• Today is: Thursday, April 18, 2024

အပတ်စဉ် တိုင်းရင်းသတင်းများ စုစည်းတင်ပြခြင်း

(No. 130 , September 21, 2021)

 

၁။ KNU တပ်မဟာ ၅ တွင် ထိတွေ့တိုက်ပွဲ အကြိမ်ရေ တိုးလာပြီး စစ်ကောင်စီဘက် ကျဆုံးမှုပိုများ
September 20, 2021

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၅နယ်မြေတွင် ယခင်လများနှင့် နှိုင်းယှဉ်လျှင် ယခု စက်တင်ဘာ လအတွင်း စစ်ကောင်စီနှင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ အကြိမ်အရေအတွက် တိုးလာသလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးပိုများလာ သည်ဟု KNU က ထုတ်ပြန်သည့် တိုက်ပွဲမှတ်တမ်းများအရ သိရသည်။ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်း တပ်ဖွဲ့ နှင့် တပ်မဟာ -၅၊ လက်အောက်ခံ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တို့အကြား စက်တင်ဘာ လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်အတွင်း တိုက်ပွဲအကြိမ်ရေ ၁၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ယခင်လများထက် တိုက်ပွဲ အကြိမ်ရေ တိုးလာကြောင်း တွေ့ရသည်။

ကေအဲန်ယူ၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်တစ်လလုံးတွင် တိုက်ပွဲအရေအတွက် ၁၃၃ကြိမ်သာ ဖြစ်ပွား ခဲ့ပြီး ဩဂုတ်လတွင်လည်း တိုက်ပွဲပေါင်း ၁၃၀ကြိမ်ဖြစ်ပွားခဲ့ကာ လက်ရှိ စက်တင်ဘာလ ၁၅ရက်အတွင်း တိုက် ပွဲဖြစ်ပွားမှုမှာ ၁၂၂ကြိမ်ရှိနေပြီး ဖြစ်သည်။ အလားတူ KNU တပ်မဟာ -၅၊ ဘက်မှ ထုတ်ပြန်သည့် တိုက်ပွဲဖြစ်ပွားမှု မှတ်တမ်းတွင်လည်း စစ်ကောင်စီနှင့်၎င်းလက် အောက်ခံ BFG တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုလည်း တိုးလာနေကြောင်းတွေ့ရပြီး ယခုလ ၁၅ ရက်အတွင်း ၇၀ ဦး ကျဆုံးကာ ၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သို့သော် ယခင် ဩဂုတ်တစ်လလုံးတွင် ၆၅ ဦး ကျဆုံးကာ ၁၀၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့် လဝက်အတွင်း ကျဆုံးသူ ပိုများလာသည်ကို တွေ့ရသည်။ အဆိုပါ တိုက်ပွဲများကြောင့် KNU တပ်မဟာ-၅ဘက်က ပြီးခဲ့သည့်မေလမှ စက်တင်ဘာ ၁၅ရက်နေ့အထိ KNLA တပ်ဖွဲ့ ဝင် ၅ ဦး ကျဆုံးကာ ၂၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ စာရင်းများအရ အရပ်သား ၄ ဦး သေဆုံးကာ ၁၉ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း လစဉ်ထုတ်ပြန် သည့် တိုက်ပွဲအနှစ်ချုပ် စာရင်းများအရ သိရသည်။

KNU လက်အောက်ခံ KNLA တပ်မဟာ-၅နှင့် KNDO တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီ တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်က ၎င်းတို့၏ ကျရှုံးစစ်စခန်းများကို ပြန် လည်ရယူရန် ကြိုးပမ်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်နေရခြင်းဖြစ်သည်။ လက်ရှိ ပွင့်လင်းရာသီ ရောက်ရှိလာ တော့မည်ဖြစ်သည့်အတွက် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း KNLA အရာရှိများက သုံးသပ်ပြောဆိုမှု များလည်း ရှိနေ သည်။ အလားတူ KNU ၏ အချို့ဒေသများဖြစ်သည့် တပ်မဟာ (၁)၊ တပ်မဟာ (၂)နှင့် တပ်မဟာ (၃)နယ်မြေများတွင်လည်း နေ့စဉ် ထိတွေ့တိုက်ပွဲများရှိနေသလို စစ်ကောင်စီဘက်မှ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် လူသားဒိုင်း အသုံးပြုခြင်း၊ ပေါ်တာဆွဲခြင်းများအပြင် ဒေသခံ အရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းများလည်း ပြုလုပ် နေကြောင်း ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂။ လိုင်ဇာမြို့အနီး စစ်ကောင်စီတပ် အင်အား ထပ်ဖြည့်နေ
20 September 2021

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှ အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်ခန့်သည် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာ ဘက်သို့ ဦးတည်ကာ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ လိုင်ဇာမြို့အနီး လဂျားယန် (La Ja Yang) နှင့် ခယာဘွမ့် (Hka Ya Bum) စသော နေရာများတွင် စစ်အင်အား တိုးချဲ့ရန် ဖြစ်သည်ဟု ဒေါ့ဖုန်းယန် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။“ဒီမနက် အစေားကြီးကနေ ထွက်သွားကြပြီ။ ယာဉ်တန်းနဲ့မဟုတ်ဘူး။ ခြေကျင်နဲ့သာဖြစ်တယ်။ လဂျားယန်နဲ့ ခယာဘက်ကို သွားတဲ့အဖွဲ့ဖြစ်တယ်။ တိုက်ပွဲတွေ ပြန်ဖြစ်မလားမသိဘူး”ဟု ပြောဆိုသည်။

ယခုလအတွင်း ဒေါ့ဖုန်းယန်မှ လိုင်ဇာသွားလမ်းတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်မှ စစ်ရေးဖြည့်တင်းသည့် လှုပ်ရှားမှု များ ပုံမှန်ရှိလာကြောင်း သူကဆက်ဆိုသည်။ ထို့အပြင် နွမ်လန့်ကျေးရွာတွင် ထပ်မံတိုးချဲ့ထားသည့် စစ်ကောင်စီတပ် စစ်အင် အား ၂၀၀ ခန့်က အလောဘွမ့် နှင့် ရှန်းဒုန်းဘွမ့် ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

ယနေ့နံနက် အလောဘွမ့်လမ်းဘက်သို့ ထွက်ခွာသွားသည့် စစ်အင်အားအဖွဲ့မှာ စက်တင်ဘာလ ၁၉ ရက် ယမန်ညက ဗန်းမော်မြို့ ဘက်မှ နွမ်လန့်တပ်စခန်းအတွင်းသို့ ရောက်ရှိလာသောအဖွဲ့ဖြစ်ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။ လက်ရှိ ဒေသခံများ၏ ပြောဆိုချက်အရ ဒေါ့ဖုန်းယန်နှင့် ခယာဘွမ့်အထိ စစ်ကောင်စီတပ် အင်အား ၁ ထောင်ဝန်းကျင်ခန့် စစ်အင်အားဖြည့်တင်းထားကြောင်း သိရသည်။

၃။ ဒီးမော့ဆိုမြို့ နှစ်ဖက်တိုက်ပွဲကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးတယ်လို့ KNDF ထုတ်ပြန်
September 21, 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာအနားမှာ စက်တင်ဘာလ ၂၀ ရက်နေ့ မနေ့က ကရင်နီအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (KNDF) ၊ ကရင်နီတပ်မတော် (KA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး KNDF ဘက်က ရဲဘော်တစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ KNDF ဘက်က ထုတ်ပြန်ပါတယ်။

ကင်းထောက်ဖို့သွားနေချိန် ဒေါပိုးစီရွာအပါအဝင် ရွာအချို့ထဲမှာ အရပ်ဝတ်နဲ့ပုန်းနေတဲ့ စစ်ကောင်စီတပ်သားတွေက တိုက် ခိုက်ခဲ့တာဖြစ်တယ်လို့ KNDF အဖွဲ့တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။“စစ်ကောင်စီက ပုံမှန်ဝတ်စားနေကျ စစ်ပုံစံ နဲ့မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ လူထုတွေရဲ့နေအိမ်တွေမှာဝင်ပြီးတော့ နေရာယူတာတွေ ရှိတယ်ပေါ့နော်၊ အဲဒီမှာ ကျနော်တို့ ထိပ်တိုက်တွေ့ဆုံပြီးတော့မှ တိုက်ပွဲဖြစ်တာပေါ့နော်၊ ကျနော်တို့ဘက်ကတစ်ဦးကျပြီး လေးဦးဒဏ်ရာရသွားတယ်”လို့ KNDF ဘက်ကဆိုပါတယ်။ မနေ့က နေ့လည် ၁၁ နာရီနဲ့ ညနေ ၄ နာရီမှာ နှစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်ကလက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာတွေကြောင့် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု တိတိကျကျကိုတော့ မသိရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုလည်း RFA ကဆက်သွယ်နေဆဲ ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ် ရေးအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ ၉၅ ဦးရှိသွားပြီဖြစ်ပါတယ်။

၄။ အောင်ပန်းမြို့ ဒေသခံများကို စစ်ကောင်စီမှ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြု
September 18, 2021

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီတို့သည် အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အ သုံးပြုမှုရှိနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ အောင်ပန်းမြို့ နောင်ရဲကျေးရွာတွင် အောင်ပန်းပြည်သူ့ကာကွယ် ရေးတပ် (ASDF) နှင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ တပ်ဖွဲ့ဖြစ်သည့် အသွင်းပြောင်း ပအိုဝ်းပြည်သူ့စစ် (PNO)တို့ (စက်တင်ဘာ ၁၈)ရက် မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကာ အရပ်သား(၂)ဦးကို ဒိုင်းကာအဖြစ်အသုံးပြုရန် ဖမ်းဆီး ခေါ်ဆောင်သွားပြီး၊ လယ်တောထဲ နွားကျောင်းနေသည့် (၅)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိသည်။

“ မနက်ကတော့ သေနတ်သံတွေ အကျယ်ကြီးပဲကြားရတယ်။ နောက်စေတီကုန်းဖက်မှာ လူ(၂)ဦးကို ဒိုင်းကာအဖြစ် စကစ က ခေါ်သွားတယ်။နောက် နောင်ရဲရွာ က နွားကျောင်းနေတဲ့ လူငယ် (၅)ဦးကိုလည်း ဖမ်းခေါ်သွားတယ်” ဟု အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ကြားရသလောက်တော့ အောင်ပန်း PDF (အောင်ပန်းပြည် သူ့ကာကွယ်ရေးတပ်) တွေနဲ့ တိုက်ခိုက်တာတဲ့၊ PNO စစ်သားတွေကလည်း ဝင်ကူတာပေါ့၊ လက်နက်ကြီးတွေနဲ့သေနတ်သံ တွေကတော့ တစ်နာရီကျော် ကြားရတယ်၊ နောင်ရဲရွာရဲ့ အစပ်နားကိုလည်း လက်နက်ကြီးက သုံးလုံးကျလို့ တချို့ရွာသားတွေ က ထွက် ပြေးနေကြရတယ်” ဟုအောင်ပန်းဒေသခံ အမျိုးသား က ဆိုသည်။

လက်ရှိတွင် အောင်ပန်းမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအထိ စစ်ကောင်စီအင်အား ၂၀၀ ထက်မနည်း လုံခြုံရေး ချထားသည့် အပြင် ၎င်းတို့၏ ကင်းလှည့်ကားများလည်း ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

၅။ စစ်ကောင်စီတပ်က လူနေအိမ် ဖျက်ဆီးပြီး ဆန်နဲ့ တန်ဖိုးရှိ ပစ္စည်းများ ယူသွား
21 September 2021

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ ကောင်းစထီးကျေးရွာရှိ နေအိမ်တစ်အိမ်ကို စက်တင် ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ဖျက်ဆီးဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိတဲ့ ပစ္စည်းနဲ့ ဆန်အိတ်များကို ယူသွား ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီနေ့ ဖိုင်ကောင်း၊ ကောင်းစထီးရွာက နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က အိမ်အကြိမ်တံခါးတွေ ထရံတွေ ဖျက်ဆီး လိုက်ပြီးနောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ နဲ့ ဆန်တွေ ယူသွားတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးကြောင်း “အချိန် အတိအကျ နဲ့ တန်ဖိုး ကိုတော့ မသိသေးဘူး။ အိမ်ရှင်တွေလည်း အိမ်ပြန်လို့ မရသေးဘူး” လို့ သူက ပြောပါတယ်။ ပန်ဆိုင်း(ကြူကုတ်) နဲ့ မုံးကိုး တို့မှာ ၂ ပတ်ခန့် တိုက်ပွဲ ခေတ္တငြိမ်သွားပြီး စက်တင်ဘာ ၁၆ ရက်နေ့ကစ စစ်ကောင်စီတပ်ဘက်က တင့်ကားနှစ်စီးအပါအဝင် အင်အားအလုံးအရင်းစစ်ကြောင်းထိုး ချီတက်လာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဩဂုတ်လ ၄ ရက်နေ့ကစ ဖိုင်ကောင်း ကောင်းစထီးရွာအပါ အဝင် နယ်စပ်တစ်လျှောက် မြို့နယ်ခွဲ ၂ ခုက ကျေးရွာ ၉ ရွာ ဒေသခံ ၁၄၀၀ ကျော်ဟာ စစ်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

၆။ ဒီးမော့ဆိုနဲ့ လွိုင်ကော် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်လူနာ တစ်ရာကျော် တွေ့ရှိ
September 18, 2021

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေက စစ်ဘေးဒုက္ခသည်တွေကို ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးရာမှာ စက်တင်ဘာလ ၁၇ ရက်တစ်နေ့တည်းမှာတင် ၁၀၃ ဦး တွေ့ရ တယ်လို့ ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

လွိုင်ကော်မြို့ နမ့်ကွတ်ရပ်ကွက် မစိုးရိမ်တိုက်သစ် ဘုန်းကြီးကျောင်းက စစ်ဘေးဒုက္ခသည် စခန်းမှာ ၄၉ ဦး ပိုးတွေ့ရတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပြီး ဒေသခံ တစ်ဦးကလည်း RFA ကို အတည် ပြုပြောပါတယ်။“ရဟန်းတွေကော ကိုရင်တွေကော စစ်ရှောင်တွေရော စစ်လိုက်တာ အကုန်လုံးပေါင်း ၁၈၀၊ ၁၉၀ လောက်စစ် လိုက်တာ ရဟန်း ၁၃ ပါး စစ်တာက ရဟန်း နှစ်ပါးတွေ့တယ်။ ကိုရင် ၁၀ ပါးစစ်တာ နှစ်ပါး တွေ့တယ်။ လူဦးရေ ၁၇၀ စစ်တာ ၄၅ ဦးတွေ့တယ်လေ၊ အားလုံးပေါင်း စုစုပေါင်း ၄၉ ဦးပေါ့”အဲဒီစခန်းက စစ်ဘေးဒုက္ခသည်အများစုတို့ဟာ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာ၊ စံပြ ၆ မိုင်ရွာ၊ ဝမ်း လထွားရွာ၊ ဘက်တလင်ရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်လို့ ရောက်နေ ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်း ၄ ခုက လူ ၁၂၀ ကျော်ကို စစ်ခဲ့ရာ ၅၄ ဦးက ပိုးတွေ့ တယ်လို့ Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထား ပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသူတွေကို ကျန်းမာရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ ပရဟိတလုပ်နေတဲ့ အဖွဲ့တွေက လိုက်လံစစ် ပေးနေကြတာဖြစ်ပါတယ်။ လက်ရှိမှာ ပိုးတွေ့တဲ့စခန်းတွေအားလုံးကို အသွားအလာ ကန့်သတ်ထားတဲ့အတွက် စားနပ်ရိက္ခာ တွေ ဆေးဝါးတွေလိုအပ်နေကြတယ်လို့ ဆိုပါတယ်။

၇။ တပ်ပေါင်းစုကို ထမင်းပို့သည့် အရပ်သားတစ်ဦး သေနတ်ပစ်ခံရ
September 20, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ဆင်ကျေးရွာ အနီးတွင် စခန်းချနေသည့် မြောက်ပိုင်းတပ်ပေါင်းစု TNLA, SSPP ကို ထမင်းသွားပို့ရန် အသွားလမ်းတွင် သေနတ်ပစ်ခံရကြောင်းသိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာ ရီဝန်းကျင်တွင် နောင်ဆင်ကျေးရွာအနီးစခန်းချနေသည့် မြောက်ပိုင်းတပ်ပေါင်းစုဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်း ပြည်တပ်မတော်(SSPP/SSA)နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ ဒေသခံများက ထမင်းသွားပို့စဉ် လွိုင်စနေတွင် သေနတ်ပစ်ခံရပြီး အမျိုးသားတစ်ဦး၏ ရင်ဘတ်တွင်ကျည်းထိမှန်းခဲ့ကြောင်းသိရသည်။

“ သူတို့ (၃) ယောက်သွားတာ။ ဘယ်အဖွဲ့ကနေပစ်လည်းတော့ သေချာမသိဘူး။ (၂) ချက်လောက်ပစ်တာ။ ပထမတစ်ချက် ပစ်တာမထိလို့ နောက်တစ်ချက်ပစ်တာ။ လိုက်ပို့ပေးတဲ့ တယောက် ရင်ဘတ်နားထိသွားတာ။”ဟု နောင်ဆင်ကျေးရွာခံ တဦး က ပြောသည်။ ထိုတပ်ပေါင်းစုအတွက် ဒေသခံများက တရက်ကို နေ့စားဖြင့် ထမင်းဟင်းချက်ပေးပြီး ၎င်းတို့ ရှိရာနေရာတွင် သွားရောက် ပို့ဆောင်ပေးရကြောင်းသိရသည်။“ ကျနော်တို့ ထမင်း၊ဟင်း ချက်ပြီးပို့ပေးရတယ်။ တရက်ကို ၅ ထောင်ရတယ်။ ရွာမှာလည်း အလုပ်မရှိဘူး။ သူတို့နေတဲ့နေရာမှာ ရေကော မီးကောမရှိဘူး။ အဲကြောင့်ချက်ပေးရတာ” ဟု နောင်ဆင်ဒေသခံ တဦး ကပြောသည်။

ထို ပစ်ခတ်မှုတွင် ဒေသခံများပြောပြချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ RCSS/SSA က ပစ်ခတ်ခဲ့ကြောင်း သိရသည်။“ ကျနော်တို့ မြေပြင်က သတင်းအရ ကျနော်တို့ သေချာမသိရသေးဘူး။ အသေးစိတ်ကျနော်တို့ မကြည့်ရဘူး” ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို ပစ်ခံ ရသည့် သူကို တပ်ပေါင်းစုမှ ဆေးကုသပေးသော်လည်း လက်ရှိတွင်၎င်း၏ ကျန်းမာရေးအခြေနေကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

၈။ AA တပ်ဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဟု စစ်ကောင်စီပြော
September 20, 2021

ရခိုင်ပြည်နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးမည့် ဦးတည်အုပ်စု ၁၆ စုထဲတွင် ရက္ခိုင့်တပ်တော် AA ၏ တပ်ဖွဲ့များ ပါဝင်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီမှ ပြောဆိုလိုက်သည်။ ရက္ခိုင်တပ်တော် AA ၏ တပ်ဖွဲ့ဝင်များကို ကိုဗစ် ကာကွယ်ဆေးထိုးမည်ဖြစ်သော်လည်း ထိုးပေးမည့်အရေအတွက်ကို သူ့အနေဖြင့် မသိရှိသေးကြောင်း ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Western News ကိုပြောသည်။

“EAO တွေကို ကာကွယ်ဆေးထိုးပေးဖို့ဆိုတာကို ကာကွယ်ရေးဦးစီချုပ်ကအစည်းအဝေးတွေမှာပြောပြီးသား EAO တွေကို ဘယ်လိုထိုးမယ်ဆိုတာကိုအစပိုင်းမှာတော့ညွန်ကြားချက်မရသေးဘူး။ ကျနော်တို့ထိုးမယ့် ၁၆ ဖွဲ့ထဲမှာ ပါတယ်။ AA ကိုလည်း ဆေးထိုးမယ့်ထဲမှာပါတယ်။ အရေအတွက်ကိုတော့ မသိရသေဘူး။ ထိုးမယ့်စာရင်းထဲမှာပါတယ်”ဟုပြောသည်။ စစ်ကောင်စီ က ကိုဗစ်ဆေးထိုးမည့်ကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA နှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ပြင်ဆင်ဆောင် ရွက်နေ သည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက Western News ကို ပြောသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်၌ ဦးတည်အုပ်စု ၁၆ စုကို တရုတ်နိုင်ငံထုတ် Sinopharm အမျိုးစား ကိုဗစ် ကာကွယ်ဆေးကို သက်ဆိုင် ရာကျန်းမာရေးဌာနအလိုက် ထိုးနှံပေးနေသည်ဟု ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ Western News ကို ပြောသည်။

စစ်ကောင်စီကာ ထိုးပေးနေသည့် ဦးတည်အုပ်စုဆိုသည်မှာ ဦးစားပေးအုပ်စုအဖြစ် အသက် ၅၅ နှစ်အထက် အစိုးရကျန်းမာ ရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်းများနှင့် သာသနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများတို့ဖြစ်သည်။ ယင်းအပြင် ဟိုတယ်၊ မိုတယ်၊ တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ Super Market စျေးများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်ရောဂါမရှိသူများကို ထိုးနှံပေးသွားမည်ဟု သိရသည်။

၉။ စစ်တပ်က ဖမ်းဆီးတရားစွဲဆိုထားသည့် တောင်ကုတ်ဒေသခံ ၉ ဦးအမှုကို အမြန်ဆုံးစစ်ဆေးပေးရန် မိသားစုဝင်များ တောင်းဆို
Sep 18, 2021

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရား စွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဒေသခံ ၉ ဦး၏အမှုကို အမြန်ဆုံးစစ်ဆေးပေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။ အဆိုပါတောင်ကုတ်ဒေသခံ ၉ ဦးကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့တွင် စစ်သားများက နေအိမ်သို့လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင် များကပြောသည်။ ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ကမာကျေးရွာမှ ကိုအောင်နိုင်စိုး၊ ချက်ပေါက်ကျေးရွာမှ ကိုဌေးမောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုကျော်တင်အောင်၊ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်၊ လမူး ကျေးရွာမှ ကိုစံချစ်အောင်၊ ကိုလှသန်းမောင်တို့ဖြစ်ကြသည်။

၎င်းတို့ ၉ ဦးကို အေအေနှင့်ဆက်စပ်သည်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(စျ)၊ ၅၀(ည)တို့နှင့် စစ်တပ် ကတရားစွဲဆိုခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းတို့တရားရင်ဆိုင်နေရသည်မှာ ၁ နှစ်နှင့် ၄ လခန့်ကြာမြင့်လာပြီဖြစ်သည်။ ဖမ်းဆီးခံ ထားရသည့် မိသားစုများမှာ ဆင်းရဲချို့တဲ့သူများဖြစ်ကြပြီး ယခုကဲ့သို့ ရုံးချိန်းများကြာမြင့်လာသဖြင့် ခရီးစရိတ်အကုန်အကျ များလာနေ၍ အမှုအားအမြန်စစ်ဆေးပေးရန် ကိုသန်းနိုင်၏ညီမဖြစ်သူ မသန်းသန်းဆင့်က တောင်းဆိုသည်။ “အမှုကကြာနေ ပြီ။ အဲဒါကြောင့် အပြစ်ရှိတယ်ဆိုရင် အမှုကိုထောင်ချရင်လဲချ၊ မချရင်လဲ ပြန်လွှတ်စေချင်တယ်။ အခုသွားလာရေးစရိတ်တွေနဲ့ မိသားစုတွေလဲ တော်တော်အခက်အခဲ ဖြစ်နေပြီ”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသည့် ကိုနေရဲဝင်း၏ မိခင်၏ဒေါ်သန်းညွန့်အေးက “ခဏလေးဆိုပြီး အိမ်ကနေသူတို့ခေါ်သွားကြတာ၊ အခု အချိန်ထိ သူတို့ပြန်မလွှတ်ပေးသေးဘူး”ဟု ပြောသည်။ တောင်ကုတ်ဒေသခံ ၉ ဦးအား ဖမ်းဆီးသွားသည့်နေ့က ၎င်းတို့၏ နေအိမ်များသို့ စစ်သားများမှလာရောက်ရှာဖွေခဲ့ပြီး မှတ်ပုံတင်နှင့် ဖုန်းများကို ယူဆောင်သွားခဲ့ကြောင်းလည်း ဖမ်းဆီးခံရသူ များ၏ မိသားစုဝင်များကပြောဆိုထားသည်။ AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် လူအစုလိုက်ဖမ်းဆီးချုပ်နှောင် ခံထားရသော ရခိုင်ပြည်အတွင်းက ထင်ရှားမှုအမှုများကို ရုပ်သိမ်းပေးခြင်းမရှိသေးပေ။

၁၀။ အကြမ်းဖက်မှု အတွေးအခေါ်နှင့်လုပ်ဆောင်မှုများ တားဆီးကာကွယ်ကြရန် ကေအန်ယူတိုက်တွန်း
21 September, 2021

အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်မှုတွေကို တားဆီး၊ ကာကွယ်ခြင်းနဲ့ ပပျောက်စေခြင်းအတွက် အားထုတ်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ကရင်အ မျိုးသားအစည်းအရုံး (ကေအန်ယူ)က အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်း ရေးနေ့ကို ပေးပိုတဲ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းတလျှောက် မလုံခြုံမှုတွေ၊ စိုးရိမ်ကြောင်းကြ မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ညှဉ်းဆဲသတ်ဖြတ်မှုတွေနဲ့ ငြိမ်းချမ်းမှုအတွက် အတားဆီးတွေကို ဖြစ်ပေါ်စေတဲ့ တွေးခေါ်မှု နဲ့ အပြု အမှုတွေကို ကြုံတွေ့ နေရပါတယ်။

ဒီလို တွေးခေါ်မှုတွေနဲ့ အပြုအမှုတွေတွေကို မဆုံးမသတ်နိုင်ပါက ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာ ဖြစ်တဲ့အတွက် မိမိတို့ အနေနဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်မှုတွေကနေ တားဆီး၊ ကာကွယ်ခြင်းနဲ့ ပပျောက်စေ ခြင်းအတွက် အားထုတ်လုပ်ဆောင်ရမှာဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။ ကမ္ဘာ့လူသားတွေရဲ့ အသက်အိုးအိမ်စည်း စိမ်တွေ၊ ကျောင်းနဲ့အသက်မွေးဝမ်းကျောင်းတွေကို အကာကွယ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းခေါင်းဆောင် တွေနဲ့ မျိုးဆက်သစ်လူငယ်တွေ ပူးပေါင်းပါဝင်မှုလည်း အထူးလိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့လူသားတွေအတွက် မလုံခြုံမှုနဲ့ မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အတွေးအခေါ်တွေနဲ့ ယဉ်ကျေးမှုတွေကို ချုပ်ငြိမ်းရေး အားထုတ်ကြရမယ်လို့ ဖော်ပြပါတယ်။ မိမိတို့ရဲ့ အသက်ရှင်သန်မှုနဲ့ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးတဟာ ကမ္ဘာ့ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဖြစ်သလို ပြည်သူလူအတွက် ရသင့်ရတိုက်တဲ့ အခွင့်အရေးတွေ၊ တန်းတူညီတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး မူဝါဒလမ်းစဉ်အတိုင်း ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်း သွားမယ်လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။ လူသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ရှင်သန်မှု အသက်မွေးဝမ်းကြောင်း မှုနဲ့ လုံခြုံမှုအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနဲ့ဆို လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

၁၁။ မိုင်းရှူး နမ့်ကတ်ဂိတ် စကစ စစ်ဆေးမှုတင်းကြပ် ဒေသခံသွားလာမှုခက်ခဲ
September 20, 2021

သျှမ်းတောင် မိုင်းရှူးမြို့အဝင် နမ့်ကတ်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်သားများ စစ်ဆေးမှုတင်းကြပ် နေသည့်အတွက် ဒေသခံများသွားလာမှုခက်ခဲနေကြောင်းသတင်းရရှိသည်။ မိုင်းရှူးမြို့အဝင် နမ့်ကတ်ဂိတ်စခန်းတွင် ဝင်ထွက် သွားလာနေသူများအား စစ်ကောင်စီတပ်သားများမှ စစ်ဆေးမှုပြုလုပ်နေတာဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက်နေ့ တွင် NUG က D Day ကြေညာပြီးနောက် ထိုဂိတ်စခန်းတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာတာဖြစ်ကြောင်း ဒေသခံ များ ထံမှ သိရသည်။

“ခုနောက်ပိုင်း အဲ့ဒီဂိတ်စခန်းကနေ ဖြတ်ရဖို့ကို မလွယ်ဘူး၊ သေသေချာချာကို ရှင်းပြနေရတယ်၊ ပါတဲ့ပစ္စည်းတွေကိုလည်း ထုတ်ပြရတယ်။ ခဏခဏ ဖြတ်သွားဖြတ်လာလုပ်ရင်လည်း ဆဲတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထိုဂိတ်စခန်းသည် မနက် (၆)နာရီမှ ည (၈)နာရီအထိ ဖွင့်လှစ်ချိန် သတ်မှတ်ထားသော်လည်း ယခုနောက်ပိုင်းတွင် ဂိတ်ပိတ်တာ စောလာကြောင်း ဒေသခံများထံမှ သိရသည်။ ထိုဂိတ်စခန်းသည် မိုင်းနောင်နှင့်ဝမ်ဟိုင်းမှ မိုင်းရှူးမြို့သို့ လမ်းမကြီးပေါ်တွင်တည်ရှိပြီး ခရီးသွားပြည်သူများကို နေ့စဉ် စစ်ဆေးနေသည့် ဂိတ်စခန်းဖြစ်ကြောင်း သိရသည်။

၁၂။ ဖားအံမြို့တွင် အိမ်ငှားများကို ဧည့်စာရင်း ကောက်ယူနေ
September 18, 2021

ဖားအံမြို့နယ်တွင် အိမ်ငှားရမ်းနေထိုင်သူများကို ဧည့်စာရင်းတိုင်ခိုင်းပြီး စာရင်းကောက်ယူမှုများ ရှိနေပြီဖြစ်သည်ဟု အိမ်ငှား ထားသူ မြို့ခံများက ကေအိုင်စီသို့ပြောသည်။ ဖားအံမြို့ပေါ်ရှိ အိမ်ပိုင်ရှင်တစ်ဦးက “ဧည့်စာရင်းတင်ခိုင်းကတည်းက အိမ်ငှား သူစာရင်း အသေးစိပ်ယူပြီး ရပ်ကွက်ရုံးမှာ သွားတင်ပြထားရတယ်။ လူများရင် များလာသလို သွားတင်ရတယ်။ အရင်တုန်းက ဆိုရင် ဒီလိုမျိုးတော့ တင်ပြရ တာတွေ မရှိဘူး။ သူတို့ဘယ်အချိန် ဝင်စစ်မလဲ မသိရဘူးလေ။ လာငှားတဲ့လူစာရင်းကို။”ဟု ပြောသည်။

လက်ရှိ ဖားအံမြို့ပေါ်တွင် အိမ်ပိုင်ရှင်များအနေဖြင့် အိမ်ငှားရမ်းရာ၌ ဖားအံမြို့အနီးတဝိုက် မြို့နယ်များမှ သိရှိသူများ နှင့် ထောက်ခံပေးသူများကိုသာ ဦးစားပေး ငှားရမ်းနေကြသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးမှ လာရောက်သူ များကို ထွက်ခွာလာသည့်ဒေသမှ ရပ်ကွက်ထောက်ခံစာပါရှိမှသာ အိမ်ငှားရမ်းသလို ထောက်ခံပေးမည့် သူရှိပါကလည်း အိမ်ငှားလေ့ရှိပြီး ထောက်ခံစာ မရှိသူများကိုမှု အိမ်ငှားခြင်း မပြုတော့ကြောင်း အိမ်ပိုင်ရှင်များထံမှ သိရသည်။ ဖားအံမြို့အနီးရှိ ကျေးရွာဒေသခံတစ်ဦးက “ရွာမှာတော့ အဲလိုအပြင်လူတွေ အိမ်လာငှားနေတာ သိပ်မရှိဘူး။ ဆိုတော့ တိုင်ရတာတော့ မရှိ သေးဘူး။ ဒီလိုမျိုး တိုင်ခိုင်းတာက မြို့အပြင်မှာ PDF တွေ စုနေတာလား၊ CDM တွေ လာခိုနေတာ လား၊ အဲဒီစာရင်းတွေ သိချင်တဲ့သဘောဖြစ်မယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နေအိမ်၊ တိုက်ခန်းပိုင်ရှင်များအနေဖြင့် ငှားရမ်းမည်ဆိုပါက ငှားရမ်းနေထိုင်သူ၏ အသေးစိတ် အချက်အ လက်များ ရယူကာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေပုဒ်မ(၁၇)အရ ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးတွင် ဧည့်စာရင်းတိုင်ရန်နှင့် မတိုင်ကြားထားလျင် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဥပဒေအရ ငှားရမ်းအိမ်ခန်း များကို သိမ်းဆည်းခံရနိုင်ကြောင်းလည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။ ယခုရက်ပိုင်း အတွင်း ဖားအံမြို့နယ်တွင် စစ်ဆေးမှုများလာပြီး ညပိုင်းတွင်လည်း ဧည့်စာရင်း စစ်ဆေးမှုများလာကာ ဖမ်းဆီးခံရသူအချို့ လည်းရှိကြောင်း မြို့ခံများထံမှ သိရသည်။

၁၃။ အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို နေရာ ၃ ခုတွင် MNDAA တိုက်ခိုက်
18 September 2021

မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်း (ကြူကုတ်) မြို့ ၊ မုံးကိုးမြို့ နှင့် လွယ်ဂျုံတောင် စသည့်နေရာ ၃ ခုတွင် ယနေ့ နံနက်ပိုင်းက စတင်ပြီး စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီမှ စတင်ပြီး ပန်ဆိုင်း (ကြူကုတ်)မြို့အထွက် ဖိုင်ကောင်းရွာ နှင့် နမ့်ဟူးရွာကြား၊ မုံးကိုးမြို့အနီး နော့ဂူ ရွာ နှင့် နမ့်ဆူရွာကြား၊ လွယ်ဂျုံတောင် စသည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

“အသံကြားနေတယ်။ အခုလက်ရှိကို ဖြစ်နေတယ်။ ကျွန်တော်တို့က စစ်ရှောင်စခန်းဘက်ရောက်နေပြီ။ ရွာမှာ မနေတော့ဘူး။ ရွာမှာ ပိတ်မိနေတဲ့ သူတွေ ရှိနေသေးတယ်။” ဟု နေ့လည် ၁၂ နာရီကျော်ထိ တိုက်ပွဲ ပြင်းထန်ဆဲဖြစ်ကြောင်း နမ့်ဆူရွာခံ တစ် ဦး က ပြောသည်။ အဆိုပါတိုက်ပွဲများကြောင့် ဒေသခံတချို့မှာ ဘေးလွတ်ရာကို မထွက်ပြေးနိုင်သေးဘဲ ပိတ်မိနေဆဲဖြစ်သည် ဟု သိရသည်။ ယခု တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီ စစ်ကြောင်းမှာ စက်တင်ဘာ ၁၆ ရက်ညနေပိုင်းက တင့်ကား အပါ အဝင် စစ်ကား ၄၀ ကျော်ဖြင့် ပန်ဆိုင်းမြို့သို့ ရောက်ရှိလာသောအဖွဲ့ဖြစ်သည်ဟုသိရပြီး အဆိုပါ စစ်ကားများကို ပန်ဆိုင်းမြို့ တွင်ချန်ထားပြီးနောက် ခြေကျင်ဖြင့် မုံးကိုးသို့ ဆက်လက်ချီတက်လာခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

“ဒီ ပန်ဆိုင်းဘက်က စဖြစ်တာက ဒီမနက် ၈ နာရီခွဲ လောက်ကစဖြစ်တာ ကြိုကြား ကြိုကြား ဖြစ်တာနဲ့ ဆိုရင် ၁၁ နာရီ ၄၅ လောက်ထိ ဖြစ်တယ်။ ကားနဲ့ တင့်ကား မပါဘူး ခြေလျင်” ဟု ပန်ဆိုင်း အနီးနားက ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ တိုက်ပွဲများတွင် TNLA နှင့် AA တပ်ဖွဲ့များ ပါဝင်သည်ဟု ဒေသခံများ ပြောဆိုနေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။ တိုက်ပွဲများကြောင့် ပန်ဆိုင်း မြို့နယ်ခွဲ နှင့် မုံးကိုးမြို့နယ်ခွဲရှိ စစ်မြေပြင်ဖြင့် နီးကပ်သော ကျေးရွာပေါင်း ၁၀ ခုမှ ဒေသခံ ၂၀၀၀ ကျော် မှာ လက်ရှိတွင် နယ်စပ်တွင် ယာယီတဲများဖြင့် ထွက်ပြေးခိုလှုံနေရဆဲဖြစ်သည်။

၁၄။ စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်တဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ လှူဒါန်းသူမရှိသလောက် နည်းပါးနေ
September 21, 2021

KA၊ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ပိုမိုများပြား လာပြီး ၎င်းတို့အတွက် အရေးပေါ်ဆေးဝါး၊ ရိက္ခာအရေးတကြီးလိုအပ်နေတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်သူအချို့ ကိုဗစ် ပိုးကူးစက်မှုရှိနေပြီး ကိုယ်ထူကိုယ်ထဖြင့် ကျန်းမာရေးဝန်းထမ်းတွေက ကူညီဆောင်ရွက်ပေးနေရသလို စစ်ရှောင်စခန်းတွေမှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေပိုများနေပြီး လိုအပ်တဲ့ဆေးဝါး၊ ရိက္ခာ၊ မိုးကာတွေကို လှူဒါန်းသူမရှိတော့ဘူးလို့ သိရပါတယ်။

“စစ်ရှောင်က အရှေ့ဖက်ခြမ်းမှာ တနေ့ထက်တနေ့များလာတယ်။ အဲ့တော့ အခက်အခဲကတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အဓိကဟာ ကိုဗစ်ပေါ့။ ကိုဗစ်ကူးစက်မှုဖြစ်လာတယ် နောက်တစ်ချက်က စားနပ်ရိက္ခာပြတ်လပ်မှုတွေ ဖြစ်လာတယ်။ အခု နောက်ပိုင်းက အလှူရှင်တွေမရှိတော့ဘူးပေါ့နော။ ဆေးဝါးတို့ စားနပ်ရိက္ခာတို့ဆိုရင် လှူတဲ့သူမရှိတော့ဘူး။ မရှိသ လောက်ပဲ တစ်ယောက်စ နှစ်ယောက်စပဲ ရှိတယ်။ အဲ့ဒီရှိတဲ့ဟာကို သွားသယ်နေရာတာတောင်မှ အသက်အန္တာရာယ်နဲ့ ခြိမ်း ခြောက်ခံရ တယ်ပေါ့။ အဓိက အခက်အခဲဘာလဲဆိုရင် ဆေးဝါးရယ်၊ စားနပ် ရိက္ခာရယ်ပေါ့။ နောက် ဆရာ၊ ဆရာမတွေပေါ့။ ကျန်းမာရေး ပိုင်းဆိုင်ရာကုသမှုအပိုင်း ဆေး ဆရာ၊ ဆရာမတွေလည်း လိုတာပေါ့။”လို့ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ စစ်ဘေးရှောင် ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုအပိုင်း အဓိကလိုအပ်လျက်ရှိပြီး ကိုဗစ်ရောဂါပိုးတွေ့ရှိမှုကလည်း ပိုတိုးလာသလို လက်လှမ်းမမှီတဲ့နေရာတွေမှာလည်း စစ်ရှောင်ပြည်သူတွေ သွားရောက်နေထိုင်တာကြောင့် ၎င်းတို့အတွက် စားနပ်ရိက္ခာ ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ်အတွင်း လမ်းမကြီးတစ်လျှောက်မှာ လမ်းသွားပြည်သူတွေကို စစ်ဆေးမေး မြန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့သူတွေ သွားလာရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပြီး ခရီးသွားလာတဲ့ ယာဉ်အချို့ကိုလည်း မေးမြန်းစစ်ဆေးမှုမရှိဘဲ ပစ်ခတ်မှုလည်း ရှိနေပါ တယ်။

၁၅။ မိုင်းကိုင် စစ်ရှောင်ထော်လဂျီတိမ်းမှောက် အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရ

September 20, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း (စက်တင်ဘာ ၂၀)ရက်တွင် စစ်ရှောင်များစီးလာသည့် ထော်လာဂျီတိမ်းမှောက် သဖြင့် စစ်ရှောင်အမျိုးသမီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းလက်နက် ကိုင် တပ်ဖွဲ့ (၂)ဖွဲ့ ကြီးမားသည့် တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ရှောင်စခန်းအနီး လက်နက်ကြီးသံများကြားရကာ စစ်ရှောင်များထွက်ပြေးလာစဉ် ဟိုခဲလမ်းခွဲနှင့် ဆားတောတံတားကြား ထော်လဂျီတိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ အမျိုးသမီး(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။

ထိုထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီး တစ်ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် လွိုင်လင် ဆေးရုံသို့ ဆေးကုသမှု ခံယူနေရပြီး၊ ကျန် (၂)ဦးမှာ ဒဏ်ရာမပြင်းထန်သဖြင့် မိုင်းကိုင်ဆေးရုံတွင် ဆေးကုသခံနေကြောင်းသိရသည်။“စစ်ရှောင်တွေ ထပ်စစ်ရှောင် ကြတယ်။ မိုးတွေကလည်း ရွာတော့ ထော်လဂျီတိမ်းမှောက်တာပေါ့။ စစ်ရှောင် (၃)ဦး ထိခိုက်တယ်။ တယောက်ကတော့ ဒဏ်ရာပြင်းတယ်။ ၂ယောက်ကတော့ သိပ်မပြင်းဘူး”ဟု မိုင်းကိုင် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။ လက် ရှိ မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲအရှိန်ပြင်းထန်မှုကြောင်း စစ်ရှောင် (၃၀၀၀) ကျော်ထွက်ပြေးနေရ ကြောင်းသိရသည်။

၁၆။ ခရစ်ယာန်ဘာသာအပေါ် စစ်တပ်ရဲ့ မထီမဲ့မြင်လုပ်ရပ် ချင်းပြည်နယ်မှာ ကန့်ကွက်
September 20, 2021

ချင်းပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ပြုမူလုပ်ဆောင်မှုတွေဟာ ဘာသာရေးနဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ ပြည်တွင်းပဋိပက္ခတွေ ဖြစ်ပေါ်လာစေနိုင်လို့ ချင်း နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန် ခဲ့တာပါ။ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံ CDF အဖွဲ့တို့အကြား တိုက် ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က အင်အားအလွန်အကျွံ အသုံးပြုတာကြောင့် မြို့ပေါ်လူနေအိမ်အချို့ မီး လောင်ခဲ့သလို ထန်တလန် ရာပြည့် နှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာတစ်ပါး ဖြစ်တဲ့ ပါစတာကျုံးဗျက်ဟုမ်း ဟာ စစ်တပ်က ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ပါတယ်။ အဲဒီ သင်းအုပ်ဆရာတော်ရဲ့ နာရီ၊ ဖုန်းနဲ့ မင်္ဂလာ ရွှေလက်စွပ်တွေ ကို လည်း လက်ချောင်းတွေကိုဖြတ်ပြီး လုယူသွားတာကို တုန်လှုပ်ချောက်ချားဖွယ် တွေ့ရှိရတယ်လို့လည်း ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်ရဲ့လုပ်ရပ်ကို လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့အတွင်းရေးမှူး ဦးလော့ဟာလင်းရ် က RFA ကို ပြောပါတယ်။ “ဒီလိုဖြစ်ပွားတဲ့အခါမှာ ပြည်သူနဲ့ ရန်သူကို မခွဲခြားနိုင်တဲ့ အနေအထားမျိုး မဖြစ်ရဘူး။ စစ် တိုက်တယ်ဆိုပြီးတော့ ရမ်းပြီးတော့ အဲဒါတွေမဖြစ်ရဘူးလေ။ နောက်တစ်ခုက ရပ်ထဲ၊ ရွာထဲမြို့မှာ ဖြစ်ကတတ်ဆန်း ရိုင်းရိုင်း စိုင်းစိုင်း နမော်နမဲ့ ပြုမူတဲ့ အပြုအမူတွေဟာ တိုင်းပြည်တစ်ခု၊ အစိုးရတစ်ခုမှာ ဖြစ်ကို မဖြစ်ရမယ့် ကိစ္စတစ်ခု ဖြစ်တယ်။ လောလေ ာဆယ်တော့ ဒီလိုသာဆက်ပြီးတော့ ဖြစ်သွားမယ်ဆိုရင် နိုင်ငံရေး ပဋိပက္ခသာမကပဲ လူမျိုးရေး၊ ဘာသာရေး အသွင် ဆောင်တဲ့ ပဋိပက္ခတွေ ပိုမို ကြီးထွားစရာအကြောင်း ရှိတယ်။ ကျွန်တော်တို့ ပြောတာက ကြီးထွားစရာ အကြောင်းရှိတဲ့အတွက် ကျွန်တော်တို့က အပြင်းအထန် ရှုံ့ချကန့်ကွက်တဲ့ အနေအထား ရှိတယ်” သင်းအုပ်ဆရာရဲ့ ဒဏ်ရာဒဏ်ချက် အနေအထားအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ ယူဆရသလို လက်ကိုဖြတ်ပြီး ပစ္စည်းကို ယူသွားတဲ့ကိစ္စဟာလည်း ဘယ်လိုမှ မဖြစ်သင့် ဘူးလို့လည်း ပြောပါတယ်။

အလားတူ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကလည်း သင်းအုပ်ဆရာတော် ကွယ်လွန်ခဲ့ရတဲ့အပေါ် ထိတ်လန့် ဝမ်းနည်းရကြောင်း စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း လူမဆန်စွာသတ် ဖြတ်ခံခဲ့ရတာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ သာသနာ့နယ်မြေတွေ ဖျက်ဆီးတာ၊ ဓမ္မအမှုတော်ဆောင်၊ အသင်းသူ အသင်း သားနဲ့ ပြည်သူတွေအပေါ် အသက်အန္တရာယ် ကျရောက်စေတဲ့ အပြုအမူတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့လုပ်ရပ်ဟာ လူသားမဆန်တာကြောင့် အခုလိုထုတ်ပြန်တာလို့ ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဒေါက်တာ ခလမ်ဆန်ဆွမ် RFA ကို ပြောပါတယ်။

၁၇။ စာသင်ကျောင်းများပြန်ဖွင့်ရန် ညွှန်ကြားထားခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူပြော
September 18, 2021

အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ဘဲ ညွန်ကြားချက်တစ်စုံတစ်ရာမရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက DMG သို့ပြောသည်။ “လက်ရှိ အော်ဒါအနေနဲ့ ယာယီပိတ်ထားတဲ့အထိပဲရှိပါသေးတယ်။ ကျောင်းဖွင့်ဖို့ ညွှန်ကြားချက်တွေ ရောက်ရှိတာ မရှိသေးပါဘူး။ ကျောင်းတွေအကုန်လုံးက တာဝန်ရှိသူတွေကိုလည်း ကျနော်တို့ alarm ပေးထားတာရှိတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်ချိန်ဖွင့်မယ်ဆိုတာကို ကျနော်တို့ကို အထက်ကညွှန်ကြားလာတာမရှိသေး ပါဘူး” ဟု ၎င်းကပြောသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်မည့်ကိစ္စကို အခြေခံပညာဦးစီးဌာနမှ ယနေ့ထိတစ်စုံတစ်ရာညွှန်ကြားလာခြင်း မရှိသေးကြောင်း နှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ပါကအဆင့်သင့်ဖြစ်စေရန် လိုအပ်သည့် ကျောင်းသန့်ရှင်းရေး လုပ်ငန်းများကို ကြိုတင်စီမံ ဆောင်ရွက်ထားရန်သာ ညွှန်ကြားထားကြောင်း ဒေါက်တာထွန်းထွန်းသိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အထက်တန်းကျောင်းသူ မညိုညိုဆန်းက ကျောင်းပိတ်ထားသည့်ကာလ ကြာမြင့်လာ သည့်အတွက် ကျောင်းသားများအတွက် နစ်နာမှုရှိနေကြောင်း ပြောသည်။“ကျမတို့ဆို ကျောင်းမတက်ရတာ ၂ နှစ်ဖြစ်တော့ မှာလေ၊ စာကပြန်ပြီး အစအဆုံးပြန်လေ့လာရမယ်။ တစ်ဖက်မှာလည်း အသက်တွေကြီးလာတယ်လေ။ အခုဆို ဘယ်နေ့ ကျောင်းဖွင့်မှာလည်းဆိုတာ တိတိကျကျမသိရတော့ ပိုဆိုးတာပေါ့”ဟု ကျောင်းသူမညိုညိုဆန်းက ပြောသည်။

၁၈။ ကယားပြည်နယ်မှာ ပြည်သူဘက်က ၉၃ ဦးသေဆုံးခဲ့တယ်လို့ PKPF ထုတ်ပြန်
September 20, 2021

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အချိန်အထိ ခုနှစ်လကျော် ကာလအတွင်း ကယားပြည် နယ်မှာ တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၉၃ ဦးသေဆုံးကာ ၁၂၄ ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီးမော့ဆိုမြိုနယ်မှာ ၂၃ ကြိမ်၊ လွိုင်ကော်မြို့မှာ ၁၃ ကြိမ်၊ ဖယ်ခုံမြို့နယ်နဲ့ ဖရူဆိုမြို့နယ်မှာ ကိုးကြိမ်စီ၊ လွိုင်လင်လေးမြို့မှာ ရှစ်ကြိမ်၊ မိုးဗြဲမြို့နဲ့ ဘောလခဲမြို့မှာ ငါးကြိမ်စီနဲ့ ဖားဆောင်းမြို့နယ်မှာ တစ် ကြိမ် စုစုပေါင်း ၇၃ ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၇၁ ဦး သေဆုံးခဲ့ရသလို စစ်ဘေးရှောင်နေစဉ်မှာ သေဆုံးသူငါးဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ လက်နက် ကိုင်အဖွဲ့အချို့ဘက်က ၁၆ ဦးနဲ့ ဆန္ဒပြသပိတ်တွေ ပြုလုပ်ချိန်မှာနှစ်ဦး စုစုပေါင်း ပြည်သူတွေဘက်က ၉၃ ဦးသေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ဖမ်းဆီးတာခံထားရတဲ့ ဒေသခံတွေထဲမှာ တပ်မတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရသူ ၁၀၇ ဦး၊ လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ နဲ့ ခုနှစ်ဦး၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ ခြောက်ဦး၊ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ လေးဦး စုစုပေါင်း ဒေသခံ ၁၂၄ ဦးကိုလည်း အမှုတွေအသီးသီးဖွင့်ပြီး တရားစွဲဆိုထားတယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်မှာ အရပ်သားတွေ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ ကိစ္စအပေါ် သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

၁၉။ ထန်တလန်မြို့ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွါပြီး နယ်စပ်ဘက်သို့ စစ်ဘေးတိမ်ရှောင်
September 21, 2021

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှလက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုကြောင့် လူနေအိမ်လောင်ကျွမ်း ကာ ခရစ်ယာန်သင်းအုပ်ဆရာ ပါစတာတစ်ဦးသေဆုံးမှု စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားပြီးနောက် ထန်တလန်မြို့ ဒေသခံအားလုံးနီးသည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများ ထံမှ သိရသည်။

“ကျွန်တော်လည်း အခု ရွာတရွာမှာ စစ်ဘေးရှောင်ဘဝရောက်နေတယ်၊ ထန်တလန်မှာက လူတွေရှိရင်တောင်မှ တစ်မြို့ လုံး မှာ လူတစ်ရာတောင် ရှိမလားတောင်မသိဘူး၊ တခြားလူအားလုံးကတော့ ထန်တလန်မြို့ နယ်မှာရှိတဲ့ ရွာတွေ၊ တချို့ဆိုရင် အိန္ဒိယနိုင်ငံအထိကို စစ်ဘေးရှောင်တဲ့အခြေအနေရောက်နေတယ်။”ဟု ထန်တလန်မြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးကပြော သည်။ ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်းကစပြီး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာခဲ့သည့်အပြင် စစ် ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် ယခုရက်ပိုင်းတွင်လည်းတိုက်ပွဲ ထပ်မံဖြစ်ပွားလာသောကြောင့် မြို့ပေါ်နေ ပြည်သူထက်ဝက်ခန့်မှာ စက်တင်ဘာလ ဒုတိယပတ်ခန့်က ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သည်။

ထန်တလန်မြို့သည် ဟားခါးမြို့အနောက်မြောက်ဖက် ၂၃ မိုင်ခန့်အကွာအဝေးတွင် တည်ရှိပြီး လူဦးရေ ၉ ထောင်နှင့် ၁ သောင်း ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။ CNA/CDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ထန်တလန်မြို့အနီးအနားတွင် တိုက်ပ ွဲဖြစ်ပွားနေပြီး လက်နက်ကြီးသံများကြားနေရကြောင်းလည်း သိရသည်။

၂၀။ မိုင်းတုံ WNP ပါတီဝင်တစ်ဦး CRPH နှင့် ပါဝင်ပတ်သက်ဟုဆိုပြီး စကစ အမှုဖွင့်
September 21, 2021

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် “ဝ” အမျိုးသားပါတီ (WNP)မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အမ်ဇော်လတ်(ခ) ဆမ်မာကို့စ် ကို အာဏာသိမ်းစစ်ကောင်စီ က အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဒေါက်တာ အမ်ဇော်လတ် သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ပါဝင်ပတ်သက်မှုရှိနေသည်ဟု ဆိုပြီး အာဏာသိမ်းစစ်ကောင်စီ၏ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့)က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၂၅(က) ဖြင့် အမှုဖွင့်လိုက်ကြောင်း WNP ပါတီမှ အမည်မဖော်လိုသည့် ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အကြမ်း ဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ပြုလုပ်တယ်ဆိုပြီး တပ်ကြပ်ကြီး ဆွေနိုင်ထွန်းက တရားလို ပြုပြီး ကျိုင်းတုံမြို့မရဲ စခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရတယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၂ (က)ဖြင့် အမှုဖွင့် လိုက်တာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဒေါက်တာ အမ်ဇော်လတ်ကို အာဏာသိမ်းစစ်ကောင်စီကတစ်ဖက်သတ် အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့် NUG၊ CRPH အပါအဝင် CRPH မှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သည်ဟုဆိုကာ မိုင်းတုံတပ်ဆွယ် စရတစု (၃)၏ တပ်စိတ်(၂)မှ တပ်စိတ်မှူး တပ်ကြပ်ကြီး ဆွေနိုင်ထွန်းက တရားလိုပြုလုပ်ပြီး မိုင်းတုံမြို့မ ရဲစခန်းတွင် စက်တင်ဘာလ (၂၀)ရက်နေ့၌ (ပ)၂၂/၂၀၂၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့် လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)သည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) တွင် အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။

၂၁။ ရေးမြို့ချောင်းတောင်တံတားအနီး ဗုံးပေါက်ကွဲ
September 21, 2021

ရေးမြို့ ချောင်းတောင်တံတား ငွေကောက်ခံဂိတ်အနီး၌ ယနေ့ (စက်တင်ဘာလ ၂၀ ရက်) မွန်းလွဲ ၃ နာရီအချိန်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ရေးမြို့၊ မြို့မရဲစခန်းမှ ဒုရဲအုပ် မင်းနိုင်ထွန်းက အတည်ပြုပြောကြားသည်။ “တံတားပေါ်မှာ ပေါက်တာ မဟုတ်ဘူး။ ဂိတ်နားမှာကွဲတာ၊ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး” ဟု ၎င်းကပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲသည့်အချိန်တွင် ချောင်းတောင်တံတားပေါ်၌ လုံခြုံရေးတပ်ဖွဲ့များလည်းရှိနေပြီး အသံဗုံးတစ်လုံးကို ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ (YSTF) ကပြုလုပ်ခဲ့ကြောင်း ၄င်းတို့၏ Facebook စာမျက် နှာ တွင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နှင့် ကဗျာဝကျေးရွာကြားရှိ Mytel တယ်လီဖုန်းဆက် သွယ်ရေး တာဝါတိုင်တစ်ခုနှင့် ရေးမြို့နယ်အရှေ့ခြမ်း ကျောက်မိချောင်း (တောင်ပိုင်း) ကျေးရွာအနီးရှိ Mytel တာဝါတိုင်တစ်ခု တို့ကို ပြီးခဲ့သည့်ရက်ပိုင်းက ၄င်းတို့ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF Facebook ပေါ် တွင် ကြေညာထားသည်။

၂၂။ ကော့ကရိတ်မြို့နယ်အတွင်း စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာ၊ လူထုစားဝတ်နေ ရေး ခက်ခဲနေ
September 17, 2021

ကော့ကရိတ်မြို့တွင် စားသောက်ကုန်များ၏ စျေးနှုန်းများမှာ ယခင်ကထက် မြင့်တက်လာသည့်အတွက် ကျေးလက်နှင့် မြို့ တွင်း နေထိုင်သူများမှာ စားဝတ်နေရေးအတွက် ပိုမိုရုန်းကန်ကြရသည့် အခက်အခဲများဖြစ်နေကြသည်ဟု ဒေသတွင်း သတင်း များအရ သိရှိရသည်။

မြို့ခံစျေးသည်တစ်ဦးက “ဈေးကတော့ အရင်လို ရောင်းမကောင်းတော့ဘူးပေါ့နော်။ ဘာလို့ဆို ကိုဗစ်နဲ့ ကုန်ဈေးနှုန်း တွေ တက်လာတဲ့အတွက်ကြောင့်ပေါ့နော်။ အရင်က ဆီ ၁လီတာဗူးဆိုရင် ၁၀၀၀ကျော်ပဲ ရောင်းတယ်။ အခုက ၂၇၀၀ နဲ့ ရောင်းရ တယ်ပေါ့နော်။ ဆားတို့လည်း ဒီလိုပဲ။ အရင်က တစ်တွဲကို ၁၈၀၀ နဲ့ပဲရောင်းတယ်။ အခု ၂၂၀၀နဲ့ ရောင်း တယ်ပေါ့ နော်။ ဒီအခုနောက်ပိုင်း ဈေးတွေက အကုန်တက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ၎င်းအပြင် ပြည်တွင်းထုတ်ကုန် ကြက်သွန် အပါအဝင် မာမားခေါက်ဆွဲခြောက်၊ သကြား၊ ပဲနို့ စသည့် ထိုင်းနိုင်ငံမှ တင် သွင်းလာသည့် စားသောက်ကုန်များမှာလည်း ဇူလိုင်လကတည်းက ဈေးနှုန်းမြင့်တက်လာခဲ့သည်။

အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)လုပ်ထားသူ ကျောင်းဆရာမတစ်ဦးက “အရင်ကထက်တော့ စားဝတ်နေရေး ကြပ်တည်း ခက်ခဲလာတယ်။ ဝင်ငွေနည်းပြီး ထွက်ငွေက များနေတယ်ပေါ့နော်။ စီးပွားရေးကလည်း အရင်လို မကောင်းဘူး။ ဒီလိုသာ ကြာကြာဖြစ်နေမယ်ဆိုရင် ကျမတို့လို အခြေခံလူတန်းစားတွေအတွက် အဆင်မပြေတော့ဘူး။”ဟု ကေအိုင်စီ သို့ ပြောသည်။ ကော့ကရိတ်မြို့တွင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဈေးဝယ်လာသူများကို တစ်လ (သို့) လဝက်လျှင် ၃ရက်ခန့် ဈေး ဝယ်နိုင် ရန် သွားလာခွင့်ပြုပြီး မြို့တွင်းရှိ ရပ်ကွက်နေပြည်သူများကိုမူ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပုံမှန် စျေးဝယ် သွားလာခွင့်ပြု ထားသည်ဟု သိရှိရသည်။

၂၃။ ကယားမှာ စစ်ကောင်စီရဲ့ လုပ်ငန်းတွေရပ်တန့်ရေး KSCC ကြိုးပမ်း
September 20, 2021

ကယားပြည်နယ်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ ဒေသခံ ပြည်သူတွေ တိုက်ပွဲ ဝင်နေချိန် ဒေသတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေ ရပ်တန့်ရေးကိုပါ ကြိုးပမ်းနေတယ် လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) က RFA ကို ပြောပါတယ်။

(KSCC) ဟာ ပြည်နယ်အတွင်းက ၂၀၂၀ ရွေးကောက်ခံ အမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ လူငယ်နဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ၊ တတ်သိပညာရှင်တွေ စုစည်းပြီး ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ယန္တရားကို ဖြုတ်ချဖို့ အခုလို ကြိုးပမ်းနေတာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ (KSCC) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အဓိကတော့ စစ်ကောင်စီရဲ့ ယန္တရားတွေကို ရပ်နိုင်ဖို့ စစ်ကောင်စီနဲ့ မတွဲဖို့ နောက်ပိုင်းတော့ တခြားသော ယန္တရားတွေကိုလည်း လိုအပ်ရင် လိုအပ်သလို ဆက်လက်ပြီး စစ်ကောင်စီ ပြုတ်ကျဖို့အရေးအတွက် ကျမတို့ လိုအပ်ရင် လိုအပ်သလို ဆက်လက်ပြီးတော့ ထုတ်ပြန်မှုတွေ လုပ်သွားမှာပေါ့နော်။ ဒါကလည်း မြေပြင် အခြေအနေနဲ့ တကယ် လိုအပ်မှသာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ စားဝတ်နေရေးလည်း ရှိသေးတဲ့ဟာကို ကျမတို့ နားလည်တယ်။ ဒါပေမဲ့ ဒီစစ်ယန္တရားကို အားပေးတဲ့အပြင် ကျမတို့ရဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အစုအဖွဲ့ တွေရဲ့ လုံခြုံရေးဆိုင်ရာတွေအတွက်လည်း ကျမတို့က အဲဒီအပေါ်မှာ ခြုံပြီးတော့မှ ထုတ်ပြန်မှုတွေ လုပ်သွားမှာပါ” ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ကရင်နီပြည်နယ်အတွင်းက လုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီ ကို အထောက်အကူပြုစေတဲ့ ဘယ်လုပ်ငန်းမဆို ပူးပေါင်းဆောင်ရွက်နေတာတွေရှိရင် ချက်ချင်းရပ်တန့်ဖို့ (KSCC) က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို လိုက်နာအောင် လိုက်လံစစ်ဆေးတာတွေ၊ အရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ ဘယ်အချိန်မှာ ကွင်းဆင်းစစ်ဆေး မယ်ဆိုတာကိုတော့ (KSCC) က မပြောပါဘူး။

အမည်မဖော်လိုတဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူ တစ်ဦးကလည်း စစ်ကောင်စီကို အကျိုးဖြစ် စေတဲ့ ဘယ်လုပ်ငန်းကိုမဆို လုပ်ငန်းလည်ပတ်ခွင့်မရအောင် လုပ်သွားမယ်လို့ ပြောပါတယ်။ အခုလိုကြိုးပမ်းမှုရဲ့ နောက်ဆက် တွဲအနေနဲ့ ပြည်သူတွေရဲ့စားဝတ်နေရေးမှာ အခက်အခဲရှိလာနိုင်ပေမယ့် အခုလက်ရှိမှာ အာဏာရှင်ပြုတ်ကျရေးသာ အဓိက ဖြစ်နေလို့ ကျန်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ နောက်တစ်ဆင့်အနေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ ကယားပြည်နယ် အတွင်း ဆောင်ရွက်နေတဲ့ တင်ဒါလုပ်ငန်းတွေဟာ ယခင် NLD အစိုးရလက်ထက်က လက်ကျန်လုပ်ငန်းတွေပဲ ဖြစ်ပြီးတော့ စစ်ကောင်စီလက်ထက်မှာ လုပ်ငန်းအသစ် မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါ တယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသတွင်း ဆောက်လုပ်ရေးကုမ္မဏီတစ်ခုရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ လက်ရှိဖြစ် ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေအရ လက်ကျန်လုပ်ငန်းတွေကိုပါ ရပ်ထားရတယ်လို့ ပြောပါတယ်။

၂၄။ တန့်ယန်းမြို့ဒေသခံများ သူခိုး ဓားပြဒဏ်ပိုခံနေရ
September 19, 2021

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် တန်းယန်းမြို့တွင် သူခိုးဓားပြများ ပေါများလာသည့်အတွက် ဒေသခံများက စိုးရိမ်ထိတ် လန့် နေကြောင်း သတင်းသိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ ညသန်းခေါင်ဝန်းကျင်အချိန်တွင် တန့်ယန်းမြို့ မြို့မဈေးရှိ ဆိုင်ခန်း ၂ ခန်းသည် ဖော်ထွင်းခံရပြီး ဆိုင်ထဲသိုလှောင်ထားသည့် ပစ္စည်းများနှင့် ငွေကြေးတချို့ ဆုံးရှုံးလိုက်ရကြောင်း တန့်ယန်းမြို့ ရပ်ကွက် ၅ တွင်နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မြို့မဈေးကရဲ့ အရှေ့တံခါးဘက်က အပြင်တန်းရဲ့ ညာဘက်ထောင့် ဆိုင်ခန်း နှစ်ခန်း အဖောက်ခံရတယ်၊ ဆိုင် ထဲမှာထားတဲ့ ငွေအကြွေတချို့(တစ်သိန်းကျော်) နဲ့ ပစ္စည်းတချို့ပါသွားတယ်” ဟု အဖောက်ခံ ရသည့် ဆိုင်ရှင် နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“ကျနော်တို့ မြို့မှာ သူခိုးဂျပိုးတွေက အရင်က များလာပါတယ်၊ ကြီးကြီးမားမားဆုံးရှုံးမှု မရှိခဲ့သေးပေမယ့် ခိုးဆိုးလုယက်မှုတွေ တစ်ရက်ထက်တစ်ရက် ပိုပိုဖြစ်ပွားလာတဲ့အပေါ် စိုးရိမ်မိတယ်၊ လူထုတွေအနေနဲ့လုံခြုံမှုမရှိဘူးလို့ ခံစားရတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တန့်ယန်းမြို့နယ်အတွင်း၌ ယခုကဲ့သို့ သူခိုးဓါးပြများ ပေါများလာသည့် အပြင် ဌာနေပြည်သူ့စစ်များက တပ်သားသစ်စုဆောင်းမှုများကို အတင်းလုပ်ဆောင်ခြင်း များ ရှိနေပြီး ဒေသအတွင်း သွားလာလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဒဏ်များကိုလည်း တိမ်းရှောင်နေရ ကြောင်း လည်း သိရသည်။

၂၅။ အကြမ်းဖက်စစ်ခေါင်းဆောင် ပူတာအိုခရီးပျက်၊ ကချင်မြေမှ ထွက်သွားရန် မောင်းထုတ်ဆန္ဒပြခံရ
19 September, 2021

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကချင် ပြည်နယ်ခရီးစဉ်ဟာ ပြီးဆုံးသွားခဲ့ကာ ပူတာအို ခရီးစဉ်လည်း မသွားဖြစ်တော့ဘဲ ဖျက်သိမ်းသွားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။ အကြမ်းဖက် ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၉ ရက် ဒီကနေ့မှာ ပူတာအိုကို ခရီးဆက်ဖို့ စီစဉ်ခဲ့ပေမဲ့ လုံခြုံရေးကိုအကြောင်း ပြကာ ခရီးစဉ်ဖျက်သိမ်းခဲ့တာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၈ ရက်ကတည်းက ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိလာတာ ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ ဒေသခံကျောင်းသားလူငယ်တွေက အကြမ်းဖက်စစ်ခေါင်းဆောင် ကချင်မြေကနေ ထွက်သွားဖို့ မောင်းထုတ်ဆန္ဒပြတာနဲ့ ကြုံတွေ့ခဲ့ရတယ်။ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ကြားကပဲ မြစ်ကြီးနားမြို့ အထင် ကရ နေရာများမှာ ကချင်လူငယ်တွေနဲ့ ကျောင်းသားသမဂ္ဂ လူငယ်တွေက ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ပြောက်ကျားသပိတ် ပြုလုပ်တဲ့ လူငယ်တွေက “အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ကချင်ပြည်သူတွေ မကြိုဆို ကြောင်းနဲ့ ကချင်မြေ က ခုထွက်သွား… သွေးကြွေးမှာဆွေးနွေးစရာမရှိ၊ ကချင်မြေဟာ တပ်ပိုင်မြေမဟုတ်”စတဲ့ စာသားတွေပါတဲ့ ပိုစတာတွေ ကိုင်ပြီး ဆန္ဒပြကြပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)အနေကလည်း အကြမ်းဖက်ခေါင်းဆောင်ရဲ့ ကချင်ပြည်နယ်ခရီးစဉ် အတော အတွင်းမှာ မြစ်ကြီးနား-ပူတာအိုကားလမ်းကို ယာယီပိတ်ထားခဲ့ ပြီးနောက် အကြမ်းဖက်ခေါင်းဆောင်ဟာ ရှမ်းပြည်ဘက်ကို ခရီးဆက်သွားပြီဖြစ်ကြောင်း သိရပါတယ်။ စစ်ကောင်စီခန့် ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က အာဏာသိမ်းစစ် ခေါင်းဆောင်ကို ကချင်အမျိုးသား ရိုးရာဝတ်စုံ၊ ခေါင်းပေါင်း၊ ဓားနဲ့ လွယ်အိတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့တဲ့အတွက် လည်း ကချင်တိုင်းရင်းသားတွေက ရှုတ်ချကန့်ကွက်ဝေဖန်နေကြပါတယ်။

၂၆။ ကျောက်မဲမြို့ ရေကြီးရေလျှံမှုဖြစ် နေအိမ် (၄၀၀)ဝန်းကျင် ရေဝင်ရောက်
September 20, 2021

သျှမ်းမြောက် ကျောက်မဲမြို့ (စက်တင်ဘာ ၂၀ ရက်) မနက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး နေအိမ် (၄၀၀)ခန့် ရေဝင် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ နမ့်စမ်းငေါင်းချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေ တစ်လျှောက်ရှိ နေအိမ်များနှင့် တစ်ချို့ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေကြီးတာက အဓိက ရပ်ကွက်(၆)ကွက်မှာပါ၊ နမ့်စမ်းငေါင်းချောင်းဘေးတစ်လျှောက်မှာတော့ ပိုဆိုးတယ်၊ ရေဝင်ရောက်တဲ့ နေအိမ်လည်း (၄၀၀)ဝန်းကျင်လောက်ကို ရှိမယ်၊ ချောင်းဘေးမဟုတ်ဘဲ ရပ်ကွက်တွေထဲမှာလည်း ရေကြီးရေလျှံတာတွေ ဖြစ် နေတယ်” ဟု ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျောက်မဲမြို့တွင် ယမန်နေ့ စက်တင်ဘာလ (၁၉)ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့မနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်(၆) အတွင်း နေအိမ်တစ်ချို့နှင့် နမ့်စမ်းငေါင်းချောင်းဘေးတစ်လျှောက်တွင် ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်မဲမြို့တွင် နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ် ရေလျှံမှုက ယခင်နှစ်များ ထက် ဆိုးရွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရေကြီးတာက နှစ်တိုင်းဖြစ်တယ်၊ ဒါပေမယ့် ဒီနှစ်က တော်တော်ဆိုးတယ်၊ ဒီလို မဖြစ်တာ (၄)နှစ်လောက်ရှိပြီ၊ တောင်ကျရေ တွေလည်း အရမ်းများလို့ ရေကြီးတာ ပိုဆိုးသွားတယ်လို့ ထင်တာပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်ခဲ့သည့်အပြင် မြို့တွင်းရှိ နမ့်စမ်းငေါင်း ချောင်းကူး တံတား တစ်ချို့ ကိုလည်း ယာယီပိတ်ထားခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

၂၇။ မြဝတီမြို့တွင် နေအိမ်တွင်း လက်လုပ်မိုင်းပေါက်ကွဲ၊ ၁ဦးသေ ၂ ဦး ဒဏ်ရာပြင်းထန်
September 20, 2021 175

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံရပ်ရှိ နေအိမ်တစ်အိမ်တွင် စက်တင်ဘာ (၂၀) ရက်နေ့ ညဦးပိုင်း က လက်လုပ် မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ဦး သေဆုံးကာ ကျန် ၂ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ည ၇:၁၅ အချိန့်ခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက်၊ အောင်မြေရွှေဘုံ ၂ လမ်းရှိ နေအိမ်တစ်အိမ်၌ လက်လုပ်မိုင်း စမ်းသပ်ရင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ပြောသည်။ မိုင်းပေါက် ကွဲမှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသား ၃ ဦးကို မိုင်းထိမှန်ကာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာလည်း အခြေအနေ စိုးရိမ်ရကြောင်း မြဝတီခရိုင် ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထိုသို့ မိုင်းပေါက်ကွဲမှု ဖြစ်သွားပြီးနောက် အဆိုပါနေ ရာတွင် စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးတင်းကြပ်ထားပြီး နောက်ဆက်တွဲ ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

၂၈။ မောင်တောနယ်စပ်မှာ တကျော့ပြန် လှုပ်ရှားလာသည့် မွတ်ဆလင် လက်နက်ကိုင်များ
17 September 2021

ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း မွတ်ဆလင်ပြဿနာများမှာ ယနေ့အချိန်ထိကမ္ဘာကအာရုံစိုက်မှုရှိနေကြသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်သွားသော မွတ်ဆလင် ဒုက္ခသည်အရေးမှာလည်း နယ်သာလန်နိုင်ငံ သည် The Hague မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ အမှုရင်ဆိုင်နေဆဲ ဖြစ်သည်။ ထိုသို့ ရှုပ်ထွေးလှသည့် မောင်တောနယ်စပ် ပြဿနာမီး မငြိမ်းနိုင်သေးသည့်အချိန် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ မှိုလိုပေါက်ပြီးတကျော့ပြန်ခေါင်းထောင်လာပြန်သည်။ ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)၊ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာ တပ်မတော် (ARA) တို့အပြင် ဂိုဏ်းစတားဆန်ဆန် လှုပ်ရှားနေသော အဒူလာကိမ်းအဖွဲ့ စသည့်လက်နက်ကိုင်အဖွဲ့အစည်းများမှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းများ ကို ခြေကုပ်ယူပြီး မောင်တောဒေသကို စိမ့်ဝင်လှုပ်ရှားနေသည်မှာ ဒေသခံလူထု အတွက် စိုးရိမ်စရာဖြစ်လာသည်။

ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization- RSO) အဖွဲ့သည် ၁၉၈၀ ခုနှစ် အစောပိုင်း ကတည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြေကုပ်ယူကာ မောင်တောနယ်စပ်လုံခြုံရေးကင်း စခန်းများကို မကြာခဏ တိုက်ခိုက်မှု ရှိခဲ့ကြောင်း သမိုင်း မှတ်တမ်းများက ဖော်ပြသည်။ ၁၉၆၀ ခုနှစ်တွင် မောင်တောနယ်မြို့နယ်အတွင်းက လုံခြုံရေး စခန်းများကို အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရက နယ်မြေ ရှင်းလင်း နှိမ်နင်းသဖြင့် RSO အဖွဲ့များ အကျအဆုံးများကာ တဖက်နိုင်ငံသို့ ပြန်လည် ဆုတ် ခွာခဲ့ရကြောင်းလည်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ARSA အဖွဲ့သည် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့တွင် မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့်ရဲ စခန်းများကို တပြိုင်တည်း ဝင် ရောက်တိုက်ခိုက်ခဲ့ပြီး ကမ္ဘာက အာရုံစိုက်မှုကို ရရှိခဲ့သည်။ ARSA ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသား လက်နက် ကိုင်များ ပုန်ကန်တော်လှန်သည့်အနေနှင့် မတူဘဲ အကြမ်းဖက်သမားတို့၏ စစ်သွေးကြွသည့် လုပ်ရပ်များကို ပုံဖော်လုပ် ဆောင် ပြီး ဟိန္ဒူ ဘာသာဝင်များကိုလည်း အစု လိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အတွက် အကြမ်းဖက်သမားများအဖြစ် မြန်မာ အစိုးရက ကြေညာထားသလို မွတ်ဆလင် အသိုင်းအဝိုင်းကြားတွင်လည်း ထောက်ခံမှုကျဆင်းခဲ့သည်။ ရခိုင်ပြည်နယ် မြောက် ပိုင်းတွင် စစ်တပ်နှင့် AA တို့ မီးကုန်ယမ်းကုန် တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်တုန်းကလည်း ရသေ့တောင်မြို့နယ်နှင့် ဘူးသီး တောင်မြို့နယ်လောက်သာ စစ်မီး တောက်လောင်ခဲ့ပြီး မောင်တောမြို့နယ်အတွင်း စစ်ပွဲ ဖြစ်မှု မရှိသလောက် ရှားပါးခဲ့သည်။

၂၉။ စစ်ကောင်စီတပ်သား ၂ ဦး KNU တပ်မဟာ (၁) ဆီ ဝင်ရောက်ခိုလှုံ
September 21, 2021

ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သား ၂ ဦး စက်တင်ဘာလ ၂၀ ရက်နေ့က KNU တပ်မဟာ (၁) ဘက်သို့ ဝင်ရောက်ခိုလှုံလာကြောင်း သိရပါတယ်။ CDM ပြုလုပ်လာရောက်ခိုလှုံသူ တပ်သား ၂ ဦးမှာ တပ်သား ရန်နောင်ဝင်း နှင့် တပ်သား ဇင်လင်းရန်တို့ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။“ဒီနေ့ပဲ သူတို့ရောက်လာတာဖြစ်တယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ ထားထားပါတယ်။ လူချည်းပဲ ရောက်လာတာဖြစ်ပါတယ်။ လက်နက်မပါဘူး” လို့ KNU တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့မှာ အင်အား (၉၅) ဦးရှိပြီး ခမရ(၄၀၆)တပ်ရင်းမှ တပ်ရင်းမှူး ကျော်ကျော်လတ်နှင့် BGF တပ်မှ တပ်ခွဲမှူးကျော်လဲ့တို့ ဦးဆောင်လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေးကေ ကျေးရွာအခြေစိုက် ပူးပေါင်းအဖွဲ့ထံ လာရောက်ခိုနားခဲ့တဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက ကြသောင်းဆိပ်ကျေးရွာရှိ BGF တပ်စခန်းကို ရိက္ခာနဲ့တပ် အချိန်းပြောင်းလုပ်ဖို့ ထွက်ခွာသွားစဉ်မှာ မြစ်ကျိုးဒေသခံတွေကို ခေါ်ဆောင်သွားသေးတယ် လို့ သိရပါတယ်။

၃၀။ မိုးမိတ်မြို့က နမ့်မိတ်ချောင်းကြိုးတံတား မိုးများရေတိုးသဖြင့် မျောပါပျက်စီး
20 September, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က မြစ်ဆုံကျေးရွာနဲ့ နန်းပန်းဘက်ကို ဆက်သွယ်ထားတဲ့ နန့်မိတ်ကြိုးတံတားက စက်တင်ဘာ ၂၀ ရက်နေ့ မနက်က မိုးများရေတိုးတာကြောင့် ရေနဲ့မျောပါပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တံတားက မြစ်ဆုံကျေးရွာက တံတား၊ ကျေးရွာနဲ့ဟိုဘက်က ရွှေတောတို့ အခင်းတို့ ဘက်ကို ဆက်သွယ်ထားတဲ့တံတား၊ မြောက်ဘက်မှာက ရွှေလီမြစ်၊ တောင်ဘက်မှာက နမ့်မိတ်ချောင်းနဲ့ နမောင်းချောင်း၊ ရွှေလီမြစ်နဲ့ ချောင်းနှစ်ချောင်း ဆုံတဲ့ ချောင်းဝက တံတား၊ ဒီနေ့ပဲရေထဲပါသွားတယ်။” မြောက်ဘက်ရွှေလီမြစ်က စီးလာတဲ့ရေနဲ့ တောင်ဘက် နမိတ်နှမောင်းချောင်း နှစ်ချောင်း တို့ စီးလာတဲ့ရေတွေဆုံတဲ့ နေရာက ကြိုးတံတား ရေထဲမျောပါသွားတာလို့ ဆိုပါတယ်။

ကြိုးတံတားက အရှည် ၇၅၀ ပေ၊ အကျယ် ၉ ပေ၊ အမြင့် ၁၂ပေ ရှိတဲ့ တံတားဖြစ်ပြီး မိုးမိတ်မြို့နဲ့ ၁၈ မိုင်ဝေးတယ်လို့ သိရပါ တယ်။ မိုးမိတ်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး ၂ ရက်ဆက်တိုက် မိုးရွာသွန်းတာကြောင့် ရေတိုးပြီး တံတားပျက်စီး သွားကာ မြို့ထဲကရွာတွေမှာ ရေဝင်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

၃၁။ ရွှေတြိဂံစစ်ဌာနချုပ်မှ ဌာနေပြည်သူ့စစ် တပ်သားများစာရင်းကောက်၊ တပ်သား တောင်းနေ
September 20, 2021

သျှမ်းပြည် အရှေ့ပိုင်း ရွှေတြိဂံစစ်ဌာနချုပ် မှ အာဏာသိမ်း စစ်ကောင်စီအတွက် လုပ်ဆောင်ပေးနိုင်မည့် ဌာနေပြည်သူ့စစ် တပ် သားများ စာရင်းကောက်ယူပြီး အင်အားတောင်းဆိုနေကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၁၉ ရက်တွင် တာချီလိတ်မြို့ နယ်အတွင်းရှိ ပြည်သူ့စစ်အင်အားများကို လိုက်လံ စုဆောင်းကောက်ခံမှုများ ပြုလုပ်ရာ တာချီလိတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင် အင် အားသည် ရဲတပ်ဖွဲ့ဝင်များထက်နှစ်ဆခန့်များပြားနေကြောင်းသိရသည်။ ထို့ကြောင့် တာချီလိတ်ခရိုင်စစ်ကောင်စီ လက်အောက် ခံ ရွှေတြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ တာချီလိတ်မြို့နယ်ရှိ ပြည်သူ့စစ် အင်အား တဖွဲ့လျှင် ၁၀ ဦး မှ ၂၀ ဦး ကြား ပေးရန် အတွက် တောင်းခံကြောင်း သတင်းရရှိသည်။

“ တာချီလိတ်မှာ ပြည်သူ့စစ်အင်အားတွေက များတယ်။ မနေ့က စစ်တပ်က ပြောလာတယ်။ သူတို့ (စစ်ကောင်စီ)ဘက်က ခေါ်လာရင်ပြည်သူ့ဘက်က ဘယ်သူလိုက်နိုင်မလဲဆိုတာ စာရင်းတောင်းလာတယ်။ ဒါပေမယ့် ကျနော်တို့ အဖွဲ့က လောဆယ် တော့ စာရင်းအတိအကျမတင်ရသေးဘူး”ဟု တာချီလိတ်မြို့ခံ ပြည်သူ့ စစ်ခေါင်းဆောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။ တာချီလိတ်မြို့နယ်အတွင်းတွင် ဒေသတွင်း အထူးလှုပ်ရှားသည့် ပြည်သူ့စစ်တပ်ဖွဲ့၊ မဲခေါင်မြစ်ကြောတစ်လျှောက် လှုပ်ရှားသည့် ပြည်သူ့စစ်တပ်ဖွဲ့နှင့် ရပ်ကွက်လုံခြုံရေးအတွက်နှင့် လက်နက်ကိုင်ချင်သောကြောင့် ပြည်သူ့စစ်သို့ အဖွဲ့ဝင်လာ သည့် အရပ်သားများပြည်သူ့စစ်အဖွဲ့ စသဖြင့်အဖွဲ့များမှ အင်အားပေါင်း ၁၅၀၀ ခန့် ရှိနေကြောင်း သိရသည်။

“ စစ်တပ်က ဘယ်လိုမဆို လည်ပြီးသားပဲလေ။ အခု စစ်တပ်က ပြည်သူ့စစ်တွေကို ရိက္ခာထောက်ပံ့ နေတာတွေရှိတယ်။ စစ်တပ်က အကျိုးရှိမှ လုပ်မှာပဲလေ”ဟု တာချီလိတ်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ တာချီလိတ်မြိုနယ်တစ်ခုလုံးအနေဖြင့် တာချီလိတ် – မိုင်းဆတ် နယ်နိမိတ်အစ တာချီလိတ်မြိုနယ်အတွင်းမှ တာလေမြိုအထိ ပြည်သူ့စစ်တပ်ဖွဲပေါင်း (၃၅)ဖွဲ့ ဝန်းကျင်ခန့်ရှိနေပြီး ၎င်းတို့ အနက် ကျေးရွာအုပ်စုများတွင် အင်အားပိုများ ကြောင်းလည်း သတင်းသိရသည်။

၃၂။ ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှု တရားလိုဘက် သက်သေအားလုံး စစ်ဆေးပြီး
September 20, 2021

ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုကို တရားစွဲဆိုထားတဲ့အထဲက နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှု အတွက် တရားလိုဘက်က သက်သေတွေကို စက်တင်ဘာလ ၂၀ ရက် ဒီကနေ့ စစ်တွေမြို့နယ် တရားရုံးမှာ အွန်လိုင်းဗွီဒီယို စနစ်နဲ့ ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် တရားလိုဘက်က သက်သေအားလုံး စစ်ဆေးပြီးစီးသွားပြီလို့ ဦးညီပုရဲ့ရှေ့နေက RFA ကိုပြောပါတယ်။ အဲဒီအမှုအတွက် တရားလိုအပါအဝင် တရားလိုပြသက်သေ ငါးဦးအပြင် ပြန်ခေါ်သက်သေ သုံးဦးကိုပါ အားလုံးစစ်ဆေး ပြီးစီးသွားတာလို့ ဦးညီပုအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးငြိမ်းချမ်း (ခေါ်) ဦးမျိုးမြတ်ဟိန်းက RFA ကိုပြောပါတယ်။

တရားရုံးက လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့ကို ရုံးချိန်းပြန်လည် သတ်မှတ်ပေးလိုက်ပြီး အဲဒီနေ့မှာတော့ ဦးညီပုကို ဆက် လက်စစ်ဆေးမယ်လို့ ဆိုပါတယ်။ ဦးညီပုပေါ် စွဲဆိုထားတဲ့အထဲက အဂတိလိုက်စားမှုတိုက်ဖျက် ဥပဒေပုဒ်မ ၅၅ အမှုကိုတော့ လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ဖြန်မှာ စစ်ဆေးသွားမယ်လို့ ရှေနေ့ကပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (NLD) အစိုးရလက်ထက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးညီပုကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က နေအိမ်မှာပဲ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတာပါ။

အဲဒီနောက် စစ်တွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့အမှုဖွင့် တရားစွဲဆိုခဲ့သလို ဦးညီပုအပါအဝင် နောက်ထပ်၀န်ကြီး ငါးဦးကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက ထပ်မံ အမှုဖွင့်ထားတာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဦးညီပုဟာ လက်ရှိ ကျန်းမာရေးအခြေအနေ ကောင်းကောင်းမွန်မွန်ရှိပေမယ့် သူ့ကို ဘယ်မှာဖမ်းထားလဲဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို ရှေ့နေကပြောပါတယ်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

Federal Journal