• Today is: Tuesday, April 16, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 136, October 12, 2021)

 

၁။ အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ တွေ့မည့် အစီအစဉ်ပျက်
October 12, 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အီရိဝမ်ယူဆွတ်နှင့် နိုင်ငံရေးပါတီ (၈)ပါတီမှ ကိုယ်စားလှယ်များ ယနေ့ (အောက်တိုဘာ ၁၂ ရက်နေ့)တွေ့ဆုံမည့် အစီအစဉ်ပျက်သွားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်တွင် ဖိတ်ကြားခံရသည့် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက တွေ့ဆုံရေးအစီအစဉ်ပျက်သွားကြောင်း ကြားသိရသော် လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က တရားဝင် အကြောင်းကြားလာခြင်းမရှိသေးဘူးဟု ဆိုသည်။ ၎င်းက “ဟုတ်တယ် အစီအစဉ်ပျက်သွားတယ်ကြားတယ်။ မြန်မာနိုင်ငံခရီးစဉ်ကို မလာဖြစ်တော့ဘူးတဲ့။ သူတို့ တွေ့ဆုံချင်တဲ့ လူတွေ နဲ့တွေ့ခွင့်မရလို့လား ဘာလာတော့မသိဘူး။ ကျနော်တို့ကြားတာတော့ ပျက်သွားတယ်တဲ့။ ဒါပေမယ့် UEC က ကျနော် တို့ကို တရားဝင် အကြောင်းမကြားလာသေးဘူး။ နောက်ကျမှအကြောင်းကြားမယ်ထင်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် နေပြည်တော်မှာ အခြေစိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(US DP)၊ ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)၊ အမျိုးသားနိုင်ငံရေး ဒီမိုက ရက်တစ်ပါတီ(DNP)တို့ ပါဝင်ကြမည်ဖြစ်သည်။ အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နှင့် နောက် ထပ် ပါတီ ၃ ပါတီ အားလုံး စုစုပေါင်း ၈ ပါတီမှာ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။ သို့သော် လတ်တလော မှာတော့ တွေ့ဆုံရေး အစီအစဉ် ပျက်သွားကြောင်း သိရသည်။

၂။ ဖရူဆိုတွင် ၄ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်တပ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီး
12 October, 2021

ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့အကြား ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီကနေ့ အောက်တို ဘာ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲက ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီကား ၁ စီး ပျက်စီးပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ထားလဲကျေးရွာနီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထားလဲကျေးရွာအတွင်းဝင်ရောက်ကာ ပြည်သူတွေရဲ့ စပါးကျီတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ကျွဲနွားတိရစ္ဆာန်တွေကို သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာ ၉ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ် တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြောင်းအရင်းက စစ်ကောင်စီဘက်က လဆန်းပိုင်းကတည်း ဖရူဆိုနဲ့ ဘောလခဲမြို့တို့ကို ထိုးစစ်ဆင်တာ၊ ရိက္ခာ အင်အား ဖြည့်တင်းတာတွေကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်နီ(ကယား) ပြည်နယ်မှာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၁၂၂ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ သပိတ်အတွင်း သေဆုံးသူ ၂ ဦး၊ စစ်ကောင်စီကအရပ်သားကို အကြောင်းမဲ့ သတ်ဖြတ်တာ ၈၂ ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ၁၀ ဦး၊ KNDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ကသေဆုံးသူ ၂၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သေဆုံးသူအများစုမှာ ဒီးမော့ဆိုမြို့မှဖြစ်ပြီး ၈၃ ဦး၊ လွိုင်ကော်မြို့က ၂၁ ဦး၊ ဖယ်ခုံမြို့က ၁၀ ဦး၊ မိုးဗြဲမြို့က ၅ ဦး၊ ဘောလခဲမြို့က ၂ ဦး၊ ဖရူဆိုမြို့ ၁ ဦးဖြစ်ပြီး အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေးငယ် ၅ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၃။ မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) ကွယ်လွန်
October 11, 2021

မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) သည် အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။ “မနေ့က မော်လမြိုင်မှာ EC အစည်းအဝေးတက်ခဲ့တယ် ကျန်းမာရေးကပုံမှန်ပါပဲ၊ မိန့်ခွန်းတွေပြောတာ ဆွေးနွေးတာ ကောင်းကောင်း ပါပဲ၊ ညနေ ၃ နာရီလောက် ပငကိုပြန်သွားတယ်၊ ညနေစာစားတာကလည်း ကောင်းကောင်းမွန်မွန်ပါပဲ၊ ညက အိပ်ယာဝင် ချိန် မှာပဲ နှလုံးခုန်နှုန်းရုတ်တရက်မြန်လာပြီး ချောင်းအဆက်မပြတ်ဆိုးလာတယ်၊ ဆရာဝန်လည်းရောက်လာပြီးတော့ ကွယ်လွန် သွားပါတယ်၊” ဟု MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

နိုင်တင်အောင်သည် အသက် ၁၁ နှစ်အရွယ်ကတည်းက မွန်တော်လှန်ရေးအသိုင်းအဝန်းတွင် ကြီးပြင်းလာသူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း၏ အမွေဆက်ခံနိုင်သူ အများဝေဖန်ခံနေရသည့် မွန်ခေါင်းဆောင်တစ်ဦးဖြစ် ကြောင်း တွေ့ရှိရသည်။ ယခင် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် နှစ်ပါတီပေါင်းစည်းရေးသဘောတူညီမှုရရှိခဲ့ရာ နိုင်တင်အောင်အား “မွန်ညီညွတ်ရေးပါတီ MUP” အမည်မရွေး ချယ်မီကတည်းကပင် ဥက္ကဌအဖြစ် ကြိုတင်ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် မွန်ဒီမိုကရေစီပါတီ MDP စတင်ဖွဲ့ စည်းခဲ့စဉ်က ဒုဥက္ကဌ(၂) အဖြစ်လည်းကောင်း၊ MDP ပါတီမှ မွန်အမျိုးသားပါတီ MNP အဖြစ်နာမည် ပြောင်းလဲ ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မေလတွင် ဒုဥက္ကဌ (၁) အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၁၉၉၄-၉၅ နဝတစစ်အစိုးရ SLORC နှင့် အပစ်ရပ်စဲမှုဆွေးနွေးခဲ့ရာတွင် မွန်ပြည်သစ်ပါတီ NMSP အပစ်ရပ်ဆွေးနွေးမှုကော်မတီ (ကရဒ) ဒုတိယခေါင်းဆောင်အဖြစ်လည်ကောင်း၊ ၂၀၀၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှအနားယူခဲ့ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့အကြား ပြည်နယ် အဆင့်အပစ်ရပ်ဆွေးနွေးရေး Bilateral Agreement လက်မှတ်ရေးထိုးရာတွင် ငြိမ်းချမ်းရေးအကျိုးတော် ဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ယခုကွယ်လွန်ချိန်တွင် ပငကျေးရွာ၌ ဇနီး မိရင်စိန်၊ သားသမီး ၃ ဦး (အခြားသားသမီး ၂ ဦး ကွယ်လွန်) နှင့်အတူ မြေများကျန်ရစ်လျက်ရှိသည်။

၄။ ကော့ကရိတ်မြို့ ကော့နွဲ့ရွာအနီး ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ပစ်ခတ်မှုဖြစ်ပွား၍ စစ်ကောင်စီတပ် ၂ ဦးသေဆုံး
October 11, 2021

ကရင်ပြည်နယ် ကော့ကရိတ်မြို့၏ တောင်ဘက် ကော့နွဲရွာအနီးတွင် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကရင်ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား နာရီဝက်ခန့်အကြာ ပစ်ခတ်မှု ဖြစ်သွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂ ဦးကျဆုံးခဲ့ သည်ဟု သိရသည်။

ယနေ့နံနက်တွင် ကော့နွဲ့ရွာမှ မြို့ဟောင်းကို သွားမည့် တပ်အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆၊ တပ်ရင်း ၁၈ နှင့် ခွဲထွက် DKBA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLA နှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။ ၎င်းက ” ဒီနေ့ ၈ နာရီခွဲလောက်မှာ ပစ်ကြတယ်ပေါ့နော်။ သူတို့(စစ်ကောင်စီ)က ကော့နွဲ့ကနေ မြို့ဟောင်းကို သွားမှာကိုး။ နယ်မြေကျော်တော့ ဟိုဘက်ကလည်း ပစ်တာပေါ့နော်။ လောလောဆယ်သိရသလောက်တော့ စစ်တပ်က ၂ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့နံနက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရခြင်းမှာ ကော့ကရိတ်မြို့ တောင်ဘက် ကော့နွဲ့ရွာဘက်တွင်ခွဲထွက် DKBA အဖွဲ့ နှင့် PDF အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ စစ်ကောင်စီ အဖွဲ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှ ပစ်ခတ်မှုများ ဖြစ်သွား ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထိုသို့ ပစ်ခတ်ရာတွင် စစ်ကောင်တပ်ဖွဲ့မှ ခြေမြန်တပ်ရင်း (ခမရ ၅၅၆) တပ်နှင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များ ပါဝင်သလို ကော့ကရိတ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၉၇ )တပ်မှ လက်နက်ကြီးများ နှင့် ပစ်ကူပေးခဲ့သည်ဟု ၎င်းစစ်ကောင်စီ တပ်နှင့်နီးစပ်သူက ဆက်ပြောသည်။

၅။ ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေ
October 11, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ် လုနီးပါး ဖြစ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် ထောင်ချီရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အကြား စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်သည့်အတွက် နေရပ်မပြန်ရဲသေးကြောင်း၊ ထိုစစ်ရှောင်များ အတွက် စားနပ်ရိက္ခာများ ပြတ်လပ်မည့်အခြေနေဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများ ထံမှ သိရသည်။

“စားနပ်ရိက္ခာတွေ လိုအပ်နေတာ၊ အဓိက က ဟင်းနဲ့ ဆေးဝါးတွေလိုတယ်၊ ဆန်ရှိထားပေမယ့် ဟင်းမရှိရင်လည်း မလွယ်ဘူး၊ ဟင်းတွေက ကြာကြာထားလို့မရဘူးဆိုတော့ပိုခက်ခဲတယ်။ အလှူရှင်တွေကနည်းပါးသွားတော့ ဟင်းတွေက မလုံလောက် တော့ဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျောက်မဲမြို့နယ်တွင် မန်ခါစစ်ရှောင်စခန်း၊ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ မိုင်းတင်း၊ နမ့်ဆော့၊ နားမွန်းနှင့် ဗြိန်းခါးစစ်ရှောင်စခန်း၊ ဟူးဆွန်စစ်ရှောင်စခန်း၊ ကြူရှော(မြောက်ရွာ)နှင့် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းတို့ တွင် စစ်ရှောင်ခိုလှုံနေသူ ထောင်နှင့်ချီ ရှိနေကြောင်း သိရသည်။

ထို့အပြင် နောင်ပိန်ကျေးရွာ၊ ပုပ္ပါရုံကျောင်းတိုက်အတွင်း ရောက်ရှိခိုလှုံနေသည့် ပန်စလော့ကျေးရွာမှ စစ်ရှောင် (၃၀)ကျော် လည်း စားနပ်ရိက္ခာ အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်မဲမြို့ပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြောင့် လွန်ခဲ့သည့် (၇)လဝန်းကျင် ကတည်းက နေရပ်မပြန်ရဲကာ မြို့ပေါ်ရပ်ကွက်တို့တွင် အိမ်ငှားနေထိုင်ကြသည့် စစ်ရှောင် (၁၇၀၀) ဝန်းကျင်ထိ ရှိနေကြောင်းသိရသည်။

၆။ စစ်တပ်က အပစ်ရပ်ကြေညာထားပေမယ့် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေ
October 11, 2021

စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့ကနေ ရှေ့လာမယ့်နှစ် ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ငါးလတာ အပစ်ရပ်ရေး သတ်မှတ်ခဲ့ပေမဲ့ ကရင်ပြည်နယ်ထဲမှာတော့ အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်တဲ့ အောက်တိုဘာ လဆန်း ပိုင်းကတည်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အောက်ခြေတပ်တွေက မလိုက်နာဘဲ ကရင်ပြည်နယ်ထဲမှာ စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေနဲ့ ဒေသခံပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက် မှုတွေ ဆက်ရှိနေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေရတယ်လို့ KNU ဗဟို တွဲဖက်အတွင်းရေးမှူး ၂ ပဒို စောလှထွန်းက KNU ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ထုတ်လွှင့်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ ကရင်ပြည်နယ် ထဲက စစ်ကောင်စီတပ်တွေ ချီတက်ရာလမ်းကြောင်းတလျှောက်က ကျေးရွာတွေမှာ ရွာသူ ရွာသားတွေကို ပေါ်တာဆွဲတာ၊ လမ်းပြ အဖြစ်ခိုင်းစေတာ၊ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အကာကွယ်အဖြစ် အသုံးအချတာ စတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို လုပ်နေတာတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။

ငါးလတာ အပစ်အခတ်ရပ်စဲရေးကြေညာထားတဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာ ၅ ရက် အတွင်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲ ၃၂ ကြိမ်ထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၂ ဦး သေဆုံးပြီး ၃၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံတွေကြောင့် နေအိမ်တွေ ပျက်စီးပြီး၊ အရပ်သား ထိခိုက်တာတွေလည်းရှိနေတယ်လို့ KNU က ထုတ်ပါတယ်။ စစ်ကောင်စီက ကြေညာထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ၅ လတာ ရပ်စဲရေးထုတ်ပြန်ချက်ဟာ တကယ့် နိုင်ငံရေးပြဿနာကို ဖြေရှင်းချင်လို့ ကြေညာတာ မဟုတ်ဘူးလို့ ကရင်အမျိုးသား လွတ် မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန် က ပြောပါတယ်။

“ပစ်ခတ်ရပ်စဲရေးတိုးတယ်ဆိုတာကို ဘယ်လိုပဲတိုးတိုး သူတို့က ခြွင်းချက်အမြဲချန်ထားတယ်။ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များအပြင်ဆိုတဲ့ စကားရပ်၊ သူပြန်ပစ်မယ်ဆိုရင် အဲဒါကို အကြောင်း ပြတာပဲဖြစ်တယ်။ တကယ်တန်းက အပစ်ရပ်ရဲ့ရည်ရွယ်ချက်လည်း မပါဘူး။ ကိုဗစ်ကာကွယ်ထိန်းချုပ် နိုင်ရေး ဆိုတဲ့ဟာတစ်ခုလောက်နဲ့လည်း မပြည့်စုံဘူး။ တကယ်အပစ်ရပ်မယ်ဆိုရင် ကြေညာထားခဲ့တာ အရင်ကလည်း NCA စာချုပ်ကအစပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာပဲ ထိုးသွင်းတဲ့စာချုပ်ဖြစ်သလို ဒီအပစ်ရပ်ဆိုတာလည်း တကယ့်နိုင်ငံရေးပြဿနာတွေဖြေရှင်းတဲ့ အပစ်ရပ်ကြေညာ တာ မဟုတ်ဘဲနဲ့ သူတို့ရဲ့လုပ်ရိုးလုပ်စဉ် ဗျုဟာအရထုတ်ပြန်တဲ့ အပစ်ရပ်ပဲဖြစ်တယ်” ဒါ့အပြင် စစ်ကောင်စီထုတ်ပြန်ချက်ရဲ့ နံပါတ် ၅ အချက်မှာလည်း ကိုယ့်လူမျိုးတစ်စုထဲအတွက် မဟုတ်ဘဲ We are Myanmar ဆိုပြီး ပြည်ထောင်စုစိတ်ဓာတ်ထားဖို့ ဖော်ပြထားတာဟာ မြန်မာလူမျိုးကြီးဝါဒကို ဖော်ပြရာ ရောက်နေတယ်လို့ ပဒို မန်းမန်းက ပြောပါတယ်။

၇။ နောင်မွန်ဒေသ စစ်တပ်ဆန့်ကျင်သူများကို ပြန်လည် ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ
11 October 2021

ပူတာအိုခရိုင် နောင်မွန်ဒေသ စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုများတွင် ယခင်က ပါဝင်ခဲ့သူများကို စစ်ကောင်စီနှင့် ဌာနေ ပြည်သူ့ စစ်အဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးရန် သတင်းများထွက်ပေါ်နေသဖြင့် နောင်မွန်ဒေသခံတစ်ချို့ တိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှပို့ချနေသော စစ်သင်တန်းမကြာခင်ပြီးတော့မှာ ဖြစ်ပြီး ယခင် ရွေးကောက်ပွဲစည်းရုံရေးတွင်ပါဝင်ခဲ့သူများ၊ CDM ပြုလုပ်နေသည့် ဝန်ထမ်းများနှင့် အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှု တွင်ပါ ဝင်ခဲ့သူများကို ဖမ်းဆီးမည်ဟုဒေသတွင်းသတင်းထွက်ပေါ်နေခြင်းကြောင့် တိမ်းရှောင်နေကြဟု ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“စစ်သင်တန်းပြီးရင် ပြန်ဖမ်းမယ်လို့ကြားလို့ တစ်ချို့က နီးစပ်ရာကို ပြန်တိမ်းရှောင်နေရတယ်။ အခုဆို ၂ ပတ်လောက်ရှိပြီ။ ပြီးခဲ့တဲ့ အပတ်ကနေ ဟုတ်တယ်။ အခုပြန်ဖမ်းဖို့က NLD ပါတီအဖွဲ့ဝင်များနဲ့ သူတို့ကို မကောင်းဘူလို့ ဆန့်ကျင်တဲ့သူတွေ ဘဲဟုတ်တယ်။ သဘောက ဒေသအတွင်းမှာ သူတို့ကို ဆန့်ကျင်တဲ့သူတွေ မရှိအောင် ရှင်းထုတ်တဲ့ပုံစံဟုတ်တယ်” ဟု ပြော ဆိုသည်။ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသူများမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်မှုတွင် ပါဝင်ခဲ့ သောသူများဖြစ်သည်ဟု သိရသည်။

နောင်မွန်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့က ၎င်းတို့ မသင်္ကာသည့် လူနေရပ်ကွက် များနှင့် ကျေးရွာအတွင်းသို့ စောင့်ကြည့်ကာ ဝင်ရောက်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် ဌာနေပြည်သူ့စစ် အဖွဲ့ ဦးဆောင် ပြီးခဲ့သော စစ်တင်ဘာလ ၂၁ ရက်နေ့စပြီး နောင်မွန်မြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် မဂွေဇ ကျေးရွာတွင် လူငယ် ၉၀ ကျော်ခန့်ကို ဒုတိယအကြိမ် စစ်သင်တန်းပို့ချပေးနေသည်။

၈။ မင်းတပ်ရှိ စစ်ရှောင်များ လမ်းကြောင်းပိတ်ဆို့ခံရ၍ စားနပ်ရိက္ခာအခက်အခဲဖြစ်နေ အာဟာရချို့တဲ့၍သေဆုံးသူ အနည်းဆုံးသုံးဆယ်ခန့်ရှိပြီဟုဆို
October 11,2021

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ရိက္ခာအဝင်လမ်းကြောင်း ပိတ်ခံထားရမှုများကြောင့် စားနပ်ရိက္ခာ ပြတ် တောက် သည့်အနေအထားနှင့် ရင်ဆိုင်နေရကြောင်း စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးကပြောသည်။ “အဓိကက ရိက္ခာသယ်ယူ တဲ့လမ်းကြောင်းကို ပိတ်ဆို့နေရာယူထားတော့ ရိက္ခာသယ်လို့မရဘူး။ အဲဒါကြောင့် ရိက္ခာပြတ်လာတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့ဘူး။ စုဆောင်းထားတဲ့ ဆန်တွေကလည်း ကုန်သလောက်ဖြစ်နေပြီ။ လမ်းကြောင်းတွေပိတ်ထားတော့ ယောနယ်ကနေ ဆန်တွေဝယ်ရတယ်။ ယောနယ်မှာဆန်ဈေးတွေတက်ပြီး ဝယ်မရဖြစ်သွားတယ်။ ပခုက္ကူကဝယ်တဲ့ ဆန်တွေ လည်း ဖမ်းတယ်” ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

မေလမှစ၍ အောက်တိုဘာလအထိ ငါးလအတွင်း စစ်ဘေးရှောင်ရင်း အာဟာရချို့တဲ့ပြီးသေဆုံးသူ အနည်းဆုံးသုံးဆယ်ခန့် ရှိနေပြီး အများစုမှာ ဆယ်နှစ်အောက်ကလေးများဖြစ်ကြောင်း စစ်ရှောင်စခန်းတာဝန်ခံကဆိုသည်။ “အဓိကက အာဟာရချို့တဲ့ တာပေါ့နော်။ ကုန်ကြမ်းက ဘာမှ ဝယ်လို့မရဘူး။ တောင်ယာထဲမှာရှိတဲ့ သီးနှံတွေပဲစားကြတယ်။ စစ်ရှောင်တွေအများကြီး ရောက်လာတဲ့အခါကြတော့ ဒါတွေက မလည်ပတ်နိုင်တော့ဘူး။ အာဟာရတွေချို့တဲ့လို့ infection တွေဝင်တယ်။ ကိုဗစ်က လည်း အရမ်းကိုပျံ့နှံ့နေတယ်။ သေဆုံးတာက အနည်းဆုံးအယောက်သုံးဆယ်လောက်ရှိပြီ။ နာတာရှည်ရောဂါသမား တွေရှိ တယ်။ မွေးကင်းစ အသားဝါဝင်ပြီးဆုံးသွားတာရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မင်းတပ်မြို့နယ်အတွင်း မြို့ပေါ်မှတိုက်ပွဲရှောင်ထွက်ပြေးလာသူ တစ်သောင်းကျော်နှင့် ကျေးရွာနေဒေသခံနှစ်သောင်း ခွဲခန့် သည် စစ်ဘေးရှောင်နေရပြီး အင်တာနက်လိုင်းများပြတ်တောက်နေသည်မှာလည်း တစ်လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

၉။ မုံးကိုး မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
11 October 2021

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ် တို့အကြား နေရာအများအပြားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်း သိရပါတယ်။ “နေ့ရော ညပါ အဆက်မပြတ် တိုက်ပွဲ ဖြစ်နေတယ်။ ဒီနေ့တော့ ဖောင်းဆိုင်ဘက် တိုက်ပွဲ ပြင်းထန်နေ တယ်” လို့ ဖောင်းဆိုင် ဒေသခံ ၁ ဦး က ပြောပါတယ်။

အောက်တိုဘာလ ၉၊ ၁၀၊ ၁၁ ရက်နေ့‌တွေမှာလည်း ကောင်းလုံ အောက် ကောင်းဒပ် အနီးတဝိုက်မှာ နေ့တိုင်းနီးပါး လက်နက် ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေကြတာကြောင့် ဒေသခံတွေ ကောက်ရိတ်သိမ်းချိန် မကြာခဏ ထွက်ပြေး နေရတယ်လို့ ဖောင်းဆိုင်ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က မုံးကိုးမှာ စစ်ကောင်စီတပ်ဖက်က MNDAA တပ်ဖွဲ့ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မုံးကိုးဘက်ကနေ ပန်ဆေးဖက်ကို စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပန်ဆိုင်း ၊ မုံးကိုး နဲ့ ဖောင်းဆိုင်းဒေသ တို့မှာ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော် ရှိနေပြီး လက်နက်ကြီးထိမှန် သေဆုံးသူ ၇ ဦး၊ ပြင်းထန် ဒဏ်ရာရသူ ၁ ဦး၊ စစ်ကောင်စီရဲ့ မိုင်းနင်းမိ သေဆုံးသူ ၃ ဦး နဲ့ ပြင်းထန် ဒဏ်ရာရသူ ၁ ဦး ရှိပြီ ဖြစ်ပါတယ်။

၁၀။ ဖမ်းဆီးခံရသည့် ဟိုပုံးလူငယ် (၈) ဦးကို စစ်ကောင်စီမှ ငွေဖြင့်လာထုတ်ခိုင်း
October 11, 2021

သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့တွင် လူငယ် (၈) ဦးကို နေအိမ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီး သွားပြီး ငွေဖြင့် ပြန်လာထုတ်ခိုင်းကြောင်း ဒေသခံများသတင်းပေးပို့ချက်အရ သတင်းရရှိသည်။ ထိုလူငယ် (၈) ဦးကို အောက် တိုဘာ (၈) ည ၁၂ နာရီဝန်းကျင်တွင် မူးယစ်ဆေးသုံးသည်ဟုဆိုပြီး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုသူ(၈)ဦး ၏ မိဘများကို ငွေဖြင့်လာညှိနှိုင်းခိုင်းပြီး၊ ငွေပေးသည့်သူများ ပြန်လွှတ်ပေးမည်ဟု ဒေသခံအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မူးယစ်ဆေးဝါးသုံးလို့ ဆိုပြီးတော့ (၈) ယောက်ဖမ်းသွားတယ်။ နောက်နေ့ရောက်‌တော့ သူတို့ မိဘတွေကနေ ပိုက်ဆံနဲ့ လာညှိခိုင်းပြီး ပြန်လာထုတ်ခိုင်းတယ်။ ထောင်မကျစေချင်ရင် လာညှိလို့ပြောတယ်” ဟု ဟိုပုံးမြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။ ယခု ရက်ပိုင်းတွင် ဟိုပုံးမြို့ ညအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်မည်ဟုဆိုကာ လူငယ်တွေ ကို လိုက်လံဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။ “ သူတို့ ဒီလို ည ဧည့်စာရင်းတွေ စစ်နေပြီးတော့ လိုက်လံဖမ်းနေတာ။ ပြီးရင်ငွေတောင်းတယ်။ ငွေနဲ့ ပြန်သွား ထုတ်ခိုင်းတာ။ ဖမ်းခံရတာ (၁၀) ယောက်လောက်ရှိနေပြီး။ သွားထုတ်ပေးတာတော့ မရှိသေးသလိုပဲ။ သူတို့ ဘယ်လောက်တောင်းလဲ မသိရဘူး” ဟု ဟိုပုံးမြို့ ဒေသခံ တဦးက ပြောသည်။ အလားတူ ဖမ်းခံထားရသည့်သူ (၈) ဦးကိုလည်း ယနေ့ထိတိုင်း ပြန်လွှတ်လာပေးခြင်း မရှိကြောင်း သိရသည်။

၁၁။ နာဂဒေသတွင် ဆေးရုံတချို့ပိတ်ထားရသောကြောင့် သာမန်ရောဂါဖြင့် မသေသင့်ဘဲ အသက်ဆုံးရှုံးရမှုများရှိလာ
October 11, 2021

ကိုယ်ကိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့တွင် ကျန်းမာရေး ဝန်ထမ်းများမရှိသဖြင့် ဆေးရုံပိတ်ထား ရကာ သာမန်အဖျားရောဂါဖြင့်ပင် သေဆုံးရသူများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

” ဆေးရုံပိတ်ထားတာကြာပြီ။ ရပ်ရွာက အဆုံးအရှုံးခံနေရတယ် ရိုးရိုးရောဂါ အများကြီးဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေး ကလဲခက်ဆိုတော့ အသက်ကြီးပိုင်းတွေက ဘယ်လိုမှ ကယ်လို့မရတော့ဘူးဖြစ်နေတယ်။ ရောဂါဖြစ်ပြီးမှ သေတာက ခြောက် ယောက် ရှိပြီ။ မိုးတွင်းကျတော့ အဆုတ်နဲ့ ပတ်သက်ပြီး ချောင်းဆိုးလိုက် အန်လိုက်နဲ့ ဖျား ပြီးတော့ ငှက်ဖျားနဲ့ရောပါတယ်၊။ ဆေးကလည်းမရှိ ” ဟု ထန်ပါခွေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပါကြူး က ပြောသည်။ လဟယ်မြို့တွင် မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံ နှစ်ရုံရှိရာ ဆရာဝန်များမရှိကြောင်း၊ ထန်ပါခွေမြို့ရှိ ဆေးရုံကိုမူ ပိတ်ထားရကြောင်း လဟယ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဇာနည်ဝင်းကပြောသည်။ “ကျွန်တော်တို့ မြို့နယ်မှာက ဆေးရုံသုံးရုံးရှိတယ်။ ဆရာဝန်တွေ အကုန်လုံးက CDM လုပ်သွားကြတယ်။ ဒါကြောင့် တပ်က ဆေးမှူးကို အကူအညီတောင်းလုပ်နေရတယ်။ ထန်ပါခွေက တိုက်နယ်ဆေးရုံ ဆိုရင် ပိတ်ထားရတယ် “ဟု ၎င်းကဆိုသည်။

ထန်ပါခွေမြို့ရှိဆေးရုံသည် တိုက်နယ်ဆေးရုံဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသဖြစ်၍ အခြားမြို့သို့ ဆေးကုသွား ရန် မလွယ်ကူလှကြောင်း၊ ဖျားနာပါက ဆေးဝယ်သောက်ရန် ဆေးဆိုင်ပင်မရှိကြောင်း သိရသည်။ ကိုဗစ်ကူးစက်မှု မရှိဟုဆို သော်လည်း စစ်ဆေးမှုများမရှိခဲ့သောကြောင့် ကူးစက်မှု ရှိ၊ မရှိကို သေချာမသိရကြောင်း အုပ်ချုပ်ရေးမှူး ဉီးပါကြူး က ဆက် ပြောသည်။

၁၂။ ထန်တလန်ဒေသခံများ လိုအပ်သည့်ပစ္စည်းများ ပြန်လည်သယ်ယူခွင့်နှင့် စပါးရိတ်သိမ်းခွင့်ပြုရန်တောင်းဆိုမည်
October 11, 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ တိုက်ပွဲဖြစ်ပွားပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် ဒေသခံများအနေဖြင့် လိုအပ်သည့် ပစ္စည်း များ ပြန်လည်သယ်ယူခွင့်ရရန်နှင့် စပါးရိတ်သိမ်းခွင့်ပြုရန်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များထံ တောင်း ဆိုသွားမည်ဟု ဒေသခံတစ်ဦးကပြောသည်။

“မြို့ကိုဘယ်သူမှ ပြန်မလာရဲကြဘူး။ မြို့လုံးကျွတ်စစ်ဘေးရှောင်ပြီး ဘေးနားက မြို့နယ်တွေ၊ ရွာတွေမှာရှောင်နေရတာ။ ဟားခါးမြို့ပေါ် စစ်ဘေးရှောင်နေရတဲ့ လူတွေကတော့ သိပ်အခက်အခဲမရှိဘူး။ ထန်တလန်နဲ့နီးတဲ့ရွာတွေကတော့ အခက်အခဲ ရှိတယ်။ စစ်ဖြစ်တော့ ဘာဆိုင်မှကိုမရှိတော့ဘူး။ အခုကျေးရွာတွေမှာ အိမ်ခြေ ၅၀၊ ၇၀ လောက်ရှိတယ်။ သူတို့က အကုန် မထောက်ပံ့နိုင်ဘူး။ ဆန်ကတော့ အသင့်တင့်ရှိတယ်။ ဟင်းသီးဟင်းရွက်တွေက ကြာလာတော့ သိပ်မလုံလောက်တော့ဘူး။ နွားနောက်တို့၊ ကျွဲတို့၊ နွားတို့လည်း မရှိတော့ဘူး။ တစ်လလောက်ဆိုတော့ ရှားပါးလာပြီ။ လူတွေက ထန်တလန်ပြန်လာပြီး သူတို့ပစ္စည်းတွေ သိမ်းချင်ကြတယ်။ ဒါပေမယ့် မလာရဲကြဘူး။ မထင်ရင်မထင်သလို ပစ်ခတ်တာတွေက အဝေးကနေ လှမ်းပစ် လိုက်၊ အနီးကပစ်လိုက်နဲ့မို့ လူတွေကမသွားရဲဘူး”ဟု ၎င်းကပြောသည်။ ထန်တလန်မြို့၌ စိုက်ပျိုးထားသည့် လယ်ဧက လေးရာခန့်ရှိပြီး လာမည့် အောက်တိုဘာလကုန်တွင် စပါးရိတ်သိမ်းရန် အချိန် ကိုရောက်ရှိတော့မည်ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုသည်။ ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ် ၁၉ လုံးခန့်မီးလောင် ပျက်ဆီး ကာ မီးငြှိမ်းရန် ကြိုးစားသူ ဓမ္မအမှုတော်ဆောင်အသတ်ခံခဲ့ရကာ ယခုကဲ့သို့ နေရပ်စွန့်ခွာခဲ့ကြခြင်းဖြစ်သည်။

၁၃။ မြစ်ကြီးနားမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်
12 October, 2021

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ညမထွက်ဖို့နဲ့ လူ ၅ ယောက်ထက် ပိုပြီး မစု ဝေးကြဖို့ အာဏာသိမ်းစစ်ကောင်စီလက်ခံ မြို့နယ်ထွေအုပ်ရုံးက အောက်တိုဘာ ၁၁ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါ တယ်။ မြစ်ကြီးနားမြို့အတွင်း အများပြည်သူရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုထိခိုက်လာတာ တွေ့ရှိရကြောင်း ဒါဟာ တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူတို့ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်စေတဲ့ အပြင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နိုင်တဲ့အတွက် ခုလို အမိန့်ထုတ်တာလို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းမှာ လူစုဝေးတာ၊ ဟောပြောတာ၊ ယာဉ်တမျိုးမျိုးကိုအသုံးပြုလို့ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်း လှည့် လည်တာ၊ လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်တွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒါ့အပြင် လမ်းတွေ နဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုလုပ်ဖို့နဲ့ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူပြီးနောက် မြစ်ကြီးနားမြို့မှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ရှိတယ်လို့ သိရပါတယ်။

၁၄။ နမ္မတူ စားဝတ်နေရေးခက်ခဲမှုကြောင့် လူငယ်များ ခိုးမှု၊ ဓားပြတိုက်မှု ပိုများလာ
October 11, 2021

သျှမ်းမြောက် နမ္မတူမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးခက်ခဲမှုများကြောင့် ဒေသခံ လူငယ် များ ခိုးမှု၊ ဓားပြတိုက်မှု ကျူးလွန်တာ ပိုများလာကြောင်း သတင်းရရှိသည်။ နမ္မတူတွင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းတွေအပြင် မူးယစ် ဆေးဝါးပျံ့နှံ့နေခြင်းတို့ကြောင့် ခိုးမှု၊ ဓားပြတိုက်မှု ပိုမိုများလာ ကြောင်း ဒေသခံများက ပြောသည်။

“အဓိကတော့ စားဝတ်နေရေးခက်ခဲတာပေါ့၊ ကိုဗစ်ကြောင့်လည်း ပါတယ်၊ ကုန်ဈေးနှုန်းလည်းတက်တော့ ရှာဖွေစားသောက်ရ တာ မလွယ်တော့ဘူး၊ ဓါးထောက်ပြီး ဆိုင်ကယ်လုသွားတဲ့ လူငယ်တွေဆို ဒီမြို့က ဒေသခံတွေပဲ၊ အသက်လည်း ငယ်သေးတယ်၊ (၂၀) ဝန်းကျင်ပဲ ရှိတယ်” ဟု နမ္မတူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ နမ္မတူတွင် ယခုနှစ် အတွင်း ဓားပြတိုက်လုယက်မှု (၃)ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆိုင်ကယ်နှင့် ဖုန်း ဓားပြတိုက်မှု၊ မြို့တွင်းမှာ ဖုန်းလုယူထွက်ပြေးမှုလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ (၇)ရက် နေ့က အဆိုပါ ဓားပြတိုက်လုယက်မှု ပြုလုပ်နေသည့် လူငယ်အဖွဲ့ထဲမှ (၅)ဦးကို ဖမ်းမိထားပြီး (၃)ဦးခန့် လွတ်မြောက် နေဆဲ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထိုလူငယ်အများစုမှာ အသက် ၁၆၊ ၁၇၊ ၁၈ နှစ် ဝန်းကျင်သာဖြစ်ပြီး ဓားပြတိုက်ယူထားသည့် ဆိုင်ကယ်အား မြို့တွင်း တစ်နေ ရာတွင် သွားပေါင်ထားကြောင်း၊ ထို့နောက် ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်း Lock သွားဖွင့်ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရ သည်။

၁၆။ စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်သည်တစ်ဦး သေဆုံး
October 11, 2021

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်တစ်နေရာမှာ ကိုယ်ဝန်ရင့်မာအမျိုးသမီး စစ်ဘေးရှောင်ရင်း ဗိုက်နာလာတဲ့အတွက် လွိုင်ကော်ဆေးခန်းတစ်ခုကို ပို့ဆောင်ခဲ့ပေမယ့်လည်း သေဆုံးသွားတယ်လို့ ကိုယ်ဝန်ဆောင် အမျိုး သမီးရဲ့ တူမတော်စပ်သူတစ်ဦးထံကနေ သိရပါတယ်။ “ဘယ်လိုဖြစ်လဲဆိုတော့ စစကိုယ်ဝန်ဆောင်ကတည်းက စစ်ဘေးရှောင် နေတယ်ကော ပထမတစ်ခေါက်ကတည်းက။ အခုလည်း ထပ်ရှောင်ရတော့ ဘယ်လိုဖြစ်လဲမသိဘူး တောထဲတောင်ထဲနေရ လို့လား ဘာလဲတော့မသိဘူး မပြောတတ်ဘူး။ ကိုယ်ဝန်ရှိတော့ ခနခဏမောတာတွေဖြစ်တယ်။ နေမကောင်းလည်းဖြစ်တော့ အဲဒါ သူ့ကို ရွာနားက အိမ်တစ်အိမ်မှာတည်းဖို့ပေါ့။ အဲ့ဒါ ရှာပေးတော့ သူအဲ့မှာသွားတည်းတယ်။ နှစ်ရက် သုံးရက်လား။ ဒီမနက် တော့ ဖုန်းလာတယ် ဗိုက်နာတယ်ဆိုလား ဖြစ်တယ်ဆိုပြီးတော့ သွားကြည့်ကြတာ သွားကြည့်တော့ တအားနာတယ်ဆိုလို့ နာရေးကားနဲ့အကူညီတောင်းပြီးတော့ လွိုင်ကော်ကိုပို့လိုက်တာ ဆေးခန်းကို။ အဒေါ်တွေလိုက်ပို့တာ သိပ်မကြာဘူး ဖုန်းဆက် လာတယ် မရတော့ဘူးပေါ့ အဲ့လိုမျိုးပြောလာတာ။” လို့ တူမတော်စပ်သူက ပြောပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ အမျိုးသမီးမှာ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကိုယ်ဝန် ၉ လရှိကာ မကြာခင် မွေးဖွားတော့မှာဖြစ်ပြီး တောတောင်ကြားထဲ ဒုတိယအကြိမ်မြောက် စစ်ဘေးရှောင်နေရသလို ကျန်းမာရေး လိုအပ်ချက် အပြင် လုံလောက်တဲ့ အစာ အာဟာရ စားသုံးရခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ခင်ကာလအတွင်း လွိုင်ကော် မှာ ဆေးခန်းပြခဲ့ပြီး စစ်ဘေးရှောင်နေစဉ် ဆေးခန်းမပြရတော့သလို အအေးမိတာ၊ စားဖို့သောက်ဖို့အဆင်မပြေ တာတွေနဲ့ တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူအမျိုးသမီးမှာ အသက် (၃၉) နှစ်အရွယ်ရှိပြီး အမျိုးသားနဲ့ ၁၃ နှစ်အရွယ် သားတစ်ယောက်၊ ၆ နှစ်အရွယ်သားတစ်ယောက် ကျန်ရှိတယ်လို့ သိရပါတယ်။

၁၇။ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို KIA အဖွဲ့တိုက်ခိုက်
October 11, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် မွန်းလွဲ နှစ်နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ ယာဉ်တန်း အစီး ၄၀ ခန့်ကို ကချင်လွတ်မြောက်ရေးတပ်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းမိုင်းခွဲခံရပြီးနောက် နှစ်ဖက် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း လဝါးဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “နေ့လည်က လဝါး ရွာထိပ်မှာ ပစ်ကြတာပေါ့။ လဝါးအကျော်နားမှာဖြစ်တာ ယာဉ်တန်းဖြတ်တဲ့ အချိန် ခဏဆို တာတဲ့ မိုင်းခွဲတာ။ တော်တော်လေးကြာအောင်ပစ်ကြတယ်။ စစ်ကောင်စီက အထိနာလောက်တယ်။ ခုလည်း စစ်ကားတွေအဲ့ နားမှာရှိနေသေးတယ်။ ဒီတစ်လော ရိက္ခာလာတင်တဲ့ ကားတွေပါ။ အစီးရေက ၄၀လောက်ရှိတယ်” ဟု သူကပြောသည်။

မိုင်းခွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အသေးစိတ်မသိသေးကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ဆက်ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဒွမ်ဘွန်ကျေးရွာတွင် တစ်ကြိမ်၊ လဝါးကျေးရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ကချင်ပြည်နယ် သို့ ခြေလျင်တပ်များဖြင့် စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်နေပြီး တနိုင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက် ရှိ ကျေးရွာများတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့သည်။

၁၈။ မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့အဆင်းတွင် မြေသည်ယာဉ်တစ်စီး တိမ်းမှောက်၊ ယာဉ်ပေါ်ပါသူ ၂၃ ဦး ဒဏ်ရာရမှုရှိခဲ့
October 11, 2021

မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ အဆင်းနေရာတွင် ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြေသည်ယာဉ်တစ်စီး တိမ်း မှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူ ၂၃ ဦး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကိုလာတဲ့ မြေသည်ယာဉ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ တောင်နံရံကို ဝင်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ခဲ့ရာ ယာဉ်ပေါ်ပါလာသူ ၂၃ ဦးခန့်မှာ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့၍ မြဝတီခရိုင် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောသည်။

“ဒီနေ့ မြဝတီ-ကော့ကရိတ် အာရှလမ်း ဒေါနတောင်ပေါ်မှာ မိုးရိပ်တွေနဲ့ ရာသီဥတုက သိပ်မကြည်လင်ဘူး။ ဒီလိုအခြေ အနေမှာ ယာဉ်မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလေ့ရှိတဲ့အတွက် ယာဉ်မောင်းသူများအနေဖြင့် အထူး သတိရှိကြဖို့ လိုအပ်တယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

၁၉။ အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူဒေသခံ ၈ ဦးအမှု ၃ လ ကျော်ကြာသည်ထိ ရုံးထုတ်စစ်ဆေးခြင်းမရှိ
October 11, 2021

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ကပ်သပြေ ကျေးရွာသား ၈ ဦးအမှုကို ရုံးထုတ်စစ်ဆေးခြင်းမရှိသည်မှာ ၃ လကျော်ခန့်ရှိပြီဖြစ်ကြောင်း အမှုလိုက်ရှေ့နေများ ကပြောသည်။ ၎င်းတို့မှာ မောင်မောင်ငယ်၊ ဦးမောင်လှမြင့်၊ ဦးအောင်တင်ရွှေ၊ မောင်စိုးလင်း၊ ဦးလှနုအောင်၊ ဦးစံလှမောင် ၊ ဦးလှမောင်သန်း၊ ဦးမောင်လှမြင့် တို့ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် ရုံးချိန်ထားသော်လည်း ရုံးထုတ်ခြင်းမရှိခဲ့ဟု သိရသည်။

အဆိုပါ ၈ ဦးကို ပြီးခဲ့သည့် ဇွန်လလယ်ခန့်မှ နောက်ဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ကိုဗစ်ရောဂါကြောင့် ရုံးထုတ် စစ်ဆေးမှုမပြုလုပ်နိုင်ခဲ့ဟုဆိုသည်။ သို့သော်လည်း လက်ရှိတွင် ကိုဗစ်ပိုးတွေ့မှုကျဆင်းသွားသည့်အတွက် တချို့မြို့နယ်များမှ တရားရုံးများတွင် ရုံးထုတ်စစ်ဆေးနေကြပြီဖြစ်သည်။ ရုံးထုတ်စစ်ဆေးမှုများမပြုလုပ်သည့်အတွက်ကြောင့် အမှုသည်များမှာ နစ်နာမှုများရှိနေသည်ဟု မိသားစုဝင်များနှင့် ရှေ့နေများကပြောသည်။ ဖမ်းဆီးပြီးနောက် အချုပ်ထောင်တွင်နေ၍ တရားရင် ဆိုင်နေရသည်မှာကြာမြင့်လာပြီဖြစ်သည့်အတွက် တရားရုံးအနေဖြင့် အပြစ်ရှိ/မရှိကို ရုံးထုတ်စစ်ဆေးရန်လိုအပ်ကြောင်း ဖမ်းဆီးတရားရင်ဆိုင်နေရသည့် ကိုမောင်ငယ်၏ အစ်မဖြစ်သူ ဒေါ်မဲမစိန်ကပြောသည်။

“ အရင်နှစ်ကတည်းက ဖမ်းပြီးတရားစွဲခံထားရတာ ၁ နှစ်ကျော်နေပြီ။ ရုံးချိန်းတွေမလုပ်တာလည်း ၃ လကျော်လောက် ရှိနေ ပြီ။ ကိုဗစ်နဲ့ကတည်းက ရုံးမထုတ်တာလို့ပြောတယ်။ ဒီနေ့လည်း ရုံးချိန်းရှိလို့ မိသားစုဝင်တွေသွားကြတာ။ ရုံးမထုတ်ပြန်ဘူး တဲ့။ ရုံးမထုတ်ဘဲ ထောင်မှာနေနေရတော့ သူတို့အတွက် နစ်နာတယ်။ အပြစ်မရှိဘူးဆိုလည်း အမြန်ပြန်လွတ်စေချင် တယ်””ဟုပြောသည်။ ၎င်းတို့ ၈ ဦးကို စွဲဆိုထားသည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)၊ ၅၂ (က) အမှုတို့မှာ စစ်တပ်ဖက်မှ တရားလိုက အမှုရုတ်သိမ်းလွှာတင်ထားသည့်အတွက် ရုံးထုတ်စစ်ဆေးမှုများကို ရပ်တန့်ထားခြင်းဖြစ်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေဒေါ်သန္တာဝင်းကပြောသည်။ ကပ်သပြေကျေးရွာသား ၈ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည် ဟူသော စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ် တောင်ကျေးရွာအနီး ဓညဝတီရေတပ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဗိုလ်ကြီးလင်းမြတ်ကတရားလိုလုပ်ကာ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀ (က)၊ ၅၀(ည)၊ ၅၂ (က)တို့ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀။ (၁) လနီးပါး ထွက်ပြေးလာသည့် စစ်ရှောင်တစ်ချို့ နေရပ်သို့ ပြန်သွား
October 11, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များအချို့ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁၄) ရက်နေ့ကတည်းက သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် ဟိုခဲကျေးရွာအုပ်စုရှိ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း သိရှိရသည်။

“မနေ့တော့ တစ်နေ့လုံး လက်နက်သံတွေ မကြားရတော့ဘူး။ ဒီနေ့တော့ မပြောတတ်သေးဘူး။ ဟိုခဲကျေးရွာအုပ်စုထဲက ကျေးရွာတွေ အများကြီး ပြန်သွားကြပြီ သူတို့လာတာလဲ တစ်လ ရှိတော့မယ် အဲ့ကြောင့် သူတို့လဲ ပြန်ချင်နေကြပြီ” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦးကပြောသည်။ လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၃၀၀၀) ကျော် ကျန်ရှိနေပြီး ၎င်းတို့သည် ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၀၀၀) ခန့် နှင့် ပန်ကေတု ကျေးရွာအုပ်စုမှာ (၂၁၀၀) ကျော်ခန့် ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၉) ရက်နေ့ကစပြီး ဟိုခဲကျေးရွာအုပ်စုနှင့် ဟမ်းငိုင်းကျေးရွာအုပ်စုထဲအတွင်းရှိ ကျေးရွာတစ်ချို့ စစ်ဘေးတိမ်း ရှောင်လာသည့် ဒေသခံများ နေရပ်ပြန်သွားကြပြီဖြစ်သည်။ “တိုက်ပွဲနဲ့ မနီးတဲ့ ကျေးရွာတစ်ချို့တွေတော့ အိမ်အခြေနေကို ပြန် ကြည့်ကြတယ်။ ဒီ ၂ ရက် ၃ ရက်အတွင်းတော့ တိုက်ပွဲ ကြီးကြီးမားမားတော့ မရှိဘူး။ စစ်ရေးတင်းမာတာတွေတော့ရှိတယ်။ တိုက်ပွဲတော့ ငြိမ်နေသေးတယ်”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကိုပြောသည်။ သျှမ်း တပ်(၂)တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ ဟိုခဲကျေးရွာအုပ်စု ဟမ်းငိုင်းကျေးရွာအုပ်စု ပန်ကေတု ကျေးရွာ အုပ်စုရှိ ဒေသခံများ (၅၀၀၀)ကျော် နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၁။ ရေးမြို့နယ် အမြောက်တပ်အနီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ
12 October, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော်လမြိုင်-ထားဝယ်ကားလမ်း စစ်ကောင်စီ လက်အောက်ခံ စကခ ၁၉ အမြောက်တပ်အနီး အောက်တိုဘာ ၁၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါ တယ်။ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမြောက်တပ်အနီး ခြံစည်းရိုးကာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

ဗုံးခွဲတိုက်ခိုက်ပြီးနောက် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရတာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ တယ်လို့ ထုတ်ပြန်ပါတယ်။ ရေးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၃ ဦးထက်မနည်း ပစ်သတ်ထားခံသလို ရဲတပ်ဖွဲ့ ဝင် တစ်ဦးလည်း အနီးကပ် ဓားနဲ့ ထိုးသတ်ထားရပါတယ်။

၂၂။ သူနိုင်ကိုယ်နိုင်လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းဆို
October 11, 2021

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း (၇၀) ကျော် ဖြစ်ပေါ်နေသည့် ပြည်တွင်းပဋိပက္ခတွင် တစ်ဖက်နှင့်တစ်ဖက် အနိုင်မတိုက်ခိုက် နိုင်ဘဲ နှစ်ရှည်ကြာနေပြီး ယင်းအတွက်ကြောင့် သူနိုင်ကိုယ်နိုင် လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် လွတ် မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းက ပြောသည်။ “ကျမအနေနဲ့လည်း အင်မတန်ကို တိုက် ဖို့ ဝါသနာပါခဲ့တယ်။ ကျမတို့က လက်နက်ကိုင်နည်းလမ်းနဲ့ပဲ အဓိက တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သံဌိဓါန်နဲ့ပဲ တော်လှန်ရေးမှာ ကြိုးပမ်းခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှ မနိုင်ဘူး။ အစိုးရလည်း မနိုင်ဘူး။ ဒီတိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းတွေလည်း မနိုင်ဘူး။ သံသရာပဲ ရှည်နေတယ်။ သံသရာပဲ ရှည်နေတယ်ဆိုတော့ နှစ်ဖက်စလုံးက သုံးသပ်ဖို့ လိုတယ်။ ကိုယ်မနိုင်၊ သူမနိုင်မဖြစ်ပဲနဲ့ ကိုယ်နိုင် သူနိုင်ဖြစ်ဖို့လိုတယ်။ ကိုယ်လည်း နိုင်ရမယ်။ သူလည်း နိုင်ရမယ်ဆိုတဲ့ လမ်း ကြောင်းကတော့ ဆွေးနွေးရေးလမ်းကြောင်းပဲ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

သူနိုင်ကိုယ်နိုင်လမ်းကြောင်းကို နိုင်ငံတော်ကို အုပ်ချုပ်နေသည့် အစိုးရတိုင်း နားလည်ထားရန် လိုအပ်သလို တိုက်ပွဲဝင်နေ ကြ သည့် တိုင်ရင်းသား လက်နက်ကိုင်‌ခေါင်းဆောင်များလည်း နားလည်ထားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာရသည်ဟု ၄င်းကဆို သည်။ သို့ရာတွင် စစ်တပ်မှ အာဏာရယူပြီးနောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို အချိန်ကာလ ကန့်သတ်ချက်မရှိ ရပ်ဆိုင်းထားမည်ဟု အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

NCA မပျက်သော်လည်း NCA အကောင်အထည်ဖော်ဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်သေးကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) မှ အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။ “ဒီ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တပ်မတော်ရော ကျနော်တို့ EAO ရော နှစ်ဖက်စလုံးကပဲ ဒီ NCA ဟာ ဆက်လက်ရှိနေ ပါသေးတယ်။ ဆက်လက်ဆုပ်ကိုင်နေပါသေးတယ်ဆိုတဲ့ အတွက် NCA မပျက်သေးဘူးလို့ပဲ အဲလိုမြင်ပါတယ်။ ဒါပေမယ့် ခုနပြောသလိုပေ့ါ။ ဒီ NCA မပျက်ဘူးဆိုပေမယ့်လည်း NCA အရ NCA အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေတော့ မလုပ်နိုင်ဘူး။ ပြောမယ်ဆိုရင် အခုအနေအထား အဲလို ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ “တစ်တိုင်း ပြည်လုံးရဲ့ အနာဂတ် ပြည်သူတွေမှာ ရှိနေတဲ့ အနာဂတ်ကို ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ဖက်ဒရယ်နိုင်ငံအစစ် မထူထောင်လို့ မရတော့ဘူး။ ကျမတို့က ဘာကြောင့် ဖြစ်နေလဲဆိုလိုရှိရင် ရပိုင်ခွင့်တွေ ဆုံးရှုံးနေလို့ဖြစ်တယ်။ ကိုယ့်ရဲ့ ဘဝကို ကိုယ်တို့ မဖန်တီးနိုင်ဖို့ ဖြစ်တယ်။ အဲတာကြောင့် ဒါကိုတော့ အားလုံး နားလည်တယ်ဆိုလို့ရှိရင် ဒီပြဿနာကို မဖြေရှင်း နိုင်စရာမရှိဘူး။ အတ္တကို လျော့ဖို့လိုတယ်” ဟု ပြောသည်။

၂၃။ ဆက်သွယ်ရေးလိုင်းပိတ်ထားစဉ် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေ
October 9, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ ကျေးရွာအများစုတွင် ပြီးခဲ့သည့် စက်တင်ဘာ လတစ်လလုံး ဖုန်းလိုင်း အပါအဝင် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထားစဉ် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့ သည် ဒေသခံလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့ သည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့သည် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသည့်ကာလတွင် သထုံ၊ ဘီး လင်းမြို့နယ်များရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခြင်း၊ လူထုကို စစ်ရိက္ခာ အတင်းအ ဓမ္မ သယ်ခိုင်းခြင်း၊ တပ်စခန်းဆောက်ရန် သစ်၊ ဝါးများပို့ဆောင်ခိုင်းခြင်း၊ ရိက္ခာသယ်ယူပို့ဆောင်ချိန်၊ တပ်အပြောင်းအ လဲလုပ်ချိန် နှင့် စစ်ရေးလှုပ်ရှားနေချိန်များတွင် ကျေးရွာလူထုများကိုခေါ်ယူကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ဒေသခံလူထုနှင့် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်နေကြသည့် ကရင်လူမှုအဖွဲ့ အစည်းများကပြောသည်။ ဘီးလင်းမြို့နယ်မှ အမည်မဖော်လိုသူ အရပ်ဖက်အဖွဲ့ဝင်တစ်ဦးက“ပြောရမယ်ဆိုရင် ကျနော်တို့ ဒေသ မှာ နေ့၊ ည လူ့ အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ပြီးတော့ ဖုန်းလိုင်းတွေ ဖြတ်ထားတော့ ပိုဆိုးသွားတယ်။ အချိန်မီ ဖုန်းဆက်၊ တင် ပြ၊ ပြောပြလို့ မရဘူးလေ။”ဟု အောက်တိုဘာလ ၈ရက် ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်နေ့က ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာတွင် ရောက်ရှိသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့သည် ကြသောင်းဆိပ်ကျေးရွာတွင်ရှိသော BGF စခန်းသို့သွားရန် ကြိုးဝိုင်းနှင့် ပျဉ်းမပင်ဆိပ် ကျေးရွာရှိ ပြည်သူအယောက် ၁၀၀ကျော်ကိုခေါ်ဆောင်ကာ တပ်ရိက္ခာသယ်ခိုင်းသလို ထိုအထဲတွင် အသက် (၁၈)နှစ် မပြည့်သေးသည့် ကလေးများလည်းပါဝင်ကြောင်း ဒေသခံပြည်သူများက ပြောသည်။ ထို့အပြင် လေးကေကျေးရွာရှိ BGF တပ်စခန်းကို ပြန်လည်မွမ်းမံပြင်ဆင်ရန် ဒေသခံများအား အစည်းအဝေးခေါ်ကာ တစ်အိမ်လျှင် သစ် ၂ချောင်းနှင့် ဝါး ၁၀လုံး မဖြစ်မနေ လာ ရောက်ပို့ဆောင်ခိုင်းသည့်အပြင် ပြည်သူလူထုများ၏ ကားများကို ခေါ်ယူကာ တပ်ရိက္ခာသယ်ဆောင်ခိုင်းမှုများ လုပ်ဆောင်ခဲ့ သည်ဟုလည်း ဒေသခံများထံမှ သိရသည်။ သူက “ကျနော်တို့ တိုင်းရင်းသားနယ်မြေမှာ အရင်ကတည်းက လူ့အခွင့်အရေးချိုး ဖောက်တာကို ခံစားနေရတယ်။ အခု ချိန်မှာ သူတို့မှာ ငြိမ်းချမ်းစွာ နေထိုင်သင့်ပြီ။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးတဲ့ နောက် ပိုင်းမှာ သူတို့တွေက အစတုန်းက လိုပဲ လူ့အခွင့်အရေး ပြန်ချိုးဖောက်ခံနေရတယ်။ အဲဒါကြောင့် ပြည်သူလူထု ထောက်ခံတဲ့ အစိုးရပြန်ရဖို့ စစ်တပ်ကို ဖိအားပေးနိုင်တဲ့ အာဏာရှိတဲ့လူတွေ၊ နိုင်ငံတကာတွေ ကျနော်တို့ တိုက်တွန်းရမယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

၂၄။ ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ
October 12, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီ မှ လူငယ်များ ကို ယခင်ထပ် ပိုဖမ်းဆီးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့တွင် ယခု ရက်ပိုင်း ညထွက်သွားလာသူများကို စစ်ဆေးရိုက်နှက်မှုများ ပြုလုပ်လာလျက်ရှိပြီး ယမန့်နေ အောက်တိုဘာ (၁၁) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်ပစ်ဖောက်သံ များရှိကြောင်း သိရသည်။

“ မနေ့ကညကတော့ သေနတ်သံ (၈) ချက်လောက်ကြားရတယ်။ စစ်ကောင်စီတွေက ညဆို ခုတလော ပိုပြီးစစ်ဆေး နေတယ်။ Mytel ဖုန်းတာဝါတိုင်း ဖောက်ခွဲခံရပြီးနောက် ပိုပြီး စစ်ဆေးလာတယ်။ လူငယ်တွေကိုလည်း ပိုဖမ်းလာတယ်” ဟု ကျောက်မဲ မြို့ ဒေသခံအမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်ဖြင့် လူငယ်များကို တိတ်တဆိတ် လိုက်လံ ဖမ်းဆီးရာတွင် လူငယ် (၂၀) ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။ ထိုဖမ်းဆီးခံ ထားရသည့် သူများသည် Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ဖမ်းဆီးခံရကြောင်း ၊ မြို့တွင်း PDF တပ်ဖွဲ့များ ရောက်လာ မှာကို စိုးရိမ်သောကြောင့် စစ်ကောင်စီတပ်များက စိုးရိမ်နေကြရကြောင်းသိရသည်။

“ သူတို့ အရပ်ဝတ်တွေနဲ့ ခိုးခိုးပြီးဖမ်းသွားတာ။ ကျနော်တို့ သိရသလောက်တော့ ၂၀ ကျော်ရှိ နေပြီထင်တယ်။ သူတို့တွေက မြို့ထဲမှာ PDF တွေ ရောက်လာမှာကို စိုးရိမ်နေကြတာ။ အဲကြောင့် ညညဆိုသူတို့ အရမ်းကို လိုက်စစ်နေတယ်” ဟု ကျောက်မဲ မြို့ အထက်ပါ လူက ပြောသည်။ ကျောက်မဲမြို့တွင် စစ်ကောင်စီ တပ်သားများ၏ လုပ်ရက်မှုကြောင့် ပြည်သူများက စားဝတ် နေရေးအတွက် ပါ စိတ်ပူနေကြရကြောင်း၊ ည တခုခုကြောင့် အရေးပေါ်သွားစရာရှိလာပါက စိုးရိမ်နေကြရကြောင်း သိရ သည်။“ အရင်ကတော့ အဲလောက်ထိ မစစ်ပါဘူး။ သွားလာတာရှိတယ်။ အခု ပိုစစ်လာတယ်ဆိုတော့ ည အရေပေါ် သွားစရာရှိ လာရင် ဘယ်လိုလုပ်ရမလဲ ဆိုတာစိတ်ပူတယ်။ အခုက ကိုဗစ် ကပ်ရောဂါအချိန်လည်းဖြစ်တယ်။ စားဝတ်နေရေးအတွက် လည်း ရှာစားရတာ ခက်ခဲလာတယ်။ အခုက အကုန်လုံးကို စိုးရိမ်ပြီးကြောက်နေရတာ” ဟု ကျောက်မဲမြို့ အသက် ၄၀ ကျော် အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

၂၅။ တောင်ယာလုပ်ကိုင်သူများ မြေသြဇာဝယ်သုံးရန် အခက်အခဲဖြစ်နေ
October 12, 2021

ဒေါ်လာစျေးမငြိမ်သက်မှုများကြောင့် ကုန်စျေးနှုန်းများ မြင့်တက်လာနေသည့်အတွက် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေကြသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာဝယ်ယူမသုံးစွဲနိုင်တော့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်များက သီးနှံခင်းများ၌သုံးသည့် ပုလဲ(အဖြူ၊အမဲ)နှင့် စူပါအမျိုးအစား ဓာတ်မြေသြဇာတစ်အိတ်လျှင် စျေးနှုန်း (၄) သောင်းကျပ်သာရှိခဲ့ပြီး ယခုနှစ်တွင် ကုန်စျေးနှုန်းများမြင့်တက်နေမှုကြောင့် ယင်းဓာတ်မြေသြဇာအမျိုးအစားတစ်အိတ်ကို (၅)သောင်းမှ (၆)သောင်းဝန်းကျင်အထိ စျေးမြင့်တက်လျှက်ရှိသည်ဟု သီးနှံစိုက်ပျိုးနေသူများကပြောသည်။

ကုန်းချောင်းကျေးရွာမှ တောင်ယာလုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ဦးဘချစ်က “ကုန်စျေးနှုန်းက အကုန်လုံးတက်နေတော့ မြေသြဇာစျေးတွေလည်းတက်သွားတယ်။ ကျနော့်စိုက်ခင်းမှာတော့ တစ်ခြားအမျိုးအစားတွေ သိပ်မသုံးဖြစ်ဘူး။ ပုလဲတစ်မျိုး တည်းကိုပဲ အဖြူ၊အမဲရောပြီးသုံးတယ်။ လောလောဆယ်တော့ စျေးတက်သွားလို့မဝယ်ရသေးဘူး။ ဝယ်နိုင်ဖို့ကလည်းမလွယ် ဘူး။ တစ်ခြားလူတွေမှာလည်း အဲဒီအတိုင်းပဲ မြေသြဇာစျေးတွေတက်နေလို့ မဝယ်နိုင်ကြသေးတာများတယ် ဟု ပြောသည်။ လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာများဝယ်ရန်အတွက် ဆင်အိုးကျေးရွာအထိ စက်လှေဖြင့် ဆီ(၂)ဂါလံခန့်ကုန်ကျခံကာ သွားကြရပြီး ယင်းမှတစ်ဆင့် မြောက်ဦးမြို့သို့ သုံးဘီး၊ လိပ်ကုန်း၊ ကား စသည့်တို့ဖြင့် ငှားရမ်းသွားကြရသည်။

သီးနှံစိုက်ခင်းတစ်ဧကတွင် မြေသြဇာတစ်အိတ်နှုန်းဖြင့် ရက်ပေါင်း(၂၀)ခြားတစ်ခါ ပုံမှန်သုံးပေးရပြီး မြေသြဇာပုံမှန်သုံးပေး နိုင်ခဲ့သည့်နှစ်များကပင် စိုက်ခင်းမှရရှိသည့်ငွေများဖြင့် မိသားစုစားဝတ်နေရေးအတွက် ဖူလုံမှုမရှိခဲ့သဖြင့် ယခုနှစ်တွင် စားဝတ် နေရေး အခက်အခဲပိုဖြစ်လာနိုင်သည်ဟုလည်း ကုန်းချောင်းဒေသခံ ဦးဘချစ်က ဆက်ပြောသည်။ “ဒီလိုစု်ိက်ခင်းတွေက စပါးခင်း တွေနဲ့မတူဘူး။ မြေသြဇာအမြဲသုံးပေးရတယ်။ ကျနော့်မှာတော့ စိုက်ခင်းက ၅ ဧကဆိုတော့ တစ်ခါကြဲရင် ငါးအိတ် ကုန်တယ်။ ဒါပေမယ့် လောလောဆယ်တော့ မြေသြဇာကတစ်အိတ်ပဲရှိတယ်။ ထပ်သွားဝယ်ဖို့ကလည်း စက်လှေဆီစရိတ်နဲ့ ကားစရိတ်တွေနဲ့မလွယ်ဘူး။ ပုံမှန်မြေသြဇာသုံးနိုင်တဲ့ နှစ်တွေကတောင် စိုက်ခင်းကရတဲ့ငွေနဲ့ မိသားစုစားဝတ်နေရေး လုံလောက်မှုမရှိဘူး။ ဒီနှစ်တော့ မြေသြဇာမသုံးနိုင်တာကတမျိုး၊ ကြွက်တွေကလည်း တစ်အားပေါတယ်။ ဒီအတိုင်းဆိုရင်တော့ တောင်သူတွေအတွက်အခက်အခဲပါပဲ”ဟု ၄င်းကပြောသည်။

၂၆။ ရေးမြို့နယ်တွင် အန်အယ်လ်ဒီပါတီ ထောက်ခံသည့် နေအိမ် ၂ အိမ် ချိတ်ပိတ်ခံရ
12 October, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာက အန်အယ်လ်ဒီပါတီထောက်ခံတဲ့ နေအိမ် ၂ အိမ်ကို အောက်တိုဘာ ၁၁ ရက် မနက်က စစ်ကောင်စီ တပ်တွေက အရပ်ဝတ်နဲ့လာပြီး နေအိမ်ကို ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ချိတ် ပိတ်ခံရတဲ့နေအိမ်တွေဟာ ဦးစိုးမိုးအောင်နဲ့ ဦးစိုးနိုင်တို့ရဲ့နေအိမ်တွေဖြစ်ကြပြီး အိမ်ရှင်နှစ်ဦး လုံးဟာ အန်အယ်လ်ဒီ ထောက်ခံ ကြတဲ့သူတွေဆိုပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးလာခဲ့တာကြောင့် ဒီနေ့အထိ မိသားစုလိုက် ရှောင်တိမ်းနေကြတာပါ။

ဦးစိုးမိုးအောင်ရှောင်တိမ်းနေစဉ် ကာလအတွင်းနေအိမ်မှာ လာနေပေးတဲ့ ဦးစိုးမိုးအောင်ရဲ့ တူမဖြစ်သူကိုလည်း စစ်ကောင်စီက မနေ့က ဖမ်းဆီးသွားပြီး ဒီမနက်ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံက ပြောပါတယ်။ အဆိုပါနေအိမ် ၂ လုံးရဲ့ အိမ်ရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးဖို့ အလိုရှိသူတွေဖြစ်ကြပြီး အိမ်ရှင်တွေကလည်း မရှိတော့တဲ့အတွက် အခုလို နေအိမ် ၂ လုံးကို ချိတ်ပိတ်ခံထားရပါတယ်။

၂၇။ ကျောက်မဲ အမှိုက်ပြဿနာ ဖြေရှင်းပေးရန် ဒေသခံများ မျှော်လင့်
October 9, 2021

သျှမ်းမြောက် ကျောက်မဲမြို့တွင်းရှိ ရပ်ကွက်များတွင် အမှိုက်သိမ်းယူမှုစနစ် အားနည်းနေခြင်းကြောင့် တာဝန်ရှိသူတို့မှ ဖြေရှင်း ပေးရန် ဒေသခံများက မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့သည် ခရိုင်မြို့တစ်မြို့ဖြစ်သည့်အပြင် နှစ်စဉ် လူဦးရေတိုးပွားလာပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းယူမှုစနစ် အားနည်းခြင်းတို့ကြောင့် မြို့ပေါ် ရပ်ကွက်များ တွင် အမှိုက်ပြဿနာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

“မိန်းလမ်းပေါ်တော့ အမှိုက်သိမ်းတာတွေ့တယ်၊ ကျန်တဲ့ ရပ်ကွက်တွေထဲမှာ သိမ်းပေးဖို့လိုတာ၊ အမှိုက်သွားပစ်ရတဲ့ နေရာက လည်းဝေးတယ်၊ ကြုံတဲ့နေရာပစ်နေတဲ့သူက ပိုများတော့အနံ့တွေလည်း မကောင်းတော့ဘူး”ဟု ကျောက်မဲဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မိန်းလမ်းတစ်လျှောက်နှင့် ဈေးအနီးတို့တွင် အမှိုက်သိမ်းယူမှု များရှိသော်လည်း ရပ်ကွက်များအတွင်းထိ အမှိုက်သိမ်းယူမှု မရှိကြောင်း၊ ထို့အပြင် ဒေသခံတချို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေသည့်အတွက် ရပ်ကွက်လမ်းများပေါ်တွင် အမှိုက်များပျံ့ကျဲကာ အနံ့အသက်ဆိုးများထွက်နေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူနေအိမ်အတွင်း အမှိုက်များမီးရှို့ပါက ပတ်ဝန်းကျင်များကို ထိခိုက်စေကြောင်း၊ ထို့ကြောင့် အမှိုက်စွန့်ပစ်ရန် သတ် မှတ်ထားသည့် နေရာအထိ သွားရောက်စွန့်ပစ်နေရကြောင်း ရပ်ကွက်(၂) အတွင်း နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

“အမှိုက်ကို ကိုယ့်ဝိုင်းထဲ မီးရှို့မယ်ဆိုရင်လည်း အနံ့တွေက မကောင်းဘူး၊ ပတ်ဝန်းကျင်အတွက်လည်း အဆင်မပြေဘူး၊ အဲ့တော့ အမှိုက်ကို စုပြီး (၃/၄)ရက်တစ်ကြိမ် သျှမ်းကျောင်းကြီးနောက်က အမှိုက်ပုံထိ သွားပစ်ရတယ်” ဟု အထက်ပါ ဒေသခံ က ဆိုသည်။ “အရင် အစိုးရလက်ထက်တုန်းက အမှိုက်ကို စနစ်တကျသိမ်းဖို့ ကုမ္ပဏီကို တာဝန်ပေးမယ်ဆိုပြီး ဆွေးနွေးတယ် ဆိုပြီး ကြားဖူးတယ်၊ ဒါပေမယ့် ဘယ်လိုပြဿနာတွေ ရှိခဲ့လဲတော့ သေခြာမသိဘူး၊ ခုထိ အကောင်အထည် မဖော်နိုင်သေးဘူး” ဟု အထက်ပါဒေသခံ က ပြောသည်။ ထို့အပြင် ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ ပြင်းထန်ခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်သို့ ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင် (၁၇၀၀)ကျော်ရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

၂၈။ တောင်ကုတ်တွင် ၁၆ နှစ်အရွယ်ကလေးတစ်ဦး ကြိုးဆွဲချသေဆုံး
October 11, 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အသက် ၁၆ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိ သည်။ သေဆုံးသွားသောသူမှာ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ အောင်ချမ်းသာအပိုင်မှ မောင်ချစ်အေး (၁၆ နှစ်)ဖြစ်ပြီး ဦးထွန်းကျော်နှင့်ဒေါ်မတုတ် တို့၏ သားဖြစ်ကြောင်း သိရသည်။

သူသည် အောက်တိုဘာလ ၉ ရက် ညနေက နေအိမ်မှပျောက်ဆုံးသွားပြီး မိဘများကလိုက်လံရှာဖွေရာ အောက်တိုဘာ ၁၁ နေ့လယ် ၂ နာရီတွင် သိမ်တောင်ရပ်ကွက်နှင့် ၃ ဖာလုံအကွာတွင်ရှိသော တောင်ပေါ်ရှိ သီဟိုဠ်ပင်၌ ကြိုးဆွဲချသေဆုံးလျက် တွေ့ရှိခဲ့ရသည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဥ္စရာကို ပြောသည်။“ပျောက်သွားတာ ၂ ရက်လောက်ရှိပြီ။ သူ့ကို ဒီနေ့မှ သေဆုံးလျက်တွေ့တယ်။ ပြင်ပထိခိုက်ထားတဲ့ဒဏ်ရာတွေလည်းမရှိဘူး။ ကလေးက ကျပ်လည်းသိပ်မပြည့်ဘူးလို့ မိဘတွေက ပြောတယ်”ဟု ပြောသည်။ လက်ရှိတွင် သေဆုံးသွားသူ၏ရုပ်အလောင်းအား တောင်ကုတ်ဆေးရုံမှတဆင့်ယူ ဆောင် သွားပြီး ယနေ့ညနေတွင် သင်္ဂြိုလ်မည်ဟု သိရသည်။

၂၉။ စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို TNLA တပ်ဖွဲ့က ဖျက်ဆီးပစ်
October 12, 2021

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က သူတိုထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီထုတ်ကုန်တွေကို ဝယ်ယူအားမပေးဖို့နဲ့ ဆိုင်မှာကျန်ရှိနေတဲ့ ထုတ်ကုန်ဟောင်းတွေကိုလည်း ပျက်ဆီးပစ်ခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ရှင် တွေကိုလည်း နောက်တစ်ခါ ဝယ်ယူရောင်းမချဖို့ ဝန်ခံကတိလက်မှတ် ထိုးခိုင်းတာလည်း ရှိတယ်လို့ သိရပါတယ်။ TNLA တပ်ဖွဲ့က စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူတို့ရဲ့ထုတ်ကုန်တွေကို ဝယ်ယူအားမပေးဖို့ ထုတ်ပြန်ချက်တွေ လည်း ထုတ်ပြန်ထားပြီး ကုန်စုံဆိုင်တွေကို စာတွေပို့ထားပေးတာ ရှိပါတယ်။

စစ်ကောင်စီရဲ့ထုတ်ကုန်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေထဲသာမက မြန်မာတစ်နိုင်ငံလုံးရှိနေတဲ့ ပြည်သူတွေကလည်း စစ်ကောင်စီကို ကန့်ကွက်တဲ့အနေနဲ့ ဝယ်ယူအားမပေးကြဖို့ တိုက်တွန်းမှုတွေလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။

၃၀။ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ
12 October, 2021

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျောက်ဆင်ကျေးရွာမှာ အောက်တိုဘာ ၁၁ ရက် ညနေ ပိုင်း က ကျေးရွာ အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ၄ ချက် ပစ်သတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရီဦးဟာ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် အိမ်အနီးနားမှာပဲ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေ ကပြောပါတယ်။

“အရင် အုပ်ချုပ်ရေးမှူးထွက်သွားတော့ သူ့ကို အုပ်ချုပ်ရေးမှူးဆိုပြီး စကစ က ခန့်ထားတာ။ ညနေ ၄ နာရီခွဲလောက် ဆိုင်ကယ်နဲ့ အိမ်ပြန်လာတုန်း အနောက်ကဆိုင်ကယ်နဲ့လိုက်ပြီး သေနတ်နဲ့ ၄ ချက်ပစ်သွားလို့ သေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အမည်မသိ သေနတ်သမားက ပစ်သတ်ခဲ့လို့ သေဆုံးတဲ့ အုပ်ချုပ်ရေးမှူး ရီဦးဟာ ကျေးရွာမှာ ဒလန် အဖြစ် သတ်မှတ်ခံထားရသူတစ်ဦးဖြစ်ပြီး ကျေးရွာအတွင်းက စစ်အာဏာရှင် ဆန့်ကျင်သူတွေကို စစ်ကောင်စီကို ခေါ်ဖမ်းခိုင်းခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ကလည်း သဘော့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်မျိုးဦးကို အမည်မသိ အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။

၃၁။ ပန်ဆိုင်းမြို့ မြန်မာနယ်နမိတ်အတွင်း ၁၀ ပေကျော်အထိ တရုတ်ဘက် စည်းကျော် လမ်းဖောက်နေ
12 October 2021

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ရပ်ကွက် ၁ မန့်မိုင်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူ သတ်မှတ် ထားတဲ့ နယ်ခြားစည်းမျဉ်းထက် ၁၀ ပေကျော်လွန်ကာ တရုတ်ဘက်က ရေလယ်မှာ ကျောက်ချလမ်းဖောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တရားဝင်သတ်မှတ်ထားတဲ့နေရာထက် ကျော်လွန်ပြီး တရုတ် ဘက်က လမ်းတွေ လုပ်နေတယ်။ ရေလယ် ကျောက်ချပြီး လမ်းလုပ်နေတယ်။ ချောင်းထဲ ၁၅ ပေလောက်ဝင်လာတယ်။ အရင်က ချောင်း ပေ ၂၀ လောက်ရှိတယ်။ ပန်ဆိုင်း မြို့ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ။ ဒီ ချောင်းအလယ်ထိ ရောက်နေတယ် သူတို့ ကျောက်တွေ။ အစကတော့ ချောင်းက အုတ်တံတိုင်းထိ ကျယ်တယ်။ ပတ် ကင်းလမ်းဖောက်တာနေမယ်။ မုံးကိုးထိ ကာမလားမသိဘူး။ ရေကြီးလာလို့ လယ်ဘက် တိုက်စားလာလို့ ဝါးရုံနား စည်းရိုးလာလုပ်ရင်တောင်မှ သူတို့ သေနတ်နဲ့ ရောက် လာတယ်။” လို့ ဒေသခံ တစ်ဦးက အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပြောပါတယ်။

နှစ်နိုင်ငံ နယ်ခြားစည်းမျဉ်းရဲ့ ၁၀ မီတာ အကွာအတွင်း ဘာမှ မလုပ်ရဘူးလို့ သတ်မှတ်ချက်ရှိထားပေမယ့် တရုတ်ဘက်က ချိုးဖောက်ပြီး မြန်မာဘက်ခြမ်း ၁၀ မီတာအတွင်းချောင်းအလယ်ထိ ကျောက်၊ မြေ ဖို့ကာ နယ်ခြားစည်းမျဉ်းတလျောက် တံတိုင်းကာတဲ့အပြင် ကင်းပတ်လမ်းပါ မြန်မာဘက်ခြမ်းအထိ ဖောက်လုပ်နေတာဖြစ်ပါတယ်။ တရုတ်ဘက်က အဲဒီလိုလုပ် ဆောင်နေတာကြောင့် မြန်မာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။

“သူတို့ ဒီချောင်းမှာ ဒီလိုလုပ်လာလို့ ပန်ဆိုင်းဘက်ခြမ်းက လယ်တွေထဲ ရေတွေ ရောက်ကုန်တယ်။ မိုးရွာရင် ပိုဆိုးမှာ။ ချောင်း က ဒီ မြန်မာဘက်ခြမ်း ရောက်သွားမှာ။ လယ်တော အလယ်လောက် ရောက်သွားလိမ့်မယ်။ အခုတောင် ချောင်းက မြန်မာနိုင်ငံ ဘက်ခြမ်းလှည့်လာပြီ။ သူတို့လုပ်တဲ့ ပုံစံက။ ဒီနေရာက ပန်ဆိုင်း ရပ်ကွက် ၁ မှာပါတယ်။ အရင်တုန်းက မန့်မိုင်ရပ် လို့ခေါ် တယ်။ တကယ်ဆိုရင် သူတို့ ဒီ ချောင်းထဲကို အဲလို လုပ်လို့မရဘူး။ ၁၀ ပေကျော်တောင် ဝင်လာတယ်။ ညရော နေ့ည မနား မနေလုပ်နေတယ်။ ၁၀ မီတာအတွင်းမှာ ဘာမှ လုပ်လို့ မရဘူးဆိုပေမယ့် သူတို့က ၁၀ မီတာ အထဲ ရောက်နေပြီ။ နဂို နေရာက သံပုရာပင် စိုက်ထားတဲ့နေရာထိရောက်တယ် ချောင်းက။” လို့ လယ်ပိုင်ရှင် ၁ ဦးက ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ဆန်း ပိုင်းကစတင်ပြီး တရုတ်ဘက်က အဲဒီလိုလုပ်ဆောင်နေမှုကို မြန်မာဘက်က တာဝန်ရှိသူတွေ သွားရောက်ညှိနှိုင်းခဲ့စဉ်မှာ ခေတ္တ ရပ်နားထားခဲ့ပေမယ့် အခုအပတ်အတွင်းမှာပဲ ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။