပ် ဈေးရှိကြောင်း၊ စက်သုံးဆီ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေမည်ဆိုပါက ဆားတောင်သူများအတွက် ကုန်ကျစရိတ် များစွာ အခက်အခဲရှိလာမည်ဖြစ်ကြောင်း ဆက်ပြောသည်။ “မနှစ်ကတော့ ရာခိုင်နှုန်း ၆၀ လောက်ပဲရတယ်။ ၁၀၀ ရာခိုင်နှုန်း မှာ ၆၀ လောက်ပဲ ထွက်တယ်။ မနှစ်က ရာသီဥတုကလည်း ဖောက်ပြန်တာများတယ်လေ။ ဖိုသမားတွေက ၁၀၀ ထွက်မယ့်ဟာ ကို ရာခိုင်နှုန်း ၆၀လောက်ပဲ ထွက်တယ်။ အခုလတော့ ဘယ်လိုလာမလဲ မသိဘူး။ အခုမှ မြေကြီးတွေ ပြန်ပြင်နေတာ။ ကန် တွေ ပြန်ရိုက်နေတယ်။ စက်သုံးဆီလည်း သိပ်မသုံးရသေးဘူး”ဟု ၎င်းက ပြောသည်။

ဆားပေါ်သည့်ရာသီတွင် ဆားကွင်းဧက ၁၀၀ အတွက် စက်သုံးဆီ ဆီတစ်ပီပါ (ဂါလံ ၅၀)ကို လေးရက်၊ ငါးရက်သာ အသုံးပြု နေရပြီး တစ်ရက်တွင် ဆယ်ဂါလံ အထိ ပုံမှန်သုံးစွဲနေရကြောင်း ဦးကျော်သူက ပြောသည်။ “ခါတိုင်းတစ်ကြိမ်ကို ဒီဇယ် ၂ ပီပါ ဝယ်နေတာ အခုတစ်ပီပါပဲရပါတော့မယ်။ စက်သုံးဆီ ဈေးမြင့်တော့ ကျနော်တို့ ဆားဖိုသမားတွေအတွက်တော့ တော်တော် လေး ထိခိုက်တယ်။ စရိတ်တွေလည်း မနည်းဘူး မြင့်တက်နေတာ”ဟု ၎င်းက ပြောသည်။ မွန်ပြည်နယ်တွင် ဆားလုပ်ကွက် ဧက ၃၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် မက်ထရစ်တန် သုံးသောင်း(၃၀,၀၀၀) ကျော် ထွက်ရှိသည်။

၂၉။ တရုတ်နိုင်ငံက နယ်နိမိတ်ကျူးကျော်ခြံစည်းရိုးခတ်သဖြင့် မြန်မာဘက်က စာပို့သည်ကို သုံးလခန့်ကြာသည်အထိ အကြောင်းမပြန်
October 21, 2021

တရုတ်နိုင်ငံက မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော်ခြံစည်းရိုးခတ်ထားသည့်အပေါ် စာပို့အကြောင်းကြားထားသော် လည်း ယခုချိန်အထိ အကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်းသိရသည်။ ကချင်ပြည်နယ် ကန်ပိုင်တည်မြို့အတွင်း ဇူလိုင် လ ကုန်ပိုင်းမှ စတင်ကာ တရုတ်နိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ခြံစည်းရိုးဆောက်လုပ်ခဲ့သောကြောင့် ဩဂုတ်လ ၁ ရက်နေ့ တွင် ကန့်ကွက်စာပို့ထားသော်လည်း သုံးလခန့်ကြာသည်အထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးခြင်းဖြစ်သည်ဟု သတင်း ရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုလိုမြေပါသွားတာကတော့ အစိုးရတွေ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ သူတို့သေချာစစ်ဆေးကြည့် သင့်တယ်။ ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ပြောစရာရှိတာကတော့ ဌာနဆိုင်ရာတွေနဲ့ ပြောပြီးပြီ။ ဌာနဆိုင်ရာတွေအနေနဲ့လည်း တရုတ်ဘက်ကို စာတင်ထားတာတွေရှိတယ်လို့တော့ ကြားတယ်။ ပြန်စာရောက် တာတော့မရှိသေးဘူး” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းပြင်းထန်လာသည့်အတွက် တရုတ်နိုင်ငံဘက်သို့ တရားမဝင် ခိုးဝင်သူမရှိစေရန်နှင့် ကိုဗစ် ၁၉ ရောဂါကြို တင် ကာကွယ်ရန်အတွက် ခြံစည်းရိုးဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။

ကန်ပိုင်တီမြို့နယ် တရုတ်-မြန်မာနယ်စပ်ရှိ ခြံစည်းရိုးသည် နယ်ခြားမှတ်တိုင် အမှတ်(၄)မှ အမှတ်(၃)ဘက်သို့ ပေ ၅၀၀ ခန့် ရှည်လျားပြီး အမြင့်ပေ ၂၀ ခန့်ရှိသော ပလိပ်ဓါးပါဝင်သော သံဆူးကြိုးခွေပတ်ထားသည့် ခြံစည်းရိုးဖြစ်ကြောင်းသိရသည်။ တရုတ် နိုင်ငံဘက်မှ နယ်နမိတ်ကျူးကျော်ခြံစည်းရိုးခတ်သည့် ကိစ္စနှင့်ပတ်သက်ပြီး ကန်ပိုင်တီအုပ်ချုပ်ရေးမှူးရုံးထံ The 74 Media က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုခဲ့ခြင်းမရှိပါ။ တရုတ်နိုင်ငံဘက်မှ ကန်ပိုင်တည်နယ်စပ်တွင် ကျူကျော် ခြံစည်းရိုးခတ်သကဲ့သို့ ကချင်ပြည်နယ် ပန်ဝါမြို့နှင့် မံစီမြို့တို့တွင်လည်း နယ်နိမိတ်ကျူးကျော်ခြံစည်းရိုး ခတ်မှုများရှိနေ ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

၃၀။ လောင်းလုံးမြို့နယ်တွင် မျက်နှာဖုံးတပ်ထားသူများ ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
22 October, 2021

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန္ဒလဲရွာ လက်ဖက်ရည်ဆိုင်တခုထဲ ဒီနေ့မနက်ပိုင်းက မျက်နှာဖုံးတပ်ဆင် ထားသူလူတစု ဝင်ရောက်ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ဖက်ရည်ဆိုင်နဲ့ နီးစပ်သူတဦးက “မနက် ၈ နာရီကျော်လောက်က အင်္ကျီအမည်း၊ မျက်နှာဖုံးတပ်ထားသူ လူတစ်စု ကား တစ်စီးနဲ့ရောက်လာပြီး ဆိုင်တံခါးဝကနေ ဆိုင်ထိုင်သူ ၃ ဦးကို သေနတ်နဲ့ပစ်သွားတယ်၊ ဘယ်အဖွဲ့က လာပစ်တယ်ဆိုတာ မသိဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကိုနေနေ ဆိုတဲ့ အမျိုးသား အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ဒဏ်ရာရသူ ဦးအုန်းနီ နဲ့ ဦးအောင်ဆင့် တို့ကိုတော့ အရေးပေါ်ကားနဲ့ ဆေးရုံတင်ပို့လိုက်ကာ ဦးအုန်းနီ ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ဒေသခံနောက်တဦးကတော့ အိမ်စီးကားပေါ်ကနေ အရပ်ဝတ် ၃ ဦး ဆင်းလာပြီးနောက် လက်ဖက်ရည်ဆိုင်ထဲ ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ စစ်တပ်ယူနီ ဖောင်း ဝတ်ထားသူတွေလည်း ပါတယ်လို့ ပြောပါတယ်။

သေဆုံးသူ ကိုနေနေ ဟာ ကော့သောင်းဘက်မှာ ဆိုင်ကယ် ကယ်ရီဆွဲနေသူဖြစ်ကာ နေမကောင်းဖြစ်တဲ့ အမေနဲ့ ကိုယ်ဝန်ဆောင် အမျိုး သမီးအား စောင့်ရှောက်ဖို့ ရောက်နေတာဖြစ်ပြီး ဦးအုန်းနီနဲ့ ဦးအောင်ဆင့်တို့ဟာလည်း အဖွဲ့အစည်းတွေမှာ ပါဝင် ပတ်သက်သူတွေမဟုတ်ဘူးလို့ သိရပါတယ်။ အခုလို ပစ်ခတ်တဲ့ဖြစ်စဉ်မျိုး ပန္ဒလဲရွာချောင်းတဖက်ကမ်းမှာလည်း အရင်က တကြိမ်ဖြစ်ခဲ့ဖူးသေးတယ်လို့ ဆိုပါတယ်။

၃၁။ မှော်စီစာကျေးရွာက ပြန်လည်ထူထောင်ရေး အမျိုးသမီးအလုပ်ရုံမှာ အကူအညီတွေ လိုအပ်နေ
October 22, 2021

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ၊ မှော်စီစာကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ပြန်လည်ထူထောင်ရေး အမျိုးသမီးအလုပ်ရုံမှာ စက်ယန္တရားလိုအပ်မှုတွေ ရှိနေတယ်လို့သိရပါတယ်။ ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ အမျိုးသမီးကော်မတီကနေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ အဲဒီအလုပ်ရုံမှာ စစ်ဘေးရှောင် အမျိုးသမီးတွေအပါအဝင် မူးယစ်ဆေးဝါးကြောင့်ဒုက္ခရောက်နေတဲ့ အမျိုးသမီး တွေကို လက်စွပ်၊ လက်ကောက် စတဲ့ အိမ်တွင်းလက်မှု ပညာကို အခမဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။

ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ သင်တန်းဖြစ်တာကြောင့် အလုပ်ရုံအတွင်း လိုအပ်မှုတွေ ရှိတယ်လို့ ပြည်လည်ထူထောင်ရေး၊ အမျိုး သမီးအလုပ်ရုံ တာဝန်ခံက National Unity Media(NUM)ကို ပြောပါတယ်။ “ကျွန်မတို့ အလုပ်ရုံနားမှာ မိုးတွင်းကာ လဆိုရင် သာယာကုန်းပေါ်က ရေမြောင်းတွေက ကျွန်မတို့အလုပ်အရုံဘက် ထိုးဝင်လာတော့ မိုးတွင်းကာလဆို တော်တော် လေးခက်ခဲတယ်။ ခက်ခဲတော့ ရေထိန်းတာတွေလုပ်ရတယ်။ အဲမျိုးမှာဆို ငွေကြေးအနေအထားအရရော အင်မတန်မှ လိုအပ် တာပေါ့နော်။ အဲဒါတွေလည်း ရှိတယ်။ “လို့ တာ၀န်ခံက ပြောပါတယ်။ တက်ရောက်နေတဲ့ သင်တန်းသူတွေကို ကျောက်ဖြတ် လက်မှုပညာရပ်တွေ သင်ကြားပေးရုံသာမက အကျိုးခံစားခွင့် ရရှိအောင်လည်း လုပ်ဆောင်ပေးထားတယ်လို့ တာဝန်ခံက ဆက်လက်ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးခေါင်းစဉ်အောက်မှာ လုပ်တဲ့အတွက်ကြောင့် ကျောက်အချောထည်လေးတွေ ရခဲ့ပြီဆိုရင် အချော ထည်ရောင်းအားရဲ့ တစ်ဝက်ရာခိုင်နှုန်းကတော့ သင်တန်းသူလေးတွေ အကျိုးခံစားခွင့်ရပြီးမှ တဝက်တော့ အလုပ်ရုံမှာပဲ ပြန်ပြီးမှ ထည့်ဝင်ရတယ်။ ဘာကြောင့်လဲဆိုတော့ အထည်တွေအတွက် ပစ္စည်းတွေလိုတယ်။ တင်္နလာကနေ သောကြာနေ့ထိ နေ့လယ်နေ့ခင်းရယ်၊ ညနေပိုင်း စားတာသောက်တာတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အတွက်ကြောင့် ထည့်ဝင်ရတာပေါ့။ သူတို့ ပညာလည်းတတ်သွားတယ် ပြီးတော့ သူတို့ရဲ့ လုပ်ကိုင်ကြိုးစားမှုပေါ် မူတည်ပြီး အကျိုးခံစားခွင့် ပြန်ရတာပေါ့။”လို့ တာ၀န်ခံ က ဆိုပါတယ်။ ကျောက်ဖြတ်သင်တန်းကို ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင်လကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး လက်ရှိအချိန် ကိုဗစ်ကူးစက်မှုနှုန်း လျော့နည်းလာတာကြောင့် အောက်တို ဘာလ(၂)ရက်နေ့ကနေ ပြန်လည်ဖွင့်လှစ် သင်ကြားနေတာဖြစ်ပြီး သင်တန်းသား(၁၈)ဦး ရှိတယ်လို့ သိရပါတယ်။

၃၂။ စစ်ကောင်စီတပ်များ လူသားဒိုင်းအဖြစ်အသုံးပြုပြီး ထန်တလန်မြို့ဘက်သို့ ထွက်ခွာ ချင်းတပ်ဖွဲ့များမှ သီးမြစ်ချောင်း တံတား အား မိုင်းခွဲဖျက်ဆီ
October 22, 2021

ဟားခါးမြို့သို့ ရှောက်ရှိနေပြီဖြစ်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် ဒေသခံများအား ရိုက်နှက်ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ထွက်ခွာခဲ့သလို ဟားခါး-ထန်တလန်ကြားရှိ သီးမြစ်ချောင်းကူးတံတားအား ချင်းပူးပေါင်းတပ်ဖွဲ့များမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီတပ်များက ချင်း ပြည်နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေချိန်တွင် ဟားခါး-ထန်တလန် လမ်းမပေါ်မှ သီးမြစ်ချောင်းတံတားကို အောက်တိုဘာ ၂၁ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များဖြစ်ကြသည့် CNA နှင့် CDF တို့က မိုင်းခွဲဖျက်ဆီးလိုက် ကြောင်း ချင်းတိုင်းရင်းသား မီဒီယာ Zalen က သတင်းဖော်ပြသည်။

အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဟားခါးမြို့မှ ထန်တလန်မြို့သို့ သွားရာလမ်းရှိ ဒေသခံ ၁၀ ဦးခန့်အား ဖက် ဆစ်စစ်တပ်မှ ဖမ်းဆီးပြီး ကြိုးများဖြင့် ချည်တုပ်ကာ ရှေ့မှသွားခိုင်းကြောင်း၊ စစ်သားတွေက အနောက်မှ လိုက်လာခဲ့ကြောင်း၊ သေနတ်ဒင်များဖြင့် ရိုက်နှက်ကြောင်း၊ ဟားခါးမြို့မှ ၃ မိုင်ခန့်အထိ သွားရကြောင်း၊ ညနေ ၅ နာရီခွဲခန့်တွင် ပြန်လွှတ်ပေး ကြောင်း ဒေသသတင်းရင်းမြစ် The Chin Journal တွင် ရေးသားဖော်ပြသည်။ အဆိုပါ သီးမြစ်ချောင်းကူးတံတားသည် ဟားခါးမြို့မှ ၅ မိုင်ခန့်အကွာအဝေးတွင်ရှိပြီး ဟားခါးနှင့် ထန်တလန်မြို့သည် ၂၂ မိုင်ခန့် ကွာဝေးသည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။