• Today is: Friday, March 29, 2024

အားလုံးပါဝင်ရေးမူအပါအဝင် အချက်နှစ်ချက်ကိုလက်ခံမှ NCA ကိုလက်မှတ်ရေးထိုးမည် ဟုနိုင်ဟံသာပြော

အားလုံးပါဝင်ရေးမူ အပါအ၀င် အချက်နှစ်ချက်ကို လက်ခံမှ NCA ကိုလက်မှတ်ရေးထိုးမည်ဟု နိုင်ဟံသာ ပြော

.

ဝင်းဇော်နိုင်

နေပြည်တော် ၊ စက်တင်ဘာ (၄) ရက်။

.

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သတောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် အတွက် အားလုံးပါဝင်ရေးမူ အပါအ၀င် အချက်နှစ်ချက်ကို လက်ခံမှသာ လက်မှတ်ရေးထိုးမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

.

NCA စာချုပ် အရ ထွက်ပေါ်လာသော နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွင် ခုနစ်ပွင့်ဆိုင်သည့် ပုံစံ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်၊ အခြားပါဝင်သင့်ပါဝင်ထိုက်သူများ ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့များက လက်ခံထားသည့် ပုံစံမှာ တပ်မတော်၊ လွှတ်တော်နှင့်အစိုးရ အဖွဲ့မှာ တစ်ဖွဲ့တည်း ဖြစ်ရမည့် ပုံစံ ဖြစ်သည်။

.

ယင်းအချက်အပြင် တပ်မတော်ဘက်က NCA လက်မှတ်ရေးထိုးရန် အသိအမှတ်မပြုသည့် တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်း မဟာမိတ် အဖွဲ့သုံးဖွဲ့ဖြစ်သည့် (တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် -TNLA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-MNDAA၊ ရခိုင့်တပ်မတော် -AA) ပါဝင်ရေးအချက် စသည့် အချက်နှစ်ချက်ကို လက်ခံမှသာ NCA ကို လက်မှတ်ရေးထိုးမည်ဟု နိုင်ဟံသာက ဆိုခြင်းဖြစ်သည်။

.

အစိုးရ ၊ လွှတ်တော်နှင့် တပ်မတော်တို့ အစုအဖွဲ့ တစ်ခုစီ ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး နိုင်ဟံသာက  “တစ်ခုခု ဆုံးဖြတ်ရင် သူတို့က ၃ မဲ ရသွားမယ်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီက တစ်မဲစီပဲ ဖြစ်သွားမယ်၊ လုပ်နည်းလုပ်ဟန်မှာ သူတို့က အပေါ်စီးရအောင် တမင်တကာကို ဖန်တီးယူလိုက်တဲ့သဘော အဲလို တရား မျှတမှု မရှိတဲ့အနေအထားနဲ့ ၀င်ပြီး ယှဉ်ပြိုင်ရင် နာမှာပဲလို့ မြင်တယ်” ဟု  ပြောသည်။

.

နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့် ပတ်သတ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကာလတစ်လျှောက်လုံး ဆွေးနွေးခဲ့ရာ၌ သုံ့းပွင့်ဆိုင်ပုံစံ (တပ်မတော်၊ အစိုးရနှင့် လွှတ်တော်ကို တစ်ဖွဲ့တည်း) ဆွေးနွေးမှုများရှိခဲ့သည်။

.

NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို ဆွေးနွေးသည့် အချိန်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ရှစ်ဖွဲ့ဖြင့် ရေးဆွဲခဲ့ရာ ပါဝင်သူများမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီတိုင်းရင်းသား လူမျိုးများ၊ အရပ်ဘက် လူအဖွဲ့အစည်းများအစရှိသဖြင့် ဖြစ်နေခဲ့ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆုံးဖြတ်ချက်ချရာတွင် တစ်ဖက်သတ်နိုင်နေသည့်အတွက် လက်မခံနိုင်ကြောင်း NCA လက်မှတ်မရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့က ဆိုသည်။

.

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ တွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလွင်က လည်း တိုင်းရင်းသားလက်နက်ကိုင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံကြောင်း၊ NCA စာချုပ်ပါ အပိုဒ် ၂၁  သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ နှင့် တပ်မတော်ရဲ့ မူဝါဒ ၆ ရပ်ထဲက အမှတ် ၆ ကို ပုံစံတစ်မျိုးနှင့် လှည့်ရေးထားခြင်းဖြစ်ကြောင်း၊ NCA စာချုပ်ပါ အပိုဒ် ၂၂ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ကို စာသားတစ်မျိုးနှင့် ပြောင်းရေးထားခြင်းဖြစ်ခြင်းကြောင့် ပြင်ဆင်မှသာ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း  ပြောသည်။

.

“NCA ကို မပြင်ဘူးဆိုလို့ရှိရင် မပြင်ဘဲနဲ့ လက်မှတ်ထိုးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဘောင်ထဲကဘဲ အနာခံပြီး လုပ်သွားပါ့မယ်လို့ သဘောတူရာရောက်တယ်” ဟု ၄င်းကပြောသည်။

.

NCA အပိုဒ် ၂၁ တွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေးဆွဲရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်မည့် ကိစ္စရပ်များ မပါဝင်ရန် သဘောတူသည်ဆိုသည့် အချက် ပါဝင်သည်။

.

ယင်းအပြင် အပိုဒ် ၂၂ တွင် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ရမည့်သူများကို သတ်မှတ်ထားခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ တွင်  အပိုဒ် ၆ ချက်ရှိရာ၌ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစ်စိုက်ဦးတည်သည်ဆိုသည့် အချက်တို့ ပါရှိပြီး၊  တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆) ချက် နောက်ဆုံး အမှတ် (၆) တွင် ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကိုလက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ  အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန်တို့ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လိုက်နာရမည့် အချက်များကို ဖော်ပြထားခြင်းဖြစ်သည်။

.

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ လက်မှတ်ရေးထိုးရေးအတွက် အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးသွားရမည်ဖြစ်ကြောင်း၊ NCA လက်မှတ်မရေးထိုးပါNCA မူအတိုင်း ဖော်ဆောင် နေသည့် ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးများနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့် မရှိပေ။

.

NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် ဒုတိယ အကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံအကြိမ်အစည်းအဝေးမတိုင်မီ လက်မှတ်မရေး ထိုးနိုင်ပါက ညီလာခံ သို့ လေ့လာသူ အဖြစ်နှင့်သာ တက်ရောက်ရမည်ဖြစ်ကြောင်း၊ လက်မှတ်ရေး ထိုးပြီးမှ သာရှေ့ဆက် လုပ်ဆောင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ပါဝင်ခွင့်ရှိမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ် မြောက် ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာက ပြောသည်။

.

၎င်းက “(ယခုကျင်းပလျှက်ရှိသည့်)ညီလာခံအပြီးမှာ (နိုင်ငံရေးမူဘောင်) Frame Work နဲ့ ကိုက်ညီတဲ့ ကိစ္စတွေကို လုပ်သွားမှာဖြစ်လို့ NCAကိုလက်မှတ်ထိုးဖို့ပါ။ ဒီအစီစဉ်တစ်ခုလုံးက NCA ကြောင့်ဖြစ် လာတာဆိုတော့ ဘယ်အချိန် ဘယ်အခါမှာပဲ ပါပါ NCAအတိုင်း လုပ်မယ်။ “ ဟု ပြောသည်။

.

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်ပြီး UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ် ဂွန်မော်ကလည်း ၂၁ ရာစု ပင်လုံ အစည်းအဝေး ပြီးပါက UNFC အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန်ရှိပြီး သဘောတူညီချက်များ ရရှိပါက NCA ကို လက်မှတ်ရေးထိုးသွားမည်ဟု ညီလာခံတွင် စာနယ်ဇင်းများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။