• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 141, October 29, 2021)

 

၁။ ရှမ်းနှစ်ဖွဲ့ အပစ်ရပ်ဖို့ ရှမ်းသံဃာနဲ့ပြည်သူ ပူးပေါင်းကော်မတီ တောင်းဆို
October 27, 2021

ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား တိုက်ပွဲတွေရပ်တန့်ပြီး အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ ရှမ်းသံဃာနဲ့ပြည်သူ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတွေအပေါ် ထိခိုက်နေလို့ အခုလို တောင်းဆိုတာဖြစ်ပြီး နောက်ပိုင်းမှာလည်း နှစ်ဖက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ရေးကိုပါ လုပ်ဆောင်သွားမယ်လို့ ကော်မတီ ဗဟိုအဖွဲ့ဝင် စိုင်းခမ်းအောင်က RFA ကို ပြောပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်လန် စတဲ့မြို့တွေမှာ ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲ တွေစတင်ခဲ့ပြီး နှစ်တပ်စလုံးရဲ့ မဟာမိတ်တွေပါ ပါ၀င်လာတာကြောင့် တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာခဲ့သလို ပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါအပြင် လူအခွင့်ရေးချိုးဖောက်မှုတွေပါ ခံစားနေရတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ တိုက်ပွဲကြောင့် ၂၀၂၁ ခုနှစ်ထဲမှာတင် မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ဘေးဒုက္ခသည် ၂၅၀၀ ကျော်နဲ့ တောင်ပိုင်း ကျေးသီးမြို့မှာ ဒုက္ခသည် ၇၀၀၀ ခန့်ရှိပြီး လက်ရှိမှာလည်း ကျောက်မဲနဲ့ မိုင်းကိုင်မြို့နယ်တွေဘက်မှာ စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တပ်တွေ အပစ်ရပ်ရေးအတွက် ရှမ်းသံဃာတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရှမ်းလူထုတွေဟာ ၂၀၁၅ ခုနှစ်ကတည်းက အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ရှမ်းတပ်တွေကတော့ နယ်မြေစိုးမိုးမှုအပေါ် အခြေခံပြီး တွေ့ဆုံဆွေးနွေးမှု အဆင်မပြေသေး ဘူးလို့ RCSS နဲ့ SSPP ပြန်ကြားရေးတာဝန်ရှိသူတွေက RFA ကို ဖြေဆိုထားပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) မှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲတွေ နေ့စဉ် နီးပါးဖြစ်ပွားနေသလို မြောက်ပိုင်း နမ္မတူ၊ ကျောက်မဲမြို့နယ်တွေမှာလည်း SSPP အပါအဝင် တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့နဲ့ RCSS တို့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

၂။ ဒီးမော့ဆိုမှာ တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုတွေရှိ
October 27, 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထွီလွီးဘီလာရွာနဲ့ ငွေတောင်ရွာသစ်ရွာကြားမှာ အောက်တိုဘာလ ၂၆ ရက် မနေ့ညနေ ၄ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDF) က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ဘက်ကနေ စစ်ကြောင်းတွေထိုးလာတာကြောင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တာလို့ KNDF ကပြော ပါတယ်။ “ဟုတ်ပါတယ်၊ မနေ့ညနေပိုင်း တိုက်ပွဲဖြစ်ကြတာ ၂ နာရီကျော် ၃ နာရီလောက် ကြာမယ်ထင်တယ်၊ လက်နက်ကြီး သံရော၊ လက်နက်ငယ်ရော ဆူညံနေတာပဲ၊ လေယာဉ်တွေလည်း ပျံနေတာတွေ့တယ်၊ ဒေသခံတွေတော့ အဲဒီအနား မရှိကြပါ ဘူး ပြေးနေကြရတာကြာပြီ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆို ဒေသခံက RFA ကိုပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့ထဲမှာ ဒေသခံတွေမရှိကြဘဲ အဝေးကြီးမပြေးနိုင်တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို အချို့သာ နီးစပ် ရာ ဘုန်းကြီးကျောင်းတွေနဲ့ မြို့အစပ်နားက ဒုက္ခသည် ကူညီရေးစခန်းတွေမှာ ရှိနေကြတာလို့ ဒေသခံက ဆိုပါတယ်။ မနေ့ည နေက နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦး သေဆုံးပြီး စစ်ကား နှစ်စီး ပျက်စီးခဲ့တယ်လို့ KNDF က ပြောပေမယ့် RFA အနေနဲ့ ထိခိုက်သေဆုံးမှု တိတိကျကျကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။ ကယားပြည်နယ်

ထဲက ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်ကောင်တပ်သားတွေ စစ်ဆင်ရေး လုပ်နေတာကြောင့် ဒီရက်ပိုင်း မိုးဗြဲ နဲ့ ဒီးမော့ဆိုထဲမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။

၃။ ထန်တလန်ဈေး၊ CB ဘဏ်နှင့် နေအိမ် ၁၀ လုံးခန့်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံ မီးရှို့ဖျက်ဆီးနေ
October 29,2021

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ထန်တလန်မြို့တွင်းရှိ ဈေး၊ CB ဘဏ်အပါအဝင် နေအိမ် ၁၀ လုံးခန့်အား မီးရှို့ဖျက်ဆီး နေကြောင်း၊ သေနတ်ပစ်ခတ်သံများလည်း ကြားနေရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာ လလယ်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ ထန်တလန်မြို့ပေါ်ရှိ နေအိမ် ၁၀ လုံး ကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးငြှိမ်းသတ်ရန် သွားသည့် ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးအား စစ်ကောင်စီတပ်က ပစ်သတ် ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများနှင့် ရမ်းကားပစ်ခတ်မှုများကြောင့် ထန်တလန်မြို့ပေါ်ရှိ ဒေသခံများ သည် ပြီးခဲ့သည့်လကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ကျန်ရှိနေသည်။

၄။ ဖမ်းဆီးခံ ကိုအောင်ဆန်းနေအိမ် ကျည်ဆံ ရှိသည်ဟု စစ်ကောင်စီ စွတ်စွဲ
October 28, 2021

သျှမ်းပြည်တောင်ပိုင်း ပင်‌လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးထားသည် ကိုအောင်ဆန်း၏ နေအိမ်တွင် ကျည်ဆံရှိသည်ဟု စွတ်စွဲထားကြောင်း စုံစမ်းသိရှိရသည်။ ကိုအောင်ဆန်း ကို ဖမ်းဆီးပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလအတွင်း ၎င်း၏ နေအိမ်ကို သွားရောက် ရှာဖွေရာတွင် ကျည်းဆံတွေ့သည်ဟုဆိုပြီး စွတ်စွဲ ထားကာ ကိုအောင်ဆန်းကို ယနေ့ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

“ပြန်မလွှတ်လာသေးဘူး။ သူတို့ ကိုအောင်ဆန်းကို ဖမ်းဆီးသွားပြီး ၁၅ ရက်လောက်ကြာမယ်ထင်တယ်။ တစ်ခါသူ့အိမ်မှာ ပြန် လာရှာတယ်။ လာရှာတော့ကျည်ဆံတွေ့တယ်လို့ပြောတယ်။ တကယ်တော့ ကိုအောင်ဆန်းမှာဘာမှမရှိဘူး။ ကိုအောင်ဆန်း က သူအလုပ်နဲ့တောင် သူမအားဘူး။ သူတို့ရဲ့ ဇာတ်ကွက်ဘဲဖြစ်မှာပါ”ဟု ကိုအောင်ဆန်းနှင့် ရင်းနှီသူကပြောသည်။ လက်ရှိ အချိန် တွင် ကိုအောင်ဆန်းကို ဖုန်းဆက်သွယ်ပြောခွင့်ရသော်လည်း လူနှင့်တွေ့ဆုံးခွင့် မရရှိသေးကြောင်း သိရသည်။ ကိုအောင်ဆန်း ကို အမှုဖွင့်အရေးယူထားသော်လည်း ယနေ့ချိန်ထိ ရုံးထုတ်စစ်ဆေးခြင်း မရှိသေးကြောင်း သိရသည်။ “ဖုန်းနဲ့ပြောခွင့်ရတယ်။ လူကိုတော့ သူတို့မပေးတွေ့ဘူး။ ဒီနေ့ဖုန်းပြောခွင့်ရတယ်။ သူကျန်းမာရေးအခြေနေလည်းကောင်းတယ်။ သူ့ကို အမှုဖွင့်ထား တယ်လို့ပြောတယ်။ ကျနော်တို့လည်း ဘာအမှုနဲ့ဖွင့်လည်း မသိရဘူး။ ဒါ‌‌ပေမဲ့ ဒီနေ့ချိန်ထိတော့ ရုံးထုတ်ပြီး စစ်ဆေးတာတော့ မရှိသေးဘူး။” ဟု အထက်ပါလူက ပြောသည်။

ကိုအောင်ဆန်းသည် ပင်လောင်းမြို့ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်းခံထားရကြောင်း သိရသည်။ ကိုအောင်ဆန်း ကို လာ ရောက်ဖမ်းဆီးခြင်းသည် စက်တင်ဘာ (၂၄)ရက် မနက်ပိုင်းက တောင်ရိုးပြည်သူကာကွယ်ရေး တပ်ဖွဲ့ PDF အဖွဲ့ကို ဖွဲ့စည်းပြီး ကြောင်းနှင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သူများကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ခဲ့သောကြောင့် လာရောက်ဖမ်းဆီးသွား ကြောင်း သိရသည်။

၅။ KNU တပ်မဟာ ၅ နယ်မြေအတွင်း ၃ ရက်အတွင်း စစ်ကောင်စီတပ်နှင့် KNLA တို့ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး
October 29, 2021

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန် (မူတြော်) ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တပ်ဖွဲ့တို့ အောက်တိုဘာလ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်များတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၆ ရက်တွင် လူသောမြို့နယ် လောဖလာသီတွင် တိုက်ပွဲ ၁ ကြိမ်၊ ဒွယ်လိုးမြို့နယ် မယ်ဝေရွာတွင် ၁ ကြိမ် ဖြစ်ပွားကာ အောက်တိုဘာလ ၂၇ ရက်တွင် ဘူးသိုမြို့နယ် သူမွဲထရွာတွင် ၁ ကြိမ်၊ ၂၈ ရက်နေ့၌ ဘူးသိုမြို့နယ် ခေါဖိုအုပ်စုတွင် ၂ ကြိမ်၊ စုစုပေါင်း ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄ ဦး သေဆုံးကာ KNLA ဘက်မှ ထိခိုက်မှုမရှိကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရသည်။

၆။ ဖယ်ခုံမြို့ ဒေသခံ (၂၀)ကို စစ်ကောင်စီက လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား
October 28, 2021

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုနိုင်သည့် အရပ်သား (၂၀) ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

(အောက်တိုဘာလ ၂၉)ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေပြည်အေးကျေးရွာအတွင်းသို့ အင်အား အများအပြားဖြင့် ဝင်ရောက်စီးနှင်းပြီး ကျေးရွာထဲ၌ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုနှင့် ပြုစုစောင့်ရှောက် သူများကို လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသံများက ပြောသည်။ “စကစတွေ လက်ကိုကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ ယောက်၂၀ လောက်ရှိတယ်၊ အဖိုးအိုလည်း ပါတယ်၊ သူတို့က ရွာစောင့်တွေနဲ့ ကျန်ခဲ့တဲ့ ကျွဲတွေနွားတွေ လူအိုတွေကို စောင့် ရှောက်တဲ့သူတွေ ဖြစ်တယ်”ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီတို့သည် ထွက်ပြေး တိမ်းရှောင် နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးခေါ်ဆောင်သွားရာ၌ လက်ကို ကြိုးဖြင့် ချည်ထားပြီး မျက်လုံးများကို ပုဝါဖြင့် စည်းထားကြောင်း သိရသည်။

“လူအိုတွေဆိုတော့ ထွက်ပြေးဖို့လည်း မဖြစ်နိုင်ဘူးလေ၊ ပြီးတော့ ကျန်တဲ့သူတွေဆိုတာကလည်း ဥပဒေဘောင်အတွင်းထဲမှာ နေတဲ့သူတွေဖြစ်တယ်၊ သူတို့တွေ ဘာမှမလုပ်ဘူး၊ PDF နဲ့လည်း ပပတ်သက်မှုမရှိဘူး၊ စစ်ကောင်စီတွေက လက်ကို ကြိုး တုပ်ပြီး မျက်လုံးကိုပုဝါနဲ့ပိတ်ထားတာ၊ တော်တော်ကိုရက်စက်တဲ့ စစ်ကောင်စီတွေ”ဟု ဒေသံခံတစ်ဦးကလည်း သျှမ်းသံတော် ဆင့်ကို ပြောသည်။ ထို့အပြင် စစ်ကောင်စီတို့သည် ရွှေပြည်အေးရွာထဲသို့ ဝင်ရောက်လာပြီး ပိုင်ရှင်ထွက်ပြေးနေရသည့် ပြည်သူပိုင် အိမ်များအတွင်း ဝင်ရောက်စီးနှင်းကာ ပစ္စည်းများ ရိုက်ခွဲခြင်း၊ ပိုက်ဆံများကို ယူဆောင်သွားခြင်းများလည်း ရှိကြောင်း သိရ သည်။ စစ်ကောင်စီတို့သည် ၎င်းတို့ထိုးစစ်ဆင်နေသည့် ဖယ်ခုံမြို့နယ်အပြင် ၎င်းတို့လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများ ကို ဝင်ရောက်ဖျက်စီးခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးချနေခြင်း စသည့် စစ်ရာ ဇဝတ်မှုများစွာကို ကျူးလွန်နေလျက်ရှိကြောင်းလည်း သိရသည်။

၇။ KIO ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကူးစက်မှု များလာတာကြောင့် ဂိတ်တွေပိတ်ထား
October 27, 2021

ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ၊ အင်ဂျန်ယန်မြို့ အင်ဂွမ်လရွာက အထက်တန်း ကျောင်းမှာ ကျောင်းသား ၄၀၀ ကျော် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိတာကြောင့် ရွာကို Lock down လုပ်ပြီး ပိတ်ထားတယ်လို့ KIA ရဲ့ ကိုဗစ်ထိန်းချုပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က ဆရာ၊ ဆရာမ တွေ နဲ့ ကျောင်းသားတွေအပါအဝင် ဒေသခံအယောက် ၈၀၀ ကျော်ကို ကိုဗစ်ရောဂါပိုးစစ်ဆေးရာမှာ ၄၄၉ ဦး ပိုးတွေ့ခဲ့တာဖြစ်ပါ တယ်။ အဲဒီဒေသအတွက်ဆေးဝါးနဲ့အစားအသောက် အကူအညီတွေလိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယာန်မြို့ ပါကထောင် စစ်ဘေးဒုက္ခသည် စခန်းမှာလည်း ကိုဗစ် – ၁၉ ရောဂါပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိတာကြောင့် အောက်တိုဘာလ ၂၈ ရက် ဒီနေ့မှာပဲ KIO ရဲ့ ကိုဗစ်ကုသရေး စင်တာကို ပို့ဆောင်လိုက်တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ “အရင်တစ်ခါဖြစ်တဲ့ ရပ်ကွက်တွေတော့ မပါတော့ဘူး၊ အခြားရပ်ကွက်တွေ ပြန်ဖြစ်တာ၊ အကုန်လုံးဆိုရင် ၁၈၀ ကျော်ရှိတယ်၊ ဒီတစ်ခါက ကလေးတွေလည်းများတယ် ” လို့ ပါကထောင် စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံကဆိုပါတယ်။

လက်ရှိ ကိုဗစ်ကူးစက်မှုတွေ များနေတာကြောင့် KIO ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ လိုင်ဇာ၊ မိုင်ဂျာယာန်၊ အင်ဂျန်ယာန်စတဲ့ အဝင် အထွက် ဂိတ်တွေကို ပိတ်ထားတဲ့အပြင် လိုင်ဇာနဲ့ မိုင်ဂျာယာန်က စာသင်ကျောင်းတွေ အားလုံးကိုလည်း ပိတ်ထား ပါတယ်။ KIO အနေနဲ့ လက်ရှိမှာတော့ သူတို့ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ပြည်သူတွေကို ကိုဗစ် – ၁၉ ရောဂါကာကွယ် ဆေးတွေ ထိုးပေးနေပါတယ်။

၈။ မိုင်းယု (၁၀၅)မိုင် ဂိမ်းရုံအတွင်း ပစ်ခတ်မှုဖြစ် ပြည်သူ့စစ် အပါအဝင် (၂)ဦးသေဆုံး
October 27, 2021

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅)မိုင် မန့်မော်ကျေးရွာသွားလမ်းပေါ်တွင် တည်ရှိသည့် ဂိမ်းဆိုင်တခု၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်တဦးနှင့် ဒေသခံ တဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၆)ရက် မနက် ၁၁ နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သောကြောင့် (၂)ဦး သေဆုံးသွားပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂ ယောက်သေတယ်။ တစ်ယောက် ဒဏ်ရာရတာပေါ့။ သေတဲ့သူက တယောက်က ပြည်သူ့စစ်တပ်ဖွဲ့ထဲကပါ။ ကျန်တာ ကတော့ ဒေသခံ ပြည်သူပဲ။ ဘယ်သူလာပစ်တာလည်းတော့ ကျနော်တို့လည်း အတိကျ မသိရဘူး” ဟု မိုင်းယု(၁၀၅) မိုင်တွင် နေထိုင်သူက ပြောသည်။ ထိုသေဆုံးသွားသူ ရုပ်အလောင်းများကို မူဆယ်မြို့ ပါရမီလူမှုကူညီရေးအသင်းက သွားရောက်သယ်ယူပြီး သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။ ထိုဂိမ်းဆိုင်ကို မကြာသေးခင်ကမှ ဖွင့်လှစ်ထားတာဖြစ်ပြီး ဒေသခံများနှင့် ပြည်သူ့စစ် အများအပြားက သွားရောက်ကစားလေ့ရှိကြောင်း သိရသည်။ “ဂိမ်းဆိုင်က ဖွင့်ထားတာ မကြာသေးဘူးလေ။ အများကြီးသွား ဆော့ကြတယ်။ ဒေသခံကော။ ပြည်သူ့စစ်တွေကော အများကြီး လာဆော့ကြတယ်။ မနေ့ကဆို ပြည်သူ့စစ် ၁၀၀ လောက်ရှိ မယ်ထင်တယ်။ အဲဂိမ်းဆိုင်မှာ လာဆော့ကြတာ” ဟု ဒေသခံ တဦးက ပြောသည်။

၉။ ရခိုင်ပြည်နယ်မှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရ
October 28, 2021

ရခိုင်ပြည်နယ်တွင် ယခုနှစ်လူသတ်မှုမှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်း မှတ်တမ်းများအရ သိရသည်။ ရခိုင်ပြည်နယ် (၁၇)မြို့နယ်အတွင်းမှာ ၂၀၂၀ ခုနှစ်က လူသတ်မှု ၁၂၂ မှုဖြစ်ပွားခဲ့ပြီး ယင်းအမှု ဖြစ်စဉ်များမှ ဖမ်းဆီးတရားစွဲဆိုတင်ပို့မှု ၉၇ မှုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လူသတ်မှုလေးမှုကို အမှုပိတ်သိမ်းခဲ့ပြီး ၂၁ မှုကို တရားခံဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မှုခင်းမှတ်တမ်းစာရင်း များအရ ကိုးလအတွင်း လူသတ်မှုမှာ ၇၅ မှုဖြစ်ပွားခဲ့သောကြောင့် ရခိုင်ပြည်နယ်အတွင်း သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံ နေရသည်။ အဆိုပါ လူသတ်မှုဖြစ်စဉ်များမှ ဖမ်းဆီးတရားစွဲဆိုတင်ပို့မှု ၃၉ မှုနှင့် စုံစမ်းစစ်ဆေးနေဆဲအမှု ၃၆ မှုကျန်ရှိနေ ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး(မှုခင်းမှတ်တမ်း) မျိုးဝင်းက DMG ကိုပြောသည်။ “လူသတ်မှုအများစုက အရက် သေစာသောက်စားရာကနေ ဒေါသစိတ်ကိုမထိန်းနိုင်တဲ့အတွက် အမှုဖြစ်တာပိုများတယ်”ဟု ၎င်းကဆိုသည်။ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေသည့် လူသတ်မှုအပါအဝင် အခြားမှုခင်းဖြစ်စဉ်များကိုလည်း လျော့နည်းကျဆင်းစေရန် ပြည်နယ်ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ကာကွယ်မှုများ တိုးမြင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

၁၀။ မင်းတပ်မြို့တွင် တပ်ရင်းမှုးခွင့်ပြုချက်ဖြင့်သာ ဆန်သယ်ယူခွင့်ရှိပြီး ရိက္ခာပြတ်လပ်မှုရှိနေ
October 27, 2021

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခံထားရသော ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက ဆန်ရောင်းဝယ် ခွင့်ကန့်သတ်ထားပြီး ဆန်သယ်ယူမည်ဆိုပါက မင်းတပ်မြို့ထွေအုပ်ရုံးမှတဆင့် တပ်ရင်းမှုးထံတင်ပြကာ ၎င်း၏ ခွင့်ပြုချက် ဖြင့်သာ ဆန်၊ ရိက္ခာများကို မြို့ပေါ်တွင် သယ်ယူခွင့်ပြုသည်ဟု သိရသည်။ “အရင်လို ဆန်တွေ ရောင်းလို့မရသေးဘူး။ မင်းတပ် ကတော့ မာရှာယ်လောထုတ်ထားတော့ သူတို့ အမိန့်အတိုင်းလုပ်ရတာလေ၊ ဆန်က ဘယ်သူမှ မရောင်းရဲဘူး ရောင်းရင် စစ်တပ်ကဖမ်းမှာ။ စစ်တပ်က တောထဲရောက်မှာစိုးရိမ်တဲ့ အနေအထား အဲ့လိုမျိုးပုံစံဖြစ်တယ်။ အကယ်၍ ဆန်ဝယ်ချင်ရင် ထွေအုပ်ရုံးကိုစာတင်ပြီး ထွေအုပ်က တပ်ရင်းမှုးစီပြန်တင် သူကခွင့်ပြုမှ ဆန်သယ်လို့ရတယ်။” ဟု လက်ရှိ မင်းတပ်မြို့တွင် နေထိုင်သူ တစ်ဦးကပြောသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ကို မေလ ၁၃ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီးသည့် နောက်ပိုင်းတွင် မင်းတပ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုပြင်းထန်လာကာ စစ်ကောင်စီမှ ဆန်အပါအဝင်၊ အခြားသောရိက္ခာများသယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် မင်းတပ်မြို့ပေါ်တွင်လည်း ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေခြင်းဖြစ်သည်။ မင်းတပ်မြို့ပေါ်ရှိပြည်သူများသည် ခရလ(၂၇၄)တပ်ရင်းမှုး၏ ခွင့်ပြုချက်ဖြင့်သာ ယောနယ်၊ ပခုက္ကူနှင့်ပေါက်တို့တွင် ရိက္ခာ များ သယ်ယူခွင့်ရှိကြသော်လည်း ဆန်များကိုအကန့်အသတ်ဖြင့်ဝယ်ယူရသည့်အပြင် ဓာတ်ဆီ များကိုလည်း သယ်ယူခွင့်မပြု ကြောင်းနှင့် ကုန်ပစ္စည်းများကိုစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများလည်းရှိနေ ကြောင်းသိရ သည်။

“အစားအသောက်ကလည်း ဘာမှလောလောဆယ်ကတော့ တရားဝင်ရောင်းတဲ့ကုန်သည်လည်းမရှိ ခွင့်လည်းမပြုကြဘူး။ မြို့ ထဲမှာနေတဲ့သူတွေကတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ပဲ ခြေလျှင်လမ်းနဲ့ယောနယ်ဖက်ကို သွားကြပြီးတော့ ဆန်ကိုနိုင်သလောက် ပေါ့ ၅ ပြည်၊ ၆ ပြည်၊ ၁၀ ပြည် အဲ့လိုထမ်းပြီးမှ စားကြရတာပေါ့လောလောဆယ်။”ဟု မင်းတပ်မြို့မိ/မြိုဖကပြောသည်။ ချင်း ပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး လူဦးရေနှစ်သောင်းဝန်းကျင် နေထိုင်ကြသော်လည်း စစ် ရေးပဋိပက္ခကြောင့် မြို့ပေါ်နေပြည်သူအများစုမှာ ကျေးလက်ဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိတွင်မူ အိမ် ထောင်စုတစ်ထောင်၊ လူဦးရေ ရှစ်ထောင်ခန့်သာ မြို့ထဲတွင် နေထိုင်ကြသည်ဟုသိရသည်။

၁၁။ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရေး အရေးယူဆောင်ရွက်မှုများ စလုပ်ရန် အာဆီယံအမတ်များ တိုက်တွန်း
28 October, 2021

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ကျဆုံးနိုင်ငံဖြစ်လာနိုင်ခြေအန္တရာယ်ရှိနေတဲ့ မြန်မာနိုင်ငံအကျပ်အ တည်းကို ဖြေရှင်းဖို့ ခိုင်မာတဲ့အရေးယူဆောင်ရွက်ချက်တွေကို အစပျိုးထားဖို့ အာဆီယံပါလီမန်အမတ်တွေက အာဆီယံ ကို တိုက်တွန်းထားပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ သုံးရက် ကြာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆပ်စပ်ထိပ်သီးအစည်းအဝေးတွေ ကျင်းပနေချိန်မှာ လက်ရှိအာဆီယံအမတ်တွေနဲ့ အရင် အာဆီယံ ကိုယ်စားလှယ်ဟောင်းတွေဆီက တောင်းဆိုမှုတွေ ပေါ်ထွက်လာတာပါ။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက ပြောပြလို့တောင်မရတဲ့ အကြမ်းဖက်မှု၊ ရက်စက်မှုတွေနဲ့ လူပေါင်းသန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးလာခဲ့တာ တနှစ်လောက်တောင်ရှိနေပြီလို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ကိုမြှင့်တင်ဖို့ ကတိပြုထားတဲ့ ဒေသဆိုင်ရာကွန်ရက်ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ရဲ့ဥက္ကဋ္ဌ ချားလ်ဆန်တီရာဂိုက ပြောကြားလိုက်ပါတယ်။ အခုအခါ ကျနော်တို့ရဲ့ ဒေသဆိုင်ရာခေါင်းဆောင်တွေဟာ သူတို့ရဲ့တုံ့ ပြန်မှု ကို ပိုမိုမြှင့်တင်ဖို့ ဒီမကြုံစဖူးအခွင့်အရေးကို အသုံးပြုရမှာဖြစ်ပြီးတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေးမှာ အမှန်တကယ် တိုးတက်အောင်မြင်စေရမယ်လို့လည်း ဆိုပါတယ်။

မြန်မာလွှတ်တော်အမတ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေးကောက်ခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကိုယ်စား လှယ်တွေနဲ့ တရားဝင်လူသိရှင်ကြား တွေ့ဆုံဆွေးနွေးဖို့လည်း အာဆီယံကိုတောင်းဆိုထားပါတယ်။ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းသွားတဲ့အထိ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွတ်မြောက်ပြီး ပြည့်စုံတဲ့ ဒီမိုကရေစီရဖို့ ပြည်သူတွေရဲ့ ဆန္ဒတွေ ပြည့်ပြည့်ဝဝ ကြားသိရတဲ့အချိန်ထိ အာဆီယံအဖွဲ့ကြီးရဲ့တရားဝင်အစည်းအဝေးတွေကို စစ်အစိုးရကိုယ်စားလှယ်တွေကို ဖိတ် ကြားတာကို ရပ်ဆိုင်းထားဖို့လည်း အာဆီယံကို ဖိအားပေးထားပါတယ်။

၁၂။ ကျောက်မဲ တိုက်ပွဲဆက်ဖြစ်နေ နားမွန်းစစ်ရှောင်စခန်း ပြောင်းရွှေ့ရ
October 27, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ ဆက်ဖြစ်နေပြီး လက်နက်ကြီးကျမှာ စိုးရိမ်သည့်အတွက် နားမွန်းစစ်ရှောင်များ စခန်းပြောင်းရွှေ့နေထိုင်ရကြောင်း သတင်းရရှိသည်။ နားမွန်းစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည် တစ်ဦးအပါအဝင် စစ်ရှောင် (၃၀)ကျော်ရှိနေပြီး ယခုရက်ပိုင်းတိုက်ပွဲပြင်းထန်နေသည့်အတွက် ရွာဘုန်းကြီးကျောင်းသို့ပြောင်းရွှေ့နေထိုင်ရတာဖြစ်ကြောင်း သိရသည်။

“အရင်က စာသင်ကျောင်းမှာနေတာ၊ ချိုင့်ဝှမ်းနေရာဖြစ်တော့ ကြောက်ရတယ်၊ ပြီးခဲ့တဲ့ ၂ ရက်က တိုက်ပွဲပြင်းထန်တယ်လေ၊ လက်နက် ကြီးတွေ ကျမှာစိုးရိမ်လို့ နေရာပြောင်းလိုက်ရတယ်၊ ရွာဘုန်းကြီးကျောင်းက ဇရပ်ထဲပြောင်းနေကြတာ”ဟု စစ်ရှောင် များကို ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ အုပ်စုထဲတွင် နားမွန်း၊ ဗြိန်းခါး၊ မိုင်းတင်းနှင့် နမ့်စော့စစ်ရှောင်စခန်းတို့ ရှိပြီး စစ်ရှောင် (၃၀၀)ကျော် ခိုလှုံနေတာဖြစ်သည်။ ထိုဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၂)ရက်နေ့မှ စပြီးတိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား တိုက်ပွဲဆက်လက်ပြင်းထန်လာ ခဲ့တာဖြစ်ကြောင်း သိရသည်။ “မနေ့ကတော့ အသံမကြားရဘူး၊ ဒီနေ့ ပန်စလော့ အပေါ်ပိုင်းမှာ ပစ်ကြတယ်လို့ ကြားတယ်၊ မနက် ၇ နာရီ လောက်မှာ ပစ်တဲ့အသံ ကြားရတာ” ဟု မိုင်းတင်း ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ (၂၇)ရက် မနက်အစောပိုင်းက နောင်ပစ်ကျေးရွာအုပ်စုအနီးတဝိုက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ် သည့် RCSS နှင့် တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် (၂)လဝန်းကျင်က တည်းက နောင်စိန်၊ ပန်လင်၊ လွယ်ကုန်၊ မောက်ငါးစန့်၊ ပန်စလော့၊ ဟူးကွက်၊ ကြိမ်းလောနှင့်အခြားကျေးရွာ အနီးတဝိုက်တို့ တွင် တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပေ။ “သူတို့ က အိမ်အရမ်းပြန်ချင်နေပြီ၊ စစ်ရှောင်လာတာ (၂)လကျော်ရှိပြီလေ၊ ပြန်ချင်တယ်ဆိုပြီးပြောတယ်၊ တစ်ချို့ဆို မျက်ရည်တောင် ကျတယ်”ဟု စစ်ရှောင်ကူညီသည့် ကျောက်မဲဒေသခံတစ်ဦးကပြောသည်။

၁၃။ ပုဏ္ဏားကျွန်း အထက်မြက်လှဲ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများ ပြတ်လပ်
October 27, 2021

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြက်လှဲ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြက်တောက်မှုနှင့်ကြုံနေရပြီး နေအိမ်တစ်ချို့ပါ ပျက်စီးနေကာ အရေးပေါ်ပြုပြင်ရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများ က ပြောသည်။ အဆိုပါ အထက်မြက်လှဲစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်မှ ခမောင်း၊ ပိန်းချောင်း၊ ကင်ပိ၊ မီးချောင်းခိုး၊ တဲဝ၊ လီကွိ့ ၊ ငစိုင်ရိုင်း၊ ပလဲကိုင်း၊ ပညာကြီးနှင့် ပုဏ္ဏာကျွန်းမြို့နယ်မှ အဝပြင်နှင့် ဆင်သည်ကြီး ကျေးရွာတို့မှ အိမ်ထောင်စု ၁၃၇ စုမှ လူဦးရေ ၆၅၄ ဦးခန့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကတည်းက ခိုလှုံရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် လူနေအိမ် ၃၀ ခန့်ပျက်စီးနေမှုများရှိပြီး စခန်းအတွင်းမှာ နေအိမ်များကို ပြုပြင်ရန် အကူ အညီများလိုအပ်နေသည်ဟု စခန်းတာဝန်ခံဦးဖြူသာအောင်က Western News ကိုပြောသည်။ “အဓိက အခက်တွေ ကတော့ မီးဖိုချောင်းသုံးပစ္စည်းတွေ ပြက်တောက်နေတာတွေရှိပါတယ်။ ဆန်ကတော့ လူကယ်ပြန်က အနည်းငယ် လစဉ်ထောက်ပံ နေတာတွေရှိတယ်။ ကျွန်တော်တို့မှာ ကြက်သွန်၊ ဆီ၊ဆား၊ ငရုပ်၊ ငပိ၊ ဟင်းချို့မုန့် တို့လိုမီးဖိုချောင်သုံးစားသောက်ကုန် တွေပြက်တောက်နေတယ်။ အရင်က လူမှုအဖွဲ့အစည်းတွေက လာရောက်လှူဒါန်းတာတွေရှိနေလည်း ၂၀၂၁ ခုနှစ် နှစ်စပိုင်း ကတည်းက လာရောက်တာတွေမရှိတော့ဘူး။ နောက်ထပ် လူနေအိမ် ၃၀ လောက်ပျက်စီးနေတာတွေရှိတယ်”ဟုပြောသည်။ လက်ရှိတွင် နေရပ်အသီးသီးမှ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်များ နေရပ်ပြန်ချင်သော်လည်း မိုင်းအန္တရာယ်စိုးရိမ်းမှုများ ရှိနေပြီး နေရပ်ပြန်ရပ်အတွက် အစိုးရက တစ်စုံတစ်ရာထောက်ပံ့မှုမရှိလျှင် နေရပ်ပြန်ရန်ခက်ခဲ့သည်ဟု သူကဆက်ပြောသည်။

၁၄။ ကယားပြည်နယ်ရှိ ကျေးရွာတချို့ ရွာလုံးကျွတ်ဖျားနာနေ၍ lock down ချထားရ၊ ဆေးဝါးအခက်အခဲဖြစ်နေ
October 27, 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာအချို့နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ရွာလုံးကျွတ် ဖျားနာမှုများရှိနေပြီး ကိုဗစ်ဟုယူဆရသည့်အတွက် ‌ကျေးရွာများကို သွားလာကန့်သတ်မှု (Lock down) ပြုလုပ်ထားရ ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများထံမှ သိရသည်။ သွားလာကန့်သတ်မှုပြုလုပ်ထားရသည့်ကျေးရွာများမှာ ၁၀ ရွာအထက်ရှိနေပြီး စစ်ရှောင်စခန်းနှစ်ခုကိုလည်း (Lock down) ပြုလုပ်ထားရကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ တစ်ဦးက စံတော်ချိန် ဒစ်ဂျစ်တယ်သို့ပြောသည်။

“အခုက အရှေ့ဘက်ခြမ်းမှာတော်တော်များတယ်။ lock down လုပ်ထားရတာက ၁၀ ရွာကျော်နေပြီ။ တချို့ရွာတွေကလည်း လက်မခံလို့ လုပ်လို့မရတာရှိတယ်။ ရာသီတုပ်ကွေးနဲ့ ကိုဗစ်နဲ့ကရောနေတော့ သေချာတော့ပြောလို့မရဘူး။ အကုန်လုံးကို လည်း ကိုဗစ်စစ်ပေးဖို့ကအခက်အခဲရှိတယ်။ တချို့ကျ‌တော့လည်း မစစ်ချင်ကြဘူး။ ကျွန်တော်တို့ လက်လှမ်းမီသလောက် စစ်လိုက်ရင်တော့ ၃၀ က‌နေ ၅၀ ရာခိုင် နှုန်းအတွင်းက ပိုးတွေ့တယ်” ဟု ၎င်းကပြောသည်။ ထို့ပြင် လမ်းကြောင်းပိတ်ဆို့မှုများ ကြောင့် ဆေးဝါးသယ်ယူခွင့်မရခြင်း၊ ဆေးဝါးနှင့်ရိက္ခာများရောက်ရှိရန် အချိန်ကြာမြင့်ခြင်း စသည့်အခက်အခဲများကြုံနေရပြီး စစ်ဘေးရှောင်စခန်းများနှင့် ကျေးလက်ဒေသတို့မှ ကိုဗစ်လူနာများကို ကုသမှုပေးနေရာတွင် ဆေးဝါးအခက်အခဲဖြစ်နေကြောင်း ကိုဗစ်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဆီကိုရောက်လာရမဲ့ ဆေးဝါးသိန်း ၂၀ ဖိုးလောက်ရှိမယ် ရောက်မလာဘူး။ လမ်းမှာတင်ပျောက်သွားတယ်။ ဂိတ် တွေမှာလည်း‌ ဆေးဝါးဆိုမတင်ရဲကြဘူး။ တင်ချင်တင် အာမ မခံဘူးဆိုပြီးပြောတယ်။ ဆေးကိုပမာဏများများတွေ့ပြီဆိုတာနဲ့ ဖမ်းသိမ်းတယ်။ လူဖမ်းတယ်။ သုံးပတ်လောက်ရှိပြီ။ ဒီလိုဆေးဝါးတင်ရင် ဖမ်းနေတာ”ဟု ၎င်းကပြောသည်။ ယခုကဲ့သို့ ဆေး ဝါးသယ်ယူခွင့်ပိတ်ဆို့နေခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်နေသည့် ပြစ်မှုကျူးလွန်ရာ‌ ရောက်နေသည့်အတွက် မည် သည့်အခြေနေမျိုးတွင်မဆို ကိုဗစ်နှင့်ပတ်သက်သည့် ဆေးဝါးများကို သယ်ယူခွင့်ပြုသင့်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ပေး နေသူများက သုံးသပ်ပြောဆိုကြသည်။

၁၆။ မိုင်းယော် စစ်ကောင်စီမှ လက်နက်ကြီးပစ်၊ ဒေသခံများ စိုးရိမ်ထိတ်လန့်
October 27, 2021

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီး စစ်ကောင်စီတပ်မှ (အောက်တိုဘာ ၂၇ ရက်) မနက် ၁၁ နာရီ တွင် တစ်ဘက်သတ် လက်နက်ကြီးပစ်ခတ်ရာ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၇)ရက် မနက် ၁၁ နာရီချိန်မှစပြီး လက်ရှိသတင်းရေးသားချိန်ထိ စစ်ကောင်စီဘက်မှ ဟွေ့ဟုတ် ကျေးရွာအနီးတွင်နေပြီး လက်နက်ကြီးဖြင့် တစ်ရစပ် ပစ်ခတ်နေသဖြင့် ဒေသခံများ နေအိမ်အပြင်သို့ မထွက်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။

“ခုလောလောဆယ်တော့ ဒေသခံတွေ တစ်ယောက်မှ အပြင် မထွက်ရဲသေးဘူး။ အိမ်မှာပဲ နေနေကြတုန်းပဲ။ ဘယ်ပြေးရမှန်းလဲ မသိဘူး” ဟု မိုင်းယော်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မိုင်းယော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား မည်ကို ဒေသခံများ စိုးရိမ်နေပြီး စစ်ကောင်စီတပ်မှ မပစ်ခတ်ခင်ကာလတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရခိုင့်တပ်မတော် (AA)တို့ မိုင်းယော်အဝင်မှာ စောင့်ထားကြောင်း အမည်မဖော်လိုသူ တစ်ဦးကပြောသည်။ “ဖြစ်နိုင်ရင် ရွာနဲ့အဝေးမှာပဲ တိုက်ပွဲ ဖြစ် စေချင်တယ်။ ခု ရွာနဲ့ တအားနီးတော့ တကယ်ဖြစ်လာရင် ကျနော်တို့ ထွက်ပြေးဖို့ မလွယ်ဘူး” ဟု မိုင်းယော်ဒေသခံ တစ်ဦးက ပြောသည်။

၁၇။ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုနှင့်အတူ ကျေးရွာပေါင်း ၈၀ ကျော်က ကလေးသူငယ်များအတွက် စာသင်ကြားမှုစတင်
October 29, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ဦးဆောင်မှုနှင့်အတူ ကျေးရွာ ပေါင်း ၈၀ ကျော်ရှိ ကလေး သူငယ် ၃,၃၄၃ ဦးအား ကျောင်းစာသင်ကြားရေးလုပ်ငန်း စတင်လည်ပတ်နေပြီဟု သိရသည်။ အဆိုပါ ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် CDM ဝင်ထားသည့်ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ စုစု ပေါင်းအယောက် ၄၃၃ ဦးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနမှ လေ့ကျင့်ပေးထားပြီး ကလေးငယ်များကို သင်ကြား စေခြင်းဖြစ်သည်ဟု လည်းသိရသည်။

”ကျွန်တော်တို့ သင်ကြားရေးတွေ စတင်လည်ပတ်နေတာက သုံးပတ်လောက်ရှိနေပြီ။ ဆရာ၊ ဆရာမ လေးရာ ကျော်ကို ခွဲပြီး သင်ကြားရေးအတွက် သင်တန်းပေးထားတာ အခုဆိုရင် အပတ်စဉ်လေးခုမြောက်ပြီးချိန်မှာ ဦးရေ အယောက် တစ်ရာကျော်ကို သင်တန်းပေးပြီးသွားပြီ။ နောက်ထပ်အပတ်စဉ်တွေလည်းထပ်ဖွင့်ဖို့‌ရှိနေတယ်”ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းယောမာန်မှ ပြောသည်။ စစ်ဘေးရှောင်ကလေးငယ်များအတွက် စာသင်ကြားခွင့်ရရှိခြင်းသည် ၎င်းတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ဖြစ်စေသည်ဟုလည်း ၎င်းကဆိုသည်။ ” ဒီမှာရှိတဲ့ကလေးငယ်တွေရဲ့ရင်ထဲမှာ စစ်ဘေး ရှောင်တွေဆိုတဲ့ ဘဝတွေကို မေ့ထားပြီးတော့စာ သင်ကြားခွင့်ရတယ်။ ကစားရတယ်။ ပညာတွေရတယ်။ ဒါတွေကလည်း သူတို့အတွက် ဘက်ပေါင်းစုံကနေ အရေးပါတယ်။ စိတ်ကျန်းမာရေးအရကော၊ သူတို့လေးတွေအတွက် ဦးနှောက်ဖွံ့ဖြိုးပြီး သူတို့ရဲ့သိမှုဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် ခြေလှမ်းတွေစတင်ပေးတယ်။ ပြုစုပျိုးထောင်ပေးတယ်။ အားပေးတယ်ဆိုတဲ့ သဘော ပါပဲ”ဟု ၎င်းကဆက်ပြောသည်။

သည့်အပြင် ယောနယ်ဘက်ခြမ်းကို ရောက်ရှိသည့် စစ်ရှောင်ကလေးငယ်များအတွက်လည်း Mindat Emergency Response Team မှ အားဖြည့်ကူညီပြီး ပညာရေးလုပ်ရှားမှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။ လက်ရှိ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ဘေးရှောင်နေကြသည့် ဦးရေ ၁၀,၀၀၀ ကျော် (တစ် သောင်းကျော်) ဝန်းကျင်ရှိ ပြီး တခြားဒေသများသို့ စစ်ရှောင်ပြေးနေရသည့် သူဦးရေ ၁,၀၀၀ ဝန်းကျင်နှင့် ယောနယ်ဘက်ခြမ်းသို့ စစ်ရှောင်နေသည့်ဦးရေ ၂,၀၀၀ ဝန်းကျင်ရှိနေကြောင်းသိရသည်။

၁၈။ တရားစွဲခံထားရသည့် လက္ကာရွာသား ၂၃ ဦး၏ အမှုတစ်မှုကို လာမည့်ရုံးချိန်တွင် အပြီးသတ်အမိန့်ချမည်
October 28, 2021

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရ သည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၃ ဦး၏ အမှုအား အောက်တိုဘာ ၂၈ နေ့တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။ ရုံးချိန်တွင် တရားစွဲခံထားရသည့် ၂၃ ဦးမှာ ကျန်ရှိနေသည့်အမှု ၂ မှုထဲမှ ရာဇသတ်ကြီးအမှတ် ၂/၂၀၂ အမှု အတွက် တရားခံနှင့် ခံပြသက်သေများကို စစ်ဆေးခဲ့ပြီး နောက်ထပ်တစ်မှုဖြစ်သည့် ရာဇသတ်ကြီးအမှတ် ၆/၂၀၁၉ အမှုကို တော့ နိုဝင်ဘာ ၅ ရက်နေ့မှာဘဲ အပြီးသတ်အမိန့်ချမှတ်သွားမည်ဟု တရားရုံးမှဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း အမှုလိုက်ပါ ဆောင်ရွက်နေသည့် တရားလွတ်တော်ရှေ့နေ ဦးအောင်စစ် မင်း က Western News ကို ပြောသည်။

“ဒီနေရုံးချိန်းမှာ ရာဇဝတ်ကြီးအမှတ် ၆၀/ ၂၀၁၉ ၅၀(က)နှင့် ၅၀(ဈ)အတွက် နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲ ချက်ပေးခဲ့ကြတယ်။ နောက်ထပ်ရာဇဝတ်ကြီးအမှတ် ၂/ ၂၀၂၀ အတွက် ၅၀(က)နှင့် ၅၀(ဈ) အတွက် တရားခံနဲ့ ခံပြတွေကို စစ်ဆေးခဲ့တယ်။ နောက်ရုံးချိန်းကို နိုဝင်ဘာ ၅ နေ့ကိုချိန်းလိုက်ပါတယ်။ အဲဒီနေ့မှာ ရာဇဝတ်ကြီးအမှတ် ၆၀/ ၂၀၁၉ အတွက် အပြီးသတ်အမိန့်ချမှာဖြစ်ပြီး ရာဇဝတ်ကြီးအမှတ် ၂/၂၀၂၀ အတွက်အပြီးသတ်လျှောက်လဲချက် ပေးသွားမယ်”ဟုပြောသည်။ အဆိုပါ လက္ကာကျေးရွာသားများသည့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဖမ်းဆီးခံခဲ့ရပြီး ဗိုလ်ကြီးထင်းလင်း နှင့် ဒုရဲအုပ်ဇော်မျိုးဝင်းတို့က တရားလိုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀ (ဈ) နှင့် လက်နက်အရေးပေါ်စီမံအက်ဥပဒေ ၂(၁)(က) တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။

လက္ကာကျေးရွာသားအမှုတွင် ရာဇဝတ်ကြီးအမှတ် ၅၉/၂၀၂၀ အမှု လက်နက်အရေးပေါ်စီမံအက်ဥပဒေ ၂(၁)(က) အတွက် တရားခံများအား အပြစ်မရှိဟုဆိုကာ တရားရုံးကအဆိုပါအမှုအတွက်လွှတ်ပေးလိုက်သည်။ အဆိုပါ လက္ကာကျေးရွားသားများ အမှုတွင် အမှု ၃ ခုအတွက် တရားလိုနှစ်ဦးရှိကာ လိုပြသက်သေပေါင်း ၉၀ ဦးကျော်ခန့်ရှိပြီး ၂ နှစ်ကျော်ကြာ အမှုရင်ဆိုင် နေ ကြရသည်။

၁၉။ မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကားတား၍ ယာဉ်မောင်းကိုဓားဖြင့် ခုတ်ကာမော်တော်ယာဉ် လုပြေးမှု ဖြစ်ပွားခဲ့
October 28, 2021

ကရင်ပြည်နယ် ဒေါနတောင်ကျော် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့နေရာတွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း က အမျိုးသားတစ်ဦးမှ ကားတား၍ ယာဉ်မောင်းကို ဓားဖြင့်ခုတ်ကာ မော်တော်ယာဉ်အား လုပြေးမှုဖြစ်ပွားခဲ့ကြောင်းသိရ သည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် (၇)နာရီခန့်က ဖားအံမြို့ တောင်ကလေးကျေးရွာနေ ယာဉ်မောင်း ကိုကျော်နိုင်ထွေးသည် Honda Fit ယာဉ်အား မောင်းနှင်၍ မြဝတီမြို့မှ ဖားအံသို့ အပြန် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းတက် နေရာအရောက်တွင် အမည်မသိ အမျိုးသားတစ်ဦးက ကားကိုတားရာ ကိုကျော်နိုင်ထွေးမှ ကားရပ်ပေးစဉ် ထိုအမျိုးသားမှ ဓားဖြင့်ခုတ်ကာ ကားလုပြေးသွားသည်ဟု သိရသည်။

ထိုသို့ လူတစ်ဦးက ကားတား၍ ဓားဖြင့်ခုတ်ကာကားလုပြေးသွားကြောင်း အကြောင်းကြားလာသဖြင့် သင်္ဃန်းညီနောင်မြို့ သစ် လူမှုကူညီရေးအဖွဲ့မှ ယင်းနေ့ နံနက်ပိုင်းတွင်ပင် ဖြစ်စဉ်နေရာသို့ချက်ချင်းသွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိသူအား လူနာတင်ယာဉ်ဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရသည်ဟု သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးအဖွဲ့ ခေါင်းဆောင် ကိုစိုးမိုးဌေးက ပြောသည်။

၎င်းက ” ကားလုခံရပြီး ဓားဒဏ်ရာရရှိသူက ဖားအံမြို့ တောင်ကလေးကျေးရွာနေ ကိုကျော်နိုင်ထွေး ဆိုသူဖြစ်ပါတယ်။ မြဝတီ ကနေ ဖားအံသို့ အပြန်မှာ ဖြစ်တာ။ ကိုကျော်နိုင်ထွေးမှာ လည်ပင်းနဲ့ ခန္ဓာကိုယ် နေရာအတော်များများမှာ ဓားဖြင့် ခုတ်ခံရသ ဖြင့် ပြတ်ရှဒဏ်ရာတွေ ရထားတဲ့အတွက် မနေ့ကတော့ မြဝတီခရိုင် ပြည်သူ့ဆေးရုံကို ချက်ချင်း ပို့ဆောင်ပေးခဲ့ပါတယ်။ လူနာ အခြေအနေကတော့ ကောင်းပါတယ်။ သူက ဖားအံ ဘက်ကဆိုတော့ သူ့မိသားစုဝင်တွေရဲ့ ဆန္ဒအရ မနေ့ကဘဲ မြဝတီခရိုင် ဆေးရုံးကနေ ဖားအံဆေးရုံသို့ လွှဲပြောင်းပေးလိုက်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀။ စာသင်နှစ်တစ်ဝက်ကျော်မှကျောင်းဖွင့်ဖို့ပြင်ဆင်တာဟာ ကလေးတွေတတ်မြောက်မှုအားနည်းမယ်လို့ ဆရာတွေဝေဖန်
October 29, 2021

အခြေခံပညာကျောင်းတွေကို စာသင်နှစ်တဝက်ကျော်မှ ကျောင်းပြန်ဖွင့်ဖို့စီစဉ်တာဟာ စာသင်အချိန်မလောက်တဲ့အတွက် ကြောင့် ကလေးတွေစာတက်ဖို့မရှိဘူးလို့ ကျောင်းဆရာ၊ဆရာမတွေက ဝေဖန်လိုက်တာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ဟာ အခြေခံ ပညာကျောင်းတွေကို လာမယ့် နိုဝင်ဘာလအတွင်း ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် ကာကွယ် ဆေးတွေ ထိုးပေးနေပြီး ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ကြဖို့ ညွှန် ကြားထားတာ ဖြစ်ပါတယ်။

စာသင်နှစ်တဝက်ကျော်မှ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်တာဟာ ကျောင်းသားကျောင်းသူတွေအနေနဲ့ စာတက်ဖို့မရှိသလို မအောင်မနေရစနစ် လုပ်ဆောင်မယ်ဆိုရင် မြန်မာ့ပညာရေးစနစ် ပစ်လိုက်ဖို့ပဲရှိတော့တယ်လို့ ကျောင်းဆရာတစ်ဦးက ဝေဖန် လိုက်တာဖြစ်ပါတယ်။“ပုံမှန်စာသင်ချိန် နှစ်ဝက် ကျော်ရုံတင်မကဘူး ပုံမှန်စာသင်ချိန်လည်း မသင်ရဘူး ကလေတွေက အဆင် မပြေဘူးလေ၊ ကလေးတွေ တက်မြောက်မှုက သေချာတာပေါ့ ဘာမှမရှိဘူး ဆိုတာ အဲ့တာကတော့ သေချာတာပေါ့၊ ဒါပြီးရင် သူတို့က အောင်ပေး လိုက်မှာပေါ့၊ မအောင်မနေရ စနစ်နဲ့ ဒီလိုပဲ တင်အုံးမှာပေါ့ သူတို့က၊ တက္ကသိုလ်ဝင်တန်းတွေပါ အောင်ပေး လိုက်ရမယ် ဆိုရင် မြန်မာ့ပညာရေးဟာ ပစ်လိုက်ရုံပဲ ရှိတော့မှာပေါ့ဗျာ” လို့ ဆရာတစ်ဦးက ဆိုပါတယ်။ အခုအခါ မှာတော့ ကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းသူ၊ကျောင်းသားတွေကို သင်ကြားပေးမယ့် စနစ်နဲ့ ပတ်သက်ပြီး သင်ရိုးအဖွဲ့နဲ့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ သင်ရိုးအဖွဲ့ကနေပြီးတော့မှ အခြေခံပညာဦးစီးအဖွဲ့ကနေပြီးတော့မှ သင်ရိုးအဖွဲ့နဲ့ ညှိနှိုင်းနေတော့ သင်ရိုး တွေ ကို လိုတိုးပိုလျော့ တည်းဖြတ်ပြီးတော့ ဆောင်ရွက်မှာပေါ့၊ ကျွန်တော်တို့ ဆီတော့ မရောက်လာ သေးဘူး၊ ရုံးချုပ်မှာပဲ ဆောင် ရွက်ဆဲ အဆင့်မှာပဲရှိတယ်၊ ဆောင်ရွက်ဆဲဆိုတော့ သူတို့ အတည်ပြုဖို့လိုမှာပေါ့” လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံပညာကျောင်းတွေကို မရမက ပြန် လည် ဖွင့်လှစ်ခဲ့တဖြစ်ပြီး၊ ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင် ၉ ရက်နေ့မှာ ပြန်လည်ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

၂၁။ KNLA က လာပစ်လျှင် ကျေးရွာများကို ပစ်ခတ်မည်ဟု BGF ခြိမ်းခြောက်
29 October, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စုအတွင်း BGF လှုပ်ရှားတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) က လာရောက်ပစ်ခတ်ပါက KNU မိသားစုဝင်တွေ နေထိုင်တဲ့ ကျေးရွာတွေကို ပြန်လည် ပစ်ခတ်မယ်ဆိုပြီး BGF က ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် (BGF) တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တင်ဝင်းက အောက်တိုဘာလ ၂၇ ရက် မနက် ၁၀ နာရီလောက်က ကေအန်ယူ၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ်၊ ဝဲပျံကျေးရွာအုပ်စုတွင်းက ပေပင်ဆိပ်(ဘုရားကုန်း) ကျေးရွာမှာ တကောင်ဘိုး၊ မဲလံနဲ့ နိုးကွားကျေးရွာတွေက ရပ်မိရပ်ဖတွေနဲ့ ရွာသူကြီးတွေကို ခေါ်ယူပြီးခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ကေအန်ယူက သတင်း ထုတ်ပြန်ထားပါတယ်။

တကောင်းဘိုးကျေးရွာသားတစ်ဦးက “ကျေးရွာက လူကြီးတွေကိုခေါ်ပြီး ခြိမ်းခြောက်တာ ဟုတ်တယ်။ လက်နက်မဲ့ ပြည်သူ တွေကို လက်နက်အားကိုးနဲ့ လာခြိမ်းခြောက်နေမယ့်အစား KNLA နဲ့ မျက်နှာချင်းဆိုင်ချလိုက်လေ။ BGF ဆိုတာ စစ်ခွေး နောက်လိုက်ဆိုတော့ ခွေးကျင့်ခွေးကြံပဲ တတ်တယ်။ သတ္တိရှိရင် ရွာတွေ လုပ်ကြည့်လိုက်လေ” လို့ ဆိုပါတယ်။ စစ်အာဏာရှင် စနစ်ကို မလိုလားတဲ့ တကောင်ဘိုးကျေးရွာအုပ်စုမှာ ၁ လကို ရွာသူကြီး တယောက်နှုန်း ရွေးချယ်တင်မြှောက်ပြီး အုပ်ချုပ်ဖို့ ဗိုလ်တင်ဝင်း က အတင်းအဓမ္မ ခြိမ်းခြောက်ဖိအားပေး စေခိုင်းမှုတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

BGF ၁၀၁၄ တပ်ရင်းက ဒေသခံပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေနဲ့ ပူးပေါင်းပြီး ခြိမ်းခြောက်တာ၊ အတင်း အဓမ္မခိုင်းစေတာ၊ ပေါ်တာဆွဲပြီး လူသားဒိုင်းအဖြစ် လမ်းပြ ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွှေ၊ ငွေတွေနဲ့ တိရစ္ဆာန်တွေကို ယူဆောင်သတ်ဖြတ်တဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန် လုပ်ဆောင်လာတယ် လို့ ဆိုပါတယ်။

၂၂။ SSPP မှ မြို့ပေါ်ထိ တပ်သားစုဆောင်းမှုများ ပြုလုပ်နေ
October 28, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ပေါ်ထိ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA မှ တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ရှိ အမှတ် (၄)ရပ်ကွက်နှင့် မြို့အနီး ကျေးရွာများဖြစ်သည့် နားစံကျေးရွာ၊ ပန်ဆွဲကျေးရွာ၊ ပိန်းဆာကျေးရွာနှင့် ဖိုင်ဆားကျေးရွာတို့တွင် (အောက်တိုဘာ ၂၇ ရက်) ည ၈ နာရီ ဝန်းကျင်တွင် မိသားစုတစ်စုတွင် အမျိုးသား(၂)ဦးရှိပါက SSPP/SSA တွင် စစ်မှုထမ်းရန် လာရောက် ခေါ်ဆောင် သွားကြောင်း ဒေသခံပြည်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီတစ်ကြိမ်နဲ့ဆို ၄ ကြိမ်မြောက်ပဲ၊ သူတို့က ရွာထဲကနေ မြို့ပေါ်ကို ပြောင်းပြီးလာနေတဲ့သူတွေကိုလိုက်ယူတာ၊ စာရင်းနဲ့ လိုက်ယူတာ၊ ယောင်္ကျားလေး နှစ်ယောက်ရှိတဲ့ မိသားစုပေါ့၊ သားတွေ မသွားရင် အဖေက သွားရတာမျိုးတွေလည်း ရှိတယ်” ဟု မိုင်းရှူးဒေသခံတစ်ဦးက ပြောသည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် SSPP/SSA သည် ယခင်က ကျေးရွာ များတွင်သာ တပ်သားသစ်စုဆောင်းမှုပြုလုပ်ခဲ့ကြောင်း၊ စစ်မှုမထမ်းလိုသည့် သူများသည် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသည်။ “အခု သူတို့(SSPP/SSA) လာခေါ်သွားတာ အယောက် ၁၀၀ နီးနီးရှိနေပြီ၊ ရွာကနေ မြို့ပေါ်ကို ပြောင်းလာတဲ့ သူတွေကိုပဲ ခေါ်သွားတယ် ဆိုပေမဲ့ မြို့ပေါ်ထိလာကောက်နေမှတော့ ကျနော်တို့လို မြို့ခံအနေနဲ့လည်း လန့်နေရတယ်” ဟု မိုင်းရှူးမြို့ပေါ်တွင်နေထိုင်သည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ မြို့ပေါ်ရပ်ကွက်များအထိ တပ်သားသစ်ကောက်ယူနေမှုနှင့် ပတ်သက်ပြီး (SSPP/SSA)၏ ပြောရေး ဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းရာ မိုင်းရှူးမြို့ အပြင် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ တခြားသော မြို့ရွာ များကိုလည်း ကောက်ယူ မည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊ “တော်လှန်ရေးလုပ်ဖို့၊ ကျနော်တို့သျှမ်းတပ်မတော်ကြီး တည်တံ့ခိုင်မြဲဖို့က ရွာက တောင်သူလယ်သမားတွေနဲ့ပဲ တပ်မတော်ကို ဖွဲ့စည်းဖို့မဖြစ်နိုင်ဘူးလေ၊ မြို့ပေါရှိတဲ့ လူငယ်တွေ၊ ပညာတတ်တွေ ပါလာ ဖို့လည်း လိုအပ်တယ်၊ အဲ့ကြောင့် မိုင်းရှူးမြို့မှ မကဘူး၊ တခြား မြို့ရွာတွေကိုလည်း ကျနော်တို့ ပေါ်လစီအတိုင်း ကောက်သွား ဖို့ရှိတယ်”ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

၂၃။ အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် လူငယ်စာရေးဆရာ မိသားစုနှင့်တွေ့ခွင့်မရ
October 28, 2021

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေး ရွာမှ လူငယ် စာရေး ဆရာ မင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်နှင့် မိသားစုဝင်များကတွေ့ခွင့်ပေးရန်တောင်းဆိုခဲ့ရာ တွေ့ခွင့်မပေးကြောင်း မိသားစုဝင်များကပြောသည်။ ကိုအောင်နိုင်မြင့်နှင့် မိသားစုတို့တွေ့ခွင့်မရသည်မှာ ၁၄ ရက်ကြာနေပြီဖြစ်သဖြင့် ၎င်း၏ကျန်းမာ ရေး အခြေအနေကို စိုးရိမ်နေကြသည်။ လက်ရှိတွင် ၎င်းကို မြောက်ဦးခရိုင်ရဲစခန်း၏အချုပ်ခန်း၌ ထိန်းသိမ်းခံထားရသည် ကို သိရှိခဲ့ရသည်ဟု အစ်ကိုဖြစ်သူ ကိုအောင်မြင့် ကဆိုသည်။ “ ဖမ်းသွားတဲ့နေ့ကစလို့ ဒီနေ့အချိန်ထိ လုံးဝတွေ့လို့မရဘူး။ ကျွန်တော့်ညီကကျန်းမာရေးသိပ်မကောင်းဘူး။ သွေးကျရောဂါတွေရှိတယ်။ အခု သူတစ်ယောက်တည်း အချုပ်ခန်းထဲမှာ ဘယ်လိုရှိမလဲ အရမ်းသိချင်တယ်။ တွေ့ခွင့်တောင်းတာလည်း အကြိမ်ကြိမ်ရှိပြီ။ မရဘူး”ဟု ၎င်းကပြောသည်။

ကိုအောင်နိုင်မြင့်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးသွားပြီး ၃ ရက်အကြာ အောက်တိုဘာ ၁၈ ရက်နေ့တွင် ၎င်းကို PDF နှင့် ဆက်စပ်နေ သည်ဟုစွပ်စွဲကာ မြောက်ဦးမြို့နယ်ရဲ စခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်တရားဆိုစွဲခံ လိုက်ရပြီး အောက်တိုဘာ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု ကိုအောင်မြင့် ကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ်ရဲစခန်းကို Western News ကအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

၂၄။ Stay at home မြို့နယ်ရှိ စျေးဆိုင်များ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြနိုင်လျင် စျေးရောင်းချခွင့်ပြုမည်
October 27,2021

မွန်ပြည်နယ်အတွင်း Stay at Home အစီအစဉ်တွင် ပါဝင်သည့် မြို့နယ်များရှိ စည်ပင်သာယာစျေးများတွင် COVID ကာကွယ်ဆေး ထိုးနှံပြီးကြောင်း ဆေးလက်မှတ်ပြနိုင်ပါက စျေးရောင်းချခွင့် ပြန်လည် ခွင့်ပြုထားကြောင်း ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရှိရသည်။ Stay at home တွင်အကျုံးဝင်နေသည့် မော်လမြိုင်၊ သထုံ၊ ဘီးလင်း၊ ချောင်းဆုံနှင့် သံဖြူဇရပ် မြို့နယ်များမှ စည်ပင်သာယာစျေးများကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ဖြင့် ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ ရေးကော်မတီထံမှသိရသည်။

“ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသား ဆိုင်ရှင်တွေ၊ အလုပ်သမားတွေပေါ့။ သူတို့ ကာကွယ်ဆေး ထိုးထားပြီးကြောင်း လက်မှတ် ပြပြီးတော့ အဲ့ဒီဆိုင်တွေကို ပြန်ပေးဖွင့်ပါတယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ဆိုသည်။ ထို့အတူ ကာကွယ်ဆေးမထိုးရသေးသူများအနေဖြင့် မော်လမြိုင်မြို့ သာသနာ့ဗိမာန်တွင် ကာကွယ်ဆေး ထိုးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ Stay at home မြို့နယ်ရှိ စျေးဆိုင်များ COVID-19 ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ် ပြနိုင်လျင် စျေးရောင်းချခွင့်ပြုမည်ဟုဆို

” ကျွန်မက ပြီးခဲ့တဲ့စနေနေ့ကဆေးထိုးပြီးပြီ ။ မနေ့က စျေးဆိုင်ပြန်စဖွင့်တယ်။ ပိတ်ထားတဲ့ဆိုင်တွေတော့ များသေးတယ်။ မှတ်ပုံတင်မရှိရင်လည်း ဆေးမထိုးပေးဘူးလေ။ စျေးဝယ်သူလည်း နည်းပါသေးတယ်”ဟု ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ စျေး ဆိုင်ပိုင်ရှင် မနီနီက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသော စျေးသူစျေးသားတွေက စျေးရုံးခန်းမှာ စာရင်းပေးသွင်း နိုင်ပြီး သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် အလှည့်ကျ ကာကွယ်ဆေး ထိုးပေးသွားဖို့ ရှိကြောင်း စျေးကော်မတီ တစ်ဦး ထံမှသိရသည်။ မော်လမြိုင်မြို့၏ အဓိကစျေးကြီးများ ဖြစ်သည့် မြိုင်ရတနာ လေးထပ်စျေး နှင့် နှစ်ထပ်စျေးများရှိ စျေးဆိုင် ခန်းများကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း ဆေးလက်မှတ် ပြနိုင်ပါက စျေးဆိုင်ခန်းများကို အောက်တိုဘာလ ၂၅ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

၂၅။ ပန်ဆိုင်းဘက်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ
28 October 2021

ရှမ်းပြည်‌နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း မြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ နေ့လည် ပိုင်းကစပြီး နေရာ ၂ ခုမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ “နမ့်ဘာတက် သင်္ချိုင်းကုန်း အပေါ်ဘက် နေ့လည် ၁၂ နာရီ ဝန်းကျင်ကစ ပစ်နေတယ်။ ပစ်လိုက်နားလိုက် ပစ်နေဆဲပဲ။” လို့ နမ့်ဘာတက် ဒေသခံတစ်ဦးက ပြောပါတယ်။ နောက် ထပ် ပန်ဆိုင်းမြို့ခံတစ်ဦးကလည်း “ပန်ဆိုင်းနဲ့ ၄ မိုင်လောက်ဝေးတဲ့ ယိခူးရွာဘက်မှာလည်း အခု လက်ရှိတိုက်ပွဲ ဖြစ်နေတယ်။ ၁ နာရီ မိနစ် ၂၀ လောက်ကစ ပစ်နေတယ်။ လက်နက်ကြီးလည်းပါတယ်။ ဗုံးသံတွေလည်း ကြားနေရတယ်” လို့ ပြောပါတယ်။

အခုလို နေရာအနှံ့ ကြိုကြား ကြိုကြား တိုက်ပွဲ မကြာခဏ ဖြစ်နေတဲ့အပြင် နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ လယ်ယာခြံမြေ သွားဖို့အခက်အခဲဖြစ်ကာ စပါးရိတ်သိမ်းဖို့လည်း အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။ မူဆယ်မြို့နယ် အတွင်း ယခုလထဲ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေကာ ‌တိုက်ပွဲ‌ကြောင့် အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံး မှုတွေ များပြားလာတဲ့အပြင် နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီး ခဲ့ရတာတွေလည်း ရှိနေပါတယ်။

၂၆။ စစ်တပ်ဘက်မှ AA နယ်မြေသို့ ဝင်ရောက်လာသော်လည်း စစ်တပ်မှ ပြန်လည်ဆုတ်ခွာခဲ့ရ
October 28, 2021

ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ၅ မိုင်ခန့်အကွာ ချော်ချောင်းကျေးရွာအနီး AA နယ်မြေအနီးသို့ စစ်တပ်မှ ဝင်လာရန်ပြုလုပ်ခဲ့ ရာ ဝင်ရောက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု အနီးအနားရှိကျေးရွာဒေသခံများကပြောသည်။ စစ်တပ်မှ ဝင်ရောက် လာမှုတွင်တင်းမာမှုဖြစ်မည်ကိုစိုးရိမ်သောကြောင့် နှစ်ဖက်လုံးအားညှိနှိုင်းပြီး ပြောဆိုခဲ့ရကာ နှစ်ဦးနှစ်ဖက်ထိတွေ့မှုတစ်စုံတစ် ရာမရှိခဲ့ကြောင်း ချော်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန် မှပြောသည်။ “စစ်တပ်ကဝင်လာတယ်။ ဟိုဖက်ကလည်း ရှေ့တိုးလာရင် ရွာနားမှာဖြစ်လိမ့်မယ်လို့ပြောတော့။ ကျနော်တို့ကပဲ နှစ်ဖက်လုံးကို ညှိနှိုင်းတောင်းပန်ပြီးပြောဆိုခဲ့ရတယ်။ စစ်တပ်ကတော့ပြန်ဆုတ်သွားတယ်”ဟုပြောသည်။ လက်ရှိတွင်အဆိုပါစစ်တပ်မှာ ဖလောင်းပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲလျက်ရှိပြီး လူအင်အား ၆၀ ကျော်ခန့်ပါရှိသည်ဟု ဖလောင်းပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသိန်းမောင် က ပြောသည်။

“နှစ်ဖွဲ့ကထိပ်တိုက်တွေ့ခဲ့တာမျိုးမဟုတ်ပါဘူး။ ပြည်သူလူထုတွေကလည်း အရင်တုန်းကဖြစ်ပျက်ခဲ့တာတွေရှိ တော့စိုးရိမ်မှု တွေများကြတယ်လေ။ အဲ့ဒီတပ်ကတော့ ခုကျနော်တို့ရွာရဲ့ဘုန်းကြီးကျောင်းမှာ တပ်စွဲနေနေကြတယ်။ လူအင်အားကတော့ ၆၂ ယောက်၊ ၆၃ ယောက်လောက်တော့မြင်တယ်” ဟုပြောသည်။ ၎င်းစစ်တပ်မှာ မင်းပြားမြို့ ခမရ ၅၄၁ တပ်ရင်းမှဖြစ်ပြီး နံနက် ပိုင်းအချိန်ခန့်တွင် ကြပ်စင်တံတားအနီးအထိ ကားများဖြင့် လာရောက်ကြခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်အား မေးမြန်းကြည့်ရာ စစ်တပ်မှ AA သတ်မှတ်နယ်မြေနားသို့ရောက်ရှိလာပြီး စစ်တပ်ဖက်မှပြန်ဆုတ်ခွာခဲ့သည်ဟု ကြားသိရကြောင်း ပြောသည်။ “မင်းပြားဘက်ကနေ စစ်ကားတွေကတော့မနက်တိုင်းထွက်တယ်။ သူတို့က ဖလောင်းပြင်ဘက်တွေကိုသွားတော့ အဲမှာဖြစ် ကြတာတွေတော့ကြားမိပါတယ်။ ဒါပေမယ့်ပစ်ခတ်ကြတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ AA ဖက်ကသူတို့နယ်မြေလို့ သတ်မှတ် ထားတဲ့ နေရာတွေနားထိ သူတို့ရောက်သွားတယ်။ စစ်တပ်ကတော့ပြန်ဆုတ်လာတယ်လို့ ကြားပါတယ်” ဟုပြောသည်။

၂၇။ ဟိုပင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ
October 29, 2021

ကချင်ပြည်နယ်၊ ဟိုပင်မြို့ မြဇေယျာရပ်ကွက်ရှိ စံပယ်ဖြူထမင်းဆိုင်အနီးတွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ပြည်သူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ သေနတ်သံကြား၍ သွားကြည့်ချိန် မြသီတာရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် ဦးထွန်းထွန်းဝင်း လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြော သည်။ “ဘယ်သူပစ်လိုက်လဲတော့ မမြင်လိုက်ဘူး သေနတ်သံသုံးချက်ဟုတ်တယ်။ လမ်းမကြီးဘေးနားမှာပဲ ခပ်ဝဝ အမျိုးသား တစ်ဦး သေနေတာ” ဟု သူကပြောသည်။

သေဆုံးသူအမျိုးသားမှာ ဒလန်ဟုယူဆရသည့်အတွက် အသတ်ခံလိုက်ရသည်ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။ သတင်း ရင်းမြစ်၏ သေဆုံးသူအမျိုးသားသည် ဒလန်ဖြစ်နိုင်သည်ဟု ယူဆချက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည် ပြုနိုင်ခြင်းမရှိပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများက သေဆုံးသူရုပ်အလောင်းကို လူနာတင်ကားဖြင့် လာရောက် တင်ဆောင်သွား ကြောင်း သိရသည်။ ဟိုပင်မြို့တွင် လွန်ခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ပျူစောထီးအတွက် စည်းရုံးရေးဆင်း နေသည့် အမျိုးသမီးတစ်ဦးကို ဟိုပင် PDF မှ ရှင်းလင်းခဲ့သည်။

၂၈။ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအိမ် ဗုံးပေါက်
28 October, 2021

မွန်ပြည်နယ် ပေါင်မြို့၊ ပေါင်းရပ်ကွက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦး ရဲ့ နေအိမ်မှာ အောက်တိုဘာ ၂၈ ရက် မနက် ၄ နာရီလောက်ကဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဦးကျော်လင်းဦး ရဲ့ နေအိမ်ကို အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ဗုံးပစ်သွင်းခဲ့တာကြောင့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာပါ။ အဲဒီ ဗုံး ပေါက်ကွဲမှုကြောင့် ဦးကျော်လင်းဦး နဲ့အတူနေ မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရ တာမရှိပေမဲ့ နေအိမ်နဲ့ အိမ်တွင်းပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးကျော်လင်းဦးဟာ စစ်ကောင်စီရဲ့ ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဦးကျော်လင်းဦးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။

၂၉။ ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ပုံမှန်ထက်များပြား
October 29, 2021

ရာသီအပြာင်းအလဲကြောင့် လက်ရှိအချိန်တွင်ရာသီတုပ်ကွေးကူးစက်မှုများရှိလာပြီး စစ်တွေမြို့မှဆေးခန်းများတွင် လာရောက် ပြသ သည့်လူနာ ပိုမိုများပြားလာကြောင်း သိရသည်။

ရာသီတုပ်ကွေးမှာ ဆောင်းရာသီသို့ကူးပြောင်းချိန်တွင် အဖြစ်များပြီး ဗိုင်းရစ်ပေါင်း (၁၅၀၀) ထဲမှ ရိုးရိုးရာသီတုပ်ကွေး အမျိုး အစားတစ်ခုဖြစ်ကာ အားနည်းသည့်သူများတွင် ပိုမိုကူးစက်မြန်သည်ဟု စစ်တွေမြို့ ဝေဘူလဆေးခန်းမှ ဒေါက်တာမျိုးညွှန့်က DMG သို့ ပြောသည်။ “အခုဖြစ်နေတဲ့ရာသီတုပ်ကွေးက ဒီလောက်ဒုက္ခမပေးဘူး။ တုပ်ကွေးဖြစ်ပြီး ခန္ဓာကိုယ်အားပြတ်တဲ့ အချိန်မှာ အခြားဘတ်တီရီးယား (နမိုးနီးယား) တွေဝင်လာပြီဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိတယ်” ဟု ဒေါက်တာမျိုးညွှန့်က ရှင်းပြသည်။ အဆိုပါ ရာသီတုတ်ကွေးမှာ ကိုယ်ခံအားကောင်းသူများဆိုလျှင် သုံးရက်ခန့်အချိန်ယူ ကုသ ရပြီး ကိုယ်ခံအားကျဆင်းသူဆိုလျှင် ၁၀ ရက် ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း ဆရာဝန်များထံမှ သိရသည်။

ဒေါက်တာမျိုးညွှန့်မှာ ဝေဘူလဆေးခန်းတွင် နေ့တစ်ဝက် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းတာဝန်ယူထားချိန်အတွင်း ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ငါးဦးခန့်ရှိကြောင်း သိရသည်။ ရာသီတုပ်ကွေးဖြစ်ရခြင်းမှာ အိပ်ရေးပျက်ခြင်း၊ အရက်အလွန်အကျွံ သောက်စားခြင်း၊ ပင်ပန်းညောင်းညာခြင်း၊ အချိန်လွန်မှ ရေချိုးခြင်းတို့ကြောင့် အဖြစ်များတတ်ကြောင်း၊ ယင်းတုပ်ကွေးဖြစ်ပါက နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း၊ အိပ်စက်မရခြင်းနှင့် လည် ချောင်းနာခြင်း အစရှိသည့် ရောဂါလက္ခဏာများ ခံစားရသည်။ “ရာသီတုပ်ကွေးက နှစ်တိုင်းမဖြစ်တတ်ဘူး။ တစ်နှစ်ခြားမှ တစ်ခါလောက်ဖြစ်တတ်တာ။ သုံးနှစ်မှ တစ်ခါလောက်ဖြစ်တာမျိုးလည်းရှိတယ်။ မနှစ်ကထက် ဒီနှစ်မှာ ရာသီတုပ်ကွေးဖြစ်သူ အရေအတွက်ပိုများလာတယ်” ဟု ဒေါက်တာဦးကျော်ခိုင်က ပြောသည်။

၃၀။ စစ်တွေမြို့ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်ကို မနက်ဖြန်ပြန်ဖွင့်မည်
October 27, 2021

ကိုဗစ်ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာ ပိတ်ထားရသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဗုဒ္ဓပြတိုက်နှင့်ယဉ်ကျေးမှု ပြတိုက် တို့ကို အောက်တိုဘာ(၂၈)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သိရသည်။ အဆိုပါပြတိုက်များ ပြန်လည်ဖွင့်လှစ်သည့်အခါ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားခြင်းမရှိစေရန်နှင့် လူစုလူဝေးမ ဖြစ်စေရန် ကိုဗစ်စည်းမျဉ်း၊စည်းကမ်းချက်များနှင့်အညီ ဝင်၊ခွင့်ပြုမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန စစ်တွေ ဌာန(ခွဲ)မှ ညွန်ကြားရေးမှူး ဦးကြည်ခင်က DMG ကိုပြောသည်။ “ဒီနေ့အစည်းဝေးလုပ်တယ်။ ပြ တိုက်တွေကို မနက်ဖြန်ပြန်ဖွင့်မယ်။ ပြတိုက်တွေကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ဝင်၊ ထွက်သွားလာခွင့် လုပ်ဆောင်သွားမှာ ပါ“ဟု ၄င်းကဆိုသည်။

ပြတိုက်များကို ယခင်မူလအတိုင်း တနင်္လာတစ်ရက်ပိတ်ပြီး တစ်ပတ်လျှင် ၆ ရက် ဖွင့်သွားမည်ဖြစ်သည်။ ယဉ်ကျေးမှုပြတိုက် ဝင်ကြေးကို ယခင်သတ်မှတ်ထားသည့်အတိုင်း နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှင့် အရပ်သားတစ်ဦးလျင် ၂၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ဗုဒ္ဓပြတိုက်ဝင်ခွင့်ကိုလည်း ယခင်မူလအတိုင်း အခမဲ့ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေ ဌာန(ခွဲ)မှ ညွန်ကြားရေးမှူး ဦးကြည်ခင်ကပြောသည်။ အဆိုပါပြတိုက်များကို ကိုဗစ်ရောဂါကူးစက်မှုပြန့်ပွားခြင်းကြောင် ၂၀၂၀ ခုနှစ် မတ်လမှစတင်ပြီး ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ရှေးခေတ်အသုံး အဆောင်များ၊ ရှေးခေတ်ဝတ်စားဆင်ယင်မှုပုံစံ၊ ရခိုင်မျိုးနွယ်စု ၇ စုတို့၏ ဝတ်စား ဆင်ယင်မှုပုံစံ၊ ရှေးခေတ်နေအိမ်၊ ဓားနှင့် မြောက်ဦးနန်းသုံးပစ္စည်းများကို သွားရောက်လေ့လာနိုင်သည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။