• Today is: Saturday, April 20, 2024

နေ့စဉ် တိုင်းရင်းသတင်းများ စုဆောင်း တင်ပြခြင်း

(No. 125 , September 3, 2021)

၁။ NCA ပျက်ပြယ်သွားပြီလို့ KNU Concern Group ပြော
3, September 2021

စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ် သွားပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concern Group က စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ် ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းမှုကြောင့် ပျက်ပြယ်သွားပြီဖြစ်သလို ဒီစာချုပ်အထက်မှာရှိနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းပြီး ဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေရဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်နိုင်သလို လက်နက်စွန့် စေတဲ့ စာချုပ်မျိုးဖြစ်တယ်လို့လည်း KNU Concerned Group က ရေးသားထားပါတယ်။ အာဏာသိမ်းပြီးနောက် ဆန္ဒပြသူ တွေ၊ နိုင်ငံရေးပါတီ၊ သတင်းမီဒီယာနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့ပြီး လက်ရှိ မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ထိုးစစ်တွေဆင်နွှဲနေတာ တွေ့ရတယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် CRPH နဲ့ NUG ရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပန်းတိုင်နဲ့ ထပ်တူဖြစ်လို့ NUG ရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးလှုပ်ရှားမှုတွေကို စွမ်းစွမ်းတမံ ပံ့ပိုး ဆောင်ရွက်သွား မယ်လို့ KNU Concerned Group က ပြောထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EAOs) များအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်အာဏာရှင် စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ကြိုးပမ်းမှုမှာ တစ်ညီတစ်ညွတ်တည်း ပါဝင်တိုက်ပွဲဝင်ကြဖို့ KNU Concerned Group က တိုက်တွန်းထားပါတယ်။

၂။ စစ်ကောင်စီ၏ တောင်ကုန်းတခုကို ကိုးကန့်တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်
1 September 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီကြား တိုက်ပွဲဆက်လက် ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။ မနက်ပိုင်း ၉ နာရီဝန်းကျင်၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် MNDAA က စစ်ကောင်စီတပ်များ ခြေကုပ်သိမ်းယူလိုက်သည့် တောင် ကုန်းတကုန်းကို ပြန်လည်သိမ်းပိုက်နိုင်လိုက်သည်ဟု သတင်းထုတ်ပြန်ထားသည်။ အဆိုပါတောင်ကုန်းသည် မုံးကိုးမြို့နယ်ခွဲ၊ ဖောင်းဆိုင်ကျေးရွာအနီးတွင်ရှိသည့် တောင်ကုန်းဖြစ်ပြီး သြဂုတ် ၃၀ ရက်၊ ညတိုက်ပွဲတွင် MNDAA လက်ထဲမှ စစ်ကောင်စီ က သိမ်းယူလိုက်ခြင်း ဖြစ်ပြီး ယနေ့တိုက်ပွဲတွင် ဆုံးရှုံးခဲ့သည့် တောင်ကုန်းကို ပြန်သိမ်းယူနိုင်ခြင်း ဖြစ်သည်ဟုသိရသည်။

MNDAA ၏ အရာရှိတဦးက “တောင်ကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ။ သို့သော် ဘောလုံးကွင်းအောက်ဘက် နယ်စပ် တဝိုက်မှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတယ်။ မိမိတို့အနေနဲ့ အဲ့ဒီနေရာဘက်ကို အလွန် အလေးထား ပါတယ်။ အကယ်၍

သူတို့ ဆက်ပြီး ထိုးစစ်ဆင်ရင်တော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေမှာပဲ”ဟု ပြောဆို ကြောင်းကိုလည်း ထုတ်ပြန်ချက် တွင် ထည့်သွင်းရေးသားထားသည်။ ဘောလုံးကွင်းဟု ညွှန်းဆိုထားသည့် နေရာသည် ဖောင်းဆိုင်ကျေးရွာ၏ ဘောလုံးကွင်းကို ဆိုလိုခြင်း ဖြစ်သည်။ MNDAA နှင့် စစ်ကောင်စီတပ်များသည် မုံးကိုးမြို့နယ်ခွဲ အပြင် ပန်ဆိုင်းမြို့နယ်ခွဲတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားကာ စစ်ရေးတင်းမာလျက် ရှိသည်။

မုံးကိုးမြို့နယ်ခွဲအတွင်း MNDAA ၏ တပ်မဟာ ၅၁၁ က တပ်ဖြန့်လှုပ်ရှားနေရာ ၎င်းတို့ တပ်ဖွဲ့များ ရှိနေသည့် တောင်ကုန်း များ၊ ကျေးရွာများအနီးသို့ စစ်ကောင်စီဘက်က လိုက်လံတိုက်ခိုက်နေခြင်း ဖြစ်သည်။ စစ်ကောင်စီနှင့် MNDAA တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲ အတွင်းမှ ဒေသခံ ၁၉၀၀ ကျော်သည် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် တိမ်းရှောင်နေကြရသည်။

၃။ ပေါင်မြို့နယ်က ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် သေဆုံး
2 September, 2021

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာမှာ စက်တင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီလောက် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက DVB ကို ပြောပါတယ်။

စက်တင်ဘာ ၁ ရက် ညပိုင်းက မိသားစု စားဝတ်နေရေးအတွက် ငါးရှာသွားတဲ့ ခင်ပွန်းဖြစ်သူကို ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်သူက သွားကြိုပြီး နေအိမ်ပြန်လာစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။ သဲအိမ်ကျေးရွာ ဒေသခံတစ်ဦးက “လင်မယား ၂ ဦး နေအိမ်ပြန်လာတာကို စစ်ကောင်စီတပ်ဖွဲ့တွေက ညမထွက်ရအချိန်မှာ ဓာတ်မီးအရောင် တွေ့လို့ ပစ်ခတ်ခဲ့တာ” လို့ DVB ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန် ၅ လရှိပြီဖြစ်တဲ့ မအိသွယ်မိုးဟာ တင်းပါးဖောက်ထွက် ဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်။

ခင်ပွန်းဖြစ်သူ ကိုမင်းနေလွင်ကတော့ ပြင်ထန်းဒဏ်ရာရပြီး ဆေးကုသမှုခံယူနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ မအိသွယ်မိုးမှာ ၄ နှစ်အရွယ်ကလေးတစ်ဦး ကျန်ရှိခဲ့ပါတယ်။ မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီး မအိသွယ်မိုး အပါအဝင် ပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့ ပစ်ခတ်ကြောင့် သေဆုံးထားပါတယ်။

၄။ တားမြစ်နယ်မြေထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၆ တို့ကြား ပစ်ခတ်မှုဖြစ်ပွား
September 1, 2021

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာတွင် တားမြစ်နယ်မြေထဲကို ကျော်လွန်ဝင်ရောက်သည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၆) တပ်ဖွဲ့တို့အကြား ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်အရ သိရှိရသည်။ (ဩဂုတ်လ ၃၁ ရက်) ညနေပိုင်းတွင် စစ်ကောင်စီတပ်တို့မှ ကျိတ်ကျေးရွာ မြောက်ဘက် တစ်မိုင်ခန့်အကွာအဝေးရှိ ပိုင်ကလန်ဒုံကျေးရွာ ဘက်ကို ဦးတည်ထွက်ခွာသွားပြီး နံနက်ပိုင်းက ကျိတ်ကျေးရွာနှင့် ပိုင်ကလန်ဒုံကျေးရွာအကြား မိုက်ခလိန်ထားနေ ရာတွင် ပစ်ခတ်မှု စတင်ဖြစ်ပွားခြင်းဖြစ် သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက ” မနက် ၇ နာရီဝန်းကျင်မှ ပစ်ကြတာပေါ့နော်။ နာရီဝက်ကြာ ပစ်ကြတယ်။ မနေ့ညနေထဲက သူတို့ ပိုင်ကလန်ဒုံလက် ကို သွားတာ။ အစက BGF တွေလိုက်မသွားဘူး။ ပစ်ခတ်မှုတွေဖြစ်မှ BGFတွေ သူတို့ နောက်ကို ထပ်လိုက်သွားတယ်။ ဘယ်လိုတွေ ဆက်ဖြစ်နေလဲတော့ မသိဘူး။ ထိခိုက်ကျဆုံးမှု ရှိမရှိတော့ မသိဘူး။ ” ဟု ကေအိုင်စီ သို့ ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ကို KNLA ဘက်က တားမြစ်နယ်မြေထဲမကျူးကျော်ရန် သတိပေးမှုများရှိသော်လည်း ၎င်းတို့မှ နယ်မြေကျူး ကျော်သည့်အတွက် ယခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်တွင် ရာနှင့်ချီသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များသည် ကျိတ်ကျေးရွာထဲ ဝင်ရောက် လာမှုကြောင့် ကျေးရွာသူရွာ သားများ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသေးသည်။

၅။ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်များနားခိုဖို့ စစ်ကင်းမဲ့ဇုံ လိုနေ
August 31, 2021

“မြို့ပေါ်မှာ မလုံခြုံလို့၊ ကျည်ဆံတွေကြားက ဘယ်နေ့ ဘယ်ချိန် ကျည်ဆံမှန်မလဲ မသိ၊ မနက်ဖန်ဆိုတာ မရေရာတော့လို့ တောထဲတောင်ထဲ အဝတ်တထည်ကိုယ် တခုနဲ့ ရှောင်ထွက်ပြေးခဲ့ကြတယ်။ မြို့ပေါ်ကနေ နယ်ဘက်ကျေးရွာတွေကို စစ်ရှောင် ရောက်တော့လဲ ရွာအထိ လိုက်ပစ်ကြတယ်”ဒီရင်ဖွင့်စကားက လက်ရှိ မင်းတပ်မြို့နယ်မှာ စစ်ဘေးကြုံတွေ့နေရသူတစ်ဦးရဲ့ စကားပါ။ သူကြုံတွေ့ရတဲ့ မြေပြင်အနေအထားကိုလည်း အခုလိုပြောပါတယ်။

သူက “ကျေးရွာရှိ အိမ်အလွတ်တွေ ဖြစ်စေ၊ ကျောင်းဆောင်တွေမှာ အဆင်ပြေသလို နေရတာကို အိမ်တွေဖျက်ဆီး ပြီး အလှူရှင်တွေ ကနေ ပေးတဲ့ ဆန် ဆီ စားတွေ စုဆောင်းသမျှ ဒီဇယ်နဲ့ လောင်းတယ်။ အခုဆို စားစရာ နေစရာ တခုမှမရှိတဲ့ တောင်ယာတွေမှာ ရှောင်ပြေးနေရတယ်။ စကစ မှ စစ်ကြောင်းထိုး ကျေးရွာတွေမှာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်သ၍တော့ တမြို့နယ်လုံး ငတ်သေကုန်မှာပဲ။ ကျနော်တို့ မင်းတပ်မြို့က နယ်မြေကျဉ်းကျဉ်းလေးဆိုတော့ အရပ်လေးမျက်နှာမှာ စစ်ကြောင်းထိုး ရှောင်ပြေးစရာ မြေမရှိတော့ဘူး”လို့ပြောပါတယ်။ စစ်ဘေးရှောင်အရေး ကူညီသူ မင်းတပ်မြို့က အရပ်ဖက် အဖွဲ့ အစည်းမှာ လုပ်ဆောင်ခဲ့သူတစ်ဦးကတော့ စစ်ဘေးရှောင်နေရာတွေကို စစ်ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပြီး စစ်ဖြစ် တဲ့ နှစ်ဖက်က စစ်ဘေးရှောင်တွေကို အာမခံချက်ပေးဖို့လိုတယ်လို့ဆိုပါတယ်။

ကျေးရွာဖက်စစ်ဘေးရှောင်တွေကို ကူညီပေးသူတစ်ဦးက “အခုထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီး ရွာတွေမှာတော့ သိပ်မရောက် ဖြစ်ဘူး။ မြို့ပေါ်ကတော့ လုံလောက်တယ်။ ရွာတွေမှာတော့ မလုံလောက်ဘူး။ အဓိကတော့ ကျန်းမာရေးစောင့် ရှောက် မှုနဲ့စားဝတ်ရိက္ခာပဲ” လို့ဆိုပါတယ်။ လက်ရှိမှာ စစ်ပွဲတွေ ဆက်တိုက်ရှိနေတဲ့အတွက် စစ်ဘေးရှောင်တွေထပ်တိုးဖို့ ရှိနေတယ် လို့ မင်းတပ်မြို့ဒေသခံတွေပြောပါတယ်။ စစ်ဘေးရှောင်တွေအတွက် လက်ရှိရောက်လာနေတဲ့ နိုင်ငံတကာကြက်ခြေနီ အဖွဲ့ အနေနဲ့ စားနပ်ရိက္ခာအပြင် ဆေးဝါးကုသမှုပိုင်းဆိုင်ရာတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

၆။ လားရှိုးမြို့နယ် PDF ဟု ထင်ခံရသည့် လူငယ် (၇) ဦးဖမ်းဆီးခံရ
September 1, 2021

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု နားဟွယ်ရွာတွင် ဩဂုတ် (၃၁) နေ့လည် ၁ နာရီဝန်းကျင်က PDF ဟုထင်ခံရသည့် လူငယ် (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် (၇) ဦးကို စစ် ကောင်စီ အင်အားအလုံးအရင်းဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း၊ လူငယ်များ ထမင်းစားနေချိန်တွင် ဖမ်းဆီးခံရကြောင်း သိရသည် ထိုဖမ်းဆီးခံရသည့် လူငယ်တချို့သည် (PDF) တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိ ရသည်။

“ စစ်အင်အားက ၃၀ လောက်ရှိတယ်။ ပြီးတော့ စရဖတွေနဲ့လာတာ။ စရဖတွေလဲ အင်အားများတယ်။ သူတို့က ကား ၃စီး။ စစ်သားတွေက အပြင်မှာ ကားနဲ့ လုံခြုံရေးယူပေးပြီးစောင့်နေတာ။ ကျမတို့ရွာဒေသခံက ၂ ယောက်လောက်ဘဲ။ ကျန်တဲ့သူ တွေကတစ်ခြားကနေပေါ့။ တစ်ချို့ကလည်း PDF ဖြစ်တယ်။ ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြော သည်။ ဖမ်းခံရသည့် နေအိမ်တွင်ရှိသည့် ပစ္စည်းများကိုပါ စစ်ကောင်စီတပ်ဖွဲ့တို့က ယူဆောင်သွားကြောင်း မျက်မြင်တွေ့သူ တွေကဆိုသည်။ စစ်ကောင်စီမှ သိမ်းဆည်းသွားသည့် ပစ္စည်းများသည် စုစုပေါင်း သိန်း (၁၀၀) နီးပါးထိရှိကြောင်း သိရသည်။

“ သူတို့အိမ်က ရေမော်တာ၊ ကား (၂)စီး၊ ဆိုင်ကယ် (၃)စီး၊ ရွှေကတန်ဖိုး သိန်း (၆၀) နဲ့၊ ငွေသားက (၅၀) လောက်ရှိ တယ် လို့ပြောတယ်။ အဲတာတွေကို သူတို့ယူသွားတာတဲ့။ ပြီးတော့ PDF တွေရဲ့ ပစ္စည်းတွေကိုလည်း သူတို့သိမ်းယူသွားတယ်” ဟု ၎င်းက ပြောသည်။ ထိုသို့ ကျေးရွာထဲထိ ပြည်သူများကို လာရောက်ဖမ်းဆီးတာကြောင့် ပြည်သူများက စိုးရိမ်ကြောက်ရွံ့ နေရ ပြီး ယမန့်နေ့တွင် ပြည်သူများ အားလုံးက ဘုန်းကြီးကျောင်းသို့ သွားရောက်အိပ်စက်ရကြောင်း နာဟွယ်ရွာဒေသခံ တဦးက ပြောသည်။“ မနေ့ညက အကုန်လုံး ဘုန်းကြီးကျောင်းမှာ သွားအိပ်ရတယ်။ တစ်ရွာလုံး ဘုန်းကြီးကျောင်းမှာ သွားအိပ်တာ။ စိုးရိမ်တယ်။ ကြောက်တယ်လေ။ ကျမတို့က သာမန်ပြည်သူပဲလေ။ စစ်ဖြစ်မှာလားဆိုပြီးတော့စိုးရိမ်ပြီးနေကြရတယ်”ဟု နာဟွယ်ကျေးရွာ ဒေသခံတဦးက ပြောသည်။

၇။ ပြင်းထန် တိုက်ပွဲ ငြိမ်သက်လာသော မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် ဒေသခံများ နေရပ်ပြန်
2 September 2021

မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ် အလော့ဘွမ်တောင်ခြေ တိုက်ပွဲများကြောင့် မိုးမောက်မြို့ပေါ်သို့ ၄ လကြာ ထွက်ပြေးခဲ့ရသော ကျေးရွာ ၅ခုမှ ပြည်သူများ နေရပ်ပြန်လည်နေထိုင်ပြီဟု သိရသည်။ ပြီးခဲ့သော ဧပြီလအတွင်း မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလော၊ စီဟက်နှင့် နွမ်းလန့် စသော ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ဗန်းမော်နှင့် မိုးမောက်မြို့သို့ ထွက်ပြေးခဲ့ရသော စစ်ရှောင်များဖြစ်သည်။

“ကျနော်တို့မပြန်ဘဲ ဆက်နေမယ်ဆိုရင် ကျနော်တို့ စားသောက်မှုတွေ အရမ်းအခက်အခဲဖြစ်လာတယ်။ ကျနော်တို့အနေနဲ့ ပြန် လည်း လုပ်ကိုင်စားသောက်ချင်လာတယ်။ ဘာကြောင့် လဲဆိုတော့ ကျနော်တို့နဂိုကလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ သာ လုပ်ကိုင်စားတတ်တာဖြစ်တယ်။ နောက်ပြီး ကိုဗစ်ရောဂါကြောင့်လဲ လူစုလူဝေးများတဲ့ နေရာမှာ ဆက်မနေချင်ကြတော့ ဘူး။ ပြီးရင်တိုက်ပွဲတွေလည်း ပြန်ငြိမ်လာပြီဆိုတော့ တစ်ချို့က လက်မခံချင်ကြတော့ဘူး။ ကျနော်တို့က တစ်ခြားစစ် ရှောင်စ ခန်းဆိုပြီး ဆောက်ထားတဲ့နေရာမှာ နေရတာမဟုတ်ဘူးလေ။ အဲ့လိုနေရာအခက်အခဲတွေလည်း ရှိလာတယ်။ လုံးဝ ပြန်ရမယ့် သဘောရှိသွားလို့ပါ” နေရပ်ပြန် စစ်ရှောင်တစ်ဦးက ပြောဆိုသည်။ လက်ရှိ နေရပ်ပြန်လည်လာသည့် ကျေးရွာ ၅ ခုမှာ မြို့သစ်၊ ကုန်းလော၊ မင်းကျောင်း၊ စီဟက်နှင့် နွမ်းလန့်ကျေးရွာတို့ဖြစ်ကြပြီး အိမ်ထောင်စုအားဖြင့် ၁၇၅၀ ခန့် ရှိကြောင်း သိရသည်။

မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC စစ်ရှောင်စခန်းတွင်မူ စစ်ရှောင်အားလုံး နေရပ် ပြန်ခြင်းမဟုတ်ဘဲ အသက်ကြီးရွယ်အိုများမှာ စခန်းတွင် ကျန်ရှိနေသေးကြောင်း စခန်းတာဝန်ခံက ပြောသည်။“ကျနော့် တာဝန်ယူနေတဲ့ စခန်းမှာက အပြီးအပိုင်နေရပ်ပြန်တာမရှိပါဘူး။ ကိုဗစ်ကာလမှာ အပြင်မထွက်ရတော့ စားဝတ်နေရေး အလွန် ခက်ခဲလို့ ခဏခွင့်တောင်းပြီး ပြန်သွားတာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်အရမ်းဆိုးလာလို့ စခန်းကို Lock Down ချထားတာလည်းကြာပြီ။ အဲ့လိုဆို တဖက်ကိုပြည်ကြည့်တော့ စားဝတ်နေရေးအလွန်ခက်ခဲလာတယ်။ ပြီးရင် စစ်ရှောင်တွေ လည်း အရင်တုန်းကလို အပြင်ထွက်အလုပ်လည်းမလုပ်ရတော့ဘူးဆိုတော့ ပိုခက်ခဲသွားတာပေါ့။ နောက်ပြီး အရင်တုန်းက ပုံမှန်ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်းခဏပြတ်နေတာ”ဟု မိုးမောက် KBC စစ်ရှောင်စန်းတာဝန်ခံက ပြောဆိုသည်။ ယခု လို စစ်ရှောင်များ နေရပ်ပြန်လာပြီဖြစ်သော်လည်း စစ်ကောင်စီက ၎င်းတို့ လက်လွတ်လိုက်သော အလော့ဘွမ် ဗျူဟာကုန်းကို ပြန်လည်ရရှိရန် ထိုနေရာဘက်သို့ စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။

၈။ ဘုံရန်သူ စစ်အာဏာရှင်ကို အပြီးတိုင် ချေမှုန်းပစ်ရန် KNLA ဗဟိုတွဲဘက် စစ်ရေးချုပ် တိုက်တွန်း
September 2, 2021

လူမျိုးစုံ ပြည်သူလူထုအားလုံး၏ ဘုံရန်သူဖြစ်သော စစ်အာဏာရှင်ကို အပြီးတိုင် ချေမှုန်းပစ်ရန် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ဗဟို တွဲဘက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထူဝေါ်က (စက်တင် ဘာလ ၂ရက်) ပြုလုပ်သည့် အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခုတွင် တိုက်တွန်းပြောကြားသွားခဲ့သည်။

KNLA တပ်မဟာ (၇) ဌာနချုပ်တွင် ပြုလုပ်သည့် အပတ်စဉ် (၉) အခြေခံ စစ်သင်တန်းဆင်းပွဲတွင် ဗိုလ်မှူးချုပ် မန်းရှာထုဝေါ် က တော်လှန်ရေးတွင် အလွှာစုံ လူထုလူတန်းစားအားလုံးပါဝင်၍ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင် ချေမှုန်း ပစ်ရန် အားလုံးတွင်တာဝန်ရှိကြောင်း ယခုလို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။“အင်အားစုများရဲ့ ညီညွတ်ရေးနဲ့ သွေးစည်းခိုင်မာရေးကို တည်ဆောက်ပြီး လူမျိုးစုံ ပြည်သူတစ်ရပ်လုံးရဲ့ ဘုံ ရန်သူဖြစ်တဲ့ စစ်အာဏာရှင် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ စစ်ကောင်စီ တဖြစ်လဲ အိမ်စောင့် စစ်အုပ်စုကို အပြီးတိုင်ချေမှုန်းပစ်ဖို့ အားလုံးမှာ တာဝန်ရှိသလို အားလုံးအဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်” ဟု တိုက်တွန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

၃ လတာ သင်ကြားပို့ချပေးခဲ့သည့် အဆိုပါ အခြေခံစစ်သင်တန်းတွင် သင်တန်းဆင်း ရဲဘော် ၂၂၆ ဦး ပါဝင် တက် ရောက်ခဲ့ပြီး တပ်မဟာ၏ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ ကိုယ်စားပြု ရဲဘော်များအပြင် မဟာမိတ်နှင့် လူမျိုးစု တိုင်းရင်းသားအချို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ယနေ့ ပြုလုပ်သည့် သင်တန်းဆင်းပွဲသို့ KNLA ဌာနချုပ်မှ သက်ဆိုင်ရာ အရာရှိ များ၊ တပ်မဟာ(၇) ၏ သက်ဆိုင် ရာ အရာရှိများ၊ တပ်ရင်းမှူးအချို့ နှင့် သင်တန်းမှူးများက အသီးသီးတက်ရောက်၍ အမှာ စကားများ ပြောကြားခဲ့ သလို သင်တန်းဆင်းရဲဘော်များအား သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်းဆုများကို ပေးအပ်ခဲ့ သည်။ အဆိုပါ သင်တန်းဆင်းရဲဘော်များအနေဖြင့် သက်ဆိုင်ရာ တပ်မဟာ၏ တပ်ရင်းတပ်ခွဲ ဒေသအသီးသီးတွင် ပြန်လည် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်သည်။

၉။ တိုက်ပွဲကြောင့် မိဘမဲ့ဖြစ်သွားသည့်ကလေးများကို စောင့်ရှောက်ထားသည့် ကမ်းထောင်းကြီးမှ မေတ္တာရိပ်မိဘမဲ့ ဂေဟာ အကူအညီလိုအပ်နေ
Sep 1, 2021

ရခိုင်ပြည်အတွင်းတိုက်ပွဲများကြောင့် မိဘမဲ့ဖြစ်သွားရသော ကလေးငယ်များကို ကူညီစောင့်ရှောက်ပေးထားသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ “မေတ္တာရိပ်“ မိဘမဲ့ဂေဟာမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။ လက်ရှိ မေတ္တာရိပ်ဂေဟာ တည်ဆောက်ထားသည့်မြေနေရာမှာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တစ်နှစ်စာအခမဲ့လှူဒါန်းထားခြင်းဖြစ်သဖြင့် လာမည် ဒီဇင်ဘာလတွင် ပြောင်းရွှေ့ပေးရတော့မည်ဖြစ်ကြောင်း ဂေဟာတာဝန်ရှိသူထံမှ သိရသည်။

ယင်းသို့ပြောင်းရွှေ့ရန် ကမ်းထောင်းကြီး၊ မြို့သစ်ရပ်ကွက် ၊မြို့ဝင်ဝအနီးက (၃)ဧကခန့်ရှိသည့်မြေနေရာကို မြို့မိမြို့ဖများက လှူဒါန်းထားသော်လည်း ယင်းနေရာမှာ မြေဖို့ရန်ငွေကျပ်သိန်း ၃၀၀ ကျော်ခန့်ကုန်ကျနိုင်သဖြင့် ငွေကြေးအခက်အခဲ ဖြစ်နေ ကြောင်း မေတ္တာရိပ်မိဘမဲ့ဂေဟာဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဋ္ဌ ဦးကျော်စိုးနိုင်က DMG ကိုပြောသည်။“ဒီဇင်ဘာလ ရောက်ရင် ဒီနေရာကပြောင်းရွှေ့ပေးရမယ်။ မြို့မိမြို့ဖတွေက လှူဒါန်းပေးထားတာ ချောင်းနေရာတစ်ခုပေါ့နော်။ အဲဒီနေရာကို မြေဖုံးဖို့အတွက် သိန်း ၃၀၀ ကျော် ၄၀၀ လောက်လိုအပ်တယ်။ ကျနော်တို့မှာ မြေနေရာတစ်ခုရရင် တဲထိုးပြီးနေရလည်း အဆင်ပြေတယ်” ဟု ဦးကျော်စိုးနိုင်က ပြောသည်။

မေတ္တာရိပ်မိဘမဲ့ဂေဟာတွင် တိုက်ပွဲကာလအတွင်း မိဘမဲ့ဖြစ်သွားခဲ့သည့်ကလေးငယ် ၂၁ ဦးကို စောင့်ရှောက်ထားပြီး အဆိုပါ ကလေးများတွင် KG တန်းမှ ၁၀ တန်းအထိကလေးများပါဝင်ကြောင်း သိရသည်။ လက်ရှိမှာ ကိုဗစ်ကာလဖြစ်သည့်အတွက် အလှူရှင်များက ကျန်းမာရေးဖက်ကိုသာအလေးပေးလှူဒါန်းနေကြသည့်အတွက် ဂေဟာ၌ အလှူရှင်နည်းပါးကာ စားဝတ် နေရေးလည်း အခက်အခဲဖြစ်နေရသည်ဟု ဦးကျော်စိုးနိုင်ကပြောသည်။ “မိုးရာသီစားသောက်ရေးအဆင်ပြေအောင်အတွက် ဝေဟင်အောင်ပရဟိတအဖွဲ့က ငွေကျပ်သိန်း ၆၀ ထောက်ပံ့ပေးခဲ့တယ်။ အဲဒီငွေနဲ့စားသောက်နေကြတာ။ အလှူရှင်တွေလည်း မရှိသလောက်နည်းတယ်။ လက်ရှိစားရေးသောက်ရေးအတွက် အခက်အခဲရှိသလို မြေနေရာပြောင်းဖို့အတွက်လည်း ငွေ လို အပ်နေပါတယ်“ဟု ၎င်းကဆိုသည်။ အဆိုပါဂေဟာတွင် ဘူးသီးတောင်၊ မြောက်ဦး၊ မြေပုံ၊ အမ်းမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ တိုက်ပွဲကာလအတွင်းပစ်ခတ်ခံရမှုကြောင့် မိဘသေဆုံးသွားသည့်ကလေးငယ်များ၊ ကလေးမွေးဖွား ရန် သွားချိန် လမ်းပိတ်ဆို့မှုများကြောင့် မိခင်သေဆုံးသွားပြီးနောက်ကျန်ရှိခဲ့သည့် ကလေးငယ်များ၊ တိုက်ပွဲအကျိုးဆက်ကြောင့် မိဘမဲ့ဖြစ်သွားကြသည့် ကလေး ၂၁ ဦးကို တာဝန်ယူ စောင့်ရှောက်ထားခြင်းဖြစ်သည်။

၁၀။ ဝိုင်းမော် မဒိန်ကျေးရွာမှ ဖမ်းဆီးခံ လူငယ် ၃ ဦးကို မပခ သို့ ပို့
1 September 2021

ဝိုင်းမော် အခြေစိုက် ခလရ ၅၈ တပ်ရင်းမှ ဖမ်းဆီးထားသော မဒိန်ကျေးရွာမှ လူငယ် ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။ ဩဂုတ် ၂၈ ရက်နေ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦး လွှတ်မြောက်ရေး အတွက် ဝိုင်းမော်အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် မိသားစုဝင်များ လုပ်ဆောင်နေသော်လည်း ဩဂုတ်လ ၃၁ ရက်နေ့တွင် မြောက် တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ကြောင်းကို သိရသည်ဟု ဖမ်းဆီးခံရသော မိသားစုဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“သား ၃ ယောက်ပြန်လွှတ်လာဖို့ အုပ်ချုပ်ရေးမှူး အဖွဲ့တွေနဲ့ အကူအညီတောင်းပြီး ကြိုးစားနေတယ်ပေါ့လေ။ ဒါပေမယ့် မနေ့ညက အုပ်ချုပ်ရေးမှူးဖုန်းဆက်လာတယ်။ မြစ်ကြီးနား တိုင်းကို ပို့လိုက်ပြီလို့ပြောလာတယ်။ ဒီ ခလရ ၅၈ တပ်ရင်းမှာသာ ဆက်ထားရင် အရမ်းနှိပ်စက်ကြတယ်။ ဒါကြောင့်မို့လို့ တိုင်းကိုဘဲ ပို့လိုက်တယ်လို့ ပြောလာတယ်”ဟု ပြောဆိုသည်။ ထို လူငယ် ၃ ဦးမှာ အသက် ၂၉ နှစ်အရွယ် ရှီကျန့်ဘောမ်ဇုန်း၊ အသက် ၂၀ ကျော် ဝန်းကျင်ရှိကြသော ယောခေါနှင့် ဇုန်းဆောလ် ညီအစ်ကိုယ်အရင်းတို့ ဖြစ်ကြသည်။

၎င်းတို့ကို စစ်တပ်က KIA ဟု ထင်မှတ်ကာ ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း ထိုသူများမှာ ပတ်သက်ခြင်းမရှိသောကြောင့် အမြန်ဆုံးလွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။ ဝိုင်းမော် ခလရ (၅၈)တပ်ရင်းကို ဇူလိုင်လ ၂၉ရက်ညက ကချင်လွတ်လပ်ရေးမတော် KIA ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ ပြီးနောက် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင် စီဘက်က လက်နက်ကြီးများဖြင့် ပုံမှန်ပစ်ခတ်မှုများ ပြုလုပ်လျှက်ရှိနေသည်။

၁၁။ ကလေးမြို့တွင် DDI မှ မသန်စွမ်းကလေးများအား အိမ်တိုင်ရာရောက် ပညာသင်ကြားပေးမည်
September 01, 2021

ကလေးမြို့တွင် စက်တင်ဘာလမှစပြီး အလယ်တန်းအောက် မသန်စွမ်းကလေးများအတွက် အိမ်တိုင်ရာရောက် ကျောင်းပညာ ရေးစနစ် ပညာသင်ကြားပေးမည်ဟု ကလေးမြို့အခြေစိုက် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ကလေးမြို့ရှိ မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့မှ မသန်စွမ်းကလေးများအတွက် ကလေးငယ်များ ကျောင်းပညာရေးနှင့် မဝေးကွာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ ကိုယောရှုက ယခု လိုပြောသည်။“ကျနော်တို့ ဒီလိုလုပ်ဆောင်တာ မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ရဲ့ ရပ်တည်ချက်က မသန်စွမ်းသူများ ပညာရေးပိုင်းမှာ လက်လှမ်းမှီနိုင်ဖို့က ကျနော်တို့အရင်ကတည်းက လုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ် အခုချိန်မှာ မသန်စွမ်းကလေးများတွေ အတော်လေးများများက ပညာရေးလက်လှမ်းမမှီနိုင်ကြဘူး အရင်တုန်းက သူတို့နီးစပ်ရာကျောင်း တွေမှာ တက်ခိုင်းထားတာရှိတယ် ဆိုတော့ အခုချိန်မှာအကြောင်းအမျိုးမျိုးကြောင့် ဒီရောဂါကြောင့်ပဲဖြစ်ဖြစ် လက်လှမ်း မမှီနိုင်တဲ့အတွက်ကြောင့် ဒီကလေးတွေကို စာနဲ့မဝေးသွားအောင် ဒီမသန်စွမ်းကလေးတွေအတွက် စာသင်ပေးမယ့်အစီစဉ်ကို ကျနော်တို့ရေးဆွဲပြီးမှ စရခြင်းဖြစ်တယ်” မသန်စွမ်းကျောင်းနေရွယ်များ ကျောင်းပညာသင်ပေးရန် အခက်အခဲများစွာရှိနေပါ သော်လည်း ကျောင်းပညာရေးစနစ်ပြန်လည် ထူထောင်ရန် အိမ်တိုင်ရာရောက်ပညာသင်ပေးခြင်းအပြင် zoom application ဖြင့် အွန်လိုင်းမှ စက်တင်ဘာလကုန်နှောင်းပိုင်းတွင်း စတင်သင်ကြားပေးမည်ဟုလည်းသိရသည်။

မသန်စွမ်းကလေးငယ်များ အိမ်တိုင်ရာရောက်သင်ကြားမှုစတင်ပြီး မိသားစုဝင်များမှ zoom application ဖြင့် သင်ကြား နိုင်ရန်လည်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုလုပ်ဆောင်ပေးမည့် ဆရာဆရာမများက သင်ကြားပေးမည်ဖြစ်ပြီး ၎င်းအတွက် စေတနာဝန်ထမ်း ဆရာဆရာမ (၈) ဦးရှိကြောင်း သိရသည်။ မသန်စွမ်းကလေးငယ်များ ကျောင်းပညာရေးစနစ် ပြန်လည် စတင်မည်ဆိုပါက ၎င်းတို့ တစ်နေ့ပညာသင်ယူရန် အချိန်အားဖြင့် တစ်ရက်လျှင် တစ်နာရီနှုန်းဖြင့် သင်ကြားပေးမည်ဖြစ် ကြောင်း မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ကလေးမြို့တွင် လက်ရှိအချိန်ထိ မသန်စွမ်း ကျောင်း ပညာရေးကို စက်တင်ဘာလမှ စတင်သင်ကြားရန် စာရင်းလက်ခံရရှိသူ အယောက် (၅၀) ရှိပြီဖြစ်ကြောင်း သိရသည်။

၁၂။ လွိုင်လင်ဘက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုရှိနေ
August 31, 2021

အခုရက်ပိုင်းတွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ ရှမ်း-ကယားနယ်စပ် လွိုင်လင်လေးမှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး တိုက်ပွဲ ပိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုရှိနေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က လွိုင်လင်လေး အနီးတဝိုက်တွေမှာ ထိုးစစ်ဆင်မှုတွေ ရှိပြီး တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ စစ်ရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

”အဲ့တာတော့ အဓိကပဲ လူတိုင်း စိုးရိမ်ဆုံးပဲ။ ဘာလို့လဲဆို အခုထိ သူတို့ တပ်မခေါက်သေးဘူးလေ။ ထပ်တောင်တိုးလာသေး တယ်။“တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့အပေါ် KNDF တာဝန်ရှိသူတစ်ဦးက လူထုတွေအနေနဲ့ အားတင်းထားပေးကြဖို့ အခုလိုပြောပါတယ်။ ”ဒီတလောမှာတော့ တိုက်ပွဲပို ပြင်းထန်လာနိုင်ခြေတယ်ပေါ့လေ။ အားလုံးကတော့ တိုက်ရမှာပဲပေါ့နော။ မတိုက်ရင်လည်း ကျနောတို့ တစ်သက်လုံး ကျနောတို့ မျိုးဆက်သစ်တွေ ခံနေရမယ့် အနေအထားမျိုးတွေဖြစ်တယ်။ အဲ့ဒီ အတွက်ကြောင့်မလို့ ကျနောတို့ ဒီကာလမှာတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လူထုတွေအနေနဲ့လည်း ခက်ခဲမယ်။ ဒါပေမယ့် အားတင်း ထားဖို့ ပေါ့နော။ အကြောက်မလွန်ဖို့။ တိုက်ပွဲက ရပ်နားမှာ မဟုတ်ဘူး။ ပိုပြီးတော့ ပိုပြီးတော့ ပြင်းထန်လာမယ့် အနေအထား ပဲရှိပါတယ်။ အဲ့ဒီအတွက်ကြောင့်မလို့ ပိုသတိရှိရှိနဲ့ နေသွားဖို့ အဲ့တာတွေလည်း ကျနောပြောချင်တယ်ဗျ။“

လွိုင်လင် ဘက်မှာဆိုရင် နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း (၁၁) ရွာလောက် နီးစပ်ရာ ကျေးရွာတွေနဲ့ တောတောင်ထဲ တိမ်းရှောင်နေရပြီး ခန့်မှန်းခြေ လူဦးရေ ငါးထောင်ကျော်လောက် တိမ်းရှောင် နေရတယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ KA၊ KNDF ပူးပေါင်းတပ်ဖွဲ့ကနေပြီး စစ်ကောင်စီတပ်တွေထံကနေ လက်နက်တွေ သိမ်းဆည်းရမိခဲ့တာလည်းရှိသလို ၂၉ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဖက် ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရရှိခဲ့တယ်လို့ သိရပါတယ်။

၁၃။ ထားဝယ်ခရိုင်ရှိ ကျေးဇူးတော်ရွာဒေသခံအများစု နေအိမ် ပြန်မလာရဲသေးကြောင်း ဒေသခံများပြော
August 31, 2021

စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး သတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ်ရှိ ကျေးဇူးတော်ကျေးရွာရှိ ဒေသခံအများစုမှာ ယနေ့အချိန်ထိ ပြန်မလာရဲ သေးကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) ထိန်းချုပ် နယ်မြေအတွင်းရှိနေသည့် အဆိုပါ ကျေးဇူးတော် ရွာ အနီးသို့ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်များအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူ တပ်စွဲ လာပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်မည်ဆိုသည့် သတင်းများကြောင့် ဒေသခံ ကျေးရွာသားများမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြပြီး ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့အထိ ပြန်လာကြခြင်း မရှိသေးကြောင်း အမည်မဖော်လိုသူ ဒေသခံခေါင်း ဆောင်တစ်ဦးက ယခုလိုပြောသည်။ ၎င်းက “အခုထိ ပြန်မလာကြသေးဘူး။ ဘယ်ကိုရောက်နေကြမှန်းလဲ မသိဘူး။ လိုက်ရှာ နေတုန်းပဲ။ တစ်ရွာလုံးပဲ ပြေးကြတာ။ အခုထိပြန်မလာကြသေးတော့ ငတ်ပြတ်ကုန်မှာစိုးလို့ အခုကလိုက်ရှာနေရတာ။ စစ်တပ် ဘက်က တော့ ပြန်ဆုတ်သွားပြီး။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီက အဆိုပါ ဒေသတွင် KNU မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကို လက်ခံထား ရှိကြောင်း စစ်သင် တန်း များပေးနေကြောင်း နှင့် လက်နက်ခဲယမ်းများ ရောင်းချပေးနေကြောင်းစသည့် အကြောင်းပြချက်ဖြင့် ဝင်ရောက်ရှင် းလင်း မည်ဟုဆိုကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ KNU တာဝန်ရှိသူ များဘက်က ဆိုသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး CDM (ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု) နှင့် PDF ကို ရှာဖွေရန် စစ်ကောင်စီဘက်က လာရောက်ခြင်း ဖြစ်ပြီး လက်ရှိတွင် ပြန်ထွက်သွားကြပြီးဖြစ်သလို တောနင်းရှာမည့် သတင်းမှာလည်း ကောလာဟလသာ ဖြစ်နိုင်ကြောင်း KNU တပ်မဟာ (၄) ၏ ဆက်ဆံရေးရုံးတာဝန်ခံ ပဒို စောဖလိုစိုးဝင်းက ယခုလိုပြောသည်။ “ဒေသခံတွေကတော့ ဒီလို တပ်နှစ်ခုဆိုင်လာရင်တော့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ရှောင်ပြေးကြ တာချည်းပါပဲ။ ဒါပေမဲ့ (ဩဂုတ်လ၂၉ရက်)ကတော့ တချို့ ပြန်လာကြပါပြီး။ ဒီနေ့လည်း ပိုပြီးတော့ ပြန်လာကြပြီးထင်ပါတယ်။ ကျနော်ထင်တာက နောက်ဆိုရင်တော့ အများကြီး ပြန်ဝင်လာကြမှာပါ။ ဒေသခံတွေ ထဲမှာတော့ ဘာအခက်အခဲ ကြီးကြီးမားမားမရှိပါဘူး” ဟု ကေအိုင်စီသို့ပြောသည်။

၁၄။ မြန်မာဒုက္ခသည်ကလေးငယ်တွေ မီဇိုရမ်ပြည်နယ်မှာ ပညာသင်ခွင့်ရမည်
Spetember 2, 2021

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ကလေးငယ်တွေကို လူသားချင်းစာနာတဲ့အနေနဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်ခွင့်ပြုဖို့ ခရိုင်ပညာရေးမှူးတွေကို ပြည်နယ်အစိုးရက ပြောကြားထားတယ်လို့ နယူးဒေလီ အခြေစိုက် Hindustan Times သတင်းဌာနရဲ့ စက်တင်ဘာလ ၂ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ မီဇိုရမ် ပြည်နယ်ပညာရေးဌာန ညွှန်ကြားရေးမှူး James Lalrinchhanda က ခရိုင်ပညာရေးမှူးတွေကို သြဂုတ်လ ၃၁ ရက်နေ့က ပေးပို့တဲ့စာမှာ… အိန္ဒိယနိုင်ငံရဲ့ ကလေးသူငယ်များ အခမဲ့ပညာသင်ကြားခွင့်ဆိုင်ရာ ၂ဝဝ၉ ခုနှစ် ဥပဒေ- (RTE Act-2009) အခန်း ၂ (၄) အရ ဆင်းရဲချို့တဲ့တဲ့ အသိုင်းအဝိုင်းက အသက် ၆ နှစ်ကနေ ၁၄ နှစ်ကြား ဘယ်ကလေးငယ်မဆို မူလတန်း ပညာ ရေး ပြီးမြောက်အောင် သင့်တော်တဲ့အတန်းမှာ တက်ရောက်ပညာသင်ကြားခွင့် ရှိကြောင်း၊ ဒါကြောင့် ရွှေ့ပြောင်း ဒုက္ခသည် ကလေးငယ်တွေ ဆက်ပြီး ပညာသင်ယူခွင့်ရရေးအတွက် ကျောင်းဝင်ခွင့်ပေးနိုင်အောင် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးကြဖို့ တောင်းဆိုကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

ဒီအမိန့်ညွှန်ကြားစာမှာ “မြန်မာဒုက္ခသည်ကလေးငယ်တွေ” လို့ အတိအကျ ဖော်ပြမထားပေမယ့် စစ်အာဏာသိမ်းအပြီး မီဇိုရမ် ပြည်နယ်ထဲကို ခိုလှုံဝင်ရောက်လာတဲ့ မြန်မာကလေးငယ်တွေကို ရည်ညွှန်းတာဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး က Hindustan Times ကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ အသက် ၆ နှစ်ကနေ ၁၄ နှစ်အကြား မြန်မာဒုက္ခသည်ကလေးငယ် အယောက် လေးရာရှိနေပြီး အများစုက မီဇိုရမ်ပြည်နယ် အိုက်ဇောနဲ့ ကျန်ဖိုင်းခရိုင်တွေမှာ နေထိုင်ကြကြောင်း၊ ဒီကလေးတွေကို စက်တင်ဘာလကစပြီး အစိုးရကျောင်းတွေကို ဝင်ခွင့်ပြုမှာဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရအရာ ရှိတွေနဲ့ ရဲတွေ အပါအဝင် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံခဲ့ကြတာပါ။ မီဇိုရမ် ရဲတပ်ဖွဲ့ ရာဇဝတ်မှုစုံစမ်းရေးဌာနရဲ့ ပြီးခဲ့တဲ့ဇွန်လက ပြောကြားချက်အရ မြန်မာနိုင်ငံက ဒုက္ခသည် ၉၂၄၇ ဦး ဝင်ရောက်လာကြောင်း၊ ခရိုင် ဆယ်ခုမှာ ပျံ့နှံ့ရောက်ရှိလာကြပြီး ကျန်ဖိုင်းခရိုင်မှာ လေးထောင်ကျော်၊ အိုက်ဇောခရိုင်မှာ ၁၆၀၀ ကျော် ခိုလှုံနေကြတယ် လို့ သိရပါတယ်။

၁၅။ မြစ်ကြီးနားမြို့တွင် ဘဏ်စောင့်စစ်သားများ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး
2 September, 2021

မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်က ကိုသန်းစိုးအောင် (၂၅) နှစ်ကို ဩဂုတ် ၃၁ ရက်မနက် ၃ နာရီလောက်မှာ မြဝတီဘဏ်စောင့်တဲ့ စစ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သေဆုံးသူရဲ့ ဆွေမျိုးတော်စပ်သူဆီက သိရပါတယ်။ အမည်မဖော်လို သူဆွေမျိုးတစ်ဦးက “သူက အိမ်နဲ့မနီးမဝေးမှာဘဲ ဆိုင်ကယ်စီးပြီး ငါးအိပ်ချိန်ငါးပိုက်သွားဖြုတ်တာကို ငါးမျှားတဲ့နားမှာ ရဲမှူး အိမ်ဆိုလားရှိတယ်။ ဘဏ်ရဲ့နောက်ကျောမှာ အဲ့ဒီအိမ်က ဖုန်းဆက်လိုက်တယ်ထင်တယ်။ ညဆိုတော့ တစ်ခုခုလုပ်မှာ ကြောက် လို့ ထင်တယ်။ သုံးချက်ပစ်တာတဲ့ ပထမနှစ်ချက်က မထိဘူး၊ နောက်တစ်ချက်မှာ ဆီးခုံထိသွားတယ်” လို့ ပြောပါတယ်။

သြဂုတ် ၂၇ ရက်ည ၇ နာရီကျော်ကလည်း မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်းအ နောက်ထောင့်က ကင်းရုံအနီးမှာ ၂၃ နှစ်အရွယ် ဆိုင်ကယ်စီးနှင်းလာတဲ့ အမျိုးသား တစ်ယောက်အား မသင်္ကာလို့ သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြစ်ကြီးနားမြို့က ရဲစခန်းတွေ ဘဏ်တွေ ရှေ့မှာ စစ်ကောင်စီတပ်သားတွေက သံဆူးကြိုး အကာအရံ အတားအဆီးတွေနဲ့ လမ်းတွေကို ပိတ်ထားပြီး ရှိနေတာဖြစ်ပါ တယ်။

၁၆။ မောင်တောတွင် စစ်တပ်က ဖမ်းဆီးသွားသည့် မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦး သေဆုံး
1 September 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ဦးရှည့်ကျ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ ပြီး ၂ ရက်အကြာတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ သြဂုတ် ၂၉ ရက်နေ့က အဆိုပါ ဦးရှည့်ကျ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၃၀ ကျော်အရွယ် ရော်ဘီ အာလောင်ကို ၎င်းကျေးရွာမှ မောင်တောမြို့သို့ လာရောက်စဉ် လမ်းခုလတ် တွင် စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မွတ်ဆလင် ရွာသားများက ပြောသည်။ ဦးရှည့်ကျ မွတ်ဆလင်ရွာသား တဦးက “သူအဖမ်းခံရတယ် ဆိုတာတော့ ကျနော်တို့ ကြားတယ်။ ဘယ်လိုဖြစ်တယ် ဆို တာတော့ ကျနော်တို့လည်း အသေးစိတ် မသိဘူး။ မနေ့က မောင်တောဆေးရုံကို အလောင်းရောက်တယ်လို့ ကြားတယ်” ဟု ဧရာဝတီကို ပြောသည်။

မောင်တောမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံ က ယမန်နေ့ (သြဂုတ် ၃၁ ရက်) နေ့လယ်ပိုင်းလောက်က မွတ်ဆလင် ကျေးရွာသားတဦး၏အလောင်း ရောက်ရှိလာခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။ ဒေါက်တာနုကေသီစံ က “မနေ့ကတော့ မွတ်ဆလင်ရွာသား ဆေးရုံကို လာပို့တာ ရှိတယ်။ ဆေးရုံ ကုတင်ထက်ကို တင်တဲ့ အချိန်တော့ အသက်ရှိ သေးလို့ ပြောတယ်။ ကျမသွားကြည့်တဲ့ အချိန်တော့ သေဆုံးသွားပြီ။ သူ့မှာ ပြင်ပဒဏ်ရာ အနည်းငယ် တွေ့တယ်။ ကျမတို့ ဆေးစစ်ဆေးချက် အရတော့ သေဆုံးတဲ့ပုံစံက နှလုံးရပ်လို့ သေဆုံးသွားတယ်လို့ ယူဆလို့ ရတယ်” ဟု ပြောသည်။

အဆိုပါ ဦးရှည့်ကျ မွတ်ဆလင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား စစ်တပ်က မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်၊ မည် သို့ သေဆုံးသွားသည် ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေသအာဏာပိုင်များကို ဧရာဝတီက မေးမြန်းရန် ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပေ။

၁၇။ မိုင်းရယ်မြို့နယ် အတွင်း TNLA ကျေးလက်လူထု စာရင်းကောက်
August 31, 2021

သျှမ်းပြည် မြောက်ပိုင်းအတွင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သည် မိုင်းရယ်မြို့နယ်အတွင်း လှုပ်ရှားရောက်ရှိလာကာ ကျေးလက်လူထု စာရင်း ပထမဆုံးအကြိမ် ကောက်ယူနေကြောင်း ဒေသခံများကပြောသည်။

သြဂုတ်လနှောင်းပိုင်းအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် တန့်ယန်းမြို့၊ မိုင်းရယ်မြို့ သို့ ရောက်ရှိလှုပ်ရှားနေပြီးကျေးလက် ရွာသားများကို ခေါ်ယူကာ အိမ်ထောင်စုစာရင်းများတောင်းယူစစ်ဆေးသည်ဟုသိရသည်။ ထို့နောက် အသက် ၁၈ ပြည့်ပြီးသူများ စာရင်း အသက်မပြည့်သေးသူအပါအဝင် ကျား၊မ စာရင်းများပါမကျန်ရေးသားမှတ်ယူ သွားသည်ဟု ရွာသားများက ပြောသည်။“ပြီးခဲ့တဲ့ တစ်ပတ်လောက်က TNLA တပ်က မန်ဖိုင်ကျေးရွာအုပ်စု လွယ်တုံးခမ်း ကျေးရွာ၊ နားဖျိုင်းကျေးရွာ အုပ်စု၊ မန်ပုံကျေးရွာအုပ်စုဝင် ရွာသားတွေကို မတ်ဟင်တန် (မၢၵ်ႇႁိၼ်တၢင်ႇ) ရွာမှာ အစည်း အဝေးခေါ် တယ်၊ အစပိုင်းကတော့ ကျန်းမာရေးအတွက်ပဲဟောပြောပါတယ်၊ နောက်တော့ အိမ်သားဘယ်နှစ် ယောက်ရှိလဲ၊ အသက် ၁၈ နှစ်ပြည့် ဘယ်လောက်ရှိလဲတွေပါမေးတယ်၊ စာရင်းမှတ်ယူသွားတယ်”ဟု မိုင်းရယ်မြို့နယ် ဒေသခံရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိနိုင်ငံရေး ဒေသတွင်းစစ်ရေးမတည်မငြိမ်ဖြစ်နေချိန် ကျေးလက်လူထု စာရင်းကောက်ယူနေရသည့်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA တာဝန်ရှိသူများအား သျှမ်းသံတော်ဆင့်မှ ကြိုးစားဆက်သွယ်သော်လည်း ဖုန်းလက်ခံခြင်းမရှိပေ။ အဆိုပါ စာရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး မိုင်းရယ် ဒေသခံအချို့က TNLA တပ်မှ တပ်သားသစ်လာ ရောက်စုဆောင်း မည်ကို စိုးရိမ်နေကြသည်။“သျှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေလို့ စစ်ဘေးရှောင် တွေကလည်း မနည်းတော့ဘူး၊ စစ်ဘေး မရှောင်ရတဲ့ ပြည် သူ တွေကလည်း ကိုယ့်အိမ်ကိုယ့်ရွာမှာ နေပြီး ကပ်ရောဂါကို ရင်ဆိုင်နေကြ ရတာ၊ ဒီကြားထဲ အိမ်သားတစ် ဦးလောက်က စစ်မှုထမ်းရရင်တော့ အဲ့မိသားစု ဒုက္ခရောက်မှာ သေချာတယ်” ဟု နမ့်ဆန်မှ ဒေသခံတစ် ဦးကပြောသည်။

၁၈။ အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့် ဖားကန့်တွင် ကုန်ဈေးနူန်း အဆမတန်မြင့်တက်လာ
31 August 2021

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများဖြတ်တောက်လိုက်ပြီးနောက် စစ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် စားနပ်ရိက္ခာ ဝယ်ယူစုဆောင်းမှု ပိုများလာကာ ကုန်ဈေးနူန်းအဆမတန် မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။“အင်တာနက်လိုင်းဖြတ်ခံရတော့ အားလုံးက စစ်ရေးအခြေနေ တင်းမာလာမှာကို စိုးရိမ်ကြတော့ အခြေခံအစား သောက်တွေ ဝယ်စုဆောင်းကြတယ်။ အဲတော့ကုန်ဈေးနူန်းတွေက တစ်ဖြည်းဖြည်းနဲ့တက်လာတာ ပြန်ကိုမကျတတ်တော့ဘူး။ အရင်ကဆို ချင်းတုံးတစ်အိတ်ကို ၃ သောင်းကျော်ရှိတယ် ခုက လေးသောင်းကျော်လောက်ရှိပြီ။ ဒါကအကြမ်းဖျင်းပေါ့ ဓါတ်ဆီ တွေကော တစ်ခြားကုန်ဈေးနူန်းတွေကော အရင်ကထက်ပိုထိုးတက်သွားတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးကပြော သည်။

ဖားကန့်မြို့နယ်တွင် ဩဂုတ်လ (၂၀) ရက်နေ့မှစကာ ဖုန်းအင်တာနက် wifi အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြီးနောက် ကုန်ဈေးနူန်းမြင့်တက်လာသည့်အပြင် ငွေလွှဲဝန်ဆောင်မူများ လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် ပိုမိုခက်ခဲလာကြောင်း ၎င်းက ဆက်ပြောသည်။ ဖားကန့်မြို့သည် အဖိုးတန်ဆုံးကျောက်စိမ်းထွက်ရှိရာနယ်မြေဖြစ်သည့်အပြင် စစ်ကောင်စီ၏ စီးပွားရေးအကျိုးအမြတ် အများဆုံးရရှိသည့်နေရာဖြစ်သည့်အတွက် အင်တာနက်လိုင်းဖြတ်ကာ စစ်ရေးအတွက် လက်ဦးမူ ရယူထားသည့်အခြေနေဖြစ်နိုင်ကြောင်း ဒေသခံများအချို့က သုံးသပ်ပြောဆိုသည်။

“အင်တာနက်လိုင်းဖြတ်တော့ ဥပမာ ကိုဗစ်အခြေနေ ဘယ်ရပ်ကွက်မှာ ဘယ်လိုဖြစ်နေပြီလဲဆိုတာလည်း မသိရတော့ဘူး။ ပြီးတော့လူ့အခွင့်ရေးချိုးဖောက်မူများ ရှိနေခဲ့ရင်လည်း သိရဖို့ ရမ်းခက်ခဲသွားပြီ။ အဲကြောင့် ဖြစ်နိုင်ရင်တော့ အင်တာနက်လိုင်း ပြန်ပေးဖို့ပြောချင်ပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ဖားကန့် မြို့နယ်တွင် အင်တာနက်လိုင်းဖြတ်တောက်ခံရသည်မှာ ၁၁ရက်ရှိပြီဖြစ်သည်။

၁၉။ ဖာပွန်ခရိုင်၌ ၁ လအတွင်း တိုက်ပွဲပေါင်း ၁၃၀ ဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၁၈ ဦးသေဆုံး

31 August, 2021

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်) အတွင်း ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရရှိကြောင်း မူတြော်ခရိုင်က သတင်း ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတဦး ပါဝင်ကြောင်း နဲ့ ကေအန်ယူ တပ်မဟာ ၆ ဘက်မှာတော့ ၅ ဦး ဒဏ်ရာရရှိကာ ကျဆုံးသူ တဦးတယောက်မှ မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ပြည်သူတွေ လုပ်ကိုင်စားသောက်ရာ လယ်ယာ၊ ဥယျာဉ်ခြံမြေတွေအတွင်း လက်နက်ကြီးအလုံးပေါင်း ၁၂၀ ပစ်ချခဲ့ကြောင်း၊ ပြည်သူ့အိမ်ရာ ၆ လုံး မီးလောင်ပျက်စီးကာ သာမန်ပြည်သူ ၃ ဦး ရိုက်နှက် ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ မူတြော် (ဖာပွန်) ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း လေယာဉ် ၅ ကြိမ် လာ ရောက်ထောက်လှမ်းခဲ့တဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့ ဘန်ကာတွေ၊ ဗုံးခိုကျင်း သွားရောက်ခိုလှုံဖို့နေရာ ပြင်ဆင်ထားဖို့ တပ်မဟာ ၅ ခေါင်းဆောင်တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

၂၀။ သံတွဲမြို့တွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သည့် လူငယ်ငါးဦးအား ဖမ်းဆီးအမှုဖွင့်ထား
Sep 1, 2021

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားဖြင့်ထိုးသတ်ခဲ့သည့် ဆယ်ကျော်သက် လူငယ် လေးဦး အပါအဝင် စုစုပေါင်းငါးဦးတို့ကို သံတွဲမြို့နယ်၊ ဂျိတ္တောနယ်မြေရဲစခန်းက ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေ ကြောင်းသိရသည်။ သြဂုတ် ၂၅ ရက် နံနက် ၁၁ နာရီခန့်တွင် သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်၊ ငှက်စစ်တောင်ပေါ် လမ်းဘေးတွင် လူတစ်ဦးဒဏ်ရာများဖြင့်သေဆုံးနေကြောင်းသိရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ မှာ ဂွမြို့နယ်၊ ဘေးအင်းကျေးရွာနေ ဇော်မင်းထွန်း(၂၅)နှစ်ဆိုသူဖြစ်သည်ဟုသိရကြောင်း ရဲမှတ်တမ်း အရသိရသည်။

သေဆုံးသူ ဇော်မင်းထွန်းမှာ ငှက်စစ်တောင်ပေါ်လမ်း၏ ညာဘက်ခြမ်းလမ်းဘေး ဝါးရုံပင်အောက်တွင် သေဆုံးနေသည် ကိုတွေ့ရှိရကြောင်း သိရသည်။ ယင်းသေဆုံးမှုနှင့်ပတ်သက်၍ မသင်္ကာသူ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်နေ ရေလုပ် သားဖြစ်သည့် အောင်မင်းနိုင်(၂၁)နှစ်ကို ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းမှယင်းပြစ်မှုကို တစ်ရပ်ကွက်တည်းနေ ဝင်းမောင်း(၁၉)နှစ်၊ စိုးမင်းဟိန်း (၁၉)နှစ်၊ ဇော်လင်းဦး(၁၈)နှစ်နှင့် ကျော်လင်းနိုင်(၁၆)နှစ်တို့နှင့်အတူ ကျူးလွန်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲ မှတ်တမ်း တွင်ဖော်ပြသည်။

ယင်းဖြစ်စဉ်ကြောင့် ရရှိသောဒဏ်ရာများဖြင့် ဇော်မင်းထွန်းမှာ သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူများကို ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၂၁။ ကျိုင်းတုံမြို့ ပထမဆုံး (၂) နှစ်ကလေးငယ် ကိုဗစ် ကြောင့်သေဆုံး
September 2, 2021

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပန်မတ်ကျေးရွာအုပ်စု၊ ပန်မတ်ကျေးရွာက (၂) နှစ် အရွယ်ရှိ ကလေးငယ်တဦး ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုကလေးငယ်သည် ကျိုင်းတုံမြို့ပြည်သူဆေးရုံတွင် ကိုဗစ် ၁၉ ကြောင့် ဆေးလာကုသနေပြီး ယမန့်နေ စက်တင်ဘာ (၁) ရက်မနက် ၅ နာရီ အချိန်က သေဆုံးသွားခဲ့ကြောင်းသိရသည်။“ မနေ့က မနက်ပိုင်းမှာသေသွားတာ။ သနားပါတယ်။ ကလေး က ခံနိုင်ရည်အားမရှိဘူးလေ။ သူတို့က ရွာဖက်ကနေလာတာ။ ပန်မတ်ကျေးရွာလို့ပြောတယ်။ ကျိုင်းတုံမှာက ကလေးငယ် သေတာဆိုလို့ သူက ပထမဆုံးပဲ”ဟု ကျိုင်းတုံမြို့ ဒေသခံအမျိုးသမီးတဦးကပြောသည်။ ယမန့်နေ့တွင် ကျိုင်းတုံမြို့က သေဆုံးသူ (၂) ဦးရှိကြောင်း သိရသည်။“ အသက် (၅၀) အမျိုးသမီးက မနက် (၅)နာရီမှာသေတယ်။ ကလေးငယ်ကျတော့ (၅) နာရီခွဲမှာ သေသွားတယ်။ ကိုဗစ် ကြောင့်ပဲ (၂) ယောက်လုံးကသေသွားတာပါ “ ဟု ကျိုင်းတုံမြို့ ဒေသခံတဦးက ဆိုသည်။

၂၂။ KIO မိုင်ဂျာယန်မြို့တွင် Covid-19 ပိုးကင်းစင်လာ
2 September 2021

KIO ထိန်းချုပ်ရာနယ်မြေ မိုင်ဂျာယန်တွင် Covid-19 တတိယလှိုင်းအတွင်း ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိခဲ့သော်လည်း ပိုးကင်းစင်လာသည့်အတွက် ယခုချိန် လူဦးရေ ၁၀၀ ခန့်သာဆေးကုသမူခံယူနေတော့ကြောင်း ဗဟို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါတုံ့ပြန်ရေးကော်မတီမှ သိရသည်။

“မိုင်ဂျာယန် တစ်မြို့နယ်လုံးမှာ ပိုးတွေ့လူနာ အားလုံးဆို ၂၀၀၀ ကျော်ရှိတယ်။ အများဆုံးတော့ ကျောင်းသားတွေမှာ ဖြစ်တာ များတယ်။ ဒါပေမယ့် ခုတော့ ပိုးကင်းစင်သွားတာ တော်တော်များသွားပြီ။ စုစုပေါင်း ဆေးကုသမူခံယူနေတာ (၁၀၀) ဝန်းကျင် လောက်ဘဲရှိတော့တယ်” ဟု KIO ဗဟို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါတုံ့ပြန်ရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။

KIO ထိန်းချုပ် နယ်မြေ မိုင်ဂျာယာန်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့နူန်းများလာသည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လမှစကာ အသွား အလာကန့်သတ်မူများ ပြုလုပ်ခဲ့သည်။ ထို့နောက် ပိုးတွေ့လူနာများနဲ့ဆက်စပ်သူများ ဆေးကုသမူပြုလုပ်ခဲ့သည့်အပြင် မိုင်ဂျာယာန်မြို့အတွင်း ပိုးရှိမရှိ စစ်ဆေးမူ (၄)ကြိမ်တိုင် ပြုလုပ်ခဲ့သည့်နောက် ပိုးကင်းစင်မှုများလာသည့်အတွက် စက်တင်ဘာလ (၁)ရက်နေ့မှစကာ Lock Down ဖြေလျော့မူများ ပြုလုပ်ထားကြောင်း သိရသည်။ မိုင်ဂျာယန်မြို့တွင် ဆေးစစ်ဆေးမူ ခံယူသူ ဦးရေ ၁၄၀၀၀ ကျော်ခန့်ရှိသည့်အနက် လူဦးရေ ၂၀၀၀ ခန့်ပိုးတွေ့ရှိခဲခြင်းဖြစ် သည်။ KIO ထိန်းချုပ်ရာနယ်မြေဖြစ်သည့် လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့တွင် လက်ရှိချိန်၌ ပြည်သူများကို ကိုဗစ်ကာကွယ် ဆေးများထိုးနှံပေးနေဆဲဖြစ်ကြောင်း သိရသည်။

၂၃။ NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့် ချင်းလူငယ် ၄ ဦးကို စစ်ကောင်စီအမှုဖွင့်
August 31, 2021

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ခြန်းပြန်းရွာမှ သြဂုတ်လ ၂၀ ရက်နှင့် ၂၂ ရက်နေ့များတွင် ဖမ်းဆီးခံခဲ့ရသော လူငယ် (၄) ဦးကို စစ်ကောင်စီက NUG ပရိုဖိုင်ချိန်းထားခြင်းကြောင့်ဟုဆိုပြီး အမှုဖွင့်ထားကြောင်း သိရသည်။“၂၄ ရက်က ပုဒ်မ တပ်လိုက်တာ၊ သူတို့ကို အခု ပရိုဖိုင်မှာတွေ NUG ထောက်ခံတယ်ဆိုတဲ့ ပရိုဖိုင်တွေ ချိန်းထားလို့ဆိုပြီး ပုဒ်မနဲ့ တပ်ထားတယ်။ စစ်တပ်ထဲမှာပဲ ပိုလုံခြုံတယ်ဆိုပြီး အဲ့မှာပဲထားလို့ သိရတယ်။ အခုချိန်က လူငယ်တိုင်းလိုလို အဲ့လိုပဲထားကြတာပဲလေ” ဟု ၎င်းတို့နှင့်နီးစပ်သူ မတူပီဒေသခံတစ်ဦးထံမှ သိရသည်။

၎င်းတို့ကို မင်းတပ်စစ်ဆေးရေးဂိတ်နှင့် ဖနိူင်ရွာနှင့် မတူပီအကြား ဗျူဟာစစ်ဆေးရေးဂိတ်တို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂ (က) ဖြင့် တရားစွဲဆိုထားခံရသည်ဟု သိရသည်။ အဆိုပါ အဖမ်းဆီးခံရသူများ မှာ ကိုဒီဇင်ထန်း၊ ကိုထယ်တွီး၊ ကိုထောင်ပိန်း၊ ကိုစန်သိန်းတို့ဖြစ်ကြပြီး မလဲ့လဲ့ဝင်းဆိုသူကိုမှု အဖမ်းခံရသည့် သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီတွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

လက်ရှိ မတူပီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသူ မတူပီမြို့မှ ၁၀ ဦးအပါအဝင် စုစုပေါင်း ၁၄ ဦးဖမ်းဆီးခံထားရပြီး လက်ရှိထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

၂၄။ ရေဖြူမြို့နယ်တွင် စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုကြောင့် တိမ်းရှောင်နေသူအချို့ အိမ်မပြန်ရဲသေး
September 2, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၄ နယ်မြေ၊ ရေဖြူမြို့နယ် ကျေးဇူးတော်ကျေးရွာအနီးတွင် ဩဂုတ် ၂၆ ရက်နေ့က စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ် ဆောင်မည်ဟု သတင်း ထွက်ပေါ်လာသည့် အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ရကာ ယနေ့ အချိန်ထိ အချို့အိမ်မပြန်ရဲသေးကြောင်း ဒေသခံများ က ပြောသည်။ အဆိုပါကျေးရွာအနီးနားတွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ လက်နက်ချ အလင်းဝင်ရန်နှင့် လက်နက်မချပါက လက်စတုန်းချေမှုန်းမည်ဟု ရေးသားထားသည့်စာ ကျေးရွာအတွင်း လိုက်ကပ်ထား သည့်အတွက် ဒေသခံများ စိုးရိမ်ကာ တိမ်းရှောင်ရနေရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ယခုလို ပြောသည်။

လက်ရှိ အချိန်တွင် ကျေးဇူးတော်ကျေးရွာအပြင် ရှင်ထဘီရွာ၊ နှမ်ကျယ်စသည့်ကျေးရွာများရှိ ဒေသခံအချို့ နေအိမ် သို့ ပြန်လာ ခြင်းများရှိသလို အချို့က ပြန်မလာရဲသည့်အတွက် ရွာအပြင်ဘက်တွင် ဆက်လက်တိမ်းရှောင် နေထိုင်သူ များလည်း ရှိကြောင်း သိရသည်။ ကျေးဇူးတော်ကျေးရွာတွင် အိမ်ထောင်စု ၅၈ စုမှ လူဦးရေ ၂၂၄ ဦး၊ ရှင်ထဘီကျေးရွာတွင် အိမ်ထောင်စု ၆၈ စုမှ လူဦးရေ ၃၀၀ ဦးနှင့် နှမ်ကျယ်ကျေးရွာတွင် အိမ်ထောင်စု ၁၇ စုမှ လူဦးရေ ၆၂ ဦးရှိသည်ဟု ဒေသခံများ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

စစ်ကောင်စီတပ်ဘက်မှ PDF ကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာ-၄၊ ဘိတ်-ထားဝယ်ခရိုင် တစ်ခုလုံးနီးပါး လုံးပမ်းဆောင် ရွက်နေသည့်အတွက် နယ်မြေခံ KNUနှင့်ထိတွေ့ပစ်ခတ်မှုမရှိရန် သတိထားနေရသည့် အပိုင်းရှိကြောင်း တပ်မဟာ-၄၊ ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုစောဖလော်စိုးဝင်းက ပြောသည်။

၂၅။ Mask (နှာခေါင်းစည်း)တပ်တာ မကြိုက်တဲ့ ကိုရင်လေး ကိုဗစ်-၁၉ ဖြင့် ပျံလွန်တော်မူ
September 1, 2021

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ထမ်စန့်ဂူ ကျောင်းထိုင် ကိုရင်လေး (အရှင်ပေါရိသ) သည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ (စက်တင်ဘာ ၁)ရက် မနက် ၁၁နာရီ ၄၅မိနစ်တွင် ဟိုပုံးပြည်သူ့ဆေးရုံတွင် ပျံလွန်တော်မူကြောင်း စုံစမ်းသိရသည်။

ကိုရင်လေး သည် ကိုဗစ်-၁၉ ကူးစက်ခံရသည်မှာ ရက်ကြာလာနေပြီး၊ ထမ်စန့်ဂူတွင်သာ ဆေးကုသခံယူခဲ့ရာ ရောဂါ လက္ခဏာ ပြင်းထန်လာသည့်အတွက် ယမန်နေ့တွင် ဟိုပုံးပြည်သူ့ဆေးရုံသို့ ဆေးကုသခံယူခဲ့ကြောင်းသိရသည်။“ကိုဗစ် ဖြစ်တာ ကြာပြီ။ ဆေးရုံလည်းမတက်ဘူး။ သူ့ကျောင်းမှာပဲ တစ်ပတ်ကျော်ရှိပြီ။ အပြင်လူတွေကို အတွေ့မခံဘူး။ မနေ့ကမှ အခြေနေဆိုးလာမှ ဆေးရုံသွားကြတယ်လို့ပြောတယ်”ဟု ဟိုပုံးဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ အဆိုပါ ကိုရင် လေးသည် ကိုဗစ်-၁၉ ပထမလှိုင်းစတင်ဖြစ်ပွားစဉ်ကတည်းက ထမ်စန့်ဂူသို့ ခရီးသွားများကို တားဆီးပိတ်ပင်ခြင်းမရှိပဲ ကိုရင် လေးကျောင်းလာလျှင် ၎င်းပေးသည့် အဆောင်များကို ဆောင်ထားလျှင် ကိုဗစ်-၁၉ မကူးစက်နိုင်ကြောင်း မိန့်ကြားတော်မူခဲ့ ကြောင်း သိရှိရသည်။

“ကိုဗစ်-၁၉ စဖြစ်ကတည်းက ထမ့်ဆမ်းဂူတွေ သူ့ကျောင်းတွေကို ခရီးသွားတွေ လာနေတာကို တားဆီးတာတွေမလုပ်စေရ ဘူး။ သူ့ကျောင်းလာရင် မကူးဘူး သူ့အဆောင်တွေ ဆောင်ရင် မကူးဘူးဆိုပြီး ပြောတယ်။ သူ့ကိုပြောတာလည်း လက် မခံဘူး။”ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ ကိုရင်လေး ပျံတော်မူသွားသည်မှာ သက်တော် (၄၇) နှစ်ရှိပြီး အသက် (၆) နှစ်မှ စတင်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်လာခဲ့ပြီး လက်သန်းကို ဖြတ်လှူထားပြီး ကိုရင်လေး စတင်ဝတ်ခဲ့ ကြောင်း သိရသည်။“ကျနော့်တစ်ယောက်တည်းရဲ့အမြင်ဆိုရင် ဆရာတော်က သာသနာပြုတဲ့ ကိစ္စက နိုင်ငံတစ်ဝန်းရှိတယ်။ ပအိုဝ်းဒေ သတွေလည်း အများကြီးရှိတယ်။သာသနာနဲ့ ပတ်သက်ရင်တော့ အများကြီး ထိခိုက်သွားတယ် လို့တော့ ကျနော်မြင် ပါတယ်” ပအိုဝ်းတိုင်းရင်းသား တစ်ဦးကပြောသည်။ စစ်ကောင်စီများ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)အဖွဲ့အစည်းများ၊ ကျေးလက် ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ အများဆုံး ကိုရင်လေးကို ကိုးကွယ် ယုံကြည်ကြကြောင်း သိရှိရသည်။

၂၆။ ၈၂ ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို အကျဉ်းရုံးသာကျင်းပမည်

Sep 1, 2021

ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်မည့် (၈၂)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်အားအောက် မေ့ဖွယ်အခမ်းအနားကို စစ်တွေမြို့၌ အကျဉ်းရုံးပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့ ပန်းချီပညာရှင်များအသင်း ထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်းကြောင့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာမကျင်းပသော်လည်း ဆရာတော် ကြီး သီတင်းသုံးနေထိုင်ခဲ့သည့် စစ်တွေမြို့ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် အလှူဒါနပြုလုပ်သွားမည်ဟု ပန်းချီပညာ ရှင် များအသင်းမှ အတွင်းရေးမှူး ဦးကျော်ဇံမောင်ကပြောသည်။“ဆရာတော်ဦးဥတ္တမနေ့မှာ ပန်းခွေနဲ့ဆီမီးထွန်းပြီး ဂုဏ်ပြုသွား မယ်။ လိုအပ်ရင် တစ်ခြားအသင်းအဖွဲ့တွေက ဆရာတော်ကြီးအား ဂုဏ်ပြုကြရင်တော့ ကိုဗစ်စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားမယ်”ဟု ဦးကျော်ဇံမောင်ကပြောသည်။ ဆရာတော်ဦးဥတ္တမနေ့ကို စစ်တွေမြို့ရှိ ပန်းချီပညာရှင်များအသင်းမှ ဦးဆောင်ကျင်းပလာခဲ့သည်မှာ ၆ နှစ်အထိရှိခဲ့ပြီဖြစ်ကာ ပြီးခဲ့သည့်နှစ်က (၈၁)ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကိုလည်း ကိုဗစ်ကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

ယခင်နှစ်များက စစ်တွေမြို့တွင် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့် ဟော ပြော ပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်ပန်းချီပညာရှင်များစုပေါင်းကာ ပန်းချီပြပွဲကို လည်းပြုလုပ်ခဲ့ကြသည်။ ဆရာတော်ဦးဥတ္တမနေ့ကို ပျက်ပယ်ထားရန်မဖြစ်သင့်သည့်အတွက် ယခုနှစ်တွင်အကျဉ်းရုံးဖြင့် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ပွဲကျင်းပရေးမည့်ကိစ္စကိုလည်း ပြည်နယ်ကောင်စီထံအကြောင်းကြားသွားမည်ဖြစ် ကြောင်း ပန်းချီပညာရှင်များအသင်းထံမှ သိရသည်။ “အမှန်တကယ်ပြောရမယ်ဆိုရင် အာဇာနည်နေ့ကိုတောင် မြန်မာ တစ်နိုင်ငံလုံးမှာ ကျင်းပကြသေးတာပဲ။ ကျွန်တော်တို့မှာ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ညွှန်ပြခဲ့တဲ့ ဆရာတော် ဦးဥတ္တမနေ့ကိုတော့ ပူဇော်သင့်တယ်ဆိုတဲ့အသိစိတ်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်”ဟု ဦးကျော်ဇံမောင်ကဆိုသည်။

၂၇။ စိန်ရတု မွန်အမျိုးသားနေ့အတွက် Logo ပြိုင်ပွဲ ကျင်းပမည်ဟုဆို

August 31, 2021

လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျရောက်မည့် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနားအတွက် အထိမ်းအမှတ် အမှတ်အသား Logo ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ထံမှ သိရ သည်။ စိန်ရတု အခမ်းအနားဖြစ်သည်နှင့်အညီ အလေးအမြတ်ထားလျက် ကော်မတီအနေဖြင့် ယခုလို ခြောက်လ အလိုက တည်းက ဆွေးနွေးတိုင်ပင်ခြင်းများ အစည်းအဝေးများကို Online ကတဆင့် Zoom Application အသုံးပြုကာ ပြုလုပ် နေကြကြောင်း ယင်းကော်မတီထံမှ ထပ်လောင်းသိရသည်။

“သြဂုတ် ၂၉ ရက်ကတော့ ကော်မတီရဲ့ သုံးကြိမ်မြောက် အစည်းအဝေးပေါ့လေ၊ ကိုယ်စားလှယ်တွေက ၁၀ မြို့နယ် တက် ရောက်ပါတယ်။ နောက် သံဃာတော်က ငါးပါးပါ။ ပထမ ကျွန်တော်တို့ ဆုံးဖြတ်ချက်က ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့နဲ့ပတ်သက်ပြီးတော့ Logo ပြိုင်ပွဲ တစ်ခု လုပ်ပါမယ်။ အဲဒီပြိုင်ပွဲမှာ ၇၅ ဆိုတဲ့ စကားလုံး ပါရမယ်၊ နောက် ဟင်္သာပုံပါရမယ်။ ပြိုင်ပွဲတက်လာတဲ့ Logo တွေထဲကမှ တစ်ခုကို အကောင်းဆုံး ရွေးပြီးတော့ စိန်ရတု မွန်အမျိုးသား နေ့ အခမ်းအနားမှာ ဆုငွေ ကျပ် တစ်သိန်းခွဲ ချီးမြှင့်သွားမှာပါ” ဟု မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) ဥက္ကဋ္ဌ နိုင်မွန်ရာဇာ က ပြောကြားသည်။

မွန်အမျိုးသားနေ့အခမ်းအနားကို မြို့ နယ်အဆင့်၊ ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း ကျင်းပလေ့ရှိကြသည်။ သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့ကြရာ ယခု လာမည့်အကြိမ်မှာ ၇၅ ကြိမ်မြောက် စိန်ရတုအခမ်းအနား ဖြစ်သည်။

၂၈။ မောင်တောတွင် လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့ တိုက်ခိုက်မှုကြောင့် ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ
2 September 2021

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင် မွတ်စလင်ကျေးရွာအတွင်း မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဝင်ရောက် တိုက်ခိုက်မှုကြောင့် ကျေးရွာ တာဝန်ခံ ၁ ဦး သေဆုံးကာ ၂ ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရ သည်။

(စက်တင်ဘာလ ၂ ရက်) နံနက် ၁ နာရီ ဝန်းကျင်ခန့်က ပန်းတောပြင်မွတ်ဆလင် ကျေးရွာတာဝန်ခံ မူဟီးဘူရာမာန် (၄၈ နှစ်) နေအိမ်သို့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပန်းတောပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဏ္ဏာဝါက ပြောသည်။ ဦးအဏ္ဏာဝါက “မိသားစုဝင်တွေ ပြောပြချက်အရတော့ မွတ်စလင် စကားပြောတဲ့ လက်နက်ကိုင်အဖွဲ့တခုက သူတို့နဲ့ လိုက်ခဲ့ဖို့ ခေါ်တယ်။ သူက မလိုက်ဘူး။ အဲဒီအချိန် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ သူ့ကို သေနတ်နဲ့ ပစ်ပြီး သူနဲ့ ညီအစ်ကို တော်စပ်သူ ၂ နှစ်ယောက်ကိုလည်း အဲဒီအဖွဲ့က ဓားနဲ့ ထိုးသွားတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြေ ာသည်။ ထိုသို့ ပစ်ခတ် တိုက်ခိုက်သည့်အတွက် ကျေးရွာတာဝန်ခံ မူဟီးဘူရာမန်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသလို ညီ အစ်ကို တော်စပ်သည့် အသက် ၃၀ အရွယ် အဒူမူနက်နှင့် ရှားဘူလ်တို့မှာလည်း ဓားထိုးဒဏ်ရာများ ရရှိခဲ့သည့်အတွက် မောင်တောပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဦးအဏ္ဏာဝါက ဆက်လက်ပြောကြားသည်။

ဦးမောင်အုန်းက “ပန်းတောပြင်ကိစ္စကို ကြည့်မယ်ဆိုရင် နယ်မြေမှာ လုံခြုံရေး စိတ်ချရမယ့် အနေအထား မရှိဘူး။ အဲဒီ အနီး ဝန်းကျင်မှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေလည်း ရှိတယ်။ နောက်တခါ ဒီလိုမျိုးဖြစ်စဉ်တွေက အခု တကြိမ်ဖြစ်တာ မဟုတ်ဘူး။ မကြာခဏ ဆိုသလို ဖြစ်နေတော့ ဒါက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတွေမှာ တာဝန်အပြည့် ရှိတယ်” ဟု ဧရာဝတီသို့ ပြော သည်။ မောင်တောမြို့နယ်အတွင်း အဓိက လှုပ်ရှားသည့် မွတ်စလင် လက်နက်ကိုင်များမှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO)၊ ရခိုင်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော်(ARSA) အဖွဲ့တို့ဖြစ်ပြီး မကြာခဏ ဆိုသလို မွတ်စလင်ကျေးရွာသား များကို ဆက်ကြေးတောင်းခံခြင်း၊ ဖမ်းဆီးခြင်းများ ရှိကြောင်းလည်း သိရသည်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။