• Today is: Saturday, April 20, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 149, December 3, 2021)

 

၁။ သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး
December 2 , 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေရာကို ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီ အင်အား အလုံးအရင်းသုံးပြီး ဝင်စီးကာ စခန်းတဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ၁ ဦးက KNG ကို ပြောပါတယ်။ လမ်းကင်းစခန်း ၂ နေရာ ဝင်တိုက်ခံရတာကြောင့် ဖမ်းဆီးခံရသူရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့်လည်း PDF ဘက်က ဒဏ်ရာရသူရှိကြောင်း သိရပါတယ်။ “ဒီကနေ့ မနက် ၅ နာရီကျော်ခန့်မှာ သိန္နီ PDF ရဲ့ သင်တန်းလေ့ကျင့်ရေးကွင်းနေရာကို စစ်ကောင်စီ တပ်မ ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ သိန္နီ PDF ပြောက်ကျား အဖွဲ့ ၅ နဲ့ အပြန်လှန်ပစ်ခတ်ခဲ့တာ စစ်ကောင်စီဘက်က အင်အားများလို့ လက်နက်ချင်းမမျှတာကြောင့် ကျွန်တော်တို့ ပြောက် ကျားအဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့တယ်။ စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်။ သိန္နီ PDF ဘက်က ၇ ယောက် ဒဏ်ရာ ရရှိခဲ့တယ်။” လို့ သူက ပြောပါတယ်။

စစ်ကောင်တပ်က သိန္နီ PDF သင်တန်းကွင်းနေရာရှိ သင်တန်းသုံးကိရိယာများ မီးရှိူ့ဖျက်ဆီးသွားခဲ့ကြောင်း “ပထမဆုံး ကင်း စခန်းကို ဝင်တိုက်တော့ နှစ်ယောက် ပါသွားတယ်။ တဲတွေကို မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရိက္ခာတစ်ချိူ့ နဲ့ အသုံးအဆောင်တွေ ပါသွား ပါတယ်။ အရင် ၄ ရက်ခန့် ကတည်းက သူတို့ အင်အား အလုံးရင်းဖြန့်နေတာပါ” လို့ သူက ဆက် ပြောပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ကလည်း သိန္နီ PDF ရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်က အင်အားအလုံး အရင်းသုံးပြီး ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့လို့ ခုခံစစ်အတွင်း အင်အားမမျှတဲ့အပြင် သိန္နီ PDF ဘက်က တပ်ဖွဲ့ဝင် ၂ ဦး ဖမ်း ဆီးခံလိုက်ရကာ ကျန်တပ်ဖွဲ့ဝင်တွေလည်း ဆုတ်ခွာခဲ့ရပြီး ကင်းစခန်းလည်း မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။ သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီတပ်က အင်းအား အလုံးရင်းထိုးစစ်ဆင် တိုက်ခိုက်တာကို ရရာလက်နက် အင်အားနဲ့ ပြောက်ကျား စစ်ဆင်ရေး ထပ်မံလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

၂။ လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို ပိတ်ထားမည်ဟု KNDF ထုတ်ပြန်
December 2, 2021

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တွေကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်း ဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကို နက်ဖြန် ဒီဇင်ဘာ ၃ ရက်နေ့က စပြီး ရက်အကန့်အသန့်မရှိ ပိတ်ထားမယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေ တဲ့ ဒီးမော့ဆိုမြို့နယ်ကနေ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်ဆီကို တပ်ချိန်းပြောင်းလဲမှုတွေ၊ တပ်အင်အားဖြည့်တင်းမှုတွေနဲ့ ရိက္ခာတွေ ပို့ဆောင်ရာမှာလည်း လွိုင်ကော်- ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အသုံးပြုနေပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကျေးရွာတွေကို ကင်းထောက်တာ၊ စစ်ရေးလှုပ်ရားတာတွေကို အဆိုပါ လမ်းကြောင်းကို အသုံးပြုနေတဲ့အတွက် အများပြည်သူလုံခြုံရေးအတွက် ဒီဇင်ဘာ ၃ ရက်နေ့ကပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို ခရီးသွား လာခြင်း မပြုဖို့ မေတ္တာရပ်ခံထားပါတယ်။

 

၃။ မတူပီ CDF နှင့် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအကူအညီ လိုအပ်နေ
3 December, 2021

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ လောက် စားနပ်ရိက္ခာ နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူညီတွေ လိုအပ်နေတယ်လို့ မတူပီ CDF တပ်ဖွဲ့က ပြောပါတယ်။ အဓိက အခက်ခဲကတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပြီး ကျေးရွာတိုင်းက ဒေသခံပြည်သူတွေနဲ့ CDF တပ်ဖွဲ့ဝင်တွေ ဖျားနာနေကြ တယ်လို့ မတူပီ CDF တပ်ရင်းရဲ့ ဗျူဟာမှူးက DVB ကို ပြောပါတယ်။ မတူပီ CDF အနေနဲ့ တပ်ရင်း ၄ ရင်းရှိပြီး နှစ်ဘက် တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၁၀၀ နီးပါးလောက်က ဒေသခံပြည်သူတွေဟာ တောတွင်းနဲ့ နီးစပ်ရာဆွေမျိုးတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆေးဝါး၊ ရိက္ခာ၊ အဝတ်အထည်တွေ အကူအညီနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်ထဲကို ဆေးဝါးရိက္ခာတွေ သယ်ယူခွင့် မပြုတာကြောင့် မတူပီမြို့ပေါ်မှာလည်း ဆေးဝါးတွေ ဝယ်ယူလို့ မရကြသလို ဆရာဝန်၊ ဆရာမတွေလည်း လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။ မတူပီ-ပလက်ဝလမ်း၊ မတူပီ-မင်းတပ်လမ်းနဲ့ ကျေးရွာပေါင်း ၁၀၀ နီပါးလောက်က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးရှောင် IDP စခန်း ဖွင့်လှစ်ထား တာမရှိဘဲ မိမိအစီစဥ်နဲ့ အဆင်ပြေသလို နေထိုင်ကြရတာလို့ ဒေသခံပြည်သူ တစ်ယောက်က ပြောပါတယ်။ “မတူပီ CDF အနေနဲ့ စားနပ်ရိက္ခာကတော့ အဆင်ပြေပေမယ့် အဓိကလိုအပ်ချက်က ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ် တယ်။ လက်နက်ခဲယမ်း ပြည့်စုံမှုမရှိပေမယ့် ရှိတဲ့ လက်နက်နဲ့ အကြမ်းဖက် စစ်—တွေကို ပြည်သူ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ အမြစ်ပြတ် တိုက်ထုတ်သွားမယ်လို့ ပြောပါတယ်။

၄။ ကျိုက်ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး၊ PDF ဘက်က CDM ရဲတပ်သား ၁ ဦး ကျဆုံး
December 2 , 2021

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု (ဒေသအခေါ် ရွှေခဲရိုးကျေးရွာ)အနီးမှာ ဒီဇင်ဘာ ၂ ရက် မနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)၊ ဒေသခံ PDF ပူးပေါင်းအ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF နဲ့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီတိုက်ပွဲအ တွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး၊ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က CDM ရဲတပ်သား ၁ ဦး ကျဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစသ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁ ရက်ကလည်း KNLA တပ်မဟာ (၁)၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီရဲ့ ခလရ(၂) တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။

 

၅။ ကွတ်ခိုင်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တိုက်ပွဲဆက်ဖြစ်December 1, 2021

ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကိုးကန့်(MNDAA)တို့နှင့် စစ်ကောင်စီတပ်တို့ကြား ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ အနီး ယ‌‌နေ့နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ ခြေလျင်တပ်သား ၁၀၀ ကျော်နှင့် ပြည်သူ့ စစ်တပ်ဖွဲ့ဝင် ၅၀ ဦးခန့် ပါဝင်သည့် စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကွတ်ခိုင် ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။ “မနေ့က ဖြစ်တဲ့ အဖွဲ့တွေပဲ ဒီနေ့ ပြန်ဖြစ်တာ၊ နေရာတော့ မတူဘူးပေါ့၊ စစ်ကောင်စီတွေ ဒီမှာရှိနေ သရွေ့တော့ နေ့တိုင်းနီးပါး ဖြစ်လာနိုင်တယ်။ ဒီနေ့လည်း လက်နက်ကြီး အသေးကြားရတယ်။ သူတို့တွေ လမ်းပြတွေရော နယ်မြေကျွမ်းကျင်တဲသူ့ပါလို့နေမယ် တောဘက်တွေအထိ ဝင်တိုက်နေတာဆိုတော့လေ” ဟု သူကပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဘော်ခီးကျေးရွာမှ ဒေသခံပြည်သူများက လက်နက်ကြီးကျရောက်မည်ကို စိုးရိမ်သောကြောင့် ထွက် ပြေးတိမ်းရှောင်နေရကြောင်း ဘော်ခီးကျေးရွာအနီးရှိ ဒေသခံတစ်ဦးက ဆက်ပြောသည်။ “တိုက်ပွဲ ဖြစ်တဲ့အချိန် ရွာနားဖြစ် တာဆိုတော့ လက်နက်ကြီးကျမှာစိုးလို့ ရွာသားတွေ ထွက်ပြေးနေရတာပေါ့ ခုထိမပြန်ရဲသေးဘူး။ မနက်ကတည်းနေ ပြေးနေရ တာပေါ့။” ဟုသူကပြောသည်။ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းရွာအထက် လွိုင်ရွဲတောင်အနီးတွင်လည်း နိုဝင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကိုးကန့် (MNDAA)ပူးပေါင်းတပ်တို့အကြား နှစ်ဖက်ထိ တွေ့မှု တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၆။ KNU အုပ်ချုပ်နယ်မြေထဲရှိ ဒေသခံလူထုများကို ထိုင်းအစိုးရမှ ကိုဗစ်ကာကွယ်ဆေးထိုး နှံပေး
December 2, 2021

ထိုင်း-မြန်မာနယ်စပ် KNU-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်းရှိ ဒေသခံ လူထုများအား ထိုင်းအစိုးရမှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။ နယ်စပ်ဒေသအတွင်း ရောဂါကူး စက်မှု ကာကွယ်တားဆီးနိုင်ရန်၊ စျေးရောင်းစျေး ဝယ်ခြင်းလုပ်ငန်းများအဆင်ပြေစေရန်နှင့် အရေးပေါ် ကျန်းမာရေးကိစ္စများပေါ် ပေါက်လာပါက နယ်စပ်ဖြတ်ကျော် ဆေးကုသနိုင်ရန်ရည်ရွယ်ပြီး ကာကွယ်ဆေးကိုထိုးနှံပေးခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ ဘက် ခြမ်းမှ တာဝန်ရှိသူများကပြောသည်။ ကာကွယ်ဆေးထိုးနှံပေးမှုအစီအစဉ်ကို ထိုင်းနိုင်ငံဘက်ခြမ်း မဲ့သရိကျေးရွာ သောင်ရင်း မြစ်ကမ်းနံဘေးတစ်နေရာတွင် စတင်ထိုးနှံပေးလျက်ရှိပြီး မဲ့သရိကျေးရွာတစ်ဖက်ကမ်း KNU နယ်မြေထဲရှိ ဖလယ့်ခို့၊ ဖလယ့် ကာ၊ ခလယ့်ဒေးနှင့် မော်ပယ်ခို့ စသည့်ကျေးရွာများမှ ဒေသခံ ရွာသား ၁၀၀၀ အား အခမဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် လျာထားသည်ဟု မော်ပယ်ခို့ကျေးရွာ တရားသူကြီး စောနိုင်ထူးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “နယ်စပ်ဒေသမှာဆိုတော့ ထိုင်းဘက်လူတွေထိုးရသလိုမျိုး ကျနော်တို့ကိုလည်း ထိုးစေချင်တယ်။ နေမကောင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှာဆေးရုံသွားရမယ်ဆိုရင် ကိုဗစ်ကာကွယ် ဆေးမထိုးရရင် သွားလို့မရဘူး။ အဲဒီအခွင့်အရေး ဆုံးရှုံးသွားမယ်။ နောက်ပြီး အခုနယ်စပ်ဂိတ်တွေ အရင်လိုမျိုးဖွင့် ထားလို့ မရသေးဘူး။ အဲဒီတော့ စျေးသွားဝယ်တဲ့အခါမှာ ကာကွယ်ဆေးထိုးနှံ ထားမှသွား လို့ရမယ်။ သူတို့ဘက်က ရောဂါထိန်းချုပ်ဖို့နဲ့ ကျနော်တို့ဘက်ကလည်း ရောဂါကူဆက်မှု ကာကွယ်နိုင်ဖို့အတွက် ဒီလိုမျိုးလုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ “ဟု ပြောသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံမှုတွင် ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးလုပ်သားများကိုယ်တိုင် လာရောက်ထိုးနှံပေးခြင်းဖြစ်ပြီး KNU ဘက်က အမိုးအကာနှင့် နေရာထိုင်ခင်းများကို သွားရောက်စီစဉ်ပေးခဲ့ရသည်ဟုလည်း မော်ပယ်ခို့ကျေးရွာ တရားသူကြီးက ဆက်ပြောသည်။ KNU အုပ်ချုပ်နယ်မြေထဲရှိ ဒေသခံလူထုများအား ထိုင်းအစိုးရမှ ယခု ပထမအကြိမ် ထိုးနှံပေးသည့် ကာကွယ်ဆေးမှာ စီနိုဖန်းအမျိုးအစားဖြစ်ပြီး ဒုတိယ အကြိမ်ကို ယခုလဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထပ်မံထိုးနှံပေးသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။

 

၇။ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ် မပြန်နိုင်သေး
December 2 , 2021

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ပြီး အပစ်အခတ် ရပ်စဲခဲ့ကြတာ တစ်နှစ်ကျော်အထိ ကြာမြင့်လာပေမယ့် စစ်ဘေးရှောင်တွေ ဒီကနေ့အထိ အိမ်မပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲနေတာ တစ်နှစ်ကျော်လာပေမယ့် စစ်ကောင်စီ နဲ့ အေအေဘက်ကပါ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘာမှ လာရောက် အကြောင်းကြားတာ မရှိသေးပါဘူးလို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ စစ်ရှောင်တွေ မိမိတို့မူလနေရပ် ပြန်နိုင်ရေး ဆောင်ရွက်ပေးတာမျိုး ဖြစ်စေချင်တယ်လို့ ဘူးသီးတောင်မြို့နယ် လမ်းမကျောင်း စစ်ဘေးရှောင်စခန်းဒုတာဝန်ခံ ဦးကျော်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကျေးရွာအနီးအနားမှာ တိုက်ပွဲတချို့ ပြန်ဖြစ်ခဲ့တာတွေရှိတဲ့အတွက် စစ်ကောင်စီဘက်က တပ်စွဲထား တာတွေရှိပြီး ရွာမှာရှိတဲ့ နေအိမ်တွေကလည်း မီးရှို့ခံထားရကာ သုံးနှစ်လောက် လူနေထိုင်ခြင်း မရှိသေးတဲ့အတွက် အားလုံးနီး ပါး ပျက်စီးသွားကြပြီလို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား မင်းပြား၊ မြောက်ဦး၊ ကျောက် တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကစပြီး ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၂ နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပါတယ်။ အဲ့ဒီ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ အရပ်သား ရခိုင်ပြည်သူ ၃ဝဝ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။လမ်းမကျောင်း စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်ထွန်းက “ကျနော်တို့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ဗျူဟာနဲ့ ထွေအုပ်က စာရင်းတွေ တောင်းခဲ့ပါတယ်။ ကျနော်တို့က နေရပ်ပြန်ဖို့ အချက် ၅ ချက်ကို

ဆိုခဲ့ပါတယ်။ နေထိုင်ရန်အိမ်တွေ ဆောက်ပေးရမယ်။ စားနပ်ရိက္ခာထောက်ပံ့ရမယ်။ စစ်လက်နက် အကြွင်းအကျန်တွေ ရှင်းလင်းပေးရမယ်။ နှစ်ဖက်စလုံးက ကျနော်တို့ရဲ့ အသက်အိုးအိမ်တွေကို တာဝန်ယူပေးရမယ်။ နောက်တစ်ခုက ကျေးရွာအတွင်းနဲ့ ကျေးရွာတွေ အနီးက စစ်စခန်းတွေကို ရုပ်သိမ်းပေးရမယ်ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအထိ ပြန်လည်အကြောင်းကြားတာ မရှိဘူး”လို့ ဆိုပါတယ်။ အဲဒီစစ်ဘေးရှောင်တွေထဲမှာ ရပ်ရွာအနီးတိုက်ပွဲတွေ ဖြစ်လို့ နေအိမ်တွေ မီးလောင်ပျက်စီးသွားခံခဲ့ရ သူတွေ ပါဝင်သလို ရပ်ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲလို့ မိသားစုတွေ သေဆုံးပြီး ရွာလုံး ကျွတ် ထွက်ပြေးခဲ့ရသူတွေလည်း ပါဝင်ကြပါတယ်။

၈။ ဖယ်ခုံမြို့ စစ်ကောင်စီဖမ်းဆီးထားသည့် ဒေသခံ (၆)ဦးထဲမှ (၃)ဦး ပျောက်ဆုံးနေ
December 2, 2021

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံ (၆)ဦးကို စစ်ကောင်စီက နိုဝင်ဘာ (၈) ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် ထိုထဲမှ ဒေသခံ (၃)ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဒေသခံ (၆)ဦးထဲမှ လက်ရှိ (၃)ဦးသည် ဖယ်ခုံရဲစခန်းတွင် ရှိနေပြီး ကျန်ရှိသည့် (၃)ဦး ပျောက်ဆုံးနေလျက်ရှိကြောင်းသိရသည်။

“၃ ဦးလောက်ကတော့ ဖယ်ခုံရဲစခန်းမှာရှိတယ်လို့ ကျနော်တို့ သတင်းကြားရတယ်။ ဒါပေမဲ့ ကျန်တဲ့ (၃)ဦးက ပျောက်နေ တယ်။ သူတို့ရဲ့ သတင်းတွေ ဘာမှ မကြားရသေးဘူး။ ပြန်လည်း မလွတ်လာသေးဘူး” ဟု ထိုဒေသခံ (၆)ဦးနှင့် နီးစပ်သူ အမျိုး သားတစ်ဦးက ပြော သည်။ ထိုဖယ်ခုံရဲစခန်းတွင် ကျန်ရှိနေသည့် ဒေသခံ (၃)ဦးကို ဖုန်းအဆက်သွယ်ရခဲ့သော်လည်း စကား ပြောချိန် ၁ မိနစ် သာရခဲ့ကြောင်း သိရသည်။ “ဖယ်ခုံရဲစန်းမှာရှိနေတဲ့သူတွေတော့ ဖုန်းအဆက်အသွယ် ရခဲ့တယ်။ ဒါပေမဲ့ ဖုန်း ပြောချိန်လည်း ၁ မိနစ်ဘဲရခဲ့တယ်။ သူတို့စားဝတ်နေရေးတွေကော အဆင်ပြေလား၊ ဘာတွေလိုအပ်လည်း မမေးရဘူး။ သူတို့ ကျန်းမာရေးအခြေနေလည်း မမေးရဘူး။ တစ်မိနစ်ထဲ ဘာမှ မပြောလိုက်ရဘူး” ဟု ၎င်းက ပြောသည်။။

ဖယ်ခုံရဲစခန်းတွင် ကျန်ရှိသူများသည် ဦးမောင်လှည့်၊ မောင်သီဟနှင့် မောင်စောလုမောင်းတို့ဖြစ်ပြီး ပျောက်ဆုံးနေသည့် (၃)ဦး သည် လူငယ်များဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံထားရသည့် ဒေသခံ (၆)ဦးတို့သည် တောင်ယာလုပ်ကိုင်သည့် သာမန်ပြည် သူ များဖြစ်ကြပြီး စစ်ကောင်စီက PDF တပ်ဖွဲ့ဟု စွတ်စွဲကာ နိုဝင်ဘာ ၈ ရက်နေ့က လာရောက်ဖမ်းဆီးသွားကြောင်း သိရ သည်။

 

၉။ ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်
December 3 , 2021

ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ယခင်က ယုဇနကုမ္ပဏီသိမ်းယူခဲ့သောမြေပေါ်တွင် KIO ၏ခွင့်ပြုချက်မရဘဲ ဦးယူ ပိုင်ဆိုင်ထားသည့် မြေယာများကို နှစ်ဆန်းပိုင်းမှစတင်ပြီး ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း KIO တာဝန်ရှိသူများက ဒေသခံများကို ပြောဆိုခဲ့သည်ဟု သိရသည်။ ပြီးခဲ့သော မေလက KIA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ကျောထောက် နောက်ခံ ယုဇနယုမ္ပဏီသည် ဟူးကောင်းဒေသမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အဆိုပါနေရာတွင် ငွေကြေးအာဏာ ရှိသူများက မြေယာများ ဦးယူလုပ်ကိုင်ခြင်း၊ ပြန်လည်ရောင်းချခြင်းများ ရှိလာသောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံး အပတ်က KIA တပ်ရင်း ၁၄ တာဝန်ရှိသူများမှ ဒေသခံများကို ခေါ်ယူကာ အသိပေးခဲ့ကြောင်း သိရသည်။

“ဒီမှာအခုဖြစ်နေတာက ယုဇနကုမ္ပဏီထွက်သွားတဲ့နောက်ပိုင်းဆို မြေယာတွေကို ပိုင်ရာပိုင်ကြောင်းနဲ့ပြောဆိုပြီး မြေဧကတွေ အများအပြားလာယူကြတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့အာဏာရှိတဲ့သူတွေဘဲ သိမ်းယူနေတဲ့ပုံစံဖြစ်နေတယ်။ ဒါကို ဒေသ ခံတွေတစ်ချို့ကကန့်ကွက်ကြတယ်။ တကယ်လိုအပ်နေတဲ့ ဒေသခံတွေကမရကြဘူး။ ကျနော်တို့ ဒေသခံအချင်းချင်းကြား မြေယာပြဿနာတွေဖြေရှင်းဖို့ လိုအပ်လာတယ်။ ဒီပြသနာကိုဖြေရှင်းပေးဖို့ KIO ဘက်ကို တိုင်ကြားလာတဲ့သူတွေလည်းရှိ တယ်။ ဒါကြောင့် KIO က ဒီ မြေယာတွေကို ပြန်သိမ်းမယ်။ သေချာစီစစ်ပြီးမှဘဲ တကယ် ရသင့်ရထိုက်တဲ့သူတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဟူးကောင့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။ KIO အနောက်ပိုင်းတိုင်း တပ်မဟာ ၂ မှ အဆိုပါ မြေယာများ ပြန်လည်သိမ်းယူသွားမည့် ကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာဒေသ အလိုက် တရားဝင်ပြန်လည် အကြောင်းကြားမည်ဟု သိရသည်။

မြေယာများ ပြန်လည်သိမ်းယူမှုတွင်ပါဝင်မည့် ဧရိယာထဲတွင် လီဒိုလမ်းပေါ်ရှိ ဒွမ်ဘုန်း၊ လဝါး၊ ဒွမ့်ဘန်၊ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြကျေးရွာ၊ တိန်းကောက်၊ အောင်ရာ၊ ပန္နက် စသောကျေးရွာအားလုံးပါဝင်ကြောင်း သိရသည်။ KIO အနေဖြင့် မြေယာများသိမ်းမည်ဟု ပြောဆိုမှုတွင် ထောက်ခံကြောင်းနှင့် ဒေသခံပြည်သူများကြား တန်းတူအခွင့်အရေးရရှိ အောင်ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု ဟူးကောင့်ဒေသ ဝါရာဇွပ်ကျေးရွာမှ ဒေသခံတစ်ဦးက ယခုလို တောင်းဆိုထား သည်။ “ယုဇနကုမ္ပဏီကို မောင်းထုတ်လိုက်တာမကြာသေးဘူး။ အာဏာရှိတဲ့သူတွေ၊ လက်နက်ကိုင်တွေ၊ ငွေကြေးတတ်နိုင်တဲ့ သူတွေကြီးဘဲ မြေကွက်တွေကို ပြန်ယူနေကြတယ်။ ယုဇနက ပြန်ရထားတဲ့ မြေနေရာတွေက ဦးပိုင်မြေ ပြန်ဖြစ်ကုန်ပြီ။ ဒေသခံ တွေ ပြန်ရတာနည်းတယ်။ ကျနော်တို့လိုချင်တာက တကယ်လိုအပ်နေတဲ့ ဒေသပြည်သူတွေကို ရသင့်ရထိုက်သလောက် ခွဲဝေ ပေးချင်တယ်။ အခုကအဲ့လိုအမဟုတ်ဘူး။ လုပ်ငန်းရှင်တွေက မြေကွက်တွေဝယ်ပြီး ရွှေလုပ်ကြတယ်။ တစ်ချို့က ရွှေမလုပ်ပေ မယ့် ကိုယ့်ကိုယ်ကျိုးစီးပွားရေးအတွက် သီးသန့်ဝယ်ယူထားကြတယ်။ ကျနော်တို့ လုပ်စားမယ့်မြေကွက်မှမကျန်တော့ဘူး။ မြေယာတွေပြန်သိမ်းမယ်လိုတာကို ထောက်ခံပါတယ်။ ဒါတောင်ထိရောက်မှာ မသေချာသေးဘူး”ဟု ပြောဆိုသည်။ လွန်ခဲ့ သည့် ၂၀၀၆ ခုနှစ်ခန့်က ဟူးကောင့်ဒေသဖြစ်သော ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တွင် စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီစတင်ဝင်ရောက်လာပြီး ဒေသခံများ၏ မြေဧက ၄ သိန်းကျော်ကို အဓမ္မသိမ်းယူခဲ့သည်။

 

၁၀။ ကုလသမဂ္ဂတွင် မြန်မာအတွက် ကိုယ်စားပြုသူရွေးချယ်မှု ဆိုင်းငံ့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက် တာဝန် ယူမည်
December 2 , 2021

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူနေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်ရွေးချယ် ရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်တဲ့အတွက် လက်ရှိ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ယူခွင့်ရမှာဖြစ်ပါတယ်။ အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေးကော်မတီမှာ ကိုယ်စားပြုခွင့်လျှောက်ထားမှုတွေထဲက ဆွေးနွေးရာမှာ အာဖဂန် နစ္စတန် နဲ့ မြန်မာတို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချပဲဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အာဖဂန်နစ္စတန် မှာ တကျော့ပြန်အာဏာရခဲ့တဲ့ တာလီဘန်တွေရော၊ မြန်မာ အာဏာသိမ်းစစ်ကောင်စီပါ ကုလသမဂ္ဂမှာ နိုင်ငံကို ကိုယ်စားပြုခွင့်မရ ဖြစ်သွားပါတယ်။ “ဒီ ၂ နိုင်ငံအတွက် ကိုယ်စားပြုမယ့်သူ နေရာအတွက် ဆုံးဖြတ် မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်”လို့ ကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ ဆွီဒင်သံအမတ်ကြီးက နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ဒီဇင်ဘာ ၁ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ Credentials Committee မှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာပိုင်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားတို့အပြင် ဟားမား၊ ဘူတန်၊ ချီလီ၊ နမီဘီးယား၊ ဆီရာလီယွန်းနဲ့ ဆွီဒင်နိုင်ငံတို့လည်း ပါဝင်ကြတာပါ။ ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို အထွေထွေညီလာခံထံ ဒီနှစ်မကုန်ခင် တင်ပြရမှာ ဖြစ်ပါတယ်။

 

၁၁။ KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံကျဆုံး
December 3, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်(တပ်မဟာ ၅) နယ်မြေတွင် တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲပေါင်း ၁၅၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀၀ ကျော် ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော် သတင်းစဉ်က ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ကေအဲန်ယူ မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက် နေ့အထိ တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲပေါင်း ၁၅၁ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း တပ်ဖွဲ့ဘက်မှ ၁၀၃ ဦးကျဆုံးကာ ၈၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်မှ ကျဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါရှိသလို ထိခိုက်ဒဏ်ရာရရှိသူများထဲ တွင်လည်း တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါဝင်ကြောင်း၊ ထို့အပြင် စစ်ကောင်စီ၏ မြင်းလား ၆ ကောင်သေဆုံးပြီး ၆ ကောင်ဒဏ်ရာရရှိကာ စစ်ကား ၇ စီးကို ပျက်စီးခဲ့ကြောင်းလည်း KNU မူတြော်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။ KNLA တပ်မဟာ ၅ ဗျူဟာမှူး စောထူးကရှောက “စစ်ကောင်စီတပ်က ရိက္ခာပို့ဆောင်ဖို့ သူ့လူတွေ ထပ်ပို့လာတယ်။ ကျနော်တို့ဘက်က ဝင်ခွင့်မပြုတဲ့အတွက် ပစ်ခတ်မှုတွေကတော့ ဆက်တိုက်ဖြစ်တယ်။ သူတို့က နယ်မြေစိုးမိုးရေးလုပ်ဆောင် လာတဲ့အပေါ်မှာ ကျနော်တို့ တပ်မဟာ ၅ အနေနဲ့ကတော့ တိုက်ထုတ်ရမှာ တာဝန်ရှိပါတယ်။ အဲဒါကြောင့် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားပြီး အခုလို ထိခိုက်ကျဆုံးမှုတွေ ရှိလာတာဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။ ထို့အတူ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ဘက်မှလည်း နိုဝင်ဘာလတစ်လ အတွင်း ၃ ဦးကျဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟုသည်ဟု KNU ဘက်က ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူ များ၏ လုပ်ကိုင် စားသောက်ရာနေရာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်သည့်အပြင် ကျေးရွာအတွင်းသို့ လက်နက်ကြီး အလုံးပေါင်း ၅၃ လုံးပစ်ခတ်ခဲ့သည်ဟုလည်း KNU ဘက်က ပြောသည်။

 

၁၂။ စစ်ရှောင်စခန်းတွေမှာ ပုံမှန်အလှူရှင်မရှိတဲ့အတွက် စားနပ်ရိက္ခာအကြပ်အတည်းရှိ
December 3, 2021

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူအများစု ဟာ အလှူရှင်ထောက်ပံ့မှု ကိုအားထားနေရပြီး ထောက်ပံ့မှုပြတ်သွားရင်တော့ စားနပ်ရိက္ခာအကြပ်အတည်းကြုံတွေ့နေရပါတယ်။ တချို့သော စစ်ဘေး ရှောင်တွေဟာ တောထဲတောင်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြရတာဖြစ်ပြီး ပိုမိုခက်ခဲကြပါတယ်။

“ပုံမှန်ဝင်ငွေမရှိတဲ့အတွက်ကြောင့်မလို့ အခုကလည်း ပုံမှန်စီးပွားရေးလုပ်နိုင်တဲ့အနေအထား မရှိတဲ့အတွက် IDPs စခန်းမှာ ဖြစ်စေ IDP မဟုတ်ဘဲနဲ့ တချို့ရွာမှာလည်း စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့မှ အကြပ်အတည်းပိုရှိလာတယ်။ ကျနော်တို့ မျှော်လင့်တာကတော့ နောက်ထပ်အလွန်ဆုံး တစ်လနှစ်လဆိုရင်တော့ ဒီဟာကို အမြန်ဆုံး စားနပ်ရိက္ခာထပ်ဖြည့်ဆည်းပေး နိုင်မှ သာလျှင် ဖူလုံနိုင်ချေရှိတာပေါ့ မဟုတ်ဘူးဆိုရင် စားနပ်ရိက္ခာအကြပ်အတည်းနဲ့ရင်ဆိုင်နိုင်တဲ့ အခြေအနေရှိနိုင်တယ် ဆိုတာ ခန့်မှန်းထားပါတယ်။” လို့ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) မှ Humanitarian Focal ဦးဗညားက ထောက်ပြ ပြောဆိုပါတယ်။ စားနပ်ရိတ္ခာအတွက် တိုက်ပွဲမဖြစ်တဲ့ရက်တွေမှာ တချို့သောစစ်ရှောင်တွေဟာ စိုက်ပျိုးထားတဲ့ ကောက်ပဲ သီးနှံ တွေကို ပြန်လည်ရိတ်သိမ်းခွင့်ရသူတွေရှိသလို၊ မူလကတည်းက စိုက်ပျိုးဖို့အခွင့်မသာခဲ့သူတွေလည်းရှိခဲ့ပါတယ်။

“အခက်ခဲဆုံးကတော့ အလိုအပ်ဆုံးက ဆန်၊ ဆီ၊ ဆားရယ်ပေါ့ အချိုမုန့် ဆပ်ပြာမုန့် အကုန်လုံးထည့်လိုက်မယ်နော အဲဒါတွေ ပေါ့နော။ အခု ဒီချိန်မှာတော့ အေးလာပြီကော အနွေးထည်တွေ စောင်အနွေးထည်တော့ လိုအပ်တယ်ပေါ့။ လူကြီးကော ကလေးကော အဲ့လိုဖြစ်နေတယ်ပေါ့။ ရိက္ခာကတော့ တစ်လစာတောင် မရှိတော့ဘူးထင်တယ်။ တစ်ပတ်နှစ်ပတ်အလွန်ဆုံးပဲ ပေါ့။ ဘာဖြစ်လို့လဲဆိုရင် အလှူရှင်လာမှပဲ အဒေါ်တို့ စားရတယ်ကော။ ထောက်ပံ့တဲ့သူကမရောက်နိုင်ဘူးဆိုရင်တော့ အဒေါ် တို့က ငတ်ပြတ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင်ပိုက်ဆံလည်းမရှိဘူးကော။ နောက်အမျိုးနားတောင်းမယ်ဆိုရင်လည်း အမျိုးတွေလည်း သိပ်ပြီးအဆင်မပြေကြဘူးကော။ အဲဒါကို ဘယ်လိုလုပ်ရမလဲမသိသေးဘူး အဒေါ်လည်း။”လို့ ပြောပါတယ်။ လက်ရှိမှာ နိုင်ငံတကာရောက်သူဆီကနေ ယခင်ကလို ထောက်ပံ့မှုအားနည်းနေတဲ့အတွက် ရေရှည်မှာ UN Agency ကနေ တဆင့် Humanitarian (လူသားအကျိုးဆောင်ရွက်သူ) အပိုင်းကို ပိုလုပ်ပေးနိုင်မှသာ အခက်အခဲကို ကျော်လွှားနိုင် မယ်လို့ ဦးဗညား က ဆက်ပြောပါတယ်။

 

၁၃။ NLD ပါတီသထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်
December 1, 12021

အမျိုးသားဒီမိုကရေစီ ပါတီ၏ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် အမိန့် ချမှတ်လိုက်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒေါ်မာမာခိုင်ကို သထုံမြို့နယ် အကျဉ်းထောင် (ဇင်မသွယ်) အထူးတရားရုံးတွင် နိုဝင်ဘာ ၃၀ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း ၄င်းကဆက်ပြောသည်။ ဒေါ်မာမာခိုင်ကို စစ်အာဏာရှင်ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခြင်း၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများကို လှုံဆော်ပေးခြင်း စသည့်အချက်များဖြင့် ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်း ဆီးခဲ့ပြီး ၉ လကျော်အကြာတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်မာမာခိုင် ကို ၎င်း၏ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်း တို့ကို ဖေဖော်ဝါရီ ၂၈ ရက်က ၎င်းတို့၏ နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။ သို့သော် ဦးဉာဏ်ထွန်း ကို အောက်တိုဘာလအတွင်း အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သည်။

 

၁၄။ NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်က ဝန်ကြီး ငါးဦး အဂတိအမှုနဲ့ စွဲချက်တင်ခံရ
December 2, 2021

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီး ငါးဦး ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ – ၅၅ နဲ့ စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက် ဒီကနေ့ စွဲချက်တင် အမိန့်ချခံလိုက်ရပါတယ်။ စစ်တွေ အကျဉ်းထောင် သီးသန့်တရားရုံး ကနေအခုလိုစွဲချက်တင်အမိန့်ချခံလိုက်ရတာလို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်း က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ကြီးချုပ် ဦးညီပု၊ လျှပ်စစ်စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန်စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေး သိန်း၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင် တို့ စွဲချက်တင် ခံလိုက်ရတာပါ။

နိုင်ငံ့ဘဏ္ဍာငွေအလွဲသုံးစားလုပ်တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှုး ဦးကောင်းဇော်သန့် က တရားလိုလုပ်ပြီး အမှု လေးမှုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံ့ဘဏ္ဍာ ငွေ ကို ဘယ်လိုပုံစံနဲ့ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေ ကို RFA က စုံစမ်းနေဆဲဖြစ် ပါတယ်။ အဲဒီအမှုအတွက် တရားလိုသက်သေအချို့ကို စစ်ဆေးဖို့အတွက် လာမယ့် ဒီဇင်ဘာ ၈ ရက်နဲ့ ၁၀ ရက် ကို ရုံးချိန်း လိုက်တယ်လို့လည်း ဦးအောင်စစ်မင်းက ပြောပါတယ်။ ဝန်ကြီးချုပ် ဦးညီပုကတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ – ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပါတယ်။

 

၁၅။ တောင်ကြီးမြို့ Ocean ကုန်တိုက်အနီး ဗုံးပေါက်ကွဲ ထိခိုက်ဒဏ်ရာရသူရှိ
December 2, 2021

သျှမ်းပြည် မြို့တောင် တောင်ကြီးမြို့ Ocean ကုန်တိုက်အနီးတွင် ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦး ရှိကြောင်း သတင်းသိရသည်။ (ဒီဇင်ဘာလ ၂ ရက်) မွန်းလွဲပိုင်း ၂ နာရီခွဲကျော်တွင် တောင်ကြီး Ocean ကုန်တိုက် အနီးရှိ Asia Light အရှေ့တွင် ဗုံးနှစ်လုံး ပေါက်ကွဲပြီး မျက်မှန်လာလုပ်သည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ထိခိုက်ဒဏ် ရာများ ရရှိသွားကြောင်းသိရသည်။

“ထိခိုက်တဲ့သူက အမျိုးသမီးတစ်ယောက်ပါ သူ့သားငယ်နဲ့အတူ မျက်မှန်လာလုပ်နေတဲ့အချိန် ဗုံးက ပေါက်ကွဲသွားတယ်၊ သူတို့ နဲ့ အတော်နီးတဲ့ နေရာမှာ ပေါက်ကွဲမှက ဖြစ်တာ၊ နားထင်ကွဲတယ်ထင်တယ်၊ သွေးတွေက နားထင်ကနေ စီးကျနေတယ်။ လက်နဲ့ခြေထောက်လဲထိတယ်။ သူ့သားက ခြေကျင်းဝတ်ထိတယ်” ဟု မျက်မြင်တွေ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းမှ လာရောက်သယ်ဆောင်သွားပြီး ခဏအကြာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား သည့် နေရာအနီးသို့ ရဲများရောက်လာပြီး အနီးရှိပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်းသိရသည်။

 

၁၆။ တရားသူကြီး အပြောင်းအလဲဟုဆိုကာ လက္ကာကျေးရွာသားများအမှုအား အပြီးသတ်အမိန့်မချနိုင်ဘဲ ထပ်မံရွေ့ဆိုင်း
December 3, 2021

ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ၂ နှစ်ကျော်ကြာတရား ရင်ဆိုင်နေရသည့် လက္ကာကျေးရွာသားများ၏ အမှုအား တရားသူကြီးအပြောင်းအလဲဟုဆိုကာ အပြီးသတ်အမိန့် ချနိုင်ခြင်း မရှိဘဲ ထပ်မံချိန်းဆိုလိုက်သည်။ ဒီဇင်ဘာ ၃ ရက်နေ့ ယနေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်ချက်မှတ်ရန် ချိန်းဆိုထားသော်လည်း လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော် ရှေ့နေဦးအောင်စစ်မင်းက Western News ကိုပြောသည်။

“ ဒီနေ့က တရားသူကြီး အသစ်ဖြစ်လို့ နှစ်ဖက်ရှေ့နေတွေက ဒုတိယအကြိမ်အပြီးသတ် လျှောက်လဲချက်ပေးကြတယ်။ လာ မည့် ဒီဇင်ဘာ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုထားတယ်”ဟုပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက လက္ကာ ကျေးရွာသားများ အမှုအားအပြီးသတ်အမိန့်ချရန်အတွက် ချိန်းဆိုထားသော်လည်းတရားသူကြီး အပြောင်းအလဲကြောင့်ဟု ဆိုကာ အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းအား ၄ ကြိမ်မြောက်သို့ ရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ ရုံးချိန်းအား အကြိမ်ကြိမ်ချိန်းဆို နေခြင်းအား ကျေနပ်မှု မရှိဟု အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ဦးမောင်ကြီးယေ၏ ဇနီး ဒေါ်အနီမေက Western News ကိုပြောသည်။

“ ဒီနေ့ရုံးချိန်းမှာလည်း အမိန့်မချဘဲ ဒီဇင်ဘာ ၁၇ ရက်နေ့ကို ထပ်ချိန်းလိုက်တယ်။ ဘာတွေကို စစ်ဆေးတယ်ဆိုတာ ကို လည်းမသိရဘူး။ တရားခွင်ထဲ ကိုမိသားစုဝင်တွေလည်း မဝင်ကြရဘူး။ အမိန့်ချရမယ့် ဟာကို အမိန့်မချဘဲ နောက်တစ်ပတ်၊ နောက်တစ်ပတ်ဆိုပြီး ချိန်းဆိုနေတော့ နစ်နာမှုရှိတာပေါ့။ အခုလို အမိန့်မချဘဲ ရုံးချိန်းတွေ အကြိမ်ကြိမ် ချိန်းဆိုနေတာကို လည်း ကျေနပ်မှုမရှိဘူး။ ဘာတစ်ခုမှလည်း အဖြေမထွက်ဘဲ ရုံးချိန်းဘဲထပ်ချိန်းနေတယ် “ဟုပြောသည်။ လက္ကာကျေးရွာသား ၂၃ ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ဗိုလ်ကြီးထင်လင်း နှင့် ဒုရဲအုပ် ဇော်မျိုးဝင်းတို့က တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀ (ဈ) နှင့်လက်နက်အရေး ပေါ် စီမံအက်ဥပဒေ ၂(၁)(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။

၁၇။ လှိုင်းဘွဲ၊ ဒိုင်းပြစံပြကျေးရွာတွင် ပြင်ပထွက်ခွာခွင့်လက်မှတ်များ လိုက်လံရောင်းချနေ
December 2, 2021

ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ရှိ ဒိုင်းပြစံပြကျေးရွာတွင် ဒိုင်းပြကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူးလက်မှတ်ပါသည့် ပြင်ပထွက်ခွာခွင့်လက်မှတ်များကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ရွာသားများထံ လိုက်လံရောင်းချမှုလုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပြင်ပထွက်ခွာခွင့်လက်မှတ်များကို ဆယ်အိမ်မှူးတို့က ရွာသူရွာသားများ၏နေအိမ်သို့ လိုက်လံရောင်းချနေခြင်းဖြစ်ကာ လက်မှတ်များကို တစ်စောင်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချခဲ့သည်ဟု အမည်မဖော်လို သူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

သူက “ ဆယ်အိမ်မှူးနှစ်ယောက်ကလက်မှတ်ကို တစ်စောင် (၁၀၀၀)နှုန်းနဲ့ လာပြီးရောင်းသွားတယ်။ တစ်အိမ်တစ်စောင်ဝယ် ထားမယ်ဆိုရင် အဲ့ဒီဝယ်ထားတဲ့လက်မှတ်ကိုပဲ မိတ္ထူကူးပြီးတော့လည်း သုံးလို့ရတယ်။ လက်မှတ်မပါဘဲ အပြင်ထွက်ရင် ဘာ ဖြစ်မလဲဆိုတာကို မေးတော့ ဘာမှပြန်ဖြေ ပေးတာလည်းမရှိဘူး။ အရင်ကိုဗစ်ကာလတုန်းကဆိုရင် ဖားအံတွေဘာတွေ ဆင်းဖို့ အတွက် လက်မှတ်လုပ်တဲ့ အခါမှာတော့ ဘာပိုက်ဆံမှ မပေးရဘူး။” ဟု ပြောသည်။ မြို့နယ် စစ်ကောင်စီ၏ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လည်ခန့်အပ်သည့် ကျေးရွာအုပ်ချုပ် ရေးမှူး၏စေခိုင်းချက်ဖြင့် ထိုလက်မှတ်များကို ရောင်းချခြင်းဖြစ်သလို လှိုင်းဘွဲမြို့ လူဝင်မှုကြီး ကြပ်ရေးရုံး(လဝက)ကလည်း ၎င်းလက်မှတ်များကို ပြုလုပ်ရန် ညွှန်ကြားထားကြောင်း အုပ်ချုပ် ရေးမှူးများနှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် ဒိုင်းပြစံပြကျေးရွာနှင့် (၁)မိုင်ကျော်ခန့်သာဝေးသည့် လှိုင်းဘွဲမြို့သို့သွားသည့် အခါတွင် ပြင်ပထွက်ခွာခွင့်လက်မှတ် ကို တစ်ပါတည်းယူဆောင်သွားရမည်ဟုလည်း ဆယ်အိမ်မှူးက ပြောကြားထားဟုဆိုသည်။ ယခုလို အုပ်ချုပ်ရေးမှူး လက်မှတ် ပါ ပြင်ပထွက်ခွာခွင့်လက်မှတ်များ လိုက်လံရောင်းချမှုမှာ လှိုင်းဘွဲမြို့နယ်ထဲတွင် ဒိုင်းပြစံပြကျေးရွာတစ်ခုတည်းသာ လုပ် ဆောင်ရှိသေးသည်ဟု သိရှိရသည်။ ယခင်က လှိုင်းဘွဲ့မြို့နှင့် ဒိုင်းပြကျေးရွာကြားရှိ ကိုဗစ်စစ်ဆေးရေးဂိတ်ပြုလုပ်ထားသည့် နေရာတွင်လည်း လတ်တလောတွင် စစ်ကောင်စီတပ်ဖွဲ့ မှ စစ်ဆေးရေးဂိတ်ပြုလုပ်ကာ စစ်ဆေးမှုများကို တင်းကြပ်စွာပြုလုပ် နေကြောင်းလည်း သိရှိရသည်။

 

၁၈။ သထုံမြို့လယ်တွင် စစ်ကောင်စီလှည့်ကင်းကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
December 3 , 2021

မွန်ပြည်နယ်၊ သထုံမြို့လယ်ကောင် ရွှေစာရံဘုရားအနီးမှာ ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီခွဲလောက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဆိုပါကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီကနေ့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းကစပြီး သထုံမြို့အဝင်အထွက်ဂိတ်တွေမှာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလှည့်ကင်းကားကို မိုင်းဆွဲတိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကို ထောက်တိုင်သဖွယ် ထောက်ကန်ပေးထားတဲ့ ဘယ်ပုဂ္ဂိုလ်၊ အစုအဖွဲ့မဆို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ တွေအနေနဲ့ သူတို့ ကင်းကင်းရှင်းရှင်းနေကြဖို့ သတိပေးထား ပါတယ်။ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီ ရဲ့ သတင်းပေး ဒလန်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

 

၁၉။ မင်းတပ်မြို့ကို စစ်ကောင်စီက ရိက္ခာလမ်းကြောင်းဖြတ်တောက်သဖြင့် ပြည်သူများ အခက်ကြုံ
December 3 , 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့ဆီ မကွေးတိုင်း၊ ပခုက္ကူနဲ့ ပေါက်ဘက်က တင်သွင်းတဲ့ရိက္ခာနဲ့ ဆေးဝါးလမ်းကြောင်းတွေကို စစ်ကောင်စီတပ်တွေက တားဆီးကန့်သတ်ဖမ်းဆီးနေတာကြောင့် ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းကြောင်းတလျှောက်က ဒေသခံတွေနဲ့ စစ်ဘေးသင့်ပြည်သူတွေဟ ပိုက်ဆံရှိရင်တောင် ဝယ်စားလို့မရတဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ကုန်ပိုင်းက မင်းတပ်-မတူပီလမ်းတလျှောက်တိုက်ပွဲတွေပြန်ငြိမ်သက်သွားပေမဲ့ စစ်ကောင်စီက ရိက္ခာဖြတ်တဲ့နည်း လမ်းကို ကျင့်သုံးလာတာဖြစ်ပါတယ်။

မင်းတပ် CDF တစ်ဦးက”စကစက ကျနော်တို့ကို အောက်ဘက်ကနေရိက္ခာတွေဖြတ်ဖို့ ကြိုးစားတာပေါ့။ပခုက္ကူ၊ ပေါက် ဘက် ကနေ။ ကျနော်တို့ရော ပြည်သူတွေပါထိခိုက်နစ်နာအောင်ပေါ့။ ရိက္ခာတွေဖမ်းတယ်၊ ဆေးဝါးတွေဖမ်းတယ်၊ လူတွေဖမ်းတယ်၊ အမျိုးမျိုးအနိုင်ကျင့် နှိပ်စက်တာတွေဖြစ်နေတာပေါ့။ ကုန်ဈေးနှုန်းကြီးတာရော စားနပ်ရိက္ခာအရမ်းခက်ခဲတာရော အကုန်လုံး ကြုံနေရတာပဲ။ အားလုံးက ကြိုးစားပြီးဖြေရှင်းနေရတာပဲ။ ငွေနဲ့ဝယ်လို့မရ သယ်လို့မရ သွားလာလို့မရဖြစ်နေတာ။ နိုင်ငံ တကာအကူအညီတွေကို မမျှော်လင့်ချင်တော့တာမဟုတ်ပါဘူး။ ကျနော်တို့ လက်တွေ့ဆန်လာတဲ့သဘောပါ။ လက်တွေ့ ကျကျပဲလုပ်နေကြတာပါပဲ။”လို့ ပြောပါတယ်။ အခုလိုတိုက်ပွဲတွေဖြစ်ပွားတိုင်း စစ်တပ်ဟာ ရိက္ခာလမ်းကြောင်းတွေကို ဖြတ် တောက်တာ အပါအဝင် ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးလေ့ရှိတာဖြစ်ပြီး အရင်ခေတ်တွေကလည်း တိုင်းရင်းသားဒေသတွေ မှာ အလားတူ လုပ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်ဖို့ အနော်ရ ထာစစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင်နေတာပါ။ စစ်ကောင်စီယာဉ်တန်းတွေနဲ့ မော်တော်တွေကို ဒေသခံ PDF တွေက အကြိမ် ကြိမ် ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ အရာမထင်ဖြစ်နေပါတယ်။

 

၂၀။ ပလက်ဝမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းရန် စစ်ကောင်စီက လူသစ်စုဆောင်းခိုင်း
December 03, 2021

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကျေးရွာများတွင်ပြည်သူ့စစ်ဖွဲ့စည်းရန် အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်နေပြီး ယင်းအတွက်တစ်ရွာလျှင်အနည်းဆုံး ၁၅ ဦးနှုန်းဖြင့် လူဦးရေစာရင်းကောက်ခံခိုင်းနေသည်ဟု စုံစမ်းသိရှိရသည်။ ပလက်ဝမြို့ အခြေစိုက် (၂၈၉) တပ်ရင်းမှ တပ်မမှူးသည် ပလက်ဝမြို့အနီးတဝိုက်ကျေးရွာ ၉ ရွာမှ တာဝန်ခံပုဂ္ဂိုလ်များအား နိုဝင်ဘာလ ၂၆ ရက်နေ့က ခေါ်ယူတွေ့ဆုံကာ မိမိတို့ကျေးရွာအသီးသီ၌ ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် လူဦးရေအနည်းများပေါ်မူတည်၍ တစ်ရွာလျှင် လူဦးရေ ၁၅ မှ ၃၀ ဦးစီစာရင်းကောက်ခံကာ ဒီဇင်ဘာလ ၃ ရက်နေ့နောက်ဆုံးထား စာရင်းပေးရမည်ဟု ပြောဆို ခဲ့ကြောင်း အမည်မဖော်လိုသည့်ရွာသားတစ်ဦးကပြောသည်။

“၂၈၉ တပ်ရင်းမှာ တပ်မှူးကိုယ်တိုင်က အစည်းအဝေးခေါ်တယ်၊ မိမိကျေးရွာကို လုံခြုံဖို့ ကာကွယ်ဖို့ ပြည်သူ့စစ်ဖွဲ့ဖို့ ပြော ထားတယ်၊ ရွာနည်းရင်နည်းသလို များရင်များသလို ကျနော်တို့ရွာဆိုရင် အမာခံအတွက် ၁၀ ဦး၊ အရန်အတွက် ၂၀ စုစုပေါင်း ၃၀ ကောက်ခိုင်းထားတယ်၊ မဖြစ်မနေတင်ပေးရမှာပဲ” ဟု အဆိုပါရွာသားကပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် ပလက်ဝမြို့နယ် ကျေးရွာအားလုံးတွင် ပြည်သူ့စစ်ဖွဲ့စည်းမည်ဟု သိရပြီး ယခုလောလော ဆယ်တွင် ပလက်ဝမြို့အနီးတစ်ဝိုက် ကျေးရွာများဖြစ်သည့် အောက်မီးလက်ဝ၊ လောင်းဂဒိုး၊ စိမ်းစင်း၊ ငပွေ၊ အန်ခို၊ စီဖလောင်း၊ တမန်းသား၊ ကင်ဝနှင့် ကျော်ရွာ စသည့် ၉ ရွာတွင် စတင်ဖွဲ့စည်းရန်စီစဉ်နေခြင်းဖြစ်သည်။ ယင်းအတွက် အသက် ၁၈ နှစ်မှ ၅၀ နှစ်အကြားရှိ ရွာသားများ၏ စာရင်းကို ယနေ့နောက်ဆုံးထား၍ (၂၈၉) တပ်ရင်းမှ တပ်မမှူးထံသို့ပို့ဆောင်ပြီးနောက် ပြည်သူ့စစ်အခြေခံစစ်သင်တန်းများ လာရောက်ပို့ချပေးမည်ဖြစ်ကြောင်း ရွာသားက ဆက်ပြောသည်။

“စာရင်းပို့ပေးပြီဆိုရင် သူတို့က မိမိရွာကိုလာပြီးမှ ပြည်သူ့စစ်အခြေခံသင်တန်းကို လာသင်ပေးမယ်လို့ပြောတာပဲ၊ ပြည်သူ့ စစ်ဆိုတဲ့နေရာမှာ ၂ ပိုင်းခွဲထားတယ်၊ အမာခံ နဲ့ အရံပြည်သူ့စစ်ဆိုတဲ့ဟာ ၂ ပိုင်းခွဲထားတယ်၊ အမာခံက ၁၀ ယောက်ဆို ရင် ၁၀ ရောက်ပေါ့ မိမိရပ်ရွာအတွက် လိုအပ်လာရင် လက်နက်တပ်ဆင်ပေးမယ်ပြောတယ်၊ မလိုအပ်ရင်တော့ မတပ်ဆင် ဘူးအဲ လိုမျိုးသဘောပြောထားတယ်” ဟု ရွာသားကပြောသည်။ ပလက်ဝမြို့နယ်သည် ယခင်က ရက္ခိုင့်တပ်တော် (AA) နှင့်စစ်ကောင်စီတပ်ဖွဲ့တို့အကြားစစ်မက်ဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်ခဲ့ပြီး ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့ပေါ်တွင် ထောင်နှင့်ချီ သော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

 

၂၁။ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဦးစိန်ချစ်တို့ အမှုတွင် လိုပြသက်သေ ၃ ဦးအားစစ်ဆေး
December 1,2021

PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁ ရက်နေ့ သံတွဲခရိုင်တရားတွင် ရုံးထုတ်စစ်ဆေးခဲ့စဉ် တရားလိုပြသက်သေ ၃ ဦးအားစစ်ဆေးခဲ့ကြောင်း အမှုလိုက်ရှေ့နေ ဒေါ်သိင်္ဂိမောင်က Western News ကိုပြောသည်။ “ဒီနေ့ လိုပြသက်သေ ၃ ယောက်စစ်တယ်။ ဦးဖေမြင့်၊ ဇော်လင်းထွန်း၊ ဆန်းမြင့်ဦး သူတို့သုံးယောက်ကိုစစ်တယ်။ ကိုစိန်ချစ်ရဲ့ကျန်းမာရေး အခြေနေက တော့ သွေးအားနည်းတာနဲ့ အစာအိမ်ဖြစ်နေတာရယ်ရှိတယ်။ ဒါတွေကို ထောင်ကဆေးမှူးနဲ့ ဆေးလာကုပေးတယ်ခိုင်းတော့ ပြောပါတယ်” ဟုရှေ့နေ ပြောသည်။

ယခုအမှုတွင် ကျန်နေသည့်လိုပြသက်သေအားလုံးကို လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် စစ်ဆေးသွားမည်ဟု ရှေ့နေကဆက် ပြောသည်။ ဦးစိန်ချစ် မှာ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ နေအိမ်မှဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုရဲနိုင်ဦးမှာ အောက်တိုဘာ လ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ခလရ (၅၅) တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြု လုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုခဲ့ကာ လက်ရှိတွင် သံတွဲအကျည်း ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားကြရသည်။ ရခိုင်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ၆ ဦးခန့်ရှိပြီး ၎င်းတို့မှာ ယခု တရားရင်ဆိုင်နေရသူ ဦးစိန်ချစ်နှင့် ရဲနိုင်ဦး၊ ငပလီမှ ငြိမ်းအိဖြူကျော်၊ သံတွဲမှ ဒေါ်စခန်းချိုသိုက်၊ မတင်စန္ဒာဝင်း၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ) ကိုအောင်နိုင်မြင့် တို့ဖြစ်သည်။

၂၂။ မိုးကောင်းတွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံး
December 2, 2021

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာအုပ်စုရှိ ပေါင်ခေါင်စားကျက်ကွင်းအနီးတွင် ယမန်နေ့က လူငယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်းသိရသည်။ ပျားရည်ရှာဖွေသည့် ဒေသခံတစ်ဦးက ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မန်ရွက်ကျေးရွာအုပ်ချုပ်ရေးမှူးက The 74 Media ကိုပြောသည်။ “ဘာကြောင့်သေတယ်ဆိုတာ ရဲတွေလည်းစစ်ပေမယ့် ထူးထူးထွေထွေတော့ သိပ်မသိရဘူးပြောတယ်။ အရပ်စကားအရပြောရမယ်ဆိုရင် လွန်ခဲ့တဲ့တစ်လ လောက်က သူနဲ့သက်တူရွယ်တူတစ်ယောက်သေဖူးတယ်။ လွန်ခဲ့တဲ့လေးငါးရက်ကတည်းက သေသွားတဲ့ သူ့သူငယ်ချင်းက လာလာခေါ်နေတာလို့ မိသားဝင်တွေကို ပြောဖူးတယ်တဲ့” ဟု ပြောသည်။

ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့သူ၏အမည်မှာ အသက် ၂၀ နှစ်အရွယ် ကိုကီးစိုး ဖြစ်ပြီး မန်ရွက်ကျေးရွာတွင် ကိုကီးစိုး ၏ သူငယ် ချင်း ဖြစ်သူသည် ပြီးခဲ့သောတစ်လခန့်က ကြိုးဆွဲချ သေဆုံးသွားခဲ့ပြီး ၎င်း၏ အဖွားနှင့် အဒေါ်ဖြစ်သူတို့သည်လည်း ယခင်က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

 

၂၃။ သီပေါမြို့ ဈေးဝယ်လာသည့် အမျိုးသား တစ်ဦး ပစ်သတ်ခံရ
December 2, 2021

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြို့မဈေးတွင် ဈေးလာဝယ်သည့် လင်မယား နှစ်ယောက် ပစ်ခတ်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ (ဒီဇင်ဘာ ၂) နေ့လည် ၁၂ နာရီ ဝန်းကျင်က တာလုံကျေးရွာမှ ဈေးလာဝယ်သူ အမျိုးသား က ဈေးအတွင်းမှာ ပစ်ခတ်ခံရကြောင်း သိရသည်။

“ဈေးထဲ ပစ်ခံရတာပါ။ ဘယ်သူဘယ်ဝါလည်းတော့ သေချာမသိရသေးဘူး။ တစ်ယောက်တော့ သေသွားတယ်။ လင်းမယား ၂ ယောက်လာတာ။ အမျိုးသားကိုပဲ ပစ်သွားတာ။ ရင်ဘတ်ကျည်ထိတော့ အဲနေရာမှာတင် သေသွားတာ။ အမျိုးသမီးကတော့ ဘာမှမဖြစ်ဘူး”ဟု‌ သီပေါမြို့ ဒေသခံ တစ်ဦးက ပြောသည်။ ထိုပစ်ခတ်ခံရသူကို ဒေသခံတချို့က တာလုံကျေးရွာ အုပ်ချုပ်ရေး မှူး ဖြစ်ကြောင်း ပြောသော် လည်း သျှမ်းသံတော်ဆင့် အနေဖြင့် အတည်မပြုနိုင်သေးပါ။ “ပစ်ခတ်ခံရသူက တာလုံအုပ်ချုပ် ရေးမှူးလို့တော့ပြောတယ်။ ကျနော်တို့လည်း အတိအကျတော့ မပြောနိုင်သေးဘူး။ အခုမှ ဖြစ်တယ်ဆိုတော့ ကောင်းကောင်း အတည်မ ပြုနိုင်သေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၂၄။ ငှက်ချောင်း မွတ်ဆလင် IDP စခန်းတွင် နေအိမ်များပြုပြင်ရန်နှင့် အနွေးထည်များလိုအပ်နေ( ဓာတ်ပုံသတင်း)
December 2, 2021

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ၊ငှက်ချောင်း မွတ် ဆလင် IDPစခန်း အမှတ် ၁ တွင် နေအိမ်များ ပျက်စီးလာမှု ပိုမိုများ လာနေသည့်အတွက် နေအိမ်များပြုပြင် ရန်လိုအပ်နေသည်ဟု စခန်းတွင်းနေထိုင်သည့်ဒုက္ခသည်များနှင့်တာဝန် ရှိသူများက ပြောသည်။ လက်ရှိနေထိုင်သည့် နေအိမ်များမှာ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှဆောက် လုပ်ပေးထားသည့် သွပ်မိုး၊ဓနိကာ၊ ကြင်းခင်း ၈ တောင်၊ ၁၀တောင် အမျိုးအစားဖြစ်သည်ဟုသိရသည်။ အဆိုပါနေအိမ်များ တွင် ၇ နှစ်ခန့် နေထိုင်လာရသည့်အ ခါတိုင်များ ကျိုးပဲ့လာသလို အမိုးအကာများမှာလည်း ဆွေးမြေ့ပျက်စီးလာနေသည့် အတွက် ပြုပြင်ပေးရန် လိုအပ်နေသည်ဟု ဒုက္ခသည်များကပြောသည်။

စခန်းအတွင်းရှိ နေအိမ်များ၏ ၈၀ရာခိုင်နှုန်းခန့်မှာ ဆိုး ဆိုးဝါးဝါးပျက်စီးနေပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ပေးရန် အစိုးရ ဌာနနှင့် တစ်ခြား INGO အဖွဲ့အစည်းများ ကို တောင်းဆိုသော်လည်း ပြုပြင်ပေးခြင်းမရှိသေး ဟု အဆိုပါစခန်း အုပ်ချုပ်ရေးမှူး ဦးရွှေလှ ကပြောသည်။ “အိမ်တွေက တော်တော်ကို ပျက်စီးနေကြတာပါ။ ကျွန်တော်တို့ဖက်က နေအိမ်တွေကို ပြန်ဆောက်ဖို့ အတွက် ပြည်နယ်အစိုးရဖက်နဲ့ INGO အဖွဲ့အစည်းတွေကို တင်ပြပါတယ်။ INGOဖက်ကကျတော့ သူတို့နဲ့မဆိုင်ပါဘူးတဲ့ ။ အစိုးရဖက်ကလည်း ဘာမှမလုပ်ပေးသေးဘူး” ဟုပြော သည်။ ငှက်ချောင်း IDP စခန်းတွင် အမှတ် ၁ နှင့် အမှတ် ၂ စခန်း ၂ ခု ရှိပြီး အမှတ် ၂ စခန်းတွင်မူ ၈ လုံးတွဲ နေအိမ်များ ဖြစ်သည့်အတွက် ၆လတစ်ကြိမ် ၁နှစ်တစ်ကြိမ် ပြုပြင်မှုများရှိသည်ဟုလည်း သိရသည်။

ငှက်ချောင်း IDP စခန်း အမှတ် ၁ တွင် စခန်း စတင်နေထိုင်ချိန်က ၈ အိမ်တွဲ ယာယီတဲအိမ်များဖြင့်နေထိုင်ခဲ့ပြီးနောက်၂၀၁၄ ခုနှစ်တွင် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် လုံးချင်း အိမ်ဆောက်လုပ်ပေးထားခြင်းဖြစ်သည်။ နေအိမ်များ တဖြည်းဖြည်း ပျက်စီး လာနေသော်လည်း မည်သူကမှ ပြန်လည်ပြုပြင်မပေးသည့်အခါ ကိုယ်ပိုင် ဝင်ငွေဖြင့် အဆင်ပြေသလို ပြုပြင်နေထိုင်နေရသည် ဟု ဒုက္ခသည်တစ်ဦးဖြစ်သည့် ဦးစောမောင်နိုင် ကပြောသည်။ “နေအိမ်တွေက အရမ်းပျက်စီးနေပြီ။ အမိုးတွေက ပေါက်ပြဲလာ တယ်။ အကာတွေ ပျက်စီးလာတယ်။ ပြီးတော့ တိုင်တွေလည်း ယိုင်လာတာပေါ့။ ခုက စာပြလို့ရတဲ့ ကိုယ်ပိုင်ငွေလေး နည်း နည်းရှိတော့ တာလပတ်တွေဝယ် ပြီးအဆင်ပြေသလို လုပ်ထားပါတယ်” ဟုပြောသည်။ ဝင်ငွေရှိသူများမှာ တတ်နိုင်သလောက် ပြုပြင်နိုင်သော် လည်း ဝင်ငွေ လုံးဝမရှိသူများမှာ ပျက်စီးနေသည့် နေအိမ်တွင်သာ ဖြစ်သလို နေထိုင်နေရသည်ဟု နောက်ထပ် ဒုက္ခသည်တစ်ဦးဖြစ်သည့် ဦးအဒူစောဘူ ကပြောသည်။

၂၅။ ဟိုပုံးမြို့ CDM ကျောင်းပညာရေးဝန်ထမ်းနေရာ နယ်ဝေးမှ လာရောက်အစားထိုး
December 3, 2021

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ တွင် CDM လုပ်ဆောင်ထားသည့် ကျောင်းပညာရေးဝန်ထမ်း နေရာများကို နယ်ဝေးမှ အစား ထိုး ဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ဟိုပုံးမြို့ရှိ အ.မ.က (၆)နှင့် မူလွန်ကျောင်းမှ CDM ကျောင်းပညာရေး ဝန်ထမ်းနေရာကို အစားထိုးဝင်လာလျက်ရှိကြောင်း ဟိုပုံးမြို့ CDM ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။ “သူ တို့ အဝေးကနေလာကြတာဖြစ်တယ်။ တချို့က ဒီမြို့ဇာတိခံ၊ တာဝန်က အဝေးမှာကျနေတော့ ပိုက်ဆံပေးပြီးတော့ မြို့ထဲ ပြောင်းဝင်လာကြတာ။ အမှတ် (၆)ကျောင်းနဲ့ မူလွန်ကျောင်းတွေမှာတော့ ဝင်လာနေပါတယ်။ ပိုက်ဆံပေးပြီးတော့ဘဲ ဝင်လာ ကြ ရတာ။ ဘယ်လောက်ပေးရလဲတော့ ကျမတို့လည်း အတိအကျ မသိရသေးဘူး”ဟု ဟိုပုံးမြို့ CDM ဆရာမ တစ်ဦးက ပြောသည်။

ထို့အပြင် အထက်တန်းကျောင်းများတွင်လည်း ဝင်လာမည့် ဆရာမများ ရှိနေကြောင်း သိရသည်။ “အထက်တန်းကျောင်း တွေ လည်း ဝင်လာဖို့ ရှိနေတယ်လို့ ကြားတယ်။ အထက်တန်းကျောင်းဆိုတော့ သူတို့ အများကြီး တောင်းလို့ ထင်တယ်။ များများ ပေးနိုင်တဲ့သူတွေက တော့ ဝင်ရောက် သင်လို့ရတာပေါ့။ အခုတော့ ဝင်လာတဲ့သူတွေ မရှိဘူး။” ဟု အထက်ပါ ဆရာမ က ပြော သည်။ ဟိုပုံးမြို့တွင် အထက် တန်းကျောင်း (၂)ကျောင်း၊ အ.မ.က (၂)၊ (၅)၊ (၆)နှင့် ရန်ကင်းကျောင်း၊ မူလွန်ကျောင်း စသည့် ကျောင်း (၇)ကျောင်းရှိကြောင်းသိရသည်။

 

၂၆။ စစ်ကိုင်းနဲ့ ချင်းမှာ စစ်ဘေးဒုက္ခသည်တွေ ထပ်တိုးလာ
December 2, 2021

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက် နေတဲ့ ကာကွယ် ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၆၀၀၀ ကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့က ထုတ် ပြန်ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စာရင်းအရ စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ၄၁၀၀၀ နီးပါးရှိပြီး ဒီဇင်ဘာလ ၁ ရက်နေ့ မနေ့ထုတ်ပြန်ချက် အစီရင်ခံစာရေးသားနေချိန်မှာပဲ မြို့နယ် ၄ မြို့နယ်က နောက်ထပ်ဒေသခံ နှစ်သောင်းကျော် ထပ်မံထွက်ပြေးရတာလို့ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းရဲ့ လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားနေတယ် လို့လည်း UNOCHA ကဆိုပါတယ်။

ချင်းပြည်နယ်ထဲမှာလည်း လူဦးရေ ၂၃၃၀၀ ခန့်ဟာ ယာယီစခန်းတွေမှာ နေထိုင်နေကြရသလို မကွေးတိုင်းက ဒေသခံ ၁၁၇၅၀ ခန့်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့က ထန်တလန်မြို့ မီး လောင်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း တစ်ခုအပါအဝင် အနည်းဆုံး အိမ်ခြေ ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး စက်တင်ဘာလ ၁၈ ရက်နေ့က မီးလောင်မှုနဲ့ပေါင်းရင် အိမ်ပေါင်း ၃၈၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါ တယ်။ ဒါကြောင့် မြို့နေပြည်သူတွေဟာ မြို့ကိုစွန့်ခွာပြီး အိန္ဒိယနယ်စပ်မှာ ယာယီနေထိုင်နေကြရပါတယ်။

လက်ရှိအချိန်အထိ တဘက် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးရသူကလည်း ၁၅,၀၀၀ ခန့်ရှိနေသလို ထပ်မံ ထွက်ပြေးတာတွေ လည်းရှိနေတယ်လို့ဆိုပါတယ်။ လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်တဲ့သူတွေဟာ ချင်းပြည်နယ်ထဲက ပဋိပက္ခဒဏ်ခံစား ရတဲ့နေရာတွေမှာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်လပ်နေမှုတွေအတွက် စိုးရိမ်နေပြီး စစ်ဘေးဒုက္ခသည် ၂၆၀၀၀ ခန့်ရှိတဲ့ မင်းတပ်မြို့ကို အရေးပေါ်သွားလာခွင့် ရရှိဖို့လည်း ကြိုးစားနေတယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

၂၇။ ညောင်ရွှေ ဟဲယာရွာမ မီတာခ မဆောင်လို့ မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်း
December 3, 2021

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင် မီးဖြတ်ခံရပြီးနောက် ကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။ “မီတာခ မဆောင်လို့ မီးဖြတ်တာပေါ့ဗျာ၊ မီးဖြတ်လိုက်တော့ တစ်ရွာလုံး က မှောင်မှောင်မဲမဲတွေ ဖြစ်ကုန်တာပေါ့၊ ဒါကို အခွင့်ကောင်းယူပြီး သူခိုးတွေက သောင်းကျန်းနေတာဗျာ၊ အခုနောက်ပိုင်း ရွာ မှာ ပစ္စည်းပျောက်တာတွေက ညတိုင်း ဖြစ်နေတော့တယ်” ဟု အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုသည့် အမျိုးသားတစ်ဦး က ပြောသည်။ ဟဲယာရွာမသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ပြီး ဆေးရုံဆေးခန်းနှင့် ကိုဗစ် ထိန်းချုပ်ကုသရေး စင်တာများ အပါအဝင် တစ်ရွာလုံး မီးဖြတ်ခံထားရကြောင်း၊ ယင်းအကျိုးဆက်ကြောင့် သူခိုးများ ပေါများလာ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူခိုးတွေက ဘယ်လောက်ထိ သောင်းကျန်းလာသလဲဆိုရင် အိမ်တစ်အိမ်က ပိဿာချိန် ၁၅၀/၂၀၀ ကြားရှိတဲ့ စက်သုံးလုံး ဟာ တစ်ညတည်းမှာပဲ ပျောက်သွားတယ်၊ အလေးချိန်ဒီလောက်ရှိတဲ့ စက်ကိုတစ်ညတည်းယူသွားနိုင်တဲ့ သူခိုးတွေက အင်အား အဖွဲ့ ဘယ်လောင်တောင်များမလဲ၊ အခုဆို ကိုယ့်မိသားစု အတွက် အိမ်သားတစ်ယောက်က ကင်းစောင့် နေရတဲ့ အခြေအနေရှိ နေတယ်” ဟု ဟဲယာရွာမ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ ကိုဗစ် စင်တာလည်း မီးဖြတ်ခံရသည့်အတွက် လက်ရှိမှာ ကိုဗစ် – ၁၉ လူနာသစ်များ လက်မခံနိုင်တော့ကြောင်းလည်းသိရသည်။ မီးမရှိသည့်အတွက် ညရောက်သည့်အခါ ပြည်သူများ က မိမိပစ္စည်းများ အခိုးမခံရအောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းနေရကြောင်းလည်း ဟဲယာရွာမမှ အမျိုးသမီး တစ်ဦး က ပြောသည်။

“ညရောက်ပြီဆိုတာနဲ့ သူခိုးက ဘယ်တော့ ပေါ်လာမလဲ၊ တို့အိမ်မှာ ဘာလာခိုးမလဲ၊ လူကိုပဲ ရန်ပြုသွားမလားဆိုပြီး တွေးနေ ရင်းကို အိပ်မပျော်နိုင်တော့တာ၊ ကြောက်တာပေါ့၊ ရွာထဲမှာ သူခိုးသောင်းကျန်းနေတာကို လူကြီးတွေကလည်း ဘာမှမဖြေရှင်း ပေးတော့အားငယ်တယ်”ဟု ၎င်းကဆိုသည်။ ဟဲယာရွာမကျေးရွာအတွင်း သူခိုးများသောင်းကျန်းနေမှုနှင့် ပတ်သက်ပြီး ညောင်ရွှေမြို့မှ ရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို တိုင်ကြားပြောဆိုထားသော်လည်း တာဝန်ဖြေရှင်းပေးခြင်းမရှိ ကြောင်း ဒေသခံများက ပြောသည်။

၂၈။ ကော့ကရိတ်ဂိတ်၌ ခရီးဆောင်အိတ်များကို စစ်တပ်က ဓားဖြင့်ထိုးခွဲစစ်ဆေး၊ ပစ္စည်းများ ပျက်စီး ပျောက်ဆုံး
December 3 , 2021

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင် တံတားကျိုး အဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ကုန်စည်နဲ့ ခရီးဆောင်အိတ်တွေကို ဖွင့်ဖောက် စစ်ဆေးတဲ့နေရာမှာ ပစ္စည်းတွေ ထိခိုက်ပျက်ဆီး ပျောက်ဆုံး တာတွေရှိတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကော့ကရိတ်မြို့အဝင် တံတားကျိုးနေရာမှာ ဌာနဆိုင်ရာပါဝင်တဲ့ အဖွဲ့စုံစစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ခရီးသည်ယာဥ်နဲ့ ကုန်စည်ပို့ဆောင်တဲ့ ယာဥ်ပေါ် ပစ္စည်း အားလုံးကို စစ်ဆေးနေတာပါ။

ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက”မြဝတီနဲ့ ဘားအံက သွားနေကျ။ အခုလို ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေ ပါဆယ်တင်ပေးလိုက်တဲ့ ပစ္စည်းတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်တာက ရုပ်ပျက်လွန်းတယ်။ သေနတ်တကားကားနဲ့ လူကိုစားတော့ ဝါးတော့မယ်အတိုင်းပဲ”လို့ ဆိုပါတယ်။ ယာဥ်ပေါ်ပါ ခရီးဆောင်အိတ်တွေနဲ့ ကုန်ပစ္စည်းတွေကို ဓားနဲ့ထိုးခွဲတာ၊ ပါဆယ်ပစ္စည်းတွေကို တစ်ခုချင်း စိတ်ကြိုက် ဖွင့်ဖောက်ကြည့်တာတွေကြောင့် ကုန်ပစ္စည်းတွေ ပျက်စီး ပျောက်ဆုံးတာတွေရှိ တဲ့အတွက် ပစ္စည်းပိုင်ရှင်တွေကို ပြန်လျော်ပေးရတာတွေရှိတယ်လို့ ယာဥ်မောင်းသမားတွေက ဆိုပါတယ်။ အရင်က ဖွင့်လှစ် ခဲ့တဲ့ သင်္ကန်းညီနောင်ဂိတ်ကို စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေက မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်အနေနဲ့ ဆက်လက် ဖွင့်လှစ် ထားပြီး ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်မောင်းတွေဆီက ငွေကြေးတောင်းခံနေတယ်လို့ ယာဥ်မောင်းသမားတွေက ဆိုပါတယ်။

 

၂၉။ ဖယ်ခုံတွင် ပြောင်းဖူးချိုးသည့် အမျိုးသမီး ၁ ဦး မိုင်းနင်းမိ
December, 2021

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ အေလာကွင်းအနီး ပြောင်းဖူးခြံမှာ နေ့စား ပြောင်းဖူးချိုးတဲ့ အမျိုးသမီးတယောက် မိုင်းနင်းမိလို့ ခြေတ ဖက် ပြတ်သွားခဲ့ရပါတယ်။ အဆိုပါအေလာကွင်းဟာ ဖယ်ခုံမြို့နယ် BE တပ်အနီးရှိနေတာဖြစ်ပြီး အဆိုပါမိုင်းကို စစ်ကောင်စီ တပ်က ထောင်ထားတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“စားစရာမရှိလို့ နေ့စားလိုက်ပါတယ်ဆိုမှ။ အခု သူ့ကို လွိုင်ကော်ဆေးရုံပို့ထားရတယ်။ သူ့ဟာက ဘယ်ဘက်ခြေထောက်ဖြတ် ရတယ်။ သူက နေ့စားလိုက်တာ။ နေ့စားခက ၇၀၀၀ ဆိုတော့ အခုချိန်ဘယ်သူမဆို အလုပ်လည်း မရှိတာနဲ့ တအားသွားကြ တာ။ ပြောင်းဖူးခြံက ဒီဘီအီးတပ်နားမှာ။ ဒီကျနော်တို့ ဖယ်ခုံအနောက်မြောက်လောက်ကျမယ်။ အဲမှာ ဘီအီးတပ်တို့၊ ဆက်သွယ်ရေးတပ်တို့၊ ၃၃၆ တို့၊ အဲနားခြံလည်း အစကတည်းက နာမည်ထွက်ပြီးသား။ ပြောင်းဖူးချိုးရင်းနဲ့ မိုင်းတွေတွေ့ နေတာ။ အဲနားတဝိုက်မှာ အဲလိုထောင်ထားတယ်ဆိုတာကလည်း လူထုတွေကသိတယ်။ သိတယ်ဆိုပေမယ့် သူလည်း အခုန က ပြောသလို စားဝတ်နေရေးကလည်း စကားပြောတာကိုး။ အဲကျတော့လည်း လိုက်ကြတာပေါ့။” မိုင်းထိတဲ့အမျိုးသမီး ဟာ အသက် ၄၀ ခန့်ရှိပြီး ဖယ်ခုံမြို့ နန်းဟုရပ်မှာ နေထိုင်တာဖြစ်ပါတယ်။ မိသားစုကတော့ မနက်ပိုင်း အီကြာကွေးရောင်းပြီး အသက်မွေးဝမ်းကြောင်းနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တကျော့ပြန် တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြို့နယ်တွင်းက ကျေးရွာတချို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသလို အခုချိန်ထိလည်း တချို့အိမ်မပြန်နိုင်သေးဘဲ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။

၃၀။ ဟွေခါးကျေးရွာ ဧည့်စာရင်းတိုင်ကြားခ တစ်သောင်းကျပ်ပေးဆောင်ရ
December 2, 2021

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဟွေခါးကျေးရွာတွင် ဧည့်စာရင်းတိုင်ကြားမှုအတွက်တစ်ကြိမ်လျှင် ငွေကျပ် တစ်သောင်း (၁၀၀၀၀) ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ “ငွေတစ်သောင်းက နည်းတဲ့ ပမာဏ မဟုတ်ဘူး၊ အိမ်တစ်အိမ်မှာ ဧည့်သည် ၃ ယောက်ရှိရင်လည်း ၃၀၀၀၀ ပေး ရပြီလေ၊ အဲ့ပမာဏက တစ်ပတ်လုံးစာ စားသောက်နိုင်တဲ့ ပိုက်ဆံဖြစ်တယ်၊ တောင်းတာ များလွန်းတယ်” ဟု ဟွေခါးကျေးရွာမှ အမျိုးသားလူငယ်တစ်ဦးက ပြောသည်။

ဟွေခါးကျေးရွာသည် အာခါတိုင်းရင်းသားလူမျိုးများ အများစုနေထိုင်သည့် ကျေးရွာဖြစ်ပြီး လက်လုပ်လက်စား ဘဝသမားများ နှင့် ယာခြံအလုပ်ကိုသာ အသက်မွေးဝမ်းကြောင်း ပြုကြသဖြင့် ဧည့်စာရင်းအတွက် ကျေးရွာ အုပ်ချုပ်ရေးမှုးမှ ငွေကြေးတောင်း ခံမှုသည် အင်မတန်များပြားကြောင်း ဒေသခံများက ပြောသည်။ “အရင်တုန်းက ဒီလောက်မများဘူး၊ စစ်ကောင်စီက အသစ် ပြန်ခန့်လိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီလိုကောက်တာ၊ အရမ်းများလွန်းပါတယ်၊ ပြီးတော့ ရွာဝင်ကြေးဆိုလည်း သုံး သောင်းကနေ ငါးသောင်းအထိ တောင်းတာ၊ ဒါမျိုးက ကျနော်တို့ရွာမှာ မရှိဖူးဘူး”ဟု ဟွေခါးကျေးရွာမှ အာခါတိုင်းရင်းသား တစ်ဦးက ပြောသည်။ စစ်တပ်မှနိုင်ငံတော် အာဏာမသိမ်းခင်နှင့် စစ်ကောင်စီခန့်အပ်သည့် ကျေးရွာအုပ်ချုပ်ရေးမှုး မရှိခင်ကာ လတွင် ဧည့်စာရင်းတိုင်ကြားခအတွက် ၂၀၀ မှ ၅၀၀ ထိသာ ပေးဆောင်ရပြီး ရွာဝင်ကျေးအတွက်လည်း ရိုးရာအစဥ် အလာအရ ကောက်ခံခြင်းဖြစ်သော်လည်း ယခုလို များပြားသည့် ငွေပမာဏ တောင်းခံခြင်း မရှိခဲ့ဖူးကြောင်း သိရသည်။

 

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။