• Today is: Friday, March 29, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 146, November 23, 2021)

 

၁။ လွိုင်ကော်တွင် ခရစ်ယာန်ကျောင်းကို စစ်တပ်ကဝင်စီး၊ ဆရာတော်နှင့် ဆရာဝန် သူနာပြုအပါအဝင် လူ ၂၀ ခန့်ကို ဖမ်းဆီး
November 22, 2021

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနဲ့ ဂရုဏာဆေးပေးခန်းကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ နိုဝင်ဘာ ၂၂ ရက် ဒီကနေ့မနက်က ဝင်ရောက်စီးနင်းပြီး ကျောင်းထိုင်ဘုန်း တော်ကြီးအပါအဝင်၊ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်း သူနာပြု အားလုံး ၂၀ နီးပါးကို ဖမ်းဆီးသွားပါတယ်။ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနဲ့ ဂရုဏာ ဆေးခန်းကို ဒီမနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၂၀၀ ဝန်းကျင်လောက် က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဒေသခံတွေက ပြောပါတယ်။

“ဂရုဏာဆေးခန်းကို ဝင်စစ်တာ။ ဆရာဝန် သူနာပြု ၁၇ ယောက်ကိုဖမ်းသွားတယ်ကြားတယ်ဗျ” ဘုရားကျောင်းနဲ့ ဆေးခန်း ကို ဝင်ရောက်စီးရာမှာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဘရွှေအပါအဝင် စစ္စတာတွေ၊ ဂရုဏာဆေးခန်းမှာ အခမဲ့ဆေးကုသ ပေးနေတဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ဂရုဏာဆေးခန်းဟာ လွိုင်ကော်မြို့ပေါ် အဝင် အနီးနားပတ်ဝန်းကျင်က ဒေသခံ ပြည်သူတွေ အားကိုးအားထားရတဲ့ဆေးခန်းဖြစ်ပြီး လူနာတွေကို အခမဲ့နီးပါ ကုသပေး နေတဲ့ ဆေးခန်းဖြစ်ပါတယ်။ အထူးသဖြင့်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက ဖျားနာလာရင် ဂရုဏာဆေးခန်းကိုသာ အဓိကအားထားကြရပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် CDM လုပ်တဲ့ ဆရာဝန်နဲ့သူနာပြုတွေက အဆိုပါဆေးခန်းမှာ သွားရောက်လုပ်အားပေး ကုသပေးနေတဲ့ဆေးခန်းလည်း ဖြစ်ပါတယ်။

ဂရုဏာဆေးခန်းဟာ ခရစ်တော်ဘုရင် ဘုရားကျောင်းဝင်းထဲမှာဖြစ်ပြီး အထူးဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေကို အခမဲ့နီးပါး ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းဖြစ်ပါတယ်။ PDF တွေနဲ့ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီ က အခုလိုစီးနင်းတာလို့သိရပြီး ဖမ်းဆီးသွားတဲ့အရေအတွက်ကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလို ဘာသာရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေကို ဖမ်းဆီးတာ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်သလို လူနာတွေအတွက်လည်း နစ်နာတယ်လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။

၂။ ကျိုက်နဲဘုရားဖူးဖြစ်စဉ်တွင် ရေနစ်သေဆုံးသူ ၅ ဦး ထပ်တွေ့၊ စုစုပေါင်း ၂၀ ထိ ရှိလာ
23 November, 2021

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာကြားက ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာ ရေနစ် သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက DVB ကို ပြောပါတယ်။ ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ ရေနစ်သေဆုံးသူ ၅ ဦးမှာတော့ နာမည်စာရင်း လာမပေးထားတဲ့ အမျိုးသမီးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြန်လည် ဆယ်ယူရရှိခဲ့တဲ့ ရုပ်အလောင်း ၅ လောင်းမှာတော့ ပဲခူးတိုင်းက အမျိုးသမီးငယ် ၃ ဦး၊ ကရင်ပြည်နယ် မြိုင်ကလေး က အမျိုးသမီးငယ် ၁ ဦး၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသား ၁ ဦး ပါဝင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီး ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အ လောင်းတွေကို သက်ဆိုင်ရာမြို့နယ်တွေကို ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ကျိုက်နဲရေလယ်ဘုရားမှာတော့ မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကမ်းခြေကနေ ၁ မိုင်နဲ့ ၆ ဖာလုံခန့် ကွာဝေးတဲ့ ဘုရားသို့ သွားရာ ဒေသအခေါ် နတ်လမ်းမှာ လူအများအပြား တိုးကြိတ်သွားလာရာမှ ဒီရေလှိုင်း ပုတ်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါ သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။ ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ရေနစ်သေဆုံးသူ ၂၀ ဦးထိ ရှိလာခဲ့ပြီး၊ ပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

၃။ လွိုင်ကော်ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် လူငယ် ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး
22 November, 2021

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကရင်နီပြည်သူ့အင်အားစု PKPFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းပြီးနောက် ဧပြီလ ၃၀ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းကနေ ပြန်လာတဲ့ လူငယ် ၇၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

သူတို့တွေကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပြီး လွိုင်ကော်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ အဲဒီထဲက အဂျော့ လို့ခေါ် တဲ့ လူငယ်ဟာ အသက် ၁၇ နှစ်သာ ရှိသေးတဲ့အတွက် သူ့ကို ရဲစခန်းအချုပ်မှာပဲ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ထိန်းသိမ်း ခံနေရစဉ် ရဲစခန်းမှာ သူ့ကို စာရင်းဇယားတွေ လုပ်ခိုင်းတာတွေရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ရဲနဲ့ စစ်တပ် အချင်းများပြီး ပစ်ခတ်မှုဖြစ်ရာကနေ သူ့ကို သေနတ်ထိမှန်သေဆုံးတာလို့ ကြားသိရကြောင်း PKPF ပြောခွင့်ရသူက ပြောပါတယ်။

“သူက အရမ်းလိမ္မာတယ်ပြောတယ်။ နောက်ပြီး စာရင်းဇယားလည်း နည်းနည်းလုပ်တတ်တော့ ရဲစခန်းမှာ သူ့ကို အချုပ်ထဲမှာ မထားဘဲ သူ့ကို အပြင်မှာ ထားပေးတယ်ပြောတယ်။ ရဲဝန်ထမ်းတွေ အိပ်တဲ့ တန်းလျားမှာ ထားပေးတယ်ပြောတယ်။ ရဲစခန်းရဲ့ ရုံးစာရင်းဇယားတွေကို လုပ်ကူခိုင်းတယ်လို့ပြောတယ်။ တရက်တော့ ရဲနဲ့ စစ်သားနဲ့ အချင်းချင်းရန်ဖြစ်ကြရင်းနဲ့ စစ်တပ်တွေ က ရမ်းသန်း ပစ်ခတ်ရင်း သူ့ကို ထိမှန်ပြီးသေတယ်လို့လည်း ပြောတယ်။ နောက်တခုက သူက ထမင်းစားဇွန်း ခက်ရင်းနဲ့ စစ်တပ်အရာရှိရဲ့နောက်ကျောကို ထိုးလိုက်လို့ စစ်တပ်က ပစ်သတ်လိုက်တယ် အဲလိုတော့ ပြောတယ်။ ဒါပေမဲ့ နှစ်ခုစလုံးက မသေချာသေးဘူး။ မနက်ဖြန်ရုံးချိန်းရှိတယ်။ သူ့ရုံးချိန်းမှာ အတိအကျ သိရမယ်လို့ ကျနော်ထင်တယ်။” သေဆုံးသွားတဲ့ အဂျော့ဟာ လွိုင်ကော်မြို့ နာနာတ်တောရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

၄။ ရွှေကူမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်
22 November 2021

ရွှေကူမြို့နယ် တောင်ကတုံးကျေးရွာ၏ အနောက်ဘက်ခြမ်းတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မွန်းလွဲ ၂ နာရီခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရွှေကူမြို့ မြစ်ကြောင်း တစ် လျှောက် ခြေကျင်ဖြင့်တက်လာခဲ့သည့် စစ်ကောင်စီတပ်ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက်မှုရှိနိုင်ကြောင်း ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီကနေ့ တိုက်ပွဲဖြစ်တာက ရွှေကူမြို့ရဲ့ အထက်ဘက်မှာ ဖြစ်တယ်။ ရွှေကူဘက်ကနေဘဲ စစ်ကြောင်းတက်လာတာဟုတ် တယ်။ KIA က ကြားဖြတ်ဝင်တိုက်တယ်”ဟု ပြောဆိုသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် လက်နက်ကြီးများဖြင့် ၁ နာ ရီခန့်အကြာ ၂ ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုပြုလုပ်ခဲ့ကျကြောင်းနှင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို အသေး စိတ်မသိရကြောင်း သူက ဆက်ဆိုသည်။ ရွှေကူမြို့နယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသော နေရာဖြစ်သည်။

၅။ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၁ ခုကို ကေအန်ယူတိုက်ခိုက်
23 November, 2021

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့တပ်စခန်းတခုကို ကေအန်ယူ တပ်မဟာ ၁ လက်အောက်ခံ KNLA တပ်ရင်း ၃ က သွားရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦး ဒဏ်ရာရရှိပြီး မော်တော်ယာဥ်ရုံ ပျက်စီးသွားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၇ (သိမ်ဇရပ်)တပ်စခန်းကို တပ်မဟာ ၁၊ KNLA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်တွေက အန်စီအေစာချုပ် ပါအချက်တွေကို ချိုးဖောက်ပြီးဝင်ရောက်လာသလို ဒေသခံပြည်သူတွေအပေါ် လူ့ အခွင့် အရေး အကြိမ်ကြိမ်ချိုးဖောက်နေတဲ့အတွက် ဒေသခံတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ် တိုက်ခိုက်ရတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်လောက်ဟာ နယ်မြေကျော်ဝင်ရောက်လာပြီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင်ပျက်စီးခဲ့တဲ့အပြင် ရွာသားတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သိမ်ဇရပ်တပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံရွာသားတစ်ဦးက”တပ်စခန်းမှာ ပစ်ခတ်သံတွေကြားပြီး တပ်က ၃ ယောက်ထိ မှန် တယ်လို သိရတယ်။ တပ်က ကောင်တွေက ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာကလူတွေ ထွက်ပြေးနေရတယ်။ အိမ် တွေ၊ စျေးဆိုင်တွေ ထိမှန် ပျက်စီးကုန်တယ်”လို့ ဆိုပါတယ်။

၆။ ဗန်းမော်မြို့ရှိ လောင်းကစားရုံများနှင့် မူးယစ်ဆေးရောင်းချသူများကို ကေအိုင်အေ သတိပေး
23 November, 2021

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံတွေနဲ့ မူးယစ် ဆေးဝါးရောင်းချနေမှုတွေ ပိုမိုပြုလုပ်ဆောင်ရွက်လာကြတာကြောင့် ကေအိုင်အေက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ မူးယစ်ဆေးကြောင့် အများပြည်သူ စိတ်ဆင်းရဲနေရတဲ့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အမှတ် (၁) တပ်ရင်း နိုဝင်ဘာ ၂၂ ရက်နေ့ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

မြို့ခံတဦးက “ဗန်းမော်ခရိုင်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေကို ပေါ်တင်လုပ်လာတယ်။ စစ်တပ်နဲ့ ရဲတွေကို ငွေပေးပြီး ပြောင်ပြောင်တင်းတင်းလုပ်လာတာ ဟုတ်တယ်။ ၂ မိုင်ဘက်ရယ်၊ ၃ မိုင်ဘက်မှာရယ် ပိုဆိုး တယ်၊ ကျနော့်တူဆိုလည်း လောင်းကစားလုပ်တာ နဲ့ အိမ်တွေတောင် ပေါင်လိုက်ရတယ်။ ညီတစ်ယောက်ဆိုလည်း မိန်းမနဲ့ လည်း ကွဲသွားရပြီ” လို့ ပြောပါတယ်။ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးများရောင်းချသူ များလာတာကြောင့် လူငယ်လူရွယ် တွေ၊ များစွာပျက်စီးနေပြီး ထိရောက်စွာ အရေးယူသင့်တယ်လို့ ကချင်တိုင်းရင်းသားတစ်ဦးက ပြောပါတယ်။

ကေအိုင်အေ ထုတ်ပြန်ချက်မှာတော့ ဗန်းမော်မြို့နယ်အတွင်း လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးဟာ စစ်ကောင်စီရဲ့ ထောက် တိုင်သဖွယ်ဖြစ်နေပြီး ခိုးဆိုးလုယက်မှုတွေ ပိုမိုဖြစ်ပေါ်နေတာကြောင့် လောင်းကစားဝိုင်းတွေ လုံးဝဖျက်သိမ်းဖို့နဲ့ တားမြစ် ချက်ကို လိုက်နာမှုမရှိပါက ထိရောက်တဲ့ ပြစ်ဒဏ်အကျိုးဆက်ခံရမယ်လို့ ဖော်ပြထားပါတယ်။

၇။ ပျောက်ဆုံးသွားသည့် သာမညကျေးရွာ အုပ်ချုပ်ရေးရုံး စာရေး(၃)ဦး အလောင်းသာပြန်တွေ့
November 22, 2021

ဖားအံမြို့နယ် သာမညကျေးရွာတွင် ပျောက်ဆုံးသွားသည့် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးသုံးဦး၏ ရုပ်အလောင်းများကို နိုဝင်ဘာ လ ၂၁ ရက်၊ နေ့လယ်အချိန်ခန့်က ဝဲကရင်ကျေးရွာသုဿာန်အတွင်းရှိ ခြုံများသည့်နေရာတွင် သွားရောက်တွေ့ ရှိခဲ့ခြင်းဖြစ် သည်ဟု သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

အဆိုပါအသတ်ခံရသူ သုံးဦးမှာ ပျောက်ဆုံးသွားပြီး (၁၃)ရက်အကြာ ယမန်နေ့ကမှ သာမညနယ်မြေ အပြင်ဘက်ရှိ ဝဲ ကရင် ကျေးရွာသုဿာန်တွင် အလောင်းများကိုသာ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သာမညကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောသိန်းတင် က ပြော သည်။ ၎င်းက “ပျောက်သွားတဲ့ နောက်ပိုင်း လိုက်စုံစမ်းတယ်။ ဘာအစအနမှ မတွေ့ရဘူး။ မနေ့က မီးပုံးပျံလိုက်နေတဲ့ ကလေးက သွားတွေ့တော့ အနီးနားက လယ်သမားကိုသွားပြောပြတာ။ အဲဒီကနေမှ ရာအိမ်မှူးကနေတစ် ဆင့် နယ်ထိန်းကို သူတို့သွားပြန်ပြောပြီးတော့ ကျနော်တို့ ပြန်သိရတာပေါ့။ ခန့်မှန်းခြေအရ အသတ်ခံရတာက ပျောက်သွားတဲ့ နေ့ကတည်းက ထင်တယ်။ ဘာဖြစ်လဲဆိုတော့ အလောင်းတွေက အကုန်ရုပ်ပျက်ကုန်ပြီး။ သူတို့အဝတ်အစားတွေ ကြည့်ပြီး သူတို့ဖြစ်တယ်လို့ အတည်ပြုလို့ရနိုင်တာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

အသတ်ခံရသည့် အဆိုပါရုံးစာရေးသုံးဦးမှာ ဦးအောင်ကျော်သူ အသက် ၄၀ နှစ်၊ ကိုကြည်ချို အသက်၂၆ နှစ်၊ ကိုသော် သော်သွင် အသက် ၃၀ နှစ်တို့ဖြစ်ကြပြီး နိုဝင်ဘာ (၈)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန် ရုံးထဲ၌ရှိနေစဉ် အမည်မသိ လူတစ်စု က Honda Fit ခဲရောင်ကားနှင့် လာရောက်ခေါ်ဆောင်သွားခဲ့ပြီးချိန်မှစ၍ ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ယင်းသို့ ပျောက်ဆုံး ကာ သေဆုံးသွားခဲ့သူ သုံးဦးအနက် ဦးအောင်ကျော်သူမှာ ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက် နေ့က ဖားအံမြို့၌ ပြုလုပ်ခဲ့ သည့် တပ်မတော်ထောက်ခံပွဲတွင် သွားရောက်ပူးပေါင်းပါဝင်ခဲ့ခြင်းလည်း ရှိသည်ဟု သာမညဒေသခံများထံမှ သိရသည်။

၈။ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
Novemberm 23, 2021

ကရင်နီပြည်နယ် (ကယား)၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF-B09) တို့ ယနေ့၊ နိုဝင်ဘာလ ၂၃ ရက် နံနက် ၆ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကြောင်း KNDF-B09 က ထုတ်ပြန်သည်။ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူမှုများလည်း ရှိခဲ့သည်ဟု KNDF B-09 က ဆိုသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွာရာ အနီးတဝိုက်သို့ ဖြတ်သန်းသွားလာခြင်း မပြုရန်လည်း KNDF-B09 ထပ်မံ သတိပေး ထားသည်။ ယမန်နေ့ ၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ် ၊ စံပြ (၆)မိုင် နှင့် ဒေါပိုးစီ ကျေးရွာ တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) ပူးပေါင်း အဖွဲ့တို့ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ဒေသခံ ပြည်သူ့ကာ ကွယ်ရေး တပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၉။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ဆုံတကြောတွင် ရွှေတူးဖော်မှု ပိုများလာ
23 November, 2021

စစ်တပ် အာဏာသိမ်းပြီး‌နောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာ၀တီမြစ်ကမ်းဘေးနား မြစ်ဆုံ တကျော မှာ ရွှေတူးဖော်မှုတွေ ပိုမို များပြားလာပါတယ်။ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာ၀တီမြစ်ရဲ့ မြစ်ဖျားခံ မြစ်ဆုံတ ကျောမှာ ရွှေတူးဖော်မှုတိုးချဲ့လာလို့ သဘာပတ်ဝန်းကျင် ပျက်စီးလာတာနဲ့ ငါးသယံဇာတရှာလို့ မရတော့တာတွေရှိလာတယ် လို့ ကချင်ဒေသခံတွေက ပြောပါတယ်။ မြစ်ဆုံအထက်ပိုင်း ဆွမ်ဘရာဘွမ်မြို့နယ်တဝိုက်မှာလည်း ရွှေလုပ်ကွက်တွေ မြောက် မြားစွာ ချပြီး တူးနေကြသလို စက်ယန္တရားကြီးတွေနဲ့ မှောင်ခိုတူးဖော်တဲ့ လုပ်ကွက်တွေ အများကြီး တိုးလာတာရှိပါတယ်။

ခုလိုအချိန်မှာက တာ၀န်ယူ ဖြေရှင်းပေးတဲ့သူလည်း မရှိတော့ အာဏာရှင်ရဲ့ အပေါင်းအပါတွေ အတွက် အကောင်းဆုံးအချိန် ဖြစ်လာလို့ စိုးရိမ်မိတယ်လို့ ကချင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ “မြစ်ဆုံတကြော ဧရာ၀တီမြစ်ကမ်း နံဘေးတွေက ရွှေတူးဖော်မှုဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရင်ကထက် ပိုများလာပြီး မြစ်ဆုံအထက်ပိုင်းမှာဆိုရင် ကချင်ပြည်နယ်က လုပ်ငန်းရှင်အသင်း၊ ခရိုနီတွေနဲ့ လောပန်းကြီးတချို့တွေက စက်ယန္တရားကြီးတွေ အသုံးပြုပြီး နေ့ညမနား ရွှေတူးဖော်လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲ့လိုနေ့ည မနားရွှေတူးဖော်လာကြတော့ သဘာ၀ပတ်၀န်းကျင်တွေ ပျက်စီးလာပြီး ခုဆို ဧရာ၀တီမြစ်တောက်လျှောက် ရေတွေ နောက်လာသလို သမိုင်းအမွေအနှစ်တွေ အကုန်ဆုံးရှုံးရတော့ တကယ်ကို စိတ်မကောင်းဘူး”လို့ ပြောဆိုပါတယ်။

ပူတာအိုခရိုင်အတွင်းက ဆွမ်ဘရာဘွမ်မြို့နယ်အထဲမှ ကျေးရွာတချို့မှာလည်း ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းမှာ ရွှေတူးဖော်မှု တွေ ပိုမိုများပြားနေပါတယ်။ “၂၀၀၇ ခုနှစ်အထိတော့ ကျနော်တို့ ဆွမ်ဘရာဘွမ်မြို့နယ်တဝိုက်မှာ တစ်ပိုင်တစ်နိုင် လက်နဲ့ပဲ ရွှေတူးဖော်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း အရောက်မှာတော့ အသေးစားရွှေလုပ်ကွက်တွေ လုပ်ကွက်ပေါင်း ၂၀ ကျော် လောက် တူးလာကြတာပါ။ အဲဒီအသေးစား ရွှေလုပ်ကွက်တွေမှာ တောင်ယာမြေတွေ အကုန်ပါသွားခဲ့ပါတယ်။ စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် ရွှေလုပ်ကွက်တွေ ချထားခံရတဲ့ ရွာတွေမှာ ခုနောက်ပိုင်း ရေလမ်းကြောင်းတွေကိုပါ ပိတ်ဆို့တူးဖော်တာတွေ ရှိတဲ့အတွက် ဒေသခံရွာသားတွေက သွား ရောက်တားမြစ်ရင် ရန်မူခံရတာတွေနဲ့ တရားစွဲခံရတာတွေတောင် ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရတက်တဲ့ နောက်ပိုင်းမှာ မြစ်ဆုံအထက်ဘက်ပိုင်းမှာ အသေးစား‌ ရွှေတူး ဖော်ရေး လုပ်ကွက်ပေါင်း ၂၀ လောက် ချပေးခဲ့ကာ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းနောက်ပိုင်းမှာတော့ ရွှေမှောင်ခို တူးဖော်တဲ့ လုပ်ကွက်တွေ အများအပြား ရှိလာသလို သဘာ၀ပတ်ဝန်းကျင် ခိုက်မှုလည်း ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။

၁၀။ မုံးကိုးတိုက်ပွဲမှာ စစ်ကောင်စီ ၂၀ ဦး ထိခိုက်သေဆုံး
November 22, 2021

တရုတ်-မြန်မာနယ်စပ် မုံးကိုးမြို့နယ် ရှီကျိကျတောင်အနီး တပ်စွဲထားတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ မန်ရန် စခန်းမှာ နိုဝင် ဘာ ၂၁ ရက်က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က ၂၀ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကိုးကန့် တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၅ နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ် ရင်း ၁၀၅ တပ် တွေက မန်ရန်စခန်းကို မနေ့က မနက် ၇ နာရီကနေ ၁၁ နာရီအထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန် ထားပါတယ်။ စစ်ကောင်စီဘက်က ဒဏ်ရာရသူဦးရေနဲ့ သေဆုံးသူဦးရေ အတိအကျဖော်ပြထားတာ မတွေ့ရသလို ကိုးကန့် တပ်ဖွဲ့ဘက်ကတော့ တစ်ဦး ကျဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးအရာရှိကတော့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေဆက်တိုက်ဆိုသလိုဖြစ်နေတာ မှန်ကန်ကြောင်းနဲ့ တိုက် ပွဲအခြေအနေအသေးစိတ်ကိုတော့ ထပ်မံမသိရသေးဘူးလို့ ပြောပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ဒီတိုက်ပွဲအခြေအနေတွေ အပေါ် ထုတ်ပြန်ထားတာမရှိသေးပါဘူး။ မုံးကိုးမြို့နယ်အတွင်းမှာ လွန်ခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကတည်းက စစ်ကောင်စီနဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲတွေပြန်ဖြစ်နေပြီး ဒေသခံ နှစ်ထောင်ကျော်တို့ ဒီနေ့အထိ နေရပ်စွန့်ခွာနေရဆဲ ဖြစ်ပါတယ်။

၁၁။ ရခိုင်ကမ်းလွန် ရေနံလုပ်ကွက် ၄ ခုမှ စစ်ကောင်စီအတွက် တနှစ် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် ဝင်ငွေရှာပေးနိုင်
22 November, 2021

ရခိုင်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေနံလုပ်ကွက် ၄ ခုကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းတိုးချဲ့ လုပ်ကိုင် နေပြီး အဲဒီလုပ်ကွက်တွေကနေ ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော်ထိ စစ်ကောင်စီအတွက် ဝင်ငွေ ရှာပေး နိုင်မှာဖြစ်တယ်လို့ ရခိုင်ရေနံစောင့်ကြည့်အဖွဲ့AOW ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရေနံလုပ်ကွက်တွေကို စစ်ကောင်စီနဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းကာ တိုးချဲ့လုပ်ကိုင်နေတဲ့ အခြေ အနေ နဲ့ပတ်သက်ပြီး ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ (AOW)က နိုဝင်ဘာလ ၁၉ ရက်က အစီရင်ခံစာထုတ်ပြန် သတင်းစာရှင်း လင်းပွဲပြုလုပ် ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲက ရေနံလုပ်ကွက်တွေကို အမေရိကန်၊ ပြင်သစ်၊ ဂျပန်၊ ထိုင်း၊ တရုတ်စတဲ့ နိုင်ငံက ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာအနေနဲ့ အရေးယူတာတွေပိုမိုပြုလုပ်သွားဖို့ လိုအပ် တယ်လို့ ရခိုင်ရေနံစောင့်ကြည့်အဖွဲ့ (AOW) ဒါရိုက်တာ ကိုကျော်ခိုင်က ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲက ရေနံလုပ်ကွက် တွေကနေရရှိလာတဲ့ ဝင်ငွေတွေကို မြန်မာရေနံလုပ်ငန် MOG ကိုရောက်ရှိပြီး MOG အနေနဲ့ ပြည်ပမှာ ဘဏ်အကောင့် တွေ ဖွင့်ကာ သိမ်းဆည်းထားတာကြောင့် အဲ့ဒီဘဏ် အကောင့်တွေကိုလည်း ပိတ်ဖို့လိုအပ်မယ်လို့ ဆိုပါတယ်။

ရခိုင်ရေနံစောင့်ကြည့်အဖွဲ့အနေနဲ့လည်း ရေနံလုပ်ကွက်တွေက ရလာတဲ့ နိုင်ငံခြားမှာအပ်နှံထားတဲ့ငွေတွေကို ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်ပြန်လည်ပေါ်ပေါက်လာတဲ့အထိ သိမ်းဆည်းထားဖို့ တောင်းဆိုတာတွေလည်း ရှိတယ်လို့ ရခိုင်ရေနံစောင့် ကြည့်အဖွဲ့ (AOW) ဒါရိုက်တာ ကိုကျော်ခိုင်က ပြောပါတယ်။ ခုလိုမျိုး နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ အာဏာသိမ်းစစ်တပ် နဲ့ပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ကာ စစ်တပ်ကို ဝင်ငွေရှာပေးနေရင် စစ်အာဏာရှင်ဟာ ဆက်လက်သက်ဆိုး ရှည် နေဦးမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးချဲ့လုပ်ကိုင်နေတဲ့ လုပ်ကွက် ၄ ခုရှိပြီး စမ်းသပ်အောင်မြင်ရှာဖွေထားတာ ၃ ခုနဲ့ စမ်းသပ်နေဆဲ ရေနံလုပ်ကွက်ပေါင်း ၆ ခုထိရှိနေတယ်လို့ သိရပါတယ်။

 

၁၂။ စစ်ကောင်စီ မှ သေနတ်ပစ်လိုက်သည့် အောင်ပန်းမြို့ ဒေသခံတစ်ဦးအခြေအနေ မိသားစုဝင်များမသိ
November 22, 2021

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ လှည်ရိုးရပ်ကွက်တွင် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်သည့် ဒေသခံ တစ်ဦး၏ အခြေအနေကို မိသားစုဝင်များက ယနေ့ထိ မသိရသေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် အောင်ပန်းမှ ပင်းတယသို့အထွက် လှည်းရိုးရပ်ကွက်ရှိ စာသင် ကျောင်း တွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်ဖွဲ့အနီးသို့ အသက် (၅၀)ကျော် ဦးကျော်စိုးဝင်းက ဆိုင်ကယ်ဟွန်းတီးကာ အရှိန်ဖြင့် မောင်းနှင်သွားသဖြင့် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ယနေ့ချိန်ထိ ၎င်း၏အခြေအနေကို မိသားစု ဝင်များက မသိရှိရသေးကြောင်း အောင်ပန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။ “အဲ့ဒီနေ့မှာ သူ(ဦးကျော်စိုးဝင်း)ကလည်း အရက် သောက် ထားတယ်၊ မူးနေတဲ့ချိန်ပေါ့၊ ကျောင်းက စစ်သားတွေကလည်း အရက်သောက်ပြီး မူးနေတဲ့ချိန်၊ သူက ဆိုင်ကယ်ကို ဟွန်းတီးပြီး အရှိန်နဲ့ အဲ့စာသင်ကျောင်းဘက် မောင်း သွားတာ၊ သူက အဲ့လိုနှစ်ကြိမ်လုပ်တာ၊ ဒုတိယအကြိမ်မှာ အော်ဆဲသံ နောက်တော့ သေနတ်သံ နှစ်ချက်ကြား လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် ဦးကျော်စိုးဝင်းကို ၎င်းတို့ကင်းပုန်းချထားသည့် စာသင်ကျောင်းထဲသို့ ဆွဲခေါ်သွားသည့် အရာနှင့် သွေးစတစ်ချို့ကိုလည်း ဒေသခံများက တွေ့ရကြောင်း သိရသည်။ “အပေါက်ဝကနေ စာသင်ကျောင်းထဲကို တရွတ်တိုက်ဆွဲ သွားပုံပဲ၊ သွေးစတွေတောင်တွေ့တယ်၊ ဒါပေမဲ့ သေသလား ရှင်သလားလည်း မသိရဘူး၊ ရပ်ကွက်လူကြီးကလည်း ဘာမှမသိရ ဘူးပြောတယ်၊ မိသားစုဝင်တွေကတော့ အရမ်းကို သိချင်နေတယ်၊ ဘယ်လိုပြောပြော သေရင်တောင် ရက်လည်ဆွမ်းသွတ်ပေး ရမှာပဲလေ”ဟု နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၁၃။ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် တရားလိုကို စတင်စစ်ဆေး
November 22, 2021

PDF နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည် ရခိုင် ပြည်နယ်၊ သံတွဲမြို့မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုကို (အောက်တိုဘာ ၂၂ ရက်)တွင် သံတွဲမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။ ယနေ့ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးလုပ်ကာ တရားလိုဖြစ်သူ ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်အား စတင်စစ်ဆေးခဲ့ကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင် ကပြောသည်။

မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်နှင့် ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာလအတွင်းက ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ အဆိုပါအမှုကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထပ်မံချိန်းထားပြီး နောက်ထပ်တရားလိုသက်သေများကို စစ်ဆေးသွားရန်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ PDF အဖွဲ့နှင့် ဆက်စပ်သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဖမ်းဆီးခံထားရသူ ကိုရဲနိုင်ဦး၏ ညီဖြစ်သူ ကိုရဲနိုင်ထွေးက ပြောသည်။

အလားတူ သံတွဲမြို့နယ်အတွင်းမှ မသိမ့်အေးချမ်း၊ မငြိမ်းအိဖြူကျော်၊ မတင်စန္ဒာဝင်းတို့မှာလည်း PDF အဖွဲ့ဖြင့်ဆက်စပ် သည်ဟုဆိုကာ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးစစ်ဆေးခံနေရပြီး ၎င်းတို့၏နောက်ဆက်တွဲအခြေအနေများကို မသိရှိရသေးပေ။ ရခိုင်ပြည်နယ်အတွင်းတွင် PDF အဖွဲ့နှင့် ဆက်စပ်သည်ဆိုသော သံသယဖြင့် ဖမ်းဆီးခံထားရသူမှာ ၆ ဦးအထိရှိပြီး သံတွဲမြို့ နယ်မှ ၅ ဦးနှင့် မြောက်ဦးမြို့နယ်မှ တစ်ဦးတို့ပါဝင်သည်။

 

၁၄။ တနိုင်းမြို့ အထက (၁)တွင် ဆရာမနှင့် ကျောင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရ
November 22, 2021

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းတက်ရောက်နေတဲ့ ဆရာမနဲ့ ကျောင်း သားတွေဆီမှာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရလို့ ရောဂါ ကူးစက်ခံရသူတွေကို နေအိမ်မှ ကွာရန်တင်းထားထားတယ်လို့ သိရပါတယ်။

အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်းက ဆရာမ တယောက်နဲ့ ကျောင်းသား ၃ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။ အဆိုပါကျောင်းက ပညာရေးဝန်ထမ်း ၁ ဦးက “၁၉ ရက်နေ့က ကိုဗစ် ပိုးစစ်တယ်။ အလယ် တန်းပြဆရာမတယောက်ရယ်၊ သတ္တမတန်း ကျောင်းသူတယောက်နဲ့ နဝမတန်းကျောင်းသားတယောက်မှာ ကိုဗစ်-၁၉ ပိုး တွေ့တယ်။ ပိုးတွေ့ထားတဲ့ သူတွေကို Home quarantine ထားပေးတယ်” လို့ ပြောပါတယ်။

အခြေခံပညာအထက်တန်းကျောင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့အတွက် နိုဝင်ဘာ ၂၂ ရက် ကျောင်းတက်ချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေကဆေးစစ်ဆေးပေးနေပြီး ရောဂါပိုးတွေ့ရှိမှုအခြေအနေကိုတော့တိတိကျကျ မသိရသေးပါဘူး။ အမှတ် ၁ အခြေခံ ပညာအထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူ ၁၇၀၀၀ ကျော်ရှိပြီး ဒီအထဲကမှ ကျောင်းသား ကျောင်းသူ ၈၀၀ ကျော်ဟာ ကိုဗစ် ကာကွယ်ဆေး ထိုးထားပြီးကြောင်းသိရပါတယ်။

၁၅။ မွန် မှာ တစ်လအတွင်း ဖမ်းဆီးခံရသူ (၁၀၀)ကျော် ရှိလာ
November 22, 2021

မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၀ ရက်နေ့ထိ တစ်လအတွင်း အရပ်သားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဖမ်ဆီးခံလိုက်ရတဲ့သူတွေဟာ အရင်က ဆန္ဒဖော်ထုတ် မှုမှာ ပါဝင်တာ၊ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်တာ၊ PDF တွေနဲ့ ဆက်သွယ်တာ၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့တာ၊ ဒလန်သတ်တာနဲ့ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်ဆီးခံရလိုက်ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) အပြင် ပေါက်ကွဲမှု ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ပါ အရေးယူမှုတွေ ရှိလာခဲ့တယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။ “ဒီ ကျွန်တော်တို့ အောက်တိုဘာလ (၁၉) ရက် နေ့ နောက်ပိုင်းမှာ ထပ်ဖမ်းနေတုန်းပဲ၊ အမှုသစ်လည်း ထပ်တက်နေတုန်းပဲ၊ ကျွန်တော်တို့ ပုံမှန် တရားရုံး အဆောက်အဦးမှာ မစစ်ဘူး ၅၀၅-က အပါအဝင် တခြားအမှုတွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင်ကသီးသန့် တရားရုံးမှာစစ်တယ်၊ ၅၀၅-က နဲ့ မဟုတ်ဘဲနဲ့ တခြား ဒီပေါက်ကွဲ ၅ တို့ အကြမ်းဖက်တို့နဲ့ စွဲတဲ့အမှုတွေလည်း ထပ်ရှိတယ်”လို့ ရှေ့နေတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ပြည်သူတွေကို ပုဒ်မ အမျိုးမျိုးတပ်ပြီး အမှုဖွင့်လှစ်ထားကာ ရုံးထုတ် စစ်ဆေးချင်တဲ့ အမှုတွေ ကိုသာ ရုံးထုတ်စစ်ဆေးနေတဲ့အတွက်ကြောင့် ရုံးထုတ်စစ်ဆေးတာ မခံရတဲ့ ပြည်သူတွေအတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ ဖမ်ဆီးထားတဲ့ အရပ်သားပြည်သူ ၄၀၀ ကျော်မှာ ၂၀၀ ကျော်ကို အောက်တိုဘာ ၁၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ၁၀၀ ကျော်ကို ထပ်မံ ဖမ်ဆီးခဲ့တာ ဖြစ်ပါတယ်။

 

၁၆။ တာချီလိတ်မြို့တွင် လူငယ် (၅)ဦး အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်မှုဖြင့် ထောင်ဒဏ် (၁၀)နှစ်မှ (၁၃)နှစ်အထိ အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ခံရ
November 22, 2021

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်အားဆန့်ကျင်မှုဖြင့် လွန်ခဲ့သည့် (၆)လကျော်က ဖမ်းဆီးခံ ထားရသည့် အသက် (၁၈)နှစ်မှ (၂၄)နှစ်အရွယ် လူငယ် (၅)ဦးကို အာဏာသိမ်းအဖွဲ့၏ တရားရုံးက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ထောင်ဒဏ် (၁၀)နှစ်မှ (၁၃)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်လိုက်သည်ကို တွေ့ရသည်။ “အခုက အမြင့်ဆုံးတွေပဲ ချလိုက်တာ။ ၅၀၅-က ကိုလည်း (၃)နှစ်အထိ အမြင့်ဆုံး ချလိုက်တာ။ ရှမ်းလက်နက်ဆိုလည်း (၇)နှစ်ထိ ချ လိုက်တာ။ အောင်နိုင်ဦးကတော့ နောက် ထပ် ၅၀၅-က သီးခြား တစ်မှုနဲ့မို့ (၁၃)နှစ်ချလိုက်တာလို့ သိရတယ်။ ပုံမှန်အားဖြင့် ဆိုရင် ခုလောက်ထိ အမြင့်ဆုံးမချဘူး။ အခုက ကလေးတွေကို အမြင့်ဆုံးချမှတ်လိုက်ကြတယ်။ ရှမ်းလက်နက်ဆိုရင် ပုံမှန်ဆို အများဆုံး(၁)နှစ်လောက်ပဲချတာ”ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လူငယ် (၅)ဦး၏ အမှုအား တာချီလိတ်မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဆန်းက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ(၂၂) ရက်နေ့တွင် အမိန့်ချမှတ်ရာ ၅၀၅-က အတွက် ပြစ်ဒဏ်(၃)နှစ်၊ ရှမ်းလက်နက်ဥပဒေဖြင့် အမြင့်ဆုံးပြစ်ဒဏ်(၇)နှစ် စုစုပေါင်း ထောင်ဒဏ် (၁၀) နှစ်စီအပြင် အောင်နိုင်ဦး(ခ)အောင်နိုင်အား သီးခြား ၅၀၅-က ဖြင့် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် (၃)နှစ်ကိုပါ ထပ်ပေါင်း ချမှတ်ခဲ့သဖြင့် အောင်နိုင်ဦး (ခ) အောင်နိုင် မှာ ထောင်ဒဏ်စုစုပေါင်း (၁၃)နှစ်နှင့် ကျန်(၄)ဦးမှာ ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခံရ ခြင်းဖြစ်သည်။ အာဏာသိမ်းမှုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြခဲ့ကြသည့်အချိန် ၂၀၂၁ ခုနှစ် မတ်လအတွင်းက တာချီလိတ်မြို့မှ ဆန္ဒပြသည့်လူငယ် (၅)ဦးဖြစ်သည့် အောင်နိုင်ဦး(ခ) အောင်နိုင်၊ စိုင်းမဟာကျော်စွာ၊ ဇာနည်ကိုကို၊ ငြိမ်းချမ်း နှင့် သီဟဖြိုး တို့အား အာဏာသိမ်းအဖွဲ့က ဖမ်းဆီးလိုက်ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တရားလိုပြုလုပ် ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၆၁/ ၂၀၂၁၊ ပုဒ်မ ၅၀၅(က) အပြင် (ပ) ၆၂/ ၂၀၂၁၊ ရှမ်းလက်နက်အမိန့်အပိုဒ် ၁၂ (က) ၁၂(ဂ) တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ်များသည် ဆန္ဒပြပွဲအတွက် ပြင်ဆင်ထားသည့် ဒိုင်းကာအပါအဝင် အကာအကွယ်ပစ္စည်းများ၊ ဆန္ဒပြရာတွင် အကြမ်းဖက်နှိမ်နှင်းခံရပါက ခုခံကာကွယ်ရန်ပြင်ဆင်ထားသည့် လက်လုပ်ဗုံးအချို့နှင့်အတူ ဖမ်းဆီးခံရပြီးနောက် အာဏာ သိမ်းအဖွဲ့က စွဲဆိုထားသည့်ပုဒ်မများ၏ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခံလိုက်ကြရခြင်းဖြစ်သည်။

၁၇။ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး တောင်ကုတ်က ကျောင်းဆရာမတစ်ဦး အဖမ်းခံရ
November 22, 2021

ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အထက်တန်းပြ ကျောင်းဆရာမ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ ဆက်စပ် တယ်ဆိုပြီး နိုဝင်ဘာလ ၂၀ ရက်နေ့က အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက် ၄၀ အရွယ် ဒေါ်ချယ်ရီသက်ရှည် ဟာ တောင်ကုတ်မြို့ အထက (၂) ကျောင်းကနေ အာဏာဖီဆန်ရေး CDM လုပ်ထားသူဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့က စစ်သားနဲ့ရဲတွေက သူမနေအိမ်မှာ ဝင်ရောက်ဖမ်းသွားကာ အခုအချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ တောင်ကုတ်မြို့ ရဲစခန်းကို RFA က ဆက်သွယ်မေးခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာလည်း (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက အသက် မပြည့်သေးတဲ့ ကလေးတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦးနဲ့ အမျိုးသား နှစ်ဦး ဖမ်းဆီးခံထားရပါတယ်။ မြောက်ဦးမြို့နယ်မှာလည်း လူငယ် တစ်ဦး ဖမ်းဆီးခံထားရပြီး အခုဆိုရင် ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ခုနစ်ဦးအထိ ရှိသွား ပြီဖြစ်ပါတယ်။ အဲဒီအထဲက သံတွဲမြို့နယ်က အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦးနဲ့ မြောက်ဦးမြို့နယ်က လူငယ်တစ်ဦး တို့ကို တော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

၁၈။ ကရင်ပြည်နယ်ကောင်စီဥက္ကဌ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကား ၂ စီးထိမှန်
November 21, 2021

လှိုင်းဘွဲမြို့မှ ပြန်လာသည့် ကရင်ပြည်နယ်ကောင်စီ ဥက္ကဌ စောမြင့်ဦး တို့၏ ယာဉ်တန်းမှာ နိုဝင်ဘာလ ၂၁ ရက် တွင် ဖားအံ-လှိုင်းဘွဲ ကားလမ်းပေါ် တစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကား ၂ စီး ထိမှန်သည်ဟု သတင်းရရှိသည်။

လှိုင်းဘွဲမြို့၌ ပြုလုပ်သည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားအပြီး ဖားအံမြို့ဘက်သို့ ပြန်လာသည့် ပြည်နယ်ကောင်စီ ဥက္ကဌ စောမြင့်ဦး လိုက်ပါလာသောယာဉ်တန်းသည် ဖားအံ-လှိုင်းဘွဲလမ်းကြောရှိ ရေပူ (မောကို) လမ်းခွဲ အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၇) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဒိကွယ် ကအတည်ပြုပြောဆိုသည်။ “ခရီး စဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာ မှန်တယ်။ ဘယ်အဖွဲ့က လုပ်လည်းဆိုတာကတော့ မသိဘူးပေါ့နော်။ ကြီးကြီးမားမား ထိခိုက်တာ မရှိဘူးလို့ သိရတယ်။ ကျနော်တို့လူ လုပ်တာမဟုတ်တဲ့အတွက် သေချာတော့မသိဘူး။”ဟု ၎င်းဗျူဟာမှူးက ကေအိုင်စီ သို့ ပြောသည်။

နယ်မြေခံ သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ ၎င်းယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်မှုတွင် ကားနှစ်စီး ထိခိုက်ခဲ့သော်လည်း ပြည်နယ်ကောင်စီ ဥက္ကဌ စီးနင်းလိုက်ပါလာ သည့်ကားကို ထိမှန်ခြင်းမရှိကြောင်း ဆိုကြသည်။ မိုင်းဆွဲမှု ဖြစ်ပွားသည့် နယ်မြေ အနီးအဝိုက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA_PC)နှင့် နယ်ခြားစောင့်တပ် တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်များ လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး KNLA တပ်ဖွဲ့များ လှုပ်ရှားမှုမရှိကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များ၏ ပြောပြချက် အရ သိရသည်။

၁၉။ မူဆယ် နမ့်ပန်းရွာလမ်းမှာ ယာဉ်မောင်း ၁ ဦး လုယက်သတ်ဖြတ်ခံရ
November 21, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ပန်းရွာသွားလမ်းမှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က ခရီး သည်ယာဉ်မောင်း ၁ ဦး လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သေဆုံးသူနဲ့ နီးစပ်သူတွေနဲ့ ကူညီပေးသူတွေဆီက သိရပါတယ်။

“စိတ်မကောင်းပါဘူး။ အိမ်က အမျိုးသားရဲ့ အသိပါ။ ကား အတူတူ ဆွဲတာ။ ကားလုသွားတာပါ။” လို့ အသိ အမျိုးသီး ၁ ဦးက ပြောပါတယ်။ သေဆုံးသွားသူမှာ မြန်မာ-တရုတ် အဝင်၊ အထွက်ဂိတ် နန်းတော်ပေါက်နားက မူဆယ်-နမ့်ခမ်း ကားဂိတ်မှာ လိုင်းဆွဲနေတဲ့ အသက် ၅၄ အရွယ် ခရီးသည်တင် ယာဉ်မောင်းကိုမြအေးဖြစ်ပြီး ဘယ်ဘက်လက်ဖျံမှာ ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက် ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေပြီးကားကိုတော့ ပြန်လှည့်မောင်းသွားတဲ့ ကားဘီးရာများတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ယခင် သွားနေကျ ခရီးကိုလိုက်ပို့ရန် ကားငှားတာကြောင့် လိုက်ပို့ရာမှာ အသတ်ခံရကာ လိုင်စင်ရှိ WISH ကား အဖြူရောင်ကို လုယက်ခံရကြောင်း ယာဉ်မောင်း အသိ ၁ ဦးက ပြောပါတယ်။ မူဆယ်မြို့မှ ၄ မိုင်ခန့်အကွာ၊ အောက်တုံခန်ရွာ မရောက်ခင် မူဆယ်-လားရှိုးပြည်ထောင်လမ်းမကြီးပေါ်က‌နေ ဘယ်ဘက်ချိုးကာ ကားနဲ့ ၁၀ မိနစ်ခန့်အဝင် မြေညီလမ်းပေါ်မှာ သတ်ဖြတ် ခံရတယ် လို့ဆိုပါတယ်။

ကာယကံရှင်မသေဆုံးခင် ကားပိုင်ရှင်ထံကို ဖုန်းဆက် လာသေးတာကြောင့် ဖြစ်စဉ်ကို သိရကြောင်း “ပိုက်ဆံအိတ်နဲ့ ဖုန်းတော့ ထားခဲ့တယ်။ ပိုက်ဆံအိတ်က သူ့ခါးမှာပဲ ချိတ်ထားတယ်။ မယူသွားဘူး။ ကားပဲ ယူသွားတာ။ သူမသေခင် ကားအုံနာဆီကို ဖုန်း ဆက်တယ်။ ကားကလိုင်စင်ကား ခရီးသည်တွေပဲ မျှားခေါပြီး သတ်သွားတာလား တော့မသိဘူး။” လို့ နီးစပ်သူ ၁ ဦးကလည်း ရှင်းပြပါတယ်။ မူဆယ်မြို့နယ်အတွင်း ဆိုင်ကယ်ရီများ၊ ယာဉ်မောင်းများ၊ ဆိုင်ကယ် ဈေးသည်များ မကြာခဏ လုယက် သတ်ဖြတ်ခံနေရတာလည်းဖြစ်ပါတယ်။

၂၀။ စစ်ရှောင်သူများရဲ့ စကားသံတချို့
November 23, 2021

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းခွဲဝန်းကျင်အထိရှိလာပါ တယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာကို ကိုယ်လွတ်ရုန်းထွက်ပြေးနေကြရတာဖြစ်တဲ့အတွက် နေရာပျံ့ကျဲပြီး နေထိုင်ကြရာတာပါ။ စစ်ဘေးရှောင်စခန်းတွေကလည်း နေရာအတည်တကျမရှိနိုင်သေးပါဘူး။ လက်ရှိမှာသူတို့ဘာတွေ အဓိက လိုအပ်နေသလဲ။ ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါသလဲဆိုတာကို ကရင်နီပြည်နယ်အတွင်းက စစ်ဘေး ရှောင်စခန်းအချို့မှ စစ်ဘေးရှောင်ပြည်သူတချို့ကို ကန္တာရဝတီတိုင်း(မ်) က မေးမြန်းထားတာတွေနဲ့ ပတ်သက်ပြီး တင်ပြပေးလိုက်ပါတယ်။

ဟိုဝမ်အထက် စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦး“စစ်ရှောင်တွေအတွက် အဓိကလိုအပ်ချက်က အဆောက်အဦးပေါ့နော သူတို့ရဲ့ နေရာထိုင်ခင်းလုံခြုံဖို့အတွက်ပေါ့နော အမိုးအကာတွေလိုအပ်တယ် နောက်ပြီးတော့မှ စားဝတ်နေရေးအတွက်လည်း အစားအသောက်တွေ စားနပ်ရိက္ခာတွေ ပြီးတော့မှ အခုကဆောင်းရာသီလည်းရောက်ပြီဆိုတော့ ဟင်းသီးဟင်းရွက်တွေလည်း ရှားလာပြီ ကုန်ခြောက်တွေလည်းလိုအပ်တယ်ပေါ့နော။ ဆောင်းတွင်းလည်းဝင်ပြီဆိုတော့ အေးတဲ့ရာသီလည်းရောက်ပြီ ဖြစ်တဲ့ အတွက် အဓိကလိုအပ်တာက အနွေးထည်တွေ အဝတ်အစားတွေ စောင်တွေလိုအပ်တာပေါ့နော။ နောက်ပြီးတော ကျန်းမာရေး အတွက်ကျတော့ အဓိကအားဖြင့် အခြေခံဆေးဝါးတွေပေါ့နော အဓိကလိုအပ်တယ်။ ကျန်းမာရေးက ဝေးဝေးမှတခါပဲ ကျန်းမာ ရေးဌာနက ဆေးတွေလာပေးတယ်ပေါ့ လုံလောက်မှုမရှိဘူးပေါ့။ ဒီကြားထဲ ဖျားနာတဲ့သူရှိတယ်ဆိုရင် သွားဖို့ ဆေးရုံ ဆေးခန်း ကလည်း အဆင်မပြေ အဲ့ဒါကြောင့်မလို့ ဆေးဝါးလည်း ဖြစ်နိုင်လို့ရှိရင် စစ်ရှောင်စခန်းမှာ ဆေးဝါးတွေသုံးဖို့အတွက် အခြေခံ ဆေး တွေလိုအပ်တယ် အဲ့ဒါပေးပို့နိုင်ရင်တော့ အဆင်ပြေတာပေါ့နော။” နန်းစံဖူးချောင်း စစ်ဘေးရှောင်စခန်းမှ ပြည်သူ တစ်ဦး“ဒီမှာက အဓိကလိုအပ်တာ အခြေခံစားသုံးကုန်ပေါ့ ဆန်၊ ဆီ၊ ဆားတွေပေါ့ ပြီးတော့ ဆေးဝါးတွေလိုပါတယ်။ ပြီးတော့ အထူးအရေးကြီးတာက ကလေးတွေအတွက် ပညာသင်ဖို့ စာအုပ်၊ ဘောပင်၊ ခဲတံတွေပေါ့ အဲ့ဒါတွေလိုအပ်ပါတယ်။

ကုန်းသားစစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦး“ ကျမတို့ဒီမှာရောက်ရောက်ချင်းပြဿနာက မိသားစုကတည်းက ဖူလုံမှုမရှိ တော့ ရိက္ခာပြန်ယူဖို့က ကျမတို့မှာအခက်အခဲရှိတယ်။ ပြီးတော့ ဒီမှာနေတဲ့အချိန်လည်း အေးရင်အေးသလို နေရတယ် ပူရင် ပူသလိုနေရတယ်ပေါ့နော ကျမတို့က။ စားဝတ်နေရေးအပိုင်းမှာလည်းအခက်အခဲရှိတယ် ကလေးကျန်းမာရေးကျတော့လည်း ပြေးကုရတာ သွားလာရတာလည်း အခက်အခဲရှိတယ်ပေါ့နော။ ရွာနဲ့အလှမ်းဝေးတဲ့ စစ်ဘေးရှောင်မှာနေရတဲ့အခါကျတော့ စားဝတ်နေရေးပဲ ဖြစ်ဖြစ် နေထိုင်ရာမှာပဲဖြစ်ဖြစ် ကလေးကျန်းမာရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ် ကလေးရဲ့ပညာရေးမှာလည်း ကျမတို့ အများကြီး အခက်အခဲတွေ ပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်ပေါ့နော။” ဆော်ပထန် စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦး“စစ်ဘေးရှောင်လိုအပ်ချက်ကတော့ အများကြီးပေါ့နော။ အဓိက လိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာတော့လိုမယ်။ ပြီးတော့ မိုးကာလေးတွေ တဲနေရေးတွေ လုံခြုံဖို့အတွက်ကတော့ မိုးကာလိုမယ် ဆေးဝါးတွေလိုမယ် အဲ့ဒါလေးတွေတော့ အဓိက ပါပဲ။ ကျနော်တို့စစ်ရှောင်အတွက်ဆိုရင် ကိုယ်ဝန်ဆောင်၊ ကလေးငယ် အခုရာသီတုပ်ကွေးကာလဆိုတော့ ကလေးတွေ ဖျားနာတာရှိတယ် အဲ့ဒါလေးတွေ ဖြေရှင်းဖို့အတွက်ဆိုရင် ဆေးဝါးတွေအရမ်း လိုအပ်နေတယ်ပေါ့နော ကျနော်တို့ စစ်ဘေး ရှောင်အတွက်ပေါ့။”

၂၁။ လက်နက်ကိုင်ပဋိပက္ခ ခံစားနေရသူတွေအတွက် ယူရို ၃ သိန်း ထောက်ပံ့
November 22, 2021

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပ သမဂ္ဂက မြန်မာငွေ ကျပ် သန်း ၆၀၀ ကျော် (ယူရို ၃ သိန်း) ပေးအပ်သွားမယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီအကူအညီကို လက်နက် ကိုင်ပဋိပက္ခတွေခံစားနေရတဲ့ ဒေသတွေကလူပေါင်း ၁၅၀၀၀ ကျော်တို့အတွက် ရည်ရွယ်ထားတယ်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံက ဥရောပသမဂ္ဂ လူထားချင်း စာနာထောက်ထားမှု အကူအညီ အစီအစဉ်ရဲ့ စီမံကြီးကြပ်သူ လုခ်ဗာနာ ကလည်း ပြင်း ထန်လာတဲ့ စစ်ပွဲတွေကြောင့် အရင်က တည်းက ထိခိုက်ခံစားရတဲ့ ပြည်သူတွေအပေါ် တစ်ပူပေါ် နှစ်ပူဆင့်စေပါတယ်လို့ ဆိုထားပါတယ်။

ဒီထောက်ပံ့ငွေတွေဟာ စစ်ဘေးရှောင်တွေ၊ နေရပ်ပြန်သူတွေ၊ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ၊ အခြေခံ ရှေးဦး သူနာပြု ပစ္စည်တွေ၊ သန့်ရှင်းတဲ့ ရေနဲ့ မိလ္လာ အဆောက်အအုံတွေ၊ ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးတွေအတွက် အသုံးပြုသွားမယ်လို့ ဖော် ပြထားပါတယ်။ ဒီနှစ်အစောပိုင်းကလည်း ဥရောပသမဂ္ဂက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် မြန်မာနိုင်ငံ အတွက် ယူရို ၂၄ သန်းကို ပေးအပ်မယ်ဆိုပြီး စီစဉ်ထားခဲ့ပါတယ်။

၂၂။ ကျောက်မဲမြို့နယ်အတွင်း PDF များ မဝင်လာစေရန် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဟောင်းများကို လက်နက် တပ်ပေးပြီး စောင့်ကြပ်ခိုင်းထား
November 22, 2021

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်ရှိ စစ်မှုထမ်းဟောင်းများကို အာဏာသိမ်းအဖွဲ့က လက်နက်တပ်ဆင်ပေးပြီး မြို့စွန်မြို့ဖျားနေရာများတွင် နေရာချထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များ ဝင်မလာစေရေးအတွက် စောင့်ကြပ်ခိုင်း ထားကြောင်းသိရသည်။ အာဏာသိမ်းအဖွဲ့က အဆိုပါအစီအစဉ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့ ကတည်းက ကျောက်မဲမြို့နယ်အတွင်း စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က ဗဟိုဈေးနားမှာ ဆိုင်ကယ်အပ်တဲ့နေရာစောင့်တဲ့ စစ်မှုထမ်းဟောင်းတွေကို သေနတ်တွေပေးကိုင်ပြီး စောင့်ခိုင်းထား တာ။ တန်ဆောင်မုန်းလပြည့်နေကဆို လူသွားလူလာများတဲ့ ရွှေနတ်တောင်လို နေရာတွေမှာ အရပ်ဝတ်နဲ့ သေနတ်နဲ့စောင့် နေ ကြတာ သိရတယ်။ ဘုရားသွားတော့ မြင်ခဲ့ရတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက Tachileik News Agency သို့ ပြော သည်။ ကျောက်မဲဒေသတွင် ယခုရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များဝင်ရောက်လာမည်ဟု စစ်ကောင်စီ ၏ သတင်းပေးများက သတင်းပေးထားသည့်အတွက် ကျောက်မဲတွင်ရှိသော စစ်မှုထမ်းဟောင်းများမှ ကိုယ်လက်အင်္ဂါစုံ သူများ ကို လက်နက်တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲ-မိုင်းငေါ့ သွားလမ်းနံဘေးရှိ အာဏာသိမ်း စစ်ကောင်စီ၏ စကခ၊ ဆေးတပ်၊ မွေးမြူရေးတပ်စသည့် စစ်တပ်များ ရှိရာ နေရာအနီးမှ ကျောက်မဲမြို့တစ်မြို့လုံးကို မြင်တွေ့ရနိုင်သည့် “ရွှေနတ်တောင် – ( ဘုန်းကြီးကျောင်း )” ပေါ်တွင် အဆိုပါ စစ်မှုထမ်းဟောင်းများကို အရပ်ဝတ်ဖြင့် မြင်တွေ့နေရခြင်းဖြစ်ပြီး ကျောက်မဲ-မိုးကုတ် သွားလမ်းရှိ စစ်ဆေးရေးဂိတ်အဟောင်း တွင်လည်း အခြားစစ်သားများနှင့်အတူ မြင်တွေ့ရသည်ဟု ဒေသခံတို့က ပြောသည်။

၂၃။ NUG ရဲ့ ငွေတိုက်စာချုပ်တွေ တစ်ရက်အတွင်း ဒေါ်လာ ခြောက်သန်းကျော် ရောင်းချနိုင်ခဲ့
November 23, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ငွေတိုက်စာချုပ်တွေ စတင်ဖွင့်လှစ်ရောင်းချအပြီး တစ်ရက်အတွင်း ဒေါ်လာ ၆ ဒဿမ ၃ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG ရဲ့ PVTV က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၉ နာရီမှာ စတင်ရောင်းချမယ်လို့ ကြေညာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နေ့လည် ၂ နာရီမှာမှ ရောင်းချနိုင်ခဲ့ပါ တယ်။

အဲဒီငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုး ရောင်းချဖို့ စီစဉ်ထားပြီး ရလာတဲ့ငွေတွေကို အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ NUG ရဲ့ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန က ဖော်ပြထားပါတယ်။ ငွေတိုက်စာချုပ်တွေဟာ ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၅၀၀၀ အထိရှိပြီး ဝက်ဘ်ဆိုက်က တစ်ဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ငွေတိုက်စာချုပ်ဆိုတာဟာ အစိုးရက ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ရောင်းချ လေ့ရှိပြီး ဝယ်ယူသူတွေဆီက ငွေချေးယူတဲ့ သဘောမျိုးဖြစ်ပါတယ်။

၂၄။ လင်းမြွေတောင်တန်းတွင် ကျောက်ထုတ်နေမှုအား မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ စစ်ဆေးမှုပြုလုပ်နေ
November 21, 2021

ရခိုင်ပြည်နယ် မြောက်ဦးနယ်နိမိတ်ထဲတွင်ရှိသည့် လင်းမြွေတောင်တန်းတွင် တရားမဝင် ကျောက်ထုတ်နေမှုအား မြို့နယ်အုပ် ချုပ်ရေး ပိုင်းမှစစ်ဆေးမှုများပြုလုပ်နေသည်ဟု မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများကပြောသည်။ ပြည်နယ်ကောင်စီ ပိုင်းမှလည်း အဆိုပါကျောက်ထုတ်မှု ကိစ္စအား ခရိုင်မှတာဝန်ရှိသူများအားမေးမြန်းပြီး အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဟု ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ်ဦးလှသိန်းက Western News သို့ဖြေဆိုခဲ့သည်။ လက်ရှိတွင် အဖွဲ့များဖွဲ့ကာ စစ်ဆေးဆောင်ရွက်လျှက်ရှိနေပြီး ကျောက်ထုတ်နေသူများအားလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ခေါ်ယူထား ကြောင်း မြောက်ဦး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက Western News ကိုပြောသည်။

“ဒီကိစ္စကို ကျနော်တို့ဘက်ကအဖွဲ့တွေဖွဲ့ပြီး စစ်ဆေးဆောင်ရွက်နေတယ်။ နောက်ပြီး သူတို့တွေကိုလည်း ကျေးရွာအုပ်ချုပ်မှူး တွေကနေတစ်ဆင့်အကြောင်းကြာခေါ်ယူ တာတွေလည်းလုပ်နေတယ်” ဟုပြောသည်။ လင်းမြွေတောင်တန်းအနီးရှိ ထိပ်ဝပြင် ကျေးရွာမှ အုပ်ချုပ်ရေးမှူးက ယခင်ကျောက်တူးသည့် ဘက်ဟိုးမှာတောင်တန်းနား၌ အမြဲတမ်းရှိနေတတ်ပြီး ယခုမရှိတော့ဟု ပြောသည်။ “လက်တွေဘာတွေနဲ့ အရင်တူးထားတဲ့ကျောက်တွေကို ထုတ်နေတာတော့ တွေ့နေသေးတယ်။ အရင်လိုဘက်ဟိုး ကြီးနဲ့တူးတာတော့ မတွေ့တော့ဘူး။ ပုံမှန်ဆိုဘက်ဟိုးကအမြဲတမ်းရှိတယ်လေ” ဟုပြောသည်။

ကျောက်ထုတ်နေမှုအားတားမြစ်မှုများရှိသည့်အတွင် ယခင်ကဲ့သို့ကျောက်ထုတ်သူများမတွေ့တော့ကြောင်း မည်သူကလာ ရောက်တားမြစ်သည်ကိုမူ သေချာမသိဟု ကျီရာပြင်ကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင်အေးမောင်ကပြောသည်။ လင်းမြွေတောင် တန်းမှာ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်သည့်အလျောက် ကျောက်ထုတ်ယူမှုမှာ အမွေအနှစ်အားဆုံးရှုံးနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်နိုင်သည်ဟု ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ဝင်များကပြောဆိုထားကြသည်။

၂၅။ စစ်ကောင်စီအောက် မြစ်ကြီးနား အထက်တန်းကျောင်းတွင် ကိုဗစ်ပိုးတွေ့သော်လည်း ကျောင်းဖွင့်ထားဆဲ
22 November 2021

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်နေသော ကျောင်းသူတစ် ချို့ထံ ပြီးခဲ့သော ရက်ပိုင်းက ကိုဗစ်-၁၉ ပိုးကူးစက်မှုဖြစ်ခဲ့သော်လည်း စစ်ကောင်စီက ကျောင်းဆက်လက်ဖွင့်ထားဆဲ ဖြစ် ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့ မှစပြီး သတ္တမတန်းမှ ကျောင်းသူ ၂ ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီးနောက် စစ်ကောင်စီမှ သတင်းမပေါက်ကြားအောင် လုပ်ဆောင်ကာ ဆက်လက် ကျောင်းဖွင့်ထားကြောင်း အခြေခံပညာကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျောင်းသူ ၂ ဦးမှာ ကိုဗစ်ပိုးတွေ့ပြီး သူတို့အတန်းတွေတောင် ခွဲလိုက်တယ်ပြောတယ်။ သိရတာတော့ ကျောင်းသူ (၂) ဦး အတိအကျပဲ။ ဒါပေမဲ့ ကျောင်းမှာဆိုတော့ အရမ်းနီးကပ်စွာနေရတော့ ဒီနေ့ထိဆို ဘယ်နှယောက်တောင် ကူးနေပြီလဲမသိဘူး။ စစ်ကောင်စီက (၂၀) ရက်နေ့ကတည်းက ဖြစ်တာကို သတင်းမပျံ့အောင် ဖုံးဖိထားတယ်။” ဟု အခြေခံပညာကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်ထားသော အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းတွင် လက်ရှိကျောင်းသားအနည်းစု ကျောင်းတက်ရောက်နေဆဲဖြစ်သည်။

စစ်ကောင်စီမှ ယခုကဲ့သို့ ကျောင်းတွင်း ကိုဗစ်ကူးစက်မှုသတင်းအား မပျံ့နှံ့အောင်ပြုလုပ်ကာ ကျောင်းဆက်လက်ဖွင့်နိုင်ဖို့ကြိုး စားရင်း ၎င်းတို့အာဏာတည်မြဲအောင် ပြုလုပ်နေသည်ဟု အခြေခံပညာ ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦး က ယခုလို သုံးသပ်ပြောဆိုသည်။ “စစ်ကောင်စီက ကျောင်းမှာ ကိုဗစ်ဖြစ်ပေမဲ့ သတင်းမပျံ့အောင်ပြုလုပ်ပြီး ကျောင်းသားထုရဲ့ ကျန်းမာ ရေး လုံခြံမှုကို ဂရုမစိုက်ပဲ ကျောင်းသားထုရဲ့အသက်ကို ဂရုမစိုက်တာပဲ၊ ပြောရရင်တော့ ဒါက အင်မတန် ရုပ်ညံ့တယ်၊ မလုပ် သင့်ဘူး။ ကျောင်းသားတွေရဲ့ ကျန်းမာရေး လုံခြုံရေးအတွက် ကျောင်းအမြန်ဆုံးပိတ်သင့်တယ်။ အစကတည်းသူတို့က ကျောင်းသားတွေကို လူသားဒိုင်း လုပ်ချင်ပြီးသားပဲ။ အခုကျတော့ ကိုဗစ်ဖြစ်ပေမဲ့ သတင်းအမှောင်ချ ကျောင်းဆက်လက် ဖွင့်မယ်ဆိုတော့ သူတို့က နိုင်ငံရေးအတွက် ကျောင်းသားတွေကို အသုံးချနေတယ်လို့ပဲ မြင်တယ်။” ဟု မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

၂၆။ ရန်ကုန်တိုင်း ကရင်စာ/ယဉ် အစားထိုးပြန်ဖွဲ့
November 22, 2021

ရန်ကုန်တိုင်းဒေသကြီးရှိ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီများကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့်ထိ အစား ထိုးကာ ပြန်လည်ဖွဲ့စည်းလိုက်ပြီးဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့၊ စစ်တပ် က အာဏာသိမ်းပြီးနောက်ပိုင်း ယခင် ရန်ကုန်တိုင်း၏ ကရင်စာပေနှင့်ယဉ်ကျေးမှုကော် မတီ ဥက္ကဌဖြစ်သူ ကရင်ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီလက်ထက်တွင် ယခင် ကရင်စာ/ ယဉ်ကော်မတီဝင်နေရာ အများအပြား လစ်လပ်သွားခဲ့သည်။

စစ်ကောင်စီလက်ထက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ လုပ်ငန်းများဆက်လက် လုပ်ကိုင်လိုခြင်းမရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကော်မတီဝင်အဖြစ်မှ အနားယူသွားသူများရှိသည့်အတွက် လစ်လပ်နေသည့် ၎င်း ကော်မတီဝင် နေရာများကို အသီးသီး အစားထိုး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခု ပြန်လည်ဖွဲ့စည်းလိုက်သည့် ရန်ကုန်တိုင်း ဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် ဥက္ကဌအဖြစ် ယခင် တိုင်းစာယဉ် အတွင်းရေးမှူးဖြစ်သူ မန်းသန်းဝင်းဦး က ပြောင်းလဲတာဝန်ယူလိုက်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်ဥက္ကဌ မန်းသန်းဌေးကို တိုင်းစာယဉ် အတွင်းရေးမှူးအနေ ဖြင့် တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။ “ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ကိုယ့်ကရင်စာပေနဲ့ ယဉ်ကျေးမှုကိစ္စတွေက လုပ်နိုင်သလောက် ဆက်လုပ်သွားရမှာ ပဲ။ ဒါကြောင့် အခုလို နိုင်သလောက် ဆက်လုပ်တာပါ။”ဟု စာယဉ် ဥက္ကဌဖြစ်လာသူ မန်းသန်းဝင်းဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းစဉ်က ယခင် ရန်ကုန် တိုင်း ကရင့်ရေးရာဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူခဲ့သလို ၂၀၁၆ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ဖွဲ့စည်းစဉ်ကလည်း မူလ ကရင်ရေး ရာဝန်ကြီးကသာ ထပ်မံ တာဝန်ယူခဲ့သည်။ သို့သော် ယခုပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဌအဖြစ် တာဝန်ယူသူမှာ ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲက ရန်ကုန် တိုင်းဒေသကြီး၏ ကရင့်ရေးရာဝန်ကြီးနေရာအတွက် ကရင်ပြည်သူ့ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

၂၇။ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏အယူခံ ခရိုင်တရားရုံးပယ်ချ
November 23, 2021

အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ အယူခံကို (နိုဝင်ဘာ ၂၂ ရက်) တွင် စစ်တွေခရိုင်တရားရုံးမှ ပယ်ချက်လိုက်ကြောင်း ရှေ့နေထံမှ သိရသည်။ “၁၀ လပိုင်း ၈ ရက်နေ့က ၅၀၅(ခ)အရ အမိန့်ချမှတ်လိုက်တာကို ဒီနေ့စစ်တွေခရိုင်တရားရုံးမှာ အယူခံတက်တာ။ အယူခံမှုအမှတ် ၃ အရအယူခံတက်တယ်ပေါ့။ အယူ ခံတက်တာကို ကြားနာပြီး ပလပ်လိုက်တာ”ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးအောင်မြတ်ကျော် က ပြောသည်။

ဦးညီပုအား အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခဲ့သဖြင့် စစ်တွေခရိုင်တရားတရားရုံးသို့ အယူခံတက်ရောက်ခဲ့ရာ ပယ်ချခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမှုကို ပြည်နယ်တရားလွှတ်တော် အထိ ဆက်လက်အယူခံတက်ရောက်သွားမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၃ ခုနှင့်လည်း လက်ရှိတွင် တရားရင်ဆိုင်နေရသည်။

ယင်းအဂတိအမှုတွင် စီမံ/ဘဏ္ဏာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ပါဝင်သည်။

 

၂၈။ အိမ်စီးကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးတစ်ဦး မော့ကနင်စစ်ဆေးရေးဂိတ်တွင် သေနတ်ပစ်ခံရပြီးသေဆုံး
November 20, 2021

ရေး-သံဖြူဇရပ်ကားလမ်းမပေါ် ရေးမြို့နယ် မော့ကနင်ရွာအထွက် စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၁၉ ရက် ညဦးပိုင်းအချိန်က ယာဥ်ရပ်နားပေးရန် လုံခြုံရေးတပ်ဖွဲ့တားသည်ကို မကြားသိ၍ မော်တော်ယာဥ်ချက်ချင်းမရပ်နိုင်သဖြင့် သေနတ်ပစ်ခံရပြီး မိသားစုဝင်နှင့်အတူ အိမ်စီးကားဖြင့်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဦးအောင်ခိုင် ၏မိသားစုဝင်တို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်သည် မွန်ပြည်နယ်မှအပြန် အဆိုပါစစ်ဆေးရေးဂိတ်ကို ညအချိန်ဖြတ်သန်းသွားစဥ် သေနတ်ဖြင့်အပစ်ခံရပြီး ဇနီး ဖြစ် သူ ဒေါ်ရီရီချို သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ကားပေါ်မှာ ကျွန်တော်ရယ်။ ကျွန်တော့အစ်ကိုယ်ရယ်၊ အမေရယ် ၊ နောက်တစ်ယောက်ရယ်ပါတယ်။ အဲ့ဒီဂိတ်ရောက်တော့ မှောင်နေပြီ။ သူတို့က အမှောင်ထဲကတားတယ်။ ယူနီဖောင်းက အောက်ပိုင်းပဲပါတယ်။ တားတော့ တစ်ဘီးနှစ်ဘီးလောက် ကျော်ပြီး ကျွန်တော်တို့က ကားကို လမ်းဘေးကိုချရပ်လိုက်တယ်။ ကားရပ်လို့ အောက်ဆင်းနေတုန်း သေနတ်သံနှစ်ချက် ကြား လိုက်တယ်။ တစ်ချက်က ကားကိုထိတယ်။ တစ်ချက်က အမေ့ကိုထိတယ်”ဟု သေဆုံးသူအမျိုးသမီး၏ သားဖြစ်သူက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ အခင်းဖြစ်ပွားချိန် ည ၇ နာရီခန့်ဖြစ်ပြီး ဒေါ်ရီရီချို ၏ ခါးတွင်သေနတ်ကျည်ဆံထိမှန်၍ လမိုင်းဆေးရုံသို့ ပို့ဆောင်စဥ်သေဆုံးခဲ့ကြောင်း သူမ၏သားဖြစ်သူက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ လမ်းတံတားစစ်ဆေးဂိတ်များကို ယခုအခါ လုံခြုံရေးအစီအစဉ်တိုးမြှင့်ချထားလိုက်ပြီး မော်တော် ဆိုင်ကယ်နှင့် မော်တော်ကားများရပ်ရန်တားဆီးသည့်အခါ မောင်းပြေးပါက ပစ်ခတ်အမိန့် သက်ဆိုင်ရာက (လှို့ဝှက်) ပေးထား ကြောင်း စုံစမ်းသိရှိရသည်။

၂၉။ ကံပေါက်ဒေသတွင် ပြည်သူ ၁၀ ဦးခန့်ကို စစ်တပ်က ဖမ်းဆီး
November 22, 2021

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသမှာ နိုဝင်ဘာလ ၂၁ ရက်ညက CDM ကျောင်းဆရာမ တယောက်အပါအဝင် အရပ်သား ပြည်သူ ၉ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေအထဲမှာ မြသီတာ ရပ်ကွက် နေ CDM ကျောင်း ဆရာ ဒေါ်မြင့်မြတ်နဲ့ လှည်းကုန်း ၂ ရပ်ကွက်နေ CDM ကျန်းမာရေးမှူး ဦးကျော်စိုးဝင်းတို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကံပေါက်ဒေသခံအရပ်သားတွေဖြစ်တဲ့ ဦးတင်ညွန့်(နွမ်မဲ)-(မဂ္ဂင်ရပ်ကွက်)၊ ဦးကင်မြင့် (မြသီတာရပ်ကွက်)၊ ဦးကိုလေး (မြသီတာရပ်ကွက်)၊ ဦးဝင်းရှိန် (ဗိုလ်ချုပ်ရပ်ကွက်)၊ ကိုပြည်စိုး (ဗိုလ်ချုပ်ရပ်ကွက်)၊ ဦးငယ်ငယ် (မိကျောင်းအိုင် ရပ်ကွက် စက်ကုန်း)၊ နဲ့ ဦးနွမ်မဲ (လှည်းကုန်း ၁ ရပ်ကွက်) တို့လည်း ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီက ကံပေါက်မောရဝတီရေတပ်စခန်းဌာနချုပ်မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

 

၃၀။ ဘားအံတွင် စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးပြီး သိမ်းဆည်းမည်
23 November, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လိုင်စင်မဲ့ယာဉ်တွေကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးပြီး သိမ်းဆည်းတော့မှာ ဖြစ်တယ် လို့ နိုင်ဝင်ဘာ ၂၂ ရက် မနက်က စစ်ကောင်စီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဆက်ဆံရေးရုံး တာဝန်ခံ တွေဆီက သိရပါတယ်။ အစည်းအဝေးမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးက တရားမဝင်လိုင်စင်မဲ့ယာဥ်တွေကို ဖမ်းဆီးပြီး သိမ်းဆည်းသွားမှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဆက်ဆံရေးရုံးတာဝန်ခံတွေကို အသိပေး ပြောကြားခဲ့တာပါ။

လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီက ဖမ်းဆီးသိမ်းဆည်းဖို့ ပထမအဆင့်အနေနဲ့ သံလွင်တံတား(ဘားအံ)နဲ့ ဇာသပြင်တံတား တွေမှာ ဖမ်းဆီးသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဘားအံမြို့တွင်းမှာ ဖြတ်သန်းသွားလာတဲ့ယာဥ်တွေကို ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ ဆက်ဆံရေးရုံးတာဝန်ခံတစ်ဦးက”အစည်းအဝေးမှာ လိုင်စင်မဲ့ကားမှန်ရင်အကုန်ဖမ်းမယ်။ အပေါ်ကနေဖိအားပေး သလိုနဲ့ ပြည်နယ်ထွက်ပေါက်မှန်သမျှဖမ်းမယ် ပြောတယ်။ အရေးယူမှုပိုင်းကတော့ မသိရဘူး။ ကားကတော့ သိမ်းခံရမှာ သေချာတယ်” လို့ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက စတင်ပြီး သံလွင်တံတား(ဘားအံ)နဲ့ ဇာသပြင်တံတားတွေမှာ စစ်ကောင်စီက လိုင်စင်မဲ့ ယာဉ် တွေကို ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ဖမ်းဆီးစစ်ဆေးနေ တယ်လို့ ဒေသခံ ယာဥ်မောင်းတွေက ဆိုပါတယ်။ ဖမ်းဆီးရာ မှာ လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ ဖမ်းဆီးပြီးသိမ်းဆည်းသွားမှာဖြစ်သလို ဖမ်းဆီးရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ မပါဝင်ပဲ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကပဲ ဖမ်းဆီးသွားမှာဖြစ်တယ်လို့ ဆက်ဆံရေးရုံး တာဝန်ခံတစ်ဦးကဆိုပါတယ်။ ကရင်ပြည်နယ်အတွင်းက ဝေးလံတဲ့ကျေးလက်နေပြည်သူတွေဟာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုးရေးအတွက် မဖြစ်မနေလိုင်စင်မဲ့ယာဉ်တွေကို အဓိကထားပြီး အသုံးပြုနေရတာဖြစ်ပါတယ်။

၃၂။ ကိုးကန့် MNDAA တပ်မှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရ
November 23, 2021

ယမန်နေ့ နိုဝင်ဘာလ (၂၂)ရက်နေ့ အထူးဒေသ (၁)မုံးကိုးခရိုင်ဒေသ၌ စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်။ တစ်ရက်အတွင်း တိုက်ပွဲ(၆)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီတပ်မှ ကိုးကန့် MNDAA ၏ မန်ရန် တပ်စခန်းကို လေယာဉ်ပစ်သေနတ်ဖြင့် သော်လည်းကောင်း လက်နက်ကြီးများဖြင့်သော်လည်း‌ကောင်း ပစ်ခတ်လာခဲ့သည်။ ထို့သို့ပစ်ခတ်ရာတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်သည် ရွာတွင်းသို့ကျရောက် ပေါက်ကွဲပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ ကြောင်း ကိုးကန့် MNDAA ကထုတ် ပြန်ခဲ့သည်။

နံနက် ၉ နာရီတွင် စစ်ကောင်စီတပ်မှ ကိုးကန့် MNDAA ၊ မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့ရှိရာ ချင်ချိုင့်ထန် တပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ညနေ ၁၅ နာရီ ၃၃ မိနစ်အချိန်ထိ တိုက်ပွဲဖြစ်ပွားပြီး ကိုးကန့် MNDAA တပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က နောက်ပြန်ဆုတ်ခဲ့သည်။ ယင်းတိုက်ပွဲတွင် ကိုးကန့် MNDAA ဘက်မှ (၁)ဦး ဒဏ်ရာရပြီး စစ်ကောင်စီဘက်မှ အကျအဆုံးကိုမှုမသိရှိရကြောင်းသိရသည်။ ထို့အပြင် ညနေ ၁၄ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့ တပ်မံထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အခြားသောဒေသ မန်ကန် ၊ နမ့်ဟရွာအနောက်ဘက်တောင်ကုန်းရှိ ညောင်ပင်ကြီး၊ ဖူလုံအနောက်ဘက်တောင်ကုန်း စသောနေရာများတွင်လည်း တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၁၀၅)နှင့် တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း(၁၅)သည် ကိုးကန့် MNDAA ၏ မန်ရန် တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ကြောင်း ကိုးကန့် MNDAA စစ်မြေပြင်ရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း အချို့ထပ်မံသိမ်း ဆည်းရ မိခဲ့ကြောင်းသိရသည်။

 

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။