• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                               (No. 53, July 22, 2022)

၁။ ကျောက်မဲမြို့ခံတစ်ဦးကို တအာင်းတပ်မတော်ရဲ့ အရာရှိတစ်ဦးက ပြန်ပေးဆွဲပြီး ငွေ သိန်းရာနဲ့ချီ လဲလှယ်ခဲ့ရ
July 21, 2022
ဇူလိုင်လ တတိယပတ်အတွင်း ကျောက်မဲ၊ နောင်ချိုတဝိုက် လှုပ်ရှားနေတဲ့ တအာင်းတပ်မတော် (TNLA)ရဲ့ အရာရှိ တစ်ဦးက ရှမ်းမြောက် ကျောက်မဲမြို့ခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေနဲ့လဲလှယ်ခိုင်းတာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။ ဖြစ်စဥ်ဟာ ကားအရောင်းအဝယ်ကိစ္စတစ်ခုမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇူလိုင် ၁၈ ရက်မှာ ကားဘော်ဒီရုံတစ်ခုက လူတစ်ဦးကို သေနတ်ချိန် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သိန်း(၁၅၀)နဲ့ လာရွေးခိုင်းခဲ့တာပဲ ဖြစ်ပါ တယ်။ ကျောက်မဲမြို့ခံတစ်ဦးက “ကျနော်တို့ ကြားတာကတော့ TNLA ဗိုလ်ကြီးတစ်ဦးက အဲဒီကားဘော်ဒီဆိုင်မှာ သူ့ကား ကို (၅၅)သိန်းနဲ့ ရောင်းခိုင်းတာတဲ့။ အဲဒီကားဘော်ဒီရုံကလည်း ကားအင်ဂျင်က မကောင်းလို့ အင်ဂျင်ပြင်တဲ့ဆိုင် ပို့ရမယ်ပြောလိုက် တယ်။ ကားစျေးကလည်း (၅၅)သိန်း မရနိုင်ဘူးပေါ့။ အဲဒါကို TNLA ဗိုလ်ကြီးက ခဏလိုက်ခဲ့ဆိုပြီး ကားပေါ် သေနတ်ချိန်ပြီး ခေါ်သွားတာ။ ပြီးမှ ဖုန်းဆက်လာပြီး သိန်း (၁၅၀)နဲ့ လာရွေးခိုင်းတယ်။ သိန်း (၇၀)က ကားဖိုး။ သိန်း (၃၀)က အခွန်တဲ့။ ကျန်တဲ့ သိန်း (၅၀)ကတော့ ဒဏ်ငွေ ရိုက်တာတဲ့” လို့ ပြောပါတယ်။

အဲဒီပြန်ပေးဆွဲမှုနဲ့ ပတ်သက်ပြီး ကားဘော်ဒီဆိုင်က ကြောက်လန့်ပြီး မနေ့ ဇူလိုင် ၂၀ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွား ခံရသူကို ငွေနဲ့ ရွေးယူခဲ့ရတယ်လို့ ဆိုပါတယ်။ ပြန်ပေးဆွဲခံရတဲ့ ကားဘော်ဒီရုံကလူကို ရွှေဖီမြေက ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ကြောက်လန့်နေပြီး အသက်အန္တရာယ် စိုးရိမ်တဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီဖြစ်စဥ်အပြင် လွန်ခဲ့တဲ့လတွေမှာ ဝပ်ရှော့လ်ဆိုင်တစ်ခုကနေ TNLA တပ်မှ အရာရှိတစ်ဦး သိန်း (၉၀)နဲ့ ပြန်လည်ပေးဆွဲခဲ့တဲ့ဖြစ်စဥ်တစ်ခု ရှိခဲ့ဖူးတယ်လို့ ကျောက်မဲမြို့ခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ TNLA ဘက်ကို ရွှေဖီမြေက ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ စစ်တပ် အာဏာသိမ်းပြီးနောက် ပေါများလာတဲ့ သူခိုး၊ ဓားပြတွေကို ကြောက်လန့်နေရသလို လက်နက်ကိုင်ပေါင်းစုံကိုလည်း မြို့ခံတွေက ကြောက်လန့်နေကြရပါတယ်။

၂။ ရခိုင်တွင် လတ်တလောစစ်ရေးအခြေအနေများကြောင့် စစ်ဘေးရှောင်ဦးရေ ၁၄၀၀ ကျော်ထပ်တိုးလာ
July 21, 2022
ရခိုင်ပြည်နယ်တွင် ယခု ဇူလိုင်လအတွင်းမှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် AA တို့ကြား စစ်ရေးအခြေအနေ ပိုမိုတင်းမာမှုရှိလာနေရာ ဒေသတွင်း စစ်ဘေးရှောင်ဦးရေများ တိုးလာနေကြောင်း သိရသည်။ ထပ်တိုးလာနေသည့် စစ်ဘေး ရှောင်များမှာ ရသေ့တောင်မြို့နယ်မှဖြစ်ပြီး အရေအတွက်အနေဖြင့် အိမ်ထောင်စု ၃၈၆ စုနှင့် ကျားမပေါင်း လူဦးရေ ၁၄၂၈ ဦးခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ စာရင်းအချက်အလက်များအရ တွေ့ရသည်။ အဆိုပါ စစ်ဘေးရှောင်လာကြသည့် ကျေးရွာများမှာ ရသေ့တောင်မြို့နယ်မှ ထွန်းရဝေ၊ ပြင်ခေါင်၊ အလယ်ရွာချေ၊ ပြားချောင်းကြီး၊ အဝဒါ စသည့် ကျေးရွာတို့မှဖြစ်ကြသည်။ လက်ရှိတွင် အဆိုပါစစ်ရှောင်များမှာ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြရပြီး ထောက်ပံ့ပေးနိုင်မှုမရှိသေးဟု REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း ကပြောသည်။ “လတ်တလောအခြေအနေအရ ရှောင်လာ ကြတာဆိုတော့ ရှိရင်းစွဲစစ်ဘေးရှောင်အရေအတွက်မှာ ထည့်ပေါင်းဖို့ကိုလည်း ထပ်ဖြစ်လာမယ့် အခြေအနေတွေပေါ်မှာမူ တည်နေတယ်။ အခုကတော့ သူတို့တွေက နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေကြတယ်။ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာ မဆန့် လို့ အိမ်တွေမှာနေကြတယ်။ ထောက်ပံ့မှုလည်းမရှိသေးဘူး။ ရွာကအိမ်တွေမှာပဲ တစ်အိမ်ကို ၅ ယောက်ကျလောက် ထမင်း ကျွေးနေရတယ်” ဟုပြောသည်။

ရသေ့တောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖက်မှ မြို့တွင်မြို့ပြင် စစ်ရေးလှုပ်ရှားမှုတို့ များပြား နေပြီး ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့တွင်ပင် စစ်ဘေးရှောင်များခိုလှုံနေသည့် ပြည်လုံချမ်းသာ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲ နေရာယူမှုကြောင့် စစ်ရှောင်များထွက်ပြေးတိမ်ရှောင်နေကြရသည်။ ရသေ့တောင်မြို့နယ် ပြားချောင်းကြီးကျေးရွာမှ ဒေသခံ တစ်ဦးက လက်ရှိတင်းမာနေသည့် အခြေအနေတစ်ချို့ကြောင့် မြို့တွင်းတွင်လည် လုံခြုံမှုမရှိသေးသည့်အတွက် အနီးအနား ကျေးရွာများသို့ တိမ်းရှောင်လျှက်ရှိကြသည်ဟု ပြောသည်။ “တော်တော်များများကတော့ ရှောင်နေကြပါတယ်။ ခုအခြေအနေ က ပြောလို့တော့မရဘူးလေ။ ရှောင်နေကြတာတော့ စစ်ဖြစ်နိုင်တဲ့နေရာတွေနဲ့ ဝေးတဲ့ နီးစပ်ရာကျေးရွာတွေကို ရှောင်နေ ကြတယ်။ မြို့ထဲရောက်သွားကြတာလည်းရှိတယ်။ ဒါပေမယ့် မြို့ထဲသွားရင်လည်း ထွက်ပေါက်ကမရှိတော့ဘူး။ ဘူသီးတောင် ဖက်ကို အရင်ကတည်းကပိတ်ထားပြီးသား ထွက်ပေါက်တစ်ပေါက်ရှိတဲ့ ပြည်လုံးချမ်းသာဖက်ကိုလည်း သူတို့ပိတ်လိုက်ပြီ” ဟု ပြောသည်။ ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ မှ ၂၀၂၀ အထိဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ရှောင်ဦးရေ ၂ သိန်းကျော်အထိရှိခဲ့ပြီး ၁ နှစ်ကျော်ကြာ တည်ငြိမ်နေသည့်အချိန်တွင် နေရပ်ပြန်သူများလည်းရှိခဲ့ကာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေး ရှောင်ဦးရေ ၆ သောင်းကျော်ခန့်ကျန်ရှိနေသေးသည်။

၃။ မိုးမိတ်မှာ စစ်ကောင်စီနဲ့ KIA, PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
July 22, 2022
ရှမ်းမြောက် မိုးမိတ်မြို့အနီးရှိ သရက်ချိုကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော် (KIA), PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ မနေ့မနက် ၁၀ နာရီဝန်းကျင်ကတည်းက စတင်ပြီးတော့ နှစ်ဖက်တပ် တိုက်ပွဲ ဖြစ်ပွားကြပြီး နေ့လယ် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လယ်ကွက်ထဲရှိနေတဲ့ သားအမိ ၂ ဦးကို ထိမှန်ခဲ့ပါတယ်။ အမည်မဖော်လိုသူ မြို့ခံ တစ်ဦးက “ည (ဇူလိုင် ၂၀ ရက်)ကတည်းက လက်နက်ကြီးပတ်ခတ်သံတွေ ကြားနေရတယ်။ သဲနီကျေးရွာဘက်မှာ အသံတွေ ကြားနေရတယ်။ မနက်ပိုင်းလည်း အဲဒီကျေးရွာဘက် လက်နက်ကြီးသံတွေ ကြားနေတယ်။ အဲဒီကျေးရွာက မြို့နဲ့မဝေးတော့ မီးခိုးငွေ့တွေ တက်နေတာ မြင်နေရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း သရက်ချိုကျေးရွာအနီးရှိ လယ်ကွင်းရဲ့ တဲထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သားအမိ ၂ ဦး ထိခိုက်ခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ “ဒီနေ့ (ဇူလိုင် ၂၁ ရက်)ညနေပိုင်းမှာလည်း သရက်ချိုဘက်မှာ စစ်တပ်ဘက်က လက်နက်ကြီး ပစ်သွားပြီး သရက်ချိုရွာအနီးက လယ်ကွင်း တဲထဲမှာ ရှိနေတဲ့သားအမိနှစ်ဦး ထိသွားတယ်။ ကလေးက အဲမှာပဲ ပွဲချင်းပြီးသေသွားတာ။ သူ့အမေကတော့ လက် မှာ ထိသွားတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ ထိခိုက်တဲ့ သားအမိ ၂ ဦးရဲ့ နောက်ဆက်တွဲသတင်းတွေကို ရွှေဖီမြေ အနေ နဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။ မိုးမိတ်မှာ ဇူလိုင်လ ပထမအပတ်ကတည်းက ရှမ်းပြည်တပ်မတော် (SSPP/SSA)နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီးနောက် KIA, PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ကြပါ တယ်။ မိုးမိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်၊ SSPP, KIA, PDF အပြင် တအာင်းတပ်မတော် (TNLA)တို့လည်း သွားလာ လှုပ်ရှားတဲ့နယ်မြေတစ်ခု ဖြစ်ပါတယ်။

၄။ ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးသည်ဟုဆို
July 22, 2022
ဖယ်ခုံမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၃ နာရီခွဲခန့်က ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကရင်နီအမျိုးသား များကာကွယ်ရေးတပ်ရင်း ၃ နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။ လဟယ်ကျေးရွာအနီး လွယ်မကူတောင်တွင် တပ်စွဲထားသည်မှာ နှစ်လခန့်ရှိပြီဖြစ်သော စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။ “သူတို့ခြေကုပ်ယူထားတာ တောင်ကို သွားတိုက်တာ။ ကျွန်တော်တို့က ပြောက်ကျား သွားလုပ် တာ အနီးကပ် တက်ပစ်တာ။ စစ်ကောင်စီဘက်ကတော့ ကိုးဦးကျတယ်” ဟုသူကပြောသည်။

တစ်နာရီခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ် ခဲ့သဖြင့် နားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သူကပြောသည်။ ဖယ်ခုံမြို့နယ် တွင် ရက်ရှည်ကြာ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် လက်နက်ခဲယမ်း အခက်အခဲရှိလာ သောကြောင့် ကူညီကြရန်သူကဆက်ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် လွန်ခဲ့သည့် ဇူလိုင် ၄ ရက်နေ့ ကလည်း ကရင်နီ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်ထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံး များခဲ့သည်။

၅။ တပ်စခန်း ၃ ခု ဆုတ်ခွာပေးရန် မဖြစ်နိုင်ကြောင်း စစ်ကောင်စီထံ SSPP အကြောင်းပြန်
July 22, 2022
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ တပ်စခန်း ၃ ခု ဆုတ်ခွာပေးရန် မဖြစ်နိုင်ကြောင်း စစ်ကောင်စီထံ ဇူလိုင် ၂၀ ရက်နေ့ အကြောင်းပြန်လိုက်ကြောင်း SSPP ထံမှ သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးနယ် အတွင်းရှိ စစ်ကောင်စီ ဆုတ်ခွာခိုင်းသည့် SSPP ၏ တပ်စခန်း ၃ ခုမှ မဆုတ်ပေးနိုင်ကြောင်း အကြောင်းပြန်လိုက်ခြင်းဖြစ်ပြီး လက်ရှိ မိုင်းရှူးမြို့နယ် ဘက်တွင် စစ်ရေးတင်းမာမှု မရှိသေးကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဖုန်းဟန် က မဲခေါင်သတင်းသို့ ပြောသည်။ “စစ်ရေးတင်းမာမှု မရှိဘူး ဆိုပေမယ့်လည်း ပြောလို့တော့ မရဘူးပေါ့။ စစ်ရဲ့ သဘောကတော့ ပေါ်ပေါ်တင်တင် လုပ်တာ မရှိဘူး။ စာပြန်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့က (စစ်‌ကောင်စီ) ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ကျနော်တို့ ညှိနှိုင်းမှု လုပ်မယ်ဆိုပြီး ကြားခံ တစ်ယောက်နဲ့ ပြောလာတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ဆုတ်ခွာခိုင်းသည့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်စခန်း ၃ ခုမှာ လွိုင်နိုင်း လမ်းခွဲ အဝင်အနီး ခန့်မှန်း မြေပုံညွှန်း (ME-၃၇၀၃၁၇) ရှိစခန်း၊ မန်ဝိန်းကျေးရွာ အနီး ခန့်မှန်းမြေပုံညွှန်း (ME-၄၀၃၃၃၁) စခန်း၊ မန်ဝိန်း ကျေးရွာအနီး ခန့်မှန်း မြေပုံညွှန်း (ME-၄၁၉၃၃၆) စခန်းတို့ဖြစ်ကြောင်း သိရသည်။ တပ်စခန်းများ ဆုတ်ခွာရန် ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က မိုင်းနောင်မြို့၌ စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေး ကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ တွေ့ဆုံစဉ် စစ်ကာင်စီဘက်က ထပ်မံတောင်းဆိုခဲ့ခြင်းဖြစ် သည်။ ယင်းတပ်စခန်းများသည် “ဝ” တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေနှင့် ထိစပ်နေပြီး SSPP-SSA တပ်က ၂၀၁၁ ခုနှစ် ကတည်းက စစ်တပ်ထံမှ သိမ်းယူ အခြေပြုခဲ့သည့် တပ်စခန်းများဖြစ်ကြောင်း တပ်စခန်းများ ပြန်ဆုတ်ခွာရန် စစ်ကောင်စီက အကြိမ်ကြိမ် တောင်းဆိုနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် တစ်ကြိမ်၊ ၃၀ ရက်တွင် တစ်ကြိမ်၊ ဇူလိုင် ၇ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် စာပေးပို့ခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်တပ်မတော် (SSA) ကို မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ်နန်းဟိန်းခမ်း က ၁၉၆၄ ဧပြီ ၂၄ တွင် တည်ထောင်ခဲ့ပြီး ၁၉၇၁ တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို ဖွဲ့စည်းခဲ့သည်။

၆။ မော်လမြိုင်တွင် စာသင်ကျောင်းအုတ်တံတိုင်း ပြိုကျပြီး ၅ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
22 July, 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်မှာ အမှတ်(၅) အထက်တန်းကျောင်း အုတ်တံတိုင်းပြိုကျတာကြောင့် လူ ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီကျောင်း အုတ်တံတိုင်းဟာ ဇူလိုင် ၂၂ ရက် မနက် ၉ နာရီလောက်မှာ စာသင်ကျောင်းဘေးက ဈေးဆိုင်တန်းတွေအပေါ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။ အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှု ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အုတ်တံတိုင်းပြိုကျမှုကြောင့် သေဆုံးသွားတဲ့သူတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့သူကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားပြီး လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးစီးသွားပြီးလို့ ဆိုပါတယ်။ အထက(၅) စာသင်ကျောင်း အုတ်တံတိုင်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီး ဖြစ်သလို မော်လမြိုင်မှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် မြေနူးပြီး ပြိုကျခဲ့တာ ဖြစ်ပါ တယ်။ အုတ်တံတိုင်းပြိုကျခဲ့တဲ့ နေရာကိုတော့ လတ်တလောမှာ အသွားအလာ ကန့်သတ်ထားပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။ http://burmese.dvb.no/archives/544632

၇။ အောင်မြင်သာကျေးရွာအဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မီးရှို့ဖျက်ဆီးခံရ
July 21, 2022
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေး ရေးဂိတ်တစ်ခု ယမန်နေ့ ည ၉ နာရီ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ မြစ်ကြီးနားမြို့နယ် အောင်မြင်သာကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်သားနှင့်ရဲများ တပ်စွဲနေထိုင်သည့် စစ်ဆေးရေးဂိတ်မီးရှို့ခံလိုက်ရခြင်းဖြစ်ပြီး PDF မြို့ပြပြောက်ကျား တပ်ဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးလိုက်ကြောင်း အောင်မြင်သာ ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ “အကုန်လောင်သွား တယ် ဖြစ်တာက ၉ နာရီနဲ့ ၁၀ နာရီကြားမှာဖြစ်မယ်။ အဲ့ဒီဂိတ်က အပေါ်တင်မစောင့်တာတော့ကြာပြီ။ ဒါပေမယ့် တစ်ခါ တစ်လေ နှစ်ယောက် သုံးယောက်လာပြီးစောင့်တာတော့ရှိတယ်။ အပေါ်တင်ကြီးစောင့်ပြီး အခွန်မကောက်တာတော့ကြာပြီ။ တစ်ခါတစ်လေ ကောက်တာတော့ရှိတယ်”ဟုပြောဆိုသည်။

မီးရှို့ဖျက်ဆီးခံရသည့် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် ရဲတို့ပူးပေါင်းကာ မြစ်ကြီးနားနှင့်ပူတာအို အတက်/ အဆင်း ကုန်တင်ကားနှင့်ခရီးသည်များထံမှ ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အထိကောက်ခံမှု ပုံမှန်ပြုလုပ်လျက်ရှိနေကြောင်း သိရ သည်။ အဆိုပါ စစ်ဆေးရေး ဂိတ်ကို သွပ်မိုး၊ ထရံဖြင့် ဆောက်လုပ်ထားသည့် ဂိတ်ဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုတွင် ဂိတ်နှင့်ပူးတွဲ ဖွင့်လှစ်ထားသော ကွမ်းယာ ဆိုင်လည်း မီးထဲပါသွားကြောင်း သိရသည်။ မီးရှို့ဖျက်ဆီးသွားသည့် နေရာသို့ ယနေ့နံနက်ပိုင်း အုပ်ကွက်တာဝန်ရှိသူများက သွားရောက်ကြည့်ရှူခဲ့ပြီး ရဲနဲ့ စစ်သားများက လာရောက်ခြင်းမရှိသေးကြောင်းနှင့် လက်ရှိတွင် ပုံမှန်အတိုင်းသွားလာခွင့်ရှိနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ https://burmese.kachinnews.com/2022/07/2 1/july21-az1/

၈။ လမ်းဖောက်ရန် ဖျက်ဆီးခံရသည့်သီးနှံများအတွက် တောင်သူများ နှစ်နာကြေး ပြန်လည်ရရှိလို
July 21, 2022
တောင်ကြီးမြို့နယ် နမ်းဆီးကျေးရွာအုပ်စု လဲင်းငေါက်ရွာ၊ နောင်ချိုရွာနှင့် နောင်ကာကယ် ကျေးရွာရှိခြံများအား ကုမ္ပဏီက လမ်းဖောက်ရန် ဖျက်ဆီးလိုက်သည့် ရာသီသီးနှံများနှင့် နှစ်ရှည်ပင်များအတွက် နှစ်နာကြေး ပြန်လည်ရရှိလိုကြောင်း သိရသည်။ ပင်းပက်သံမဏိ စက်ရုံမှ နောင်ကားကျေးရွာထိ လမ်းဖောက်လုပ်သည်ဟု နမ်းဆီးကျေးရွာ အုပ်ချုပ်ရေးမှူး က ဆိုထားသော်လည်း ဒေသခံက ရထားလမ်းဖောက်သွားမည်ဟု သိထားကြောင်းပြောဆိုကြသည်။ “နစ်နာကြေး မရသေးတဲ့ တောင်သူတွေကို နစ်နာကြေးပြန်ရအောင်လို့ စာတင်ပေးသွားဖို့ ပြင်ဆင်နေပါတယ်” ဟု နမ်းဆီးအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း ကပြောသည်။ နစ်နာကြေးအတွက် ကုမ္ပဏီက ရာသီသီးနှံနှင့် နှစ်ရှည်ပင်သီးနှံဆိုပြီး နှစ်မျိုးခွဲပြီးပေးထားကြောင်း၊ ရာသီသီးနှံ အတွက် တစ်ဧက ၁၂ သိန်းခန့်ပေးပြီး နှစ်ရှည်ပင်ဖြစ်သည့် ထောပတ်၊ သနပ်ဖက်တို့အတွက် ဒဿမနှင့်တွက်ပေးပြီး ၁ ဒဿမ ကို ၈ သောင်း ၁ ထောင်ဈေးဖြတ်ပေးထားကြောင်း သိရသည်။

သီးနှံဖျက်ဆီးခံရသည့် တောင်သူ ၇၀ ဦးအတွက် နစ်နာကြေးပေးထားသော်လည်း ၁၇ ဦးအတွက်နစ်နာကြေး မရသေး ကြောင်းသိရသည်။ “ပြောင်းမျိုးစေ့တို့ မြေဩဇာဈေးတွေကကြီးတော့ တစ်ဧကကို စိုက်ပျိုးစရိတ်က သူတို့ပေးတာထက်ပိုကုန် ထားတယ် မကိုက်ဘူးပေါ့ ဒါမဲ့သူများကိုမနိုင်တော့ အကုန်လုံးရူံးတာထက် ရသလောက်တော့ ပြန်လိုချင်တယ် နစ်နာကြေး မပေးဘူးဆိုရင် ကျွန်တော်တို့အတွက် အခက်ခဲရှိစေတယ်”ဟု လျှော်ကြေးမရသည့်တောင်သူတစ်ဦးကပြောသည်။ လမ်းဖောက်လုပ်ခြက်းသည် ဘယ်စီမံကိန်း၊ ဘယ်ခွင့်ပြုချက် စသဖြင့် ဒေသခံများ တိတိကျကျမသိရဘဲ ကုမ္ပဏီကလုပ်သည်ဟု သာသိရပြီး ဖောက်လုပ်နေခြက်းဖြစ်ကြောင်းသိရသည်။ လမ်းဖောက်ရာတွင်လည်း ဒေသခံနှင့်ညှိနိုင်းခြင်း၊ အသိပေးခြင်းများမရှိသလို သူတို့ အစီအစဥ်းနှင့် လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံပြောပြချက်အရသိရသည်။ တစ်ချို့တောင်သူများက ငွေတိုးယူပြီး စိုက်ပျိုးထားသည့်အတွက်ဖျက်ဆီးခံရသည့်သီးနှံများ လျှော်ကြေးမပေးလျှင်အကြွေးပြန်ဆပ်ရန်အခက်အခဲရှိကြောင် သိရသည်။

၉။ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက ဘတ်ဂျက်ချမှတ်တဲ့ လုပ်ငန်းများကို မည်သည့် ကုမ္ပဏီ/ အဖွဲ့အစည်းကိုမှ ဆောင်ရွက်ခွင့်ပြုမည်မဟုတ်တဲ့အကြောင်းထုတ်ပြန်
July 21, 2022
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ကြေညာချက်မှာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွင်တဲ့သဘော သက်ရောက် ခြင်း၊ လုံခြုံရေးအမြင်အရ စစ်ကောင်စီက ကျေးရွာများအထိ လျှို့ဝှက်စိမ့်ဝင်လာနိုင်ခြေရှိခြင်းတို့ကို ပြန်လည်စိစစ် သုံးသပ်ရတဲ့ အတွက် စစ်ကောင်စီက ဘတ်ဂျက်ချမှတ်တဲ့ လုပ်ငန်းများကို မည်သည့် ကုမ္ပဏီ/ အဖွဲ့အစည်းကိုမှ ဆောင်ရွက်ခွင့်ပြုမည် မဟုတ်တဲ့အကြောင်းကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မင်းတပ်မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင် ရွက်ဖို့ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ပြုရေး/မပြုရေးအတွက် CDF-Mindat နဲ့ဆွေးနွေးညှိနှိုင်းပြီး အများပြည်သူအကျိုးကိုထောက်ရူလို့ တင်ဒါအောင်တဲ့ ဒေသခံ ကုမ္ပဏီတွေကို ဆောင်ရွက်ခွင့်ပြုရန် သဘောတူညီခဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၈ ရက်စွဲနဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ တင်ဒါ အောင်တဲ့ ကုမ္ပဏီတွေရဲ့လုပ်ဆောင်ချက်များ စံချိန်စံညွှန်းသတ်မှတ်ချက်များ ပြည့်မှီခြင်းရှိမရှိကို စိစစ်စစ်ဆေးသွားမယ်လို့ ဇူလိုင် ၁၈ ရက်ထုတ်ပြန်ချက်မှာပါရှိပါတယ်။

၁၀။ ကော်သူးလေတပ်မတော်အသစ်ဖွဲ့စည်းလိုက်သူ စောနယ်ဒါးမြကို KNU အဖွဲ့မှ ထုတ်ပယ်
July 21, 2022
ကော်သူးလေတပ်မတော် (Kaw Thoo Lei Army) ကို အသစ်ဖွဲ့စည်း တည်ထောင်လိုက်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ကို ကရင်အမျိုးသားအစည်းအရုံး-KNU မှ ထုတ်ပယ်ကြောင်း KNU ဗဟိုမှ ဇူလိုင်လ ၂၀ရက် ယမန်နေ့ညက ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအသစ်ကို တည်ထောင်လိုက်ခြင်းနှင့်ပတ်သက်ပြီး ယမန်နေ့က ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူလိုက်ကာ ၎င်းကို အဖွဲ့အစည်းမှ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ၎င်း၏လုပ်ရပ်များသည် KNU နှင့် မသက်ဆိုင်ပါကြောင်း အသိပေးထားသည်။ ထို့အပြင် ကော်သူးလေတပ်မတော်ဖွဲ့စည်းရေးသည် KNU, KNLA နှင့် ပတ်သက်ခြင်းမရှိပါကြောင်းကို နိုင်ငံတကာ အစိုးရများ နှင့် အဖွဲ့အစည်းများ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်တွင်းပြည်ပ ပြည်သူလူထုနှင့် တော်လှန် ရေးအဖွဲ့အစည်း အသီးသီးသို့ လေးစားစွာ အသိပေးအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကေအဲန်ယူခေါင်းဆောင် တချို့ သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ပူးပေါင်း လုပ်ဆောင်မှုများ ရှိနေ သေးသည့်အပေါ် ၎င်းတို့ လက်အောက် တွင် စစ်အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်း တိုက်ခိုက်ရန် ခက်ခဲလာကြောင်း အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နေ့က ကော်သူးလေတပ်မတော် (Kaw Thoo Lei Army)ကို ဖွဲ့စည်း ကြောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်ခြင်းအပေါ် KNU ဗဟိုဘက်မှ ၎င်းကို အဖွဲ့အ စည်းမှ ထုတ်ပယ်လိုက်ပြီး ယခုလို ပြန်လည်ရှင်းလင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

KNU အဖွဲ့အစည်းမှ ထုတ်ပယ်ခံလိုက်ရသည့် စောနယ်ဒါးမြသည် ယခင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ် အဖွဲ့အစည်း၏ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်တစ်ဦးအနေဖြင့် လိုက်နာရန် ပျက်ကွက်ခဲ့မှုများရှိခဲ့ပြီး ကေအဲန်ယူမှအကြိမ်ကြိမ် ပြန်လည် ဦးဆောင် တည့်မတ် ပေးခဲ့ရကြောင်းလည်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆက်လက်ပြီး ၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ကေအဲန်ယူ တပ်မဟာ (၇)၏ ခွဲထွက်မှုနှင့် ၎င်းမှတဆင့် KNU/KNLA-PC ဖွဲ့စည်းတည်ထောင်မှုတွင် အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ပါဝင်ထုတ်ပြန်ကြေညာခံခဲ့ရပြီး ထိုသို့ပါဝင်မှုနှင့်ပတ်သက် ၍လည်း ၎င်းအနေဖြင့် တရားဝင်ပြန်လည်ရှင်းလင်း ထုတ်ပြန် ခြင်းမျိုး ပျက်ကွက်ခဲ့သလို KNDO ဦးစီးချုပ်အနေဖြင့် ကေအဲန်ယူကာကွယ်ရေးဌာနနှင့် KNLA တပ်မှူးများ၏ စည်းမျဉ်း စည်းကမ်းများ ဆုံးဖြတ်ချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း၊ နိုင်ငံခြားသို့ အဖွဲ့ဝင်ရာထူးများပေးအပ်ခြင်း ငွေကြေးကောက် ခံမှုများ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။ (Kaw Thoo Lei Army) အဖွဲ့အစည်းသစ် တည်ထောင်ခြင်းနှင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းကိစ္စရပ်များအပေါ် ကရင်လူထုအကြား ဝေဖန် မှုအမျိုးမျိုး ထွက်ပေါ်ခဲ့သလို ကရင်လူမျိုးအကြား အကွဲအပြဲ ပြဿနာထပ်မံ ဖြစ်ပေါ်လာခြင်းအပေါ် စိုးရိမ်မှုများလည်း မြှင့်တက်လျက်ရှိသည်။ https://kicnews.org/2022/07/%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80

၁၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တို့ တွေ့ဆုံ
July 21, 2022
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တို့အကြား ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၂၀ ရက် ညနေ ညနေပိုင်းက ပြုလုပ်ခဲ့ ကြောင်း သိရသည်။ အစည်းအဝေးတွင် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ယခင်အစည်းအဝေးတွင် ချမှတ်ခဲ့သော လုပ်ငန်းစဉ်များ၏ ပြီးမြောက်မှု အခြေ အနေများ၊ အမေ့ထီးရန်ပုံငွေမှ ရရှိငွေများကို ခွဲဝေနိုင်ရေး၊ ပြည်နယ်များနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင်ကို လျှင်မြန်စွာ‌ရောက်ရှိနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အလားတူ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) တာဝန်ရှိသူတစ်ဦးက တော်လှန်ရေးတစ်နှစ်ကျော်ကာလ အခြေနေများကို ပြန်လည်သုံးသပ်ပြီး စစ်ရေး၊ နိုင်ငံရေး ဆုံးရှုံးမှုနည်းပါးစေရန် အစီအမံများရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း၊ ကြားကာလ ဗဟိုကော်မတီနှင့် ပူးပေါင်းလက်တွဲကာ စစ်အာဏာရှင်ကို အပြတ်ချေမှုန်းသွားမဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့သည်။

ထို့နောက် ပထမအကြိမ်အစည်းအဝေးမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေမှု အခြေ အနေ၊ နှစ်ဘက် သက်ဆိုင်ရာဌာနများအလိုက် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေ၊ လူသားချင်းစာနာ အကူအညီ ပေးနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးကဏ္ဍများ၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးနိုင်ရေး၊ နှစ်ဘက်တာဝန်ရှိသူများကြား ဆက်သွယ်မှုပိုမိုအား ကောင်းခိုင်မာရေး စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြပြီး သဘောတူဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၂။ AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ပုဒ်မနှင့် ကျောက်ဖြူဒေသခံ ၉ ဦးကို ထောင်ဒဏ် ၃ နှစ်စီချမှတ်
July 21, 2022
ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ အကြမ်းဖက်ဥပဒေဖြင့် တရား ရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံ ၉ ဦးကို ယနေ့ ဇူလိုင် ၂၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်လိုက် ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။ အဆိုပါ ၉ ဦးလုံးမှာ ကျောက်ဖြူမြို့နယ် အလယ်ချောင်း နှင့် ဇင်ချောင်းကျေးရွာတို့မှဖြစ်ပြီး အကြမ်းဖက်ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆို ထောင်ချခံရခြင်းဖြစ်သည်ဟု ရှေ့နေ ဦးကျော်သူရ က ပြောသည်။ “ဒီကနေ့ အမိန့်ချတယ်။ ၈ ယောက်တစ်မှု၊ ၁ ယောက်တစ်မှု။ အကုန်လုံးကတော့ ၅၂(က) နဲ့ ထောင် ၃ နှစ်စီပါ။ ချုပ်အရက်ခံစားခွင့်ရတယ်” ဟုပြောသည်။ ရခိုင်တွင် AA နှင့်ဆက်စပ်မှုဖြင့် အကြမ်းဖက်ဖြင့် တရားစွဲဆို ခံထားရသူများ မြို့နယ်အကျည်းထောင်အသီးသီးတွင် ရှိနေသေးပြီး ဇူလိုင် ၂၀ ရက်ကလည်း အိုင်ဒင်ကျေးရွာသား ၂ ဦးကို အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

၁၃။ အယူခံတင်ထားသည့် ပလက်ဝဒေသခံကို ထောင်ဒဏ်တစ်နှစ်လျှော့
July 20, 2022
နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်ကို (ဇူလိုင်လ ၂၀ ရက်)က ချင်းပြည်နယ်၊ မတူပီခရိုင်တရားရုံးမှ ထောင်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးလိုက် သည်ဟု သိရသည်။ ပလက်ဝရှိ စစ်တပ်စခန်းတစ်ခုတွင် အလံဖြူထောင်ထားသည်ဟု မီဒီယာတစ်ခုကိုပြောဆိုသည်ဟုဆိုကာ ၎င်းကို ထောင်ဒဏ်သုံးနှစ်ချမှတ်ထားသဖြင့် ယင်းအပေါ် ပြစ်ဒဏ်ချမှတ်ပေးရန် အယူခံတင်သွင်းထားရာတွင် ထိုသို့လျှော့ပေါ့ ပေးလိုက်ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောက်ရွက်သည့်ရှေ့နေ ဦးဝင်းအောင်ကပြောသည်။ “သူက အစကတည်းကနေ မြို့နယ်တရားရုံးက ထောင်သုံးနှစ် ချမှတ်ပြီးသား။ အဲဒါကို ကျနော်တို့က အယူခံတက်ပြီး အခုတစ်နှစ်လျော့ပေါ့သွားတာပါ”ဟု ရှေ့နေ ဦးဝင်းအောင်ကပြောသည်။

ယခုကဲ့သို့ တစ်နှစ်လျော့ပေါ့ခံရသည့်အပေါ် မိသားစုဝင်အနေဖြင့်ဝမ်းသာမိကြောင်း ကိုတင်ထွန်းအောင်၏ အစ်ကို ကိုမင်းအောင် ကပြောသည်။ “သုံးနှစ်မှာ တစ်နှစ်လျော့ပေါ့သွားတယ်ဆိုတော့ ၂ နှစ်ပဲကျပါတော့မယ်။ ကျနော်ညီကအဲ့လောက် လည်း အပြစ်မရှိတော့ တစ်နှစ်လျော့သွားတာကို ကျနော်တို့ မိသားစုအနေနဲ့ ဝမ်းသာရပါတယ်”ဟု သူကပြောသည်။ ကိုတင်ထွန်းအောင် မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ၎င်းကို ၅၀၅(က)ဖြင့် စစ်တပ်မှ ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါပုဒ်မဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်‌နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်၌ အကျဉ်းကျခံနေရသည်။

၁၄။ မူးယစ်ဆေးဝါးနယ်စပ်ဖြတ်ကျော် သယ်ယူရောင်းချခြင်းကိုအရေးယူမယ်လို့ CNO က သတိပေးထုတ်ပြန်
July 21, 2022
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် သူ/သားတို့ရဲ့ လူသားချင်းစာနာထောက်ထားမှုကို လက်ခံကြိုဆို နေရာပေးနေမှုအပေါ် အခွင့်ကောင်းယူ ကိုယ်ကျိုးရှာပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ နယ်စပ်ဖြတ်ကျော် သယ်ယူနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိထိရောက်ရောက်အရေးယူမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO ) က ဇူလိုင်လ (၂၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေတဲ့ ဆေးဝါးတွေကို သယ်ယူရောင်းချလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုးအမြောက်အများကို ယခုရက်ပိုင်း မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုများကို သတင်းများမှာ ရှက်ဆုပ်ဖွယ်တွေ့နေရကြောင်းနဲ့ သယ်ယူရောင်းချခြင်း မပြု လုပ်ရန်လည်း ချင်းအမျိုးသားအဖွဲ့ချုပ်က ဇူလိုင် ၂၀ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားပါတယ်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ချင်းပြည်သူ စစ်ဘေးရှောင်ရင်း ဝင်ရောက်ခိုလှုံနေကြတဲ့ အခြေအနေနဲ့ မီဇိုရမ်ပြည်နယ် သူ/သားတို့ရဲ့ လူသားချင်းစာနာထောက်ထားမှုကို လက်ခံကြိုဆို နေရာပေးနေမှုအပေါ် အခွင့်ကောင်းယူ ကိုယ်ကျိုးရှာသူတွေကို မီဇိုရမ်ပြည်နယ်ဘက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို သယ်ယူရောင်းချ ခြင်း လုပ်ဆောင်နေကြခြင်းကို CNO/ CNDF အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ မီဇိုရမ် ပြည်နယ်ဘက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေကို သယ်ယူရောင်းချခြင်း လုံးဝမပြုရန်နဲ့ လိုက်နာခြင်း မရှိပါက CNO/CNDF ကနေ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

၁၅။ ဆယ်ဇင်းတိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သားများကို ကား ၃ စီးဖြင့် သယ်ထုတ်
21 July 2022
ဖားကန့် ဆယ်ဇင်း တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက် ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့မွန်းလွဲပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် အိမ်စီးကား ၃ စီးဖြင့် သယ်ထုတ် သွားပြီဖြစ်ကြောင်း သိရသည်။ ဆယ်ဇင်း တိုက်ပွဲ ၄ ရက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်မှု၊ မြေပြင်တွင် စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုတို့ကြောင့် ဒေသခံများထံ ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် ပိတ်ဆို့ထားသည့် လမ်းကြောင်းကို ဖွင့်ပေးလိုက်ရသည်ဟု ရှေ့တန်း KIA သတင်းအရင်းမြစ်တစ်ဦးက KNG ကို ပြောဆိုသည်။ “လမ်းကြောင်း ဖွင့်ပေးလိုက်တာက ညနေပိုင်းမှာ ဟုတ်တယ်။ မြေပြင်မှာ စစ်ကြောင်းလည်း တအားထိုးလာတယ်။ နောက်ပြီး လေယာဉ်နဲ့လည်း အဆက်မပြတ်တိုက်တော့ ဒေသခံတွေ ထိခိုက်လာတာမျိုးဖြစ်လာနိုင်တယ်။ ရွာသားတွေကို ငဲ့ညှာတာလည်း ပါတယ်။ အဲ့ကြောင့် အထက်အမိန့်နဲ့ လမ်းတွေကို ဖွင့်ပေးလိုက်ရတယ်” ဟု ပြောဆိုသည်။

KIA မှ လမ်းကြောင်းဖွင့်ပေးလိုက်သည့် နောက်ပိုင်း စစ်ကောင်စီဘက်မှ အိမ်စီးကား ၃ စီးဖြင့် ဒဏ်ရာရ စစ်သား ၃၀ ဝန်းကျင်ခန့်ကို ၆ ကြိမ်ထက်မနည်း လာရောက်သယ်ထုတ်သွားပြီး ဆယ်ဇင်း စစ်ကောင်စီ ခလရ ၁၁၉ စခန်းသို့ သယ်ဆောင် သွားကြသည်ဟု ဆက်ဆိုသည်။ ယနေ့နံနက်ပိုင်း KIA အဖွဲ့မှ ထိုတိုက်ပွဲဖြစ်ပွားခဲ့သော နေရာသို့ စစ်ဆေးခဲ့ရာ စစ်ကောင်စီတပ် ၂၀ ဦးထက်မနည်းကို မြုပ်နှံထားသည့် နေရာများကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဆယ်ဇင်းတွင် ယနေ့ နေ့လည် ၁၂ နာရီဝန်း ကျင်အထိ စစ်ကောင်စီတပ် နှင့် KIA တို့ကြား စစ်ရေးတင်းမာမှု ရှိနေသေးသော်လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့ကြောင်း သိရ သည်။ “တိုက်ပွဲသံက ဒီနေ့တော့ မကြားရတော့ဘူး။ မနေ့ညနေအထိ ပစ်ကြတုန်းဟုတ်တယ်။ အခုက ရွာမှာ ဘယ်သူမှ မနေရဲ ကြတော့ ဘူး။ အားလုံးက တာမခန်ဘက်ကို ရှောင်နေကြဖို့ လုပ်နေတယ်။ ရွာထဲမှာလည်း ဗမာစစ်သားတွေ၊ ရှမ်းနီ စစ်သား တွေရှိတယ်။ ကျေးရွာ ၂ ခု စလုံး ဟုတ်တယ်” ဟု ပြောဆိုသည်။ လက်ရှိ ဆယ်ဇင်း နှင့် ချမ်းသာအေး ကျေးရွာတို့တွင် တပ်စွဲနေ ထိုင်နေသော စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၈ ရက်နေ့ စစ်ကိုင်းဘက် မှ စစ်ကူအဖြစ် တက်လာသော စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ပါ ရှမ်းနီ SNA တပ်သားများ နှင့် စစ်ကောင်စီတပ်သား တို့ဖြစ်ကြသည်။ https://burmese.kachinnews.com /2022/07/21/july21-yl1/

၁၆။ BGF ၏ ကမမောင်း-ကတိုင်တိ ရေလမ်းကြောင်း ပိတ်ထားမှုကြောင့် ဒေသခံများအလုပ်အကိုင်အခက်အခဲ ဖြစ်လာ မည်ကို စိုးရိမ်နေ
July 21, 2022
ကရင်ပြည်နယ်၊ ကမမောင်း-ကတိုင်တိ လမ်းတစ်လျှောက်ရှိ ရွာများ၏ ရေလမ်းကြောင်းကို ယမန်နေ့ဇူလိုင်လ (၂၀) ရက်နေ့မှ စပြီး နယ်ခြားစောင့်တပ်-BGFမှ အကန့်အသတ်မရှိပိတ်ပင်သွားမည်ဖြစ်သောကြောင့် ဒေသခံများအတွက် ကုန်စီး ဆင်းမှုနှောင့်နှေးပြီး ကုန်စည်တင်ပို့ရောင်းချခွင့်မရရှိတော့မည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ဆိုသည်။ အမှတ် (၁၀၁၄) နယ်ခြားစောင့်တပ်(BGF)၏ တပ်မှူး ဗိုလ်မှူး မောင်ချစ်ဆိုသူမှ လက်မှတ်ရေးထိုး အသိပေးထုတ်ပြန်ထားသည့် အဆိုပါစာတွင် ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့မှစ၍ ကမမောင်း-ကတိုင်တိ ကားလမ်းမှအပ ကျန်ရှိသောရေလမ်းနှင့် အခြားလမ်းများကို ပိတ်ပင် သွားမည်ဖြစ်ပြီး သာရေး၊ နာရေးများမှလွဲ၍ သွားလာခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ ကတိုင်တိဒေသခံ တစ်ဦးက “အခုလိုလှေဆိပ်ပိတ်လိုက်တော့အခက်အခဲကတော့အများကြီးပါပဲ။ သွင်းကုန်ပို့ကုန်တွေလည်း နှောင့်နှေးလာတယ်။ မီးသွေးတို့၊ ဒညင်းသီးတို့ကို ပို့ရတဲ့ကုန်တွေက လှေရဲ့ခံနိုင်ဝန်နဲ့သယ်ရတာမို့ ပို့ကုန်အားကျဆင်းလာတယ်။ ရွာထဲမှာလည်း ကုန်ပစ္စည်းပြတ်လပ်မှုက တဖြည်းဖြည်းများလာပြီး။ ရွာထဲမှာပဲစျေးရောင်းချရတာမျိုးပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။

ကမမောင်းဒေသတွင် မီးသွေး၊ ဒညင်းသီး၊ ဒူးရင်းသီးအများဆုံးထွက်ရှိရာဒေသဖြစ်ပြီး ယခုလို ရေလမ်းအပြင် အခြား သော ကုန်းလမ်းများကိုပါ ပိတ်ပင်သွားမည့်အပေါ် တောင်ယာလုပ်ကိုင်သူများအနေဖြင့် မြို့ပေါ်သို့ အသီးအနှံ့၊ ကုန်စည်ပစ္စည် များကို တင်ပို့ရောင်းချရန်နှင့် ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်မှုအခက်အခဲများ ကြုံတွေ့လာရမည်ကို စိုးရိမ်နေကြခြင်း ဖြစ် သည်။ ထို့အပြင် ယခုလို (BGF) တပ်ဖွဲ့ဝင်များမှ လှေဆိပ်ကိုပိတ်ပင်ထားခြင်းမှာ ကုန်းလမ်းကြောင်းမှတစ်ဆင့်ရိက္ခာကို ပုံစံ မျိုးစုံဖြင့် သယ်ယူနိုင်ရန် စီစဉ်နေခြင်းသာဖြစ်ကြောင်းလည်း ကတိုင်တိ ဒေသခံကယခုလို ဆက်ပြောသည်။ “မနေ့က ပြန်တက် လာတဲ့လှေတွေရှိတယ်လေ။ နောက်လှေဆိပ်ပိတ်မယ်ဆိုတဲ့အသံထွက်လာတာပဲ။ ကုန်းလမ်းကပိတ်ထားတာ တစ်လကျော် လောက်ရှိပြီး။ ပြန်ဖွင့်ပေးဖို့အတွက်ပြည်သူတွေက တောင်းဆိုဖို့ရှိတယ်။ ရေလမ်းကိုပိတ်ထားပြီး ကုန်းလမ်းကနေ ရိက္ခာ သယ်ဖို့ဖြစ်မယ်။ အဲ့ချိန်မှာ(BGF)ဘက်က ရိက္ခာသယ်တာမျိုးပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။ ယခုလို ရေလမ်းနှင့် အခြားလမ်း များကို ပိတ်ပင်တားမြစ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ ချိုးဖောက်ကျူးလွန်မှုများပြုလုပ်ပါက ထိရောက်စွာ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားပြီး အများပြည်သူများ ကြိုတင်ပြင်ဆင်သိရှိစေရန် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://kicnews.org/2022/07/bgf-%e1%81%8f-%e1%80%80% e1%80%99%e1%80%99%e1%80%b1%e

၁၇။ ကွပ်ကဲမှုနယ်မြေအတွင်း ကျေးရွာဒေသခံများကို ဖမ်းဆီးရန် စစ်ကောင်စီအမိန့်ထုတ်
July 21, 2022
ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ မောင်တောမြို့ ခုံတိုင်ရွာ နှင့် မြဝတီကျေးရွာကြားတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲပြီးနောက် ကွပ််ကဲမှုနယ်မြေအတွင်း ကျေးရွာများရှိ ဒေသခံများအား ဖမ်းဆီး စစ်ဆေးရန် စစ်ကောင်စီဖက်မှ အမိန့်ထုတ်လိုက်သည်။ အဆိုပါအမိန့်စာကို ကြေးနန်းရိုက်၍ လျို့ဝှက်နည်းဖြင့် တိုက်ပွဲဖြစ်ပြီး သည့်နေ့ ညနေပိုင်း အချိန်ခန့်တွင် နယ်ခြားစောင့်တပ်ဖွဲ့၊ တပ်ဖွဲ့ခွဲများအား ပေးပို့ခြင်းဖြစ်သည်။ ပေါက်ကြားလာသည့် ကြေးနန်းအမိန့်စာတွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းရေးကို ဆောင်ရွက်နေသည့် ၎င်းတို့တပ်ဖွဲ့ဝင်များအား AA အဖွဲ့ မှ ကျေးရွာများရှိ အမာခံသတင်းပေးများနှင့်ချိတ်ဆက်ကာ နှောင့်ယှက်တိုက်ခိုက်လာသည့်အတွက် AA သတင်းပေးများအား ဖမ်းဆီးပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ရန် ဖော်ပြပါရှိသည်။ “ကျေးရွာရှိ ၎င်းတို့၏ အမခံသတင်းပေးမှုများဖြင့် ချိတ်ဆက်ဆောင်ရွက်ပြီး နှောင့်ယှက် တိုက်ခိုက်လာသောကြောင်း စီစစ်တွေ့ရှိရသဖြင့် ကွပ်ကဲမှုနယ်မြေအတွင်း ကျေးရွာများရှိ AA အမခံသတင်းပေးများ ဖမ်းဆီးအရေးယူဆောင်ရွက်ရန်”ဟု ပါရှိသည်။

ယင်းအပြင် တိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ ဆုံးရှုံးသွားသည့် လက်နက်အမျိုးအစားနှင့် ကျဆုံး ဒဏ်ရာရသူများအား ဖော်ပြထားပြီး ကျဆုံးအရေအတွက်အနေဖြင့် ၁၁ ဦး၊ ပျောက်ဆုံးသူ ၁ ဦးနှင့် ဒဏ်ရာစိုးရိမ်ရသူ ၁ ဦးပါရှိကာ အဆိုပါတပ်ဖွဲ့ဝင် များမှာ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (၇) မှဖြစ်ကြောင်းလည်း ပါရှိသည်။ စစ်ကောင်စီတပ်သားများ ဖမ်းဆီးရမိသည့်အချက်အလက် အား ရက္ခိုင့်တပ်တော်ဘက်မှ ထုတ်ပြန်ချက်တွင်မှု သေဆုံးသူ ၂၀ ဦးခန့်နှင့် ဖမ်းဆီးရမိထားသူ ၁၄ ဦးခန့်ရှိသည်ဟု ဖော်ပြထား သည်။ စစ်ကောင်စီအနေဖြင့် ရက္ခိုင့်တပ်တော် AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇူလိုင် ၁၈ ရက်ပြီး နောက်ရက်များတွင် မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ရသေ့တောင် ဖက်တို့ရှိ ဒေသခံများအား ဖမ်းဆီးစစ်ဆေးမှုတို့ ပိုမိုတင်းကြပ်စွာပြု လုပ်လာခဲ့သည်။ ဆက်စပ်အနေဖြင့် ဇူလိုင် ၁၉ ရက်တွင် စစ်ကောင်စီဘက်မှ ပုဏ္ဏားကျွန်း ဒေသခံ ၂ ဦး၊ ဇူလိုင် ၂၀ ရက်နေ့တွင် မောင်တော ကြိမ်ချောင်းကျေးရွာ ဒေသခံ ၃ ဦးနှင့် သာယာကုန်းမှ ဒေသခံ ၁ ဦးတို့ကို ဖမ်းဆီးခဲ့သည်။

၁၈။ တိုက်ပွဲများကြောင့် KNU တပ်မဟာ(၆)နယ်မြေအတွင်း ဒေသခံ သေဆုံးဒဏ်ရာရသူ (၇၀)ကျော်လာ
July 21, 2022
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံထိခိုက်သေဆုံးသူ ၇၁ ဦးအထိရှိလာကြောင်း ကရင်ငြိမ်းချမ်းရေး အထောက် အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့မှစပြီး ယနေ့အချိန်ထိ ၈ လတာ အချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှု (၆၃)ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၂၀၃)ကြိမ် အထိရှိခဲ့ကာ ဒေသခံ (၆၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး (၈)ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်တွေ့ရသည်။ ထိုတိုက်ပွဲများကြောင့် နေရပ်စွန့် ခွာသူဦးရေမှာ (၈၆၀၀၀)ကျော်အထိရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ (KNU)တပ်မဟာ(၆)နယ်မြေ ဒေါနတောင်ကြော အရှေ့ခြမ်းနှင့် အနောက်ခြမ်း ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဝင်းရေးနှင့် ကျုံဒိုးမြို့နယ်တို့ရှိ ကျေးရွာပေါင်း(၁၁၆)ရွာမှ ဒေသခံ (၈၆၈၅၈)ဦးမှာ လက်ရှိထိုင်း-မြန်မာ နယ်စပ် အနီးက ယာယီစစ်ရှောင်စခန်းများတွင် နေထိုင်နေကြရသည်။

ထိုသို့ နေရပ်စွန့်ခွာတိမ်းရှောင်ရသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာများ၊ အဝတ်အထည်များနှင့် ကျန်းမာရေးအတွက် ဆေးဝါးများမလုံလောက်သည့် ပြဿနာများကို ရင်ဆိုင်နေရကြောင်း KPSN တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုအထိ နေရပ်စွန့်ခွာတဲ့သူတွေအတွက် လိုအပ်တဲ့အထောက်အပံ့တွေ မပေးနိုင်သေးဘူး။ အလှူရှင်တွေကလည်း အဆင်ပြေသလို ထောက်ပံ့နေကြရတယ်။ ကျန်းမာရေးနဲ့ အစားအသောက်တွေ အဝတ်အထည်တွေ၊ အမိုးအကာတွေကအစ လုံအလောက်မရှိ ဘူးဖြစ်နေတယ်။ မိုးတွင်းကာလရောက်တော့ ပိုပြီး အခြေအနေဆိုးလာတယ်”ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ “စစ်ရှောင် တွေထောက်ပံ့ဖို့အတွက် လောလောဆယ်အနေအထားက စစ်တပ်နဲ့ BGF က အင်အားတွေအလုံးအရင်းနဲ့ဖြည့်ပြီး စစ်ကြောင်း ထိုးနေတာက ပိုဆိုးတယ်။ အဓိကသွားရမယ့် မြဝတီ-ဝေါလေလမ်းမှာ တိုက်ပွဲတွေဖြစ်နေတာ။ အခု မိုးတွင်းရောက်လာတော့ သောင်ရင်းမြစ်ကလည်း ရေစီးအရမ်းသန်တယ်။ ရေကြောင်းကနေပို့ဖို့ကလည်း မလွယ်ဘူးဖြစ်နေတယ်”ဟု စစ်ရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးကဆိုသည်။ “ပြည်တွင်းက ကူညီပေးမယ်ဆိုရင် လက်ရှိအနေအထားက မလွယ်ကူသေးဘူးဖြစ်နေတယ်။ စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားတာရှိနေတယ်။ အဲဒီအတွက် ရေရှည်ကူညီပေးဖို့ဆိုရင် နယ်စပ်ဒေသတွေမှာ ထိုင်း က ပူးပေါင်းဆောင်ရွက်မှသာ ပိုပြီးအဆင်ပြေနိုင်မယ်”ဟု ကိုဇင်ကဆိုသည်။

၁၉။ ရေကြီးဒဏ်ကြောင့် စားဝတ်နေရေးခက်ခဲနေသည့် နားဟိုင်းလုံ
July 21, 2022
မိုးတွင်းကာလရောက်လာတိုင်း ရေကြီးမှုဒဏ်ကို နှစ်စဥ်ခံစားနေရသည့် နားဟိုင်းလုံကျေးရွာသည် ယခုနှစ်တွင် စားဝတ်နေရေး ပိုပြီးခက်ခဲလာသည်။ နားဟိုင်းလုံကျေးရွာသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့ နယ် မိုင်းလင်းကျေးရွာအုပ်စု အတွင်းတည်ရှိပြီး၊ ထိုကျေးရွာ ပတ်ပတ်လည်တွင် ရွှေတူးဖော်မှုကို ပြုလုပ်လာကြသည့်အတွက် တောတောင်ပြုန်းတီးမှုများ ဖြစ်လာသည်။ ထို့ကြောင့် ယခုမိုးတွင်းကာလရောက်တိုင်း ရေကြီးမှုဒဏ်နှင့်အတူ ရွှံ့၊သဲ၊ နုန်း များလည်းနေအိမ်ထဲသို့ ဝင်ရောက်ကာ ဟင်းချက်စားသောက်ဖို့ အတွက် အခက်ကြုံလာသည်။ ဖြစ်စဥ်မှာ ဇူလိုင် ၁၉ ရက် မှ စပြီး မိုးသည်းထန်ရွာသွန်းကာ နေအိမ် (၃၅) လုံး မိုးရေနဲ့အတူ ရွှံ့၊နုန်း ဝင်လာသည်။ “ ရေထဲမှာ ဆန်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ အကုန်ပါသွားတယ်လေ။ မချက်ပြုတ်နိုင်ဘူး။ တစ်ချို့က ဆွေမျိုးအိမ်သွားစားတယ်။ တစ်ချို့က သူများလာလှူပေး တာကိုစားတယ်။ မီးဖိုချောင်ထဲလည်းဝင်မရသေးဘူး။ ချက်ပြုတ်လို့လည်းမရဘူး။ အကုန်လုံးခက်ခဲတယ်” ဟု နားဟိုင်းလုံ ဒေသခံ အိမ်ရှင်မ တစ်ဦးက ပြောသည်။

ထို့ကြောင့် နားဟိုင်းလုံ ကျေးရွာပြည်သူတချို့သည် ယနေ့အချိန်ထိ ထမင်း၊ဟင်းချက်စားရန် ခက်ခဲနေကြောင်း၊ ညရေး၊ ညတာ အိပ်စက်ရန်လည်း စိုးရိမ်ထိတ်လန့်နေကြောင်း ချောင်းဘေးတွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။ “မိုးဆက်ရွာပြီး ညကျမှ ရေရုတ်တရက် ထပ်ဝင်လာမှာကြောက်တယ်။ တနှစ်ထက် တနှစ်ပိုဆိုးလာတယ်။ ချောင်းတွေလည်း တိမ်ကောတော့ ရေတွေက အိမ်ထဲ၊ မီးဖိုချောင်ထဲဝင်တာပေါ့” ဟု ၎င်းအမျိုးသမီးက ဆိုသည်။ အိမ်ထဲတွင် နုန်းများ၊ ရွှံ့များ ကို ယနေ့ထိတိုင် ဆယ်ထုတ်မပြီးသေးသဖြင့် နေအိမ်ထဲရေဝင်သည့် သူများသည် စားဝတ်နေရေးအတွက် အလှူရှင်လိုအပ်နေ ကြောင်း သိရသည်။ “ရေဝင်သွားတဲ့ ပြည်သူနေအိမ်တစ်ချို့က သူတွေဆို အဝတ်စားအခုထိ မလှဲရသေးတာရှိတယ်။ တစ်ချို့ ဆိုရင် ထမင်းမစားရသေးတာလည်းရှိတယ်။ နေအိမ်ထဲသဲဝင်သွားတော့ သူတို့ မချက်ပြုတ်ရဘူးလေ။ အဲ့ကြောင့် မစားရတဲ့သူ တွေလည်းရှိတယ်။ ဆွေမျိုးရှိတဲ့သူကတော့ဆွေမျိုးအိမ်မှာသွားနေကြတယ်။ တစ်ချို့ကလည်းဘုန်းကြီးကျောင်းမှာ သွားတောင်း နေကြတာပေါ့” ဟု မိုင်းလင်းကျေးရွာအုပ်စုနေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထိုအပြင် မီးဖိုချောင်ထဲတွင် ရေဝင် သွားသောကြောင့် ဆန်၊ မီးဖိုချောင်သုံးပစ္စည်းများ ရေထဲဝင်သွားသောကြောင့် ပြည်သူများအတွက်လည်း ခက်ခဲနေသည်။ နားဟိုင်းလုံကျေးရွာသည် ရွှေတူးဖော်မှုကစပြီး နှစ်စဉ်ရေကြီးမှုဖြစ်သည့်အပြင် သဲတွေနေအိမ်ထဲဝင် လာသော်လည်း ကုမ္ပဏီ ဘက်မှ ပြန်ရောက်လာကူပေးခြင်းမရှိသေးပေ။ နားဟိုင်းလုံကျေးရွာသည် နှစ်စဉ်ရေကြီးလာပြီး နေအိမ်ထဲသဲဝင်လာသော ကြောင့် လက်ရှိမှာအိမ်ခြေ (၅၀) ကျော်သာကျန်ရှိတော့ကြောင်းသိရသည်။ https://burmese.shannews.org/archives/293

၂၀။ ထိုင်းဘက် အလုပ်သွားလုပ်မယ့် နမ့်ဆန်က အမျိုးသမီးတစ်ဦး တာချီလိတ်မှာ ပျောက်ဆုံးနေ
July 20, 2022
ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် တောင်မကျေးရွာခံ အမျိုးသမီးတစ်ဦးဟာ ထိုင်းနိုင်ငံဘက် အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားရာကနေ ရှမ်းအရှေ့ တာချီလိတ်မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်မှာ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာခံတွေနဲ့အတူ ညီအစ်မ ၂ ဦးက တာချီလိတ်ဘက် သွားရောက်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ “သူပျောက်သွားတဲ့နေရာက တာချီလတ်နဲ့ ထိုင်းဘက် ကူးသွားတဲ့ တံတားအောက်မှာပဲ ပျောက်သွားတယ်။ ဇူလိုင် ၇ ရက်က သူတို့ ည ၂ နာရီဝန်းကျင်မှာ ရေထဲကူးသွားရတယ်။ သူတို့နဲ့အတူ ကယ်ရီသမားလည်းပါတယ်။ ရေထဲကူးလာတဲ့အချိန်မှာ ကယ်ရီသမားနဲ့ သမီးအကြီးက ရေထဲပျောက်သွားတယ်။ ကျန်တဲ့ သူ့ညီမနဲ့ အခြားသူတွေကတော့ သူတို့နှစ်ဦး ရေထဲပါသွားပြီလို့ထင်ကြတာ” အဆိုပါ အမျိုးသမီးဟာ မသက်နှင်းဝေ (၂၅ နှစ်) ဖြစ်ပြီးတော့ ရေထဲပျောက်သွားပြီးနောက် ကယ်ရီသမားက ဖုန်းဆက်လာပြီး သူမပျောက်ဆုံးတာ မဟုတ်ပဲ မိသားစုဝင်တွေနဲ့ စကားမပြောချင်လို့ အဆက်သွယ်လည်း မလုပ်ခဲ့တာဖြစ်ကြောင်း ပြောလာတယ်လို့ ဆိုပါတယ်။

“သမီးလေးက သူတစ်ခါမှ ထိုင်းဘက်မရောက်ဖူးဘူး။ အခုဆက်လာတဲ့ ကယ်ရီသမားကလည်း သူနဲ့အတူ ပျောက်ဆုံး သွားတဲ့ ကယ်ရီသမားမဟုတ်ဘူး။ အခြား ကယ်ရီသမားက ပြောလာတာ။ သူတို့ပြောတာက သမီးလေးက အဲဒီကယ်ရီသမားနဲ့ ရှိနေတယ်တဲ့။ မိသားစုတွေနဲ့ စကားမပြောချင်ဘူးတဲ့။ အဲဒါက လုံးဝ မဖြစ်နိုင်ဘူး သူဆေးတွေမိမှာပဲ စိုးရိမ်နေတယ်” ဆိုပြီး ၎င်းမိသားစုဝင်က ဆက်ပြောပါတယ်။ မသက်နှင်းဝေ ပျောက်ဆုံးသွားတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပြီး တွေ့ရှိသူ တွေအနေနဲ့ ဖုန်း 09-442 504 526 သို့ ဆက်သွယ်အကြောင်းကြားလာပေးဖို့ မိသားစုဝင်တွေက ေတာင်းဆိုထားပါတယ်။

၂၁။ သံတောင်တွင် ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး တပ်ရင်းမှူး အပါအဝင် အရာရှိ ၄ ဦး စုစုပေါင်း စစ်သား ၂၅ ဦးသေဆုံး
July 21, 2022
ကရင် ပြည်နယ်၊ သံတောင်မြို့နယ်တွင် ဇူလိုင် ၁၅ ရက်နေ့မှ ဇူလိုင် ၁၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ် ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါ အဝင် အရာရှိ ၄ ဦး စုစုပေါင်း ၂၅ ဦးသေဆုံးသွားကြောင်း သံတောင်မြောက်ပိုင်း အထူး ဒေသ ကာကွယ်ရေးတပ်ဖွဲ့ NTDF ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ သံတောင်မြို့နယ် မင်းလမ်းအုပ်စု မိအိကြီး ရွာသစ်ကုန်း စုစည်းကျေးရွာများအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ၂ နာရီခန့်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် တစ်နေ့လုံး၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲ ၂ နာရီအထိ၊ ညနေ ၄ နာရီမှ ည ၇ နာရီအထိ ၊ ဇူလိုင် ၁၈ ရက်နေ့ ၁ နာရီဝန်းကျင်ခန့် တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိရသည်။ ၄ ရက်ဆက်တိုက် တိုက်ပွဲကြောင့် စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး ၊ တပ်ခွဲမှူး အရာရှိ ၄ ဦး အပါအဝင် အနည်းဆုံး ၂၅ ဦး ထက်မနည်း သေဆုံးပြီး စစ်သားအများအပြား ဒဏ်ရာရကြောင်း သိရှိရသည်။

“စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ တပ်ခွဲမှူး အရာရှိ ၄ ဦး အပါအဝင် အနည်းဆုံး ၂၅ ဦး ထက်မနည်းသေ ပါတယ်။ စစ်သားအများအပြား ဒဏ်ရာရတယ်။ အထိနာသွားတဲ့ စစ်ကြောင်းက ရွာများအတွင်းသို့ လက်နက်ကြီးတွေနဲ့ ပစ်ပါ တယ်။ ၁၆ ရက်နေ့ ၊ ၁၇ ရက်နေ့မှာ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ တစ်နေကုန်နီးပါး ပစ်ပါတယ်။ ရွာသစ်ကုန်းမှာ အိမ် ၈ လုံး၊ စုစည်းမှ ၄ လုံး မီးရှို့တယ်။ နွား ၂ ကောင် ကျွဲ ၂ ကောင်ပစ်သတ်သွားတယ်။ ဝက် ၅ ကောင်ပစ်သတ်စားသွားယူသွား တယ်။ အနီးအနားမှ ကျေးရွာ ရွာလုံးကျွတ်စစ်ဘေးရှောင်ကြရတယ်။ ကျနော်တို့ဘက်မှအထိအခိုက်မရှိဘူး”ဟု ဦးမုတ်ဆိတ် က ပြောသည်။ သံတောင်မြို့နယ်တွင် ၄ ရက် ဆက်တိုက် တိုက်ပွဲတွင် သံတောင်မြောက် ( အထူးဒေသ) အဖွဲ့ တစ်ခုတည်းကသာ တိုက်ပွဲဝင်ခြင်းဖြစ်ပြီး နေပြည်တော် PDF အပါအဝင် အခြားမည်သည့်အဖွဲ့အစည်းများနှင့်စစ်ဆင်ရေး လုံးဝ ပူးပေါင်းဆောင် ရွက်ခြင်းမရှိကြောင်း ဦးမုတ်ဆိတ်ကပြောသည်။ “ကျွန်တော်တို့လုပ်တဲ့ Mission တွေကို ကျည်တစ်တောင့်မ ပံ့ပိုးပဲ Page အမျိုးမျိုးကနေ သတင်းတင် အလှူခံစားနေကြတာတွေရှိနေတယ်။ ပိုဆိုးတာက စစ်ရေးအရ မတင်သင့်သေးလို့မတင်တဲ့ သတင်းတွေကို ဦးအောင်တင်နေတော့ မလိုလားအပ်တဲ့ မြေပြင်ဆိုးကျိုးတွေ ကြုံနေရတယ်” ဟု ဦးမုတ်ဆိတ် က ပြောသည်။

၂၂။ ကျိုင်းတုံမြို့အနီး ရစ်ချ်တာစကေး ၆ ဒသမ ၁ ရှိ အင်အားပြင်း မြေငလျင်လှုပ်
22 July, 2022
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့အနီး ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်တခု ဇူလိုင် ၂၁ ရက်ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။ မနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီ ၃၇ မိနစ် ၂၆ စက္ကန့် အချိန်က ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် ၁၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကျိုင်းတုံမြို့ ရဲ့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁ ဒသမ ၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉ ဒသမ ၈၆)ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားလို့ ဆိုပါတယ်။ ဒီမတိုင်ခင် မြန်မာစံတော်ချိန် မနေ့ည ၁၁ နာရီ ၁၀ မိနစ်၊ ၈ စက္ကန့် အချိန်ကလည်း ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၁ မိုင်ခန့်ကွာ ဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကျိုင်းတုံမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်သွားတယ်လို့ မိုးဇလက ထုတ်ပြန် ပါတယ်။ http://burmese.dvb.no/archives/544599

၂၃။ ချင်းရွှေဟော်တံတားအနီးမှာ စစ်တပ်နဲ့ရဲက ကားသမားနဲ့ ခရီးသည်တွေဆီ ငွေ တောင်းနေဆဲ
July 20,2022
ရှမ်းမြောက် လားရှိုးကနေ လောက်ကိုင်သို့ သွားလာနေတဲ့ ကားသမားနဲ့ခရီးသည်တွေကို ချင်းရွှေဟော် တံတားအနီးမှာ စစ်တပ်နဲ့ ရဲတွေက ငွေကြေး တောင်းတာတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။ အခုလိုငွေတောင်းနေတာကြောင့် ခရီးသွားလာသူ တွေအတွက် အခက်အခဲဖြစ်စေပြီး အဆင်မပြေမှုတွေလည်း ရှိကြတယ်လို့ လားရှိုး-လောက်ကိုင်သို့ ပြေးဆွဲနေတဲ့ ကားသမား တစ်ဦးက ပြောပါတယ်။ “သူတို့က အခုလို ပိုက်ဆံတောင်းတာ ကြာလှပြီ။ ချင်းရွှေဟော် တံတား အကျော်နားမှာ ကားသမား တွေ အယောက်တိုင်းကို တောင်းတယ်။ မပေးလို့ မရဘူး။ အဲမှာက စစ်တပ်ဆီ ပေးရတယ်။ ရဲတွေ ဆီလည်း ပေးရတယ်။ သူတို့ ပိုက်ဆံ ကောက်တဲ့နေရာက အရင်က ကိုဗစ်စစ်တဲ့နေရာလုပ်တာ။ အခုက ကိုဗစ်လည်း မစစ်ဘူး။ ပိုက်ဆံပဲ ကောက်ကြတော့ တယ်” အချို့ခရီးသည်တွေဟာ မန္တလေးကနေ တက်လာတာကြောင့် ထောက်ခံစာ ယူဆောင်ဖို့ အတွက် အခက်အခဲရှိကြပြီး စစ်တပ်နဲ့ ရဲတွေက ခရီးသည်တွေ ရပ်ကွက်ထောက်ခံစာ မပါရင် ငွေ ပိုပေးဆောင်နေရတယ်လို့ ၎င်းက ပြောပါတယ်။

“ခရီးသည်တချို့က ထောက်ခံစာ ယူရတာ အခက်အခဲဖြစ်တယ်။ အဲဒီချင်းရွှေဟော်တံတားနား ပိုက်ဆံတောင်းတဲ့ စစ်တပ်နဲ့ ရဲတွေက ထောက်ခံစာမရရင် ပိုက်ဆံတွေ တောင်းတယ်။ ရှင်းရှင်းပြောရင် အဲဒီနေရာက အခွန်ဌာနလည်းမဟုတ်ဘူး။ တရားဝင်လည်းမဟုတ် သူတို့က ပိုက်ဆံကောက်ချင်သလို ကောက်နေကြတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ ခရီးသည် တွေ ထောက်ခံစာမပါရင် စစ်တပ်နဲ့ ရဲတွေဆီ တစ်ဦးကို ငွေ ၅ ထောင်နဲ့အထက် ပေးဆောင်ရပြီး ကားသမားတွေကလည်း စစ်တပ်ဆီ ၅ ထောင်နဲ့ ရဲတွေဆီ ၅ ထောင် နေ့စဥ်ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။ လားရှိုး-လောက်ကိုင်ဘက်တွေမှာ သွား လာတဲ့ ကားသမားတွေဆီ ငွေ တောင်းနေတာဟာ အရင်ကတည်းက ရှိခဲ့ပေမယ့် အခုနောက်ပိုင်းတော့ ငွေ ပိုတောင်းတာတွေ ရှိလာနေတယ်လို့ ပြောပါတယ်။

၂၄။ မောင်တောတွင် ကျေးရွာတာဝန်ခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထား
July 21, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာမှ ကျေးရွာတာဝန်ခံတစ်ဦးကို ဇူလိုင် ၂၀ ရက်နေ့ က စစ်ကောင်စီက စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်ခဲ့ပြီး ပြန်မလွှတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားကြောင်း မိသားစုဝင် များက ပြောသည်။ အသက် ၃၂ နှစ်အရွယ်ရှိသည့် မောင်တောမြို့နယ်က သာယာကုန်းကျေးရွာတာဝန်ခံ ဦးဘသိန်း နှင့် သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်တင်ထွန်းတို့ကို အစည်းအဝေးပြုလုပ်ရန်ရှိသည်ဟုဆိုကာ တောင်ပြိုဗျူးဟာမှ စစ်ကောင်စီက ဖုန်းဆက်ခေါ်၍ သွားရောက်စဉ် ၎င်းတို့ နှစ်ဦးထဲမှ ဦးမောင်တင်ထွန်းကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဘသိန်း ပြန်မလွှတ်ဘဲ ဖမ်းဆီးထားခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဇူလိုင် ၂၀ ရက်နေ့ နေ့ နံနက် ၉ နာရီအချိန်ခန့်က သွားရောက်ခဲ့ ခြင်းဖြစ်ပြီးယမန်နေ့ ညနေ ၅ နာရီ အချိန်တွင် ဦးမောင်တင်ထွန်းအား ပြန်လည်လွှတ်ပေးခြင်း ဖြစ်သည်ဟု မိသားစုဝင် တစ်ဦး က ပြောသည်။ “၉ နာရီလောက်မှာ အုပ်ချုပ်ရေးမှူးနဲ့ နှစ်ယောက်သွားကြတာပါ။ တောင်ပြိုဗျူဟာကိုရောက်တော့ သူတို့ နှစ်ယောက်ကို တစ်ယောက်တစ်နေရာခွဲပြီးတော့ စစ်ဆေးတယ်လို့ပြောတယ်။ အခုချိန်ထိ သူ့သတင်းကို ကျမတို့ မရသေးဘူး။ ဖုန်းဆက်လို့လည်း မရဘူး”ဟု ပြောသည်။

၄င်းတို့နှစ်ဦး အစည်းအဝေးသွားပြီးနောက် နေ့လယ် ၁ နာရီခန့်တွင် နယ်ခြားစောင့်ရဲ ၅ ဦးခန့်က ကိုဦးဘသိန်း ၏ နေအိမ် သို့ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု သူကဆက်ပြောသည်။ ဖမ်းဆီးခံထားရသူ ဦးဘသိန်း နှင့် အဆက်သွယ်မရရှိသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်လျက်ရှိကြသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ သင်္ဘောလှကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။ လက်ရှိမောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာများမှ ဒေသခံတချို့မှာ စစ်ကောင်စီတပ်ထံတွင် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်ရှောင်နေကြ သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ကျေးရွာသားတစ်ဦးက ပြောသည်။

၂၅။ နန်ဇော်ယာန်ဘက် လယ်သွားလုပ်သည့် ဝါးရှောင်ကျေးရွာက အမျိုးသားတစ်ဦး ပျောက်ဆုံးနေ
20 July 2022
တိုက်ပွဲပြင်းထန်နေသည့် ဝိုင်းမော်မြို့နယ် နန်ဇော်ယာန်ကျေးရွာဘက် လယ်သွားလုပ်သည့် ဒေသခံအမျိုးသားတစ်ဦး ဇူလိုင်လ ၁၈ ရက်‌နေ့ကတည်းက အဆက်အသွယ်ပြတ်နေပြီး ပျောက်ဆုံးနေသည့်အတွက် မိသားစုများက စိုးရိမ်နေကြကြောင်း သိရသည်။ အဆိုပါ ပျေက်ဆုံးနေသူသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ၌ “မိဘမေတ္တာ” ဆိုင်ကယ်ဝပ် ရှောပ့် ဖွင့်ထားသူဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် အသက် ၂၆ နှစ်အရွယ် ဦးလဒိန်ဆိုသူဖြစ်ပြီး ကလေးတစ်ယောက်၏ ဖခင် ဖြစ်ကြောင်းလည်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

“၁၆ ရက်နေ့က လယ်ယာထဲ သွားတာ၊ လယ်ထဲလည်း မရောက်ဘူး။ ဆိုင်ကယ်က ဝါးရှောင်ရွာအစွန်က ဝါးရုံတော တစ်ခုမှာ တွေ့တယ်။ ဖုန်းအဆက်အသွယ်လည်း မရတော့ဘူး အခုထိ။ အဲဘက်မှာ စစ်ကြောင်းထိုးထားတဲ့ ပြည်သူ့စစ် တွေနဲ့ စစ်ကောင်စီတပ်တွေရှိနေတော့ သူတို့ ဖမ်းထားတာဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ အဆက်မသွယ်မရတော့ အရမ်းကို စိတ်ပူနေတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဝိုင်းမော်မြို့နယ် နန်ဇော်ယာန်ကျေးရွာဘက်တွင် ဇူလိုင် ၁၀ ရက်နေ့ ကတည်းက ကေအိုင်အေတပ်ရင်း(၃) နယ်မြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်အဖွဲ့တို့နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွားလျှက် ရှိနေသည်။

၂၆။ ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
22 July, 2022
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ သင်္ကန်းတုံးကျေးရွာရှိ နေအိမ်တချို့ကို စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အိမ်နှစ်ဆောင် မီးလောင်သွားတာပေါ့။ တဆောင်က လုံးဝ ပြာကျသွားတယ်။ အုတ်နဲ့ဆောက်ထားတဲ့ အိမ်တဆောင်က မီးမလောင်လို့ တီဗွီ၊ ရေခဲသေတ္တာစတဲ့ အသုံးအဆောင် ပစ္စည်း တွေနဲ့ သွပ်အိမ်ခေါင်မိုးတွေကို သေနတ်နဲ့ ပစ်သွားတာ ရစရာကိုမရှိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဟာ ထီးခီးနယ်စပ်မှ ထားဝယ်မြို့ကို ယာဉ်တန်းနဲ့ထွက်လာတာဖြစ်ပြီး သင်္ကန်းတုံးကျေးရွာရှိ နေအိမ်တချို့အတွင်း ဝင်ရောက်မွှေနှောက်ရှာဖွေကာ ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့လာပြီလို့ အသံကြားရင် ငါတို့တွေမှာလည်း‌ ပြောင်းပြေးနေရတယ်၊ ဘယ်သူမှ မနေရဲဘူး၊ တွေ့ရင်လည်း ဖမ်းတာပဲလေ။ အိမ်မှာလူမရှိတော့ စခတွေက လုပ်ချင်ရာလုပ်တော့တာပဲ” လို့ ရွာခံတဦးက ပြောပါတယ်။ ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့တွေကလည်း သင်္ကန်းတုံးကျေးရွာမျာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဆိုင်ကယ်၊ TV၊ စားသောက်ဖွယ်ရာနဲ့ အဝတ်အထည်တွေကို ခိုးယူသွားခဲ့သလို ရွာသား ၃ ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။ http://burmese.dvb.no/archives/544697

၂၇။ မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီ ဗုံးကျဲမည်ဟု သတင်းရရှိထားကြောင်း ဟိုပင် PDF ပြော
22 July 2022
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ နှင့် နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းရရှိထားသောကြောင့် ပြည်သူများ သတိထားစေလိုကြောင်း ဟိုပင် PDF အဖွဲ့မှ သိရသည်။ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းရရှိထားသည်ဟု ဟိုပင် PDF တာဝန်ရှိသူတစ်ဦး က KNG သတင်းဌာနကို ပြောသည်။ “အဓိကတော့ ထုံးရေပေါက် နှင့် နန့် ရင်းချောင်းအရှေ့က ပြည်သူတွေပေါ့ ဒီနေ့ကနေနောက် နှစ်ရက် သုံးရက်အတွင်းမှာ ထုံးရေပေါက်နဲ့ အနီးတစ်ဝိုက်ကို လေယာဉ်နဲ့ ဗုံးလာကျဲမယ်ဆိုပြီး ထုံရေပေါက် ပြည်သူ့စစ်က တစ်ယောက်က (အမည်မဖော်လိုသူ) သတင်းပေးလာတယ်ဗျ။ အဲ့ကြောင့် ပြည်သူတွေအသွားအလာသတိထားဖို့ လိုအပ်တယ်”ဟုပြောဆိုသည်။

အဆိုပါ သတင်းကြောင့် နန့်ရင်း ချောင်းအရှေ့ဘက်သို့မလာကြရန် လယ်လုပ်သည့် ပြည်သူများလည်း သတိထား သွားလာရန်၊ ဘေးလွတ်ရာတိမ်းရှောင်ရန်လိုအပ်ပါက ကြိုတင်တိမ်းရှောင်ကြရန်လိုအပ်ပြီး ယခုကဲ့သို့ ဗုံးလာကျဲနိုင်မည့် အကြောင်း နှင့် ပတ်သက်၍ ဟိုပင် PDF မှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။ “ဖြစ်နိုင်ခြေရှိ တာကတော့ ကျွန်တော်တို့သိရသလောက် သူတို့အဖွဲ့အစည်းကနေ ခြိမ်းခြောက်တဲ့သဘောမျိုးလား ဖြစ်ကောင်းဖြစ်နိုင်မလားအဲ့ဒါကြောင့်မို့ ကျွန်တော်တို့လည်း အတည်ပြုလို့တော့မရဘူးပေါ့။ အဲ့ဒါကြောင့် မိဘပြည်သူတွေကို မနစ်နာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့သတိပေးတာပါ” ဟု ပြောသည်။ ယင်းကိစ္စနဲ့ပတ်သက်၍လည်း ဂလိုင်ကြောင် စစ်ကြောင်းက ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။ https://burmese.kachinnews.com/2022/07/22/july22-

၂၈။ မိုင်းပွန်စော်ဘွား ဂူသင်္ချိုင်းများကို ဒေသတွင်းသံဃာတော်များ ဦးဆောင်ပြီး ပြုပြင်မွမ်းမံမှု ပြုလုပ်
July 21, 2022
သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့ရှိ မိုင်းပွန်စော်ဘွား စဝ်စံထွန်းအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်း များကို ဒေသအတွင်း သံဃာတော်များ ဦးဆောင်ပြီး ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းသိရသည်။ မိုင်းပွန်စော်ဘွား စဝ်စံထွန်းအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူနေရာကို အုတ်တံတိုင်းနှင့်အတွင်းပိုင်း ခင်းရန်အတွက် မိုင်းပွန်မြို့ သံဃာတော်များ ဦးဆောင်ကာ ပြုပြင် မွမ်းမံရန် လျာထားကြောင်း မိုင်းပွန်မြို့မှ ကျောင်းထိုင်ဆရာတော်တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။ “ဦးဇင်းကိုယ်တိုင် အလှူခံထွက်ပြီး ပြုပြင်သွားမှာပါ၊ အခုလောလောဆယ်တော့ အုတ်ဂူသင်္ချိုင်း ကို အုတ်တံတိုင်း အရင်ခတ်မယ်လို့ လျာထားတယ်၊ အလှူရှင်တွေ ထပ်ရှိလာရင်တော့ အတွင်းပိုင်းခင်းမယ်၊ ဒါကလည်း ဖြစ်နိုင်ရင် ကြွေပြားတောင်ခင်းချင်တာ၊ သမိုင်းမပျောက်ပျက်အတောင် နောင်လာနောင်သားတွေ သိရှိရအောင် ခိုင်ခံ့မှုတစ်ခု ပေါ့” ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။

မိုင်းပွန်မြို့တောင်ဘက်ရှိ စော်ဘွားများအဆက်ဆက်ဂူသင်္ချုင်းမြေဖြစ်သည့် အာဇာနည်ခေါင်းဆောင် စဝ်စံထွန်း အရိုးဂူ နှင့်ဆွေတော်မျိုးတော် အုတ်ဂူများ ရှိသည့်နေရာကို နောက်လာနောင်သားများအတွက် သမိုင်းတွင်စေရန် ခိုင်ခံမှုရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော်မှ မိန်းဆိုသည်။ “အခုပြင်ဖို့ လျာထားတဲ့ အုတ်တံတိုင်းက နှစ်ဘက်ပဲ ရှိတော့ တယ်၊ ကျန်တဲ့ နှစ်ဖက်ကတော့ အရင်နှစ်တွေ တုန်းက လုပ်ပြီးပြီပေါ့၊ ဒါက ဦးဇင်းရဲ့ လျာထားချက်ပါ၊ အလှူရှင်တွေရှိရင် ရှိသလို ကြမ်းခင်းတွေလည်း လုပ်သွားမယ်” ဟု ဆရာတော်က ဆက်လက်ပြောဆိုထားသည်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း သည် စဝ်စံထွန်းသည် ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးသည့် စော်ဘွားတစ်ဦး ဖြစ်သည့်အပြင် ၁၉၄၇ မတ်လ ၂၆ ရက် ကြားဖြတ် အစိုးရအဖွဲ့၌ အတိုင်ပင်ခံ တောင်တန်းဒေသရေးရာဝန်ကြီးအဖြစ် ရွေးချယ် ခံရပြီး အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်လည်း ဖြစ်ခဲ့သည်။

၂၉။ မြန်မာစစ်တပ်က လမ်းပိတ်ထားသဖြင့် စမ္မတီးချောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၀ ခန့်မှဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေ
Julu 21, 2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်ကဒေသခံများ အဓိကကူးလူး ဆက်သွယ်နေရသည့် လက်ဝဲစာတိုက်တံတားဂိတ်ကို မြန်မာစစ်တပ်ကပိတ်ထားသဖြင့် ဒေသခံများမှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတို့တွင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ စမ္မတီးချောင်းအတွင်းမှ ဒေသခံ များမှာ ပုဏ္ဏားကျွန်းမြို့ကို အဓိကထား၍ ဒေသထွက်ကုန်စည်များ ရောင်းဝယ်ဖောက်ကားကာ စီးပွားရေးပြုလုပ်နေရခြင်း ဖြစ်သည်။ ယခုရက်ပိုင်းတွင် မြန်မာစစ်တပ်၏ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀)တပ်ရင်းက လက်ဝဲစာတိုက်တံတားဂိတ်ကနေ ဖြတ်သန်းသွားခွင့်ကို တားမြစ်ထားသည့်အတွက် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲရှိလာနေခြင်းဖြစ်ကြောင်း ဒေသခံ များကပြောသည်။ သဲဖြူချောင်းကျေးရွာမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “လက်ဝဲစာတိုက်တံတားကို ဖြတ်ခွင့်မပေးဘူး။ စစ်တပ်က နေရာယူထားတယ်။ ကျွန်တော်တို့ စမ္မတီးချောင်းအတွင်းက ကျေးရွာတွေမှာက ပုဏ္ဏားကျွန်းမြို့ကို အဓိကထားပြီး တော့ အသက်မွေးဝမ်းကျောင်း ရောင်းဝယ်မှုပြုလုပ်နေကြတာ။ အခုလို ဖြတ်ခွင့်မပေးတော့ စားဝတ်နေရေးတွေ အခက်အခဲ တွေရှိတာပေါ့”ဟု ပြောသည်။

အဆိုပါ စမ္မတီးချောင်းအတွင်း လက်ဝဲစာတိုက်၊ ကမ်းထောင်းကြီး၊ ကြာညိုကန်၊ သဲဖြူချောင်း၊ နတ်တောင်၊ သစ်က တိုး၊ ကံဦး၊ ကြိမ်ချောင်း၊ ဖောင်ဆိပ် စသည့်ကျေးရွာပေါင်း ၂၀ ကျော်ခန့်ရှိပြီး ဒေသခံ ရခိုင်၊ ခမီနှင့် မြိုတိုင်းရင်းသား လူဦးရေ ၁၀၀၀၀ ကျော်ခန့်ရှိကြောင်းလည်း သိရသည်။ လက်ရှိတွင် လက်ဝဲစာတိုက်တံတားဂိတ်ကို မြန်မာစစစ်တပ်လမ်းပိတ် ထား သည်မှာ ၆ ရက်ခန့်ကြာမြင့်လာနေပြီး ကျေးရွာသားများမှာ ဒေသထွက် ဟင်းသီး၊ ဟင်းရွက်များ၊ ကုန်စည်များကို ပုဏ္ဏားကျွန်း မြို့သို့ သွားရောက်ရောင်းချရန် လုံးဝမရဖြစ်နေသည့်အတွက် စားဝတ်နေရေးထိခိုက်နေရကြောင်းလည်း ကံဦးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “အရင်တုန်းကတော့ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုတွေကို စစ်တယ်ပြီးတော့ဖြတ်သွားလို့ရတယ်။ အခုကလုံးဝဖြတ်ခွင့်မရဘူး။ ကုန်းလမ်းလည်းမရဘူး၊ ရေလမ်းလည်း ဖြတ်ခွင့်မရဘူး။ဆိုတော့ အခက်အခဲတွေရှိတာပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ ဒေသအတွင်းမှာက စီးပွားရေးလည်း ကျပ်တည်းတဲ့နေရာဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ လမ်းတွေ အမြန်ဆုံး ဖွင့်ပေးစေချင်တယ်”ဟု၎င်းကဆိုသည်။ ထိုသို့ လမ်းများပိတ်ထားသည့်အတွက် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ ကုန်စည်နှင့် စားနပ်ရိက္ခာပြတ်လပ်မှုများအပြင် ဈေးနှုန်းမြင့်တက်မှုများ ရှိလာနေကြောင်းလည်း ကြာညိုကန်ကျေးရွာသူ ဒေါ်မမြနု က DMG သို့ပြောသည်။ “အဓိက စမ္မတီးချောင်းရဲ့ စီးပွားရေးက ကွမ်း၊ နောက်ပြီးတော့ ဒီရာသီဆိုရင် ဒညင်းသီး၊ သရက်သီးတွေထွက်တယ်။ အဲဒါတွေကို အဓိကတင်ပို့တာက ပုဏ္ဏားကျွန်းကိုတင်ပို့တာ။ အခု လက်ဝဲစာတိုက်က ပိတ်ထား တယ်ဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်လာရင်တော့ ဆေးခန်းသွားမယ်ဆိုတာတောင် အဆင်မပြေဘူး”ဟု ၎င်းကဆိုသည်။

၃၀။ နမ့်ဆန်မြို့နယ်ထဲကရှေးဟောင်းသမိုင်းဝင် သဘာဝဓမ္မဂဠုန်လှိုင်ဂူတော်မှာ စုပေါင်းဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်
July 20, 2022
ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု ကျောက်ခေါင်းရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် သဘာဝဓမ္မဂဠုန် လှိုင်ဂူတော်မှာ ဒီနေ့မနက်ပိုင်းက စုပေါင်းဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲကို အရင်က နှစ်စဥ်နှစ်တိုင်း ဝါတွင်းကာလမှာ ကျောက်ဖြူကျောင်းတိုက် ကျောင်းထိုင် ဆရာတော်က ဦးဆောင်ပြီး ကျောက်ဖြူအုပ်စုအတွင်းရှိ ၄ ရပ် ၅ ရွာက ရပ်ရွာလူကြီး၊ ဓမ္မစကြာအဖွဲ့သူ အဖွဲ့သားတို့က စုပေါင်း ရွတ်ဖတ်ပူဇော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲကို ကိုဗစ် ကပ်ရောဂါကြောင့် ၂ နှစ်ဆက်တိုက် ရပ်နားထား ရာကနေ ဒီနှစ် ဝါတွင်းကာလမှာ ပြန်လည်ကျင်းပနိုင်ခဲ့တယ်လို့ ဦးဆောင်ဆရာတော်က မိန့်ပါတယ်။ “ကျောက်ဖြူအုပ်စု အတွင်းမှာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်လာခဲ့တာ အခုဆိုရင် (၁၃)ကြိမ်မြောက် ရှိပါပြီ။ ဒီကြားထဲက ကိုဗစ်ကပ် ရောဂါ ကြောင့် ၂ နှစ်ဆက်တိုက် ရပ်နားထားပါတယ်။ အခုနှစ်မှ ဆရာတော်တို့က ရပ်ရွာလူကြီးနဲ့ တိုင်ပင်ပြီးတော့ ပြန်လည်ကျင်းပ တာ ဖြစ်ပါတယ်” ဆက်လက်ပြီး ဆရာတော်ဘုရားက ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ရတဲ့ ရည်ရွယ်ချက်ကို အခုလို ရှင်းပြပါတယ်။

“ကျောက်ဖြူအုပ်စုအတွင်းမှာ သာသနာတိုးတက်ထွန်းကားရေး၊ ၇ ရက် သားသမီးတွေ ကပ်ဘေးအပေါင်းမှ ကင်းဝေး ကာ အေးချမ်းသာယာစွာရှိစေဖို့ကို ရည်ရွယ်ပြီး ဗုဒ္ဓဘုရားရဲ့တရားဦးဖြစ်တဲ့ ဓမ္မစကြာတရားတော်ကို ကျောက်ဖြူအုပ်စုအတွင်း မှာရှိတဲ့ ၅ ရွာမှာ ဝါတွင်းကာလ တစ်ရွာစီလှည့်ပြီး ရွတ်ဖတ်တာ ဖြစ်ပါတယ်။ နောက်တခုက ဒီလို ဓမ္မစကြာရွတ်ဖတ်ခြင်းကနေ အုပ်စုအတွင်းမှာရှိတဲ့ မိဘပြည်သူတွေက အန္တရာယ်ကင်းပြီး အချင်းချင်း စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ တစ်ဦးနဲ့တဦး ချစ်ခင် ရင်းနှီးခြင်းတို့ ရှိလာစေဖို့ကို ရည်ရွယ်ပြီး အခုလို စုပေါင်းပြီးတော့ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲလုပ်ရတာဖြစ်တယ်” လို့ မိန့်ဆိုပါ တယ်။ ဝါတွင်းကာလအတွင်း စုပေါင်းဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကို ကျောက်ခေါင်းရွာ ရှေးဟောင်းသမိုင်းဝင် သဘာဝဓမ္မဂဠုန် လှိုင်ဂူတော်အပြင် ကျောက်ဖြူအုပ်စုအတွင်းမှာရှိတဲ့ ကျောက်ဖြူ၊ တောင်သုံးဆယ်၊ မြိုင်နဲ့ ညောင်ပင်သာကျေးရွာတို့မှာ ရွတ်ဖတ်ပူဇော်သွားမယ်လို့ သိရပါတယ်။

၃၁။ တောင်ကြီး မီးဖိုချောင်သုံး Gas စတင်ပြတ်လပ်
July 21, 2022
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးဖိုချောင်သုံး (ဂက်စ်) များ ဖြည့်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ ယခုကာလတွင် မီးဖိုချောင်သုံး (ဂက်စ်) ဘူးသေးများမှာ ဆိုင်များ၌ စတင်ပြတ်လပ်နေပြီး (ဂက်စ်) အိုးကြီးများ မှာလည်း ဝယ်ယူရန်ခက်ခဲလာကြောင်း တောင်ကြီးဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ဂက်စ် အသေးဆို ရှာဝယ်လို့မရတော့ဘူး လှဲလို့မရတော့ဘူး။ ဒီရပ်ကွက်ထဲမှာလည်း ရှာဝယ်လို့လည်း မရတော့ဘူး။ ဆိုင်မှာလည်း လာမပို့တော့ဘူး ပြတ်နေပြီ။ အသေးလေးတွေ မရတော့ဘူး။ နည်းနည်းကြီးတဲ့ အလတ်လေးဆိုရင်လည်း ရှားတယ် ဝယ်ရတာ“ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။ မီးဖိုချောင်သုံး ဂက်စ်များစတင်ပြတ်လပ်လာသည့်အတွက် အိမ်ရှင်မများ အခက်ကြုံနေရ ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်မီးလည်း မကြာခဏပိတ်နေသဖြင့် လက်ရှိမှာ ဂတ်စ်အစား မီးသွေးများ၊ ထင်းများ ပြန်သုံးရန်စဉ်းစားနေရကြောင်းလည်း တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အရင်ကတော့ ဂက်စ် နဲ့ ဟင်းချက်ရင် မြန်တာပေါ့၊ အချိန်လည်းသက်သာတယ်။ အခုတော့ ဂက်စ်ပြတ်ရင် မီးကမလာတော့ ဟိုအရင် ငယ်ဘဝ တုန်းကလို ထမင်း၊ဟင်းချက်ရင် အချိန်တခုပေးရတော့မယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

မီးဖိုချောင်သုံး (Gas) များသည် ယခုကာလတွင် နယ်စပ် အသီးသီးမှ တင်းသွင်းရန်အတွက် ခက်ခဲသောကြောင့် ဂက်စ် ပြတ်လပ်မှုများ၊ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မီးဖိုချောင်သုံး ဂက်စ်အိုးကြီးများ ယခင်က တပိဿာလျှင် ထိုင်းငွေ (၄၀၀) ဘတ်ကျော်ရှိပြီး ယခုကာလအတွင်း တပိဿာလျှင် (၈၀၀) ဘတ် ကျော်ထိ ဂက်စ် ဈေးနှုန်းများ မြှင့်တက်လာပြီး ဂက်စ်များ ပြတ်လပ်တာမကြုံရသေးဘူးဟု တာချီလိတ်မြို့ဒေသခံ အသက်(၃၅) ကျော် အမျိုးသားတစ်ဦးက ပြောသည်။ “ ဂက်စ် သွင်းရတာတော့ မခက်ဘူး၊ မပြတ်သေးဘူး။ ဈေးတအားတက်တာပဲရှိတယ်။ တံတားက ပြန်မဖွင့်တာ ထိုင်းကယူလို့ မရတာကြောင့် ဈေးတက်တာ။ အစစအရာရာ ဈေးတက်နေတယ်။ ဂက်စ် က ထမင်း ဟင်းချက် ရတာလွယ်တယ်။ တကယ်ပြတ်လာရင်တော့ မီးသွေးတွေ ပြန်သုံးရတော့မယ် “ဟု ၎င်းအမျိုးသားတစ်ဦးက ပြော သည်။ ယခင်တွင် မီးဖိုချောင်သုံးဂက်စ်အိုး 48 kg (၃၀ပိဿ) ဆံ့သည် ၄ သောင်းကျပ်သာရှိပြီး လက်ရှိမှာ မြန်မာကျပ်ငွေ ၁ သိန်းခွဲထိ မြှင့်တက်လာသဖြင့် မြန်မာပြည်သူများ ဂက်စ်သုံးရန် ခက်ခဲလာကြောင်းသိရသည်။ https://burmese.shannews.or g/archives/29348

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။