• Today is: Tuesday, April 16, 2024

နေ့စဉ်သတင်းအကျဉ်း

မေလ – ၂ – ၂၀၂၂ ခုနှစ်

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်မလိုသည့် ပြည်သူများကို စစ်ကောင်စီ တပ်က အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယနေ့ ၂၀၂၂ ခုနှစ် မေလ(၂)ရက်နေ့ အသက်သေဆုံးခဲ့ရသည့် ပြည်သူ ( ၁၈၀၃ )ဦးအထိ ရှိပြီဖြစ်သည်။ ဒါ့အပြင် မတရားဖမ်းဆီးခံခဲ့ရသူ ( ၁၃၅၂၆ )ဦးအထိရှိခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွက်ပြေးသိမ်းရှောင်နေရသူ ( ၁၉၇၇ ) ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

  • ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နဲ့နေပြည်တော်ကိုသွားတဲ့ လမ်းမကြီးပေါ်ရှိ လိန်းလီ ကြိုးတံထား ဂိတ်စောင့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို Pekhon PDF တပ်ရင်း(၁), တပ်ရင်း(၂)နဲ့ KNDF B03 ပူးပေါင်းအဖွဲ့ဟာမေ၁ရက်က ဝင်ရောက်ပစ်ခတ်တိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲဟာ အဲ့ဒီနေ့မနက် ၅ နာရီခွဲကနေ မနက် ၇ နာရီထိ ကြာမြင့်ခဲ့သလို အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျရှုံး ဒဏ်ရာရရှိမူတွေ များပြားခဲ့ပေမယ့် အရေအတွက်အတိအကျတော့ မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Pekhon PDF နဲ့ KNDF တပ်ဖွဲ့တွေဘက်ကတော အထိအခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

  • ရှမ်းမြောက် မူဆယ်မြို့နယ် ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ (PSDA-Muse)မှ တပ်ဖွဲ့ဝင် တစ်ဦးရဲ့ အစ်မဖြစ်သူကို မနေ့ညနေ ၄ နာရီခွဲခန့်မှာ မူဆယ် စရဖက ဖမ်းဆီးသွားပြီးနောက် ရဲစခန်း က မောင်လေးဖြစ်သူနဲ့ လာရောက် လဲလှယ်ခိုင်းနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူဟာ (၄၅) ကုန်းနေ မနွေးရတနာနွယ် (၂၇ နှစ်)ဆိုသူဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ရွှေထည်ပစ္စည်းရောင်းဝယ် နေသူဖြစ်ပြီးတော့ ၎င်းကို မူဆယ် စရဖက ရွှေဝယ်မယ်ဆိုပြီး ချိန်းတွေ့စဥ် တစ်ခါတည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မနွေးရတနာနွယ်ကို ဖမ်းဆီးသွားတာ ကြောင့် မိသားစုဝင်တွေ ရဲစခန်းထဲ သွားရောက်တွေ့ဆုံချိန်မှာ ၎င်းရဲ့ မောင်လေးဖြစ်သူနဲ့ လဲလှယ်မှ သာ ပြန်လွတ်ပေးမယ်လို့ ရဲဘက်က ပြောဆိုထားသလို မိသားစုဝင်တွေကလည်း မနွေးရတနာနွယ် ရဲ့ မောင်လေးဖြစ်သူကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက အမွေပြတ် စွန့်လွှတ် ကြောင်း ကြေညာထားပြီ ဖြစ်ပါတယ်။

 

  • မွန်ပြည်သစ်ပါတီက ဦးဆောင်ပြုလုပ်သည့် မွန်အမျိုးသား ညီလာခံတစ်ရပ်ကို မေလ ၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ၄ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ညီလာခံကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေး ချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီ စားစခန်းတွင် ကျင်းပနေခြင်းဖြစ်သည်။ ယင်းညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူနှ င့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေး အကောင် အထည်ဖော် သွားရန်ရှိသည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန် ထားသည်။

 

  • ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ ဥက္ကဌဟောင်း ခွန်ထွန်းဦး၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့၊ ရေဝေးသုသာန်တွင် ယနေ့ မေလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ခွန်ထွန်းဦးသည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်သူဖြစ်ပြီး မြန်မာ့နိုင်ငံရေးလောကတွင် အများက လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။ အသက် ၇၉ နှစ် ရှိ ဦးခွန်ထွန်းဦးသည် ၁၉၈၈ လူထု အရေးတော်ပုံကာလနောက်ပိုင်းတွင် SNLD ပါတီကို ဦးဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ တွင် သီပေါမြို့နယ်၌ ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်သည်။

 

  • မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလ အတွင်း ဖမ်းဆီးခံရ သည့် သတင်းသမား ၁၄၃ ဦးထက်မနည်းရှိခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများ ဖိနှိပ်ခံရမှုစံချိန်တင်ခဲ့သည်ဟု ISP (Institute for Strategy and Policy- Myanmar) က မေ ၂ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက် မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာလုပ်ငန်း ၁၁ ခုကို လိုင်စင် ပိတ်သိမ်းခဲ့ ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရ ကြောင်း၊ ၎င်းအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း ဖော်ပြသည်။

 

  • မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ တစ်ထောင် ကျော် နေရပ်စွန့် ခွါထွက်ပြေးနေရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် အကူအညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။ “အိမ်တွေလည်း မီးလောင်တော့ ကရင်ရွာရော ဗမာရွာရော လူတွေအကုန် ထွက်ပြေးကုန်ကြပြီ “ဟု ကျောင်း နိမ့်ရွာနှင့် တစ်မိုင်ခန့်သာ ကွာဝေးသည့်ဂျက်ဂါရွာ ဒေသခံတစ်ဦး ကပြောသည်။ တိုက်ပွဲဖြစ်သည့် ကျောင်းနိမ့် ရွာအပါအဝင် ပိန္နဲတောင်၊ ဆားခဲစသည့် ကျေးရွာ သုံးရွာမှ လူဦးရေတစ်ထောင်ကျော် ထွက်ပြေးနေရပြီး စစ်ရှောင်ပြည်သူများအား ပုလောစစ်ဘေး ရှောင် စီမံခန့် ခွဲရေး ကော်မတီ IDPCMC အဖွဲ့နှင့် ပြည်သူ့ကွယ်ရေး မဟာမိတ်တပ်ပေါ င်းစုများက ဘေးကင်း လုံခြုံရ သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေး တပ်ဖွဲ့PRDF က ယနေ့ မတ် ၂ ထုတ်ပြန်သည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းတွင် ကျဆုံးသွားသော သီဟသူ(ခ)ကိုဝေဖြိုး၏ နှစ်ပတ်လည်ဖြစ်သည့် ယနေ့ မေ ၂ ရက်နေ့တွင် သီဟသူ(ခ)ကိုဝေဖြိုးကို ဂုဏ်ပြုချီတက် ဦးညွှတ် အလေးပြုခြင်းနှင့် ဖက်ဆက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ခဲ့ ကြသည်။

 

  • လောင်းလုံးမြို့နယ် ကျေးရွာတစ်ခုမှာ အမျိုးသမီးတွေနဲ့ လူငယ်တွေပူးပေါင်းပြီး ဒီနေ့မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးက တော်လှန်ရေးမှာ ပြည်သူတွေဆက်လက် ပူးပေါင်း ပါဝင်ပေးကြဖို့နဲ့ ပြည်သူတွေအနေနဲ့ နေ့စဥ်ပုံမှန်ဘဝတွေထဲကနေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ကြဖို့ စည်းရုံးဟောပြောခဲ့ကြတယ်လို့သိရပါတယ်။

 

  • လောင်းလုံးမြို့နယ် လုံးဆိုင်ရာ‌ အခြေခံ ပညာ ကျောင်းသားများ သမဂ္ဂနှင့် လူငယ်များ ဦးဆောင် ကာ ယနေ့ မေလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ ကြောင်းသိရသည်။

 

  • ကျောက်တန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ မေလ ၂ ရက်နေ့တွင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းတံတားတွင် ❝ တောင်တန်း/ပြည်မ ညီညွတ်ကြ ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ ❞ ဟူသောစာသားပါဘန်နာအား ချိတ်ဆွဲခြင်းနှင့် ကျောက်တန်းမြို့နယ်ရှိ ကျေးရွာများ တွင် ❝ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ ❞ ၊ ❝ တောင်ပေါ် /မြေပြန့် ညီညွတ်ကြ ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ ❞ ၊ ❝ ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်တွန်းလှန် တိုက်ပွဲအောင်လံ ထူကြလွှင့်ကြ (ဟံသာဝတီ ဦးဝင်းတင်) ❞ ၊ ❝ ပြည်သူလူထု အနာဂတ်အတွက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ❞၊ ❝ တော်လှန်စစ်ကိုထောက်ခံကြ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ရှိရမယ် ❞ ဟူသောခေါင်စဥ်များကို Sticker လိုက်ကပ်​​ခြင်းတို့ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ယနေ့ မေလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ သွေးစွန်းငွေ ဖြတ်တောက်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု များက ၄၁၈ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု မေ ၂ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် “သွေးမအေးတဲ့ ရွှေနွယ်သွေး” သပိတ်စစ်ကြောင်း ၃၇၂ မြောက်နေ့အဖြစ် မေလ ၂ ရက်နေ့ ညနေပိုင်းတွင် “China: Respect Myanmar People’s Voice Stop Supporting Fascist Criminals” (သို့ . . . တရုတ်အစိုးရ မြန်မာပြည်သူများဆန္ဒကို အလေးထားပါ။ ဖက်ဆစ်ရာဇဝတ် ကောင်များအားထောက်ခံပံ့ပိုးနေခြင်း ကို ရပ်တန်းက ရပ်ပါ) ဘန်နာ ကိုင်စွဲ လမ်းလျှောက်ချီတတ် ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း ဒေသ ၅/လက်ပံတောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂ ရက်နေ့တွင် “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂ ရက်နေ့တွင် “အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့” စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၂ ရက်နေ့တွင် ပြုလုပ်ကြသည်။

 

  • ဝက်လက်မြို့နယ် လူထု သပိတ်စစ်ကြောင်း ဖြိုခွင်း ခံရခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် အဖြင့် ဝက်လက် ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂ရက်နေ့တွင် ဝက်လက်မြို့နယ် စစ်ကောင်စီ ဗျူဟာလမ်းပေါ်ထိ “မကျေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။ ထို သပိတ် စစ်ကြောင်း ကို ဝက်လက် တော်လှန်ရေး တပ်ဦး (WPRF)၊ တော်ဝင်ဒေါင်း၊ ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁၅) ၊ တပ်ရင်း (၁၇) နှင့် တပ်ရင်း (၂၃) တို့်မှ လုံခြုံရေးပေးကာ လိုက်ပါဝန်းရံ ခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ်တောင်ပိုင်းတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂ ရက်နေ့တွင် “တပ်ပျက်နေပြီဟေ့” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်နိုင်ရန်အတွက် ဝါဒဖြန့်စာရွက်များကို ယနေ့ မေလ(၂)ရက်နေ့ နံနက်အစောပိုင်းက ပုဂ္ဂလိက ဈေးတစ်ခုနှင့်အနီး နေရာများတွင် ဖြန့်ကြဲထားကြောင်း သိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် ကျေးရွာများ အတွင်း စစ်ကြောင်းထိုးမှုများ ပြုလုပ်ပြီး လူနေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံ ပြည်သူများကို ဖမ်းဆီးနှိပ်စက် ခြင်းများ ပြုလုပ်နေသည့် ဖြစ်စဉ်များကို ဖော်ပြသည့် သတင်းဌာနများကို သတင်း အမှားများ ဖြန့်ဝေသည်ဟု သတ်မှတ်ကာ ပြည်သူများ ယုံကြည်ရန်အတွက် လက်ကမ်း စာရွက်များ ပြုလုပ်ပြီး နည်းမျိုးစုံဖြင့် ဖြန့်ဝေနေခြင်း ဖြစ်သည်။

 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအနီး မန္တလေး – မိုးကုတ်လမ်းမကြီးပေါ် Alpha ဘိလပ်မြေစက်ရုံအဝင်လမ်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို မတ္တရာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ယနေ့ မေလ(၂)ရက်နေ့ နံနက်(၂)နာရီ (၂၃)မိနစ်အချိန်က ဝင်ရောက်စီးနင်းတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ များပြားနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။ “တိုက်ခိုက်မှုမှာ မိနစ်(၂၀)ခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ အထိအခိုက် အကျအဆုံးများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် က သတင်းထုတ်ပြန်ထား ဖြစ်သည်။

 

  • ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု ကုန်ပေါင်းရွာမှာ နေထိုင်တဲ့ အသက် (၁၆)နှစ် အရွယ် ကိုရင်လေး အရှင်ဓမ္မသေနဟာ အရိုးကင်ဆာ ဝေဒနာ ခံစားနေရပြီး ငွေကြေး အခက်အခဲ ရှိနေပါတယ်။ အရိုးကင်ဆာ ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ လက်ရှိ အချိန်ထိ မန္တလေးရှိ ဇီဝိတဒါန သံဃဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ ကိုရင် ရှင်ဓမ္မသေန အတွက် ပါဝင်ကူညီပေးလိုသူတွေအနေနဲ့ ဖုန်း 09-899 826 834 (K-Pay, Wave)သို့ ဆက်သွယ် နိုင်ပါတယ်။

 

  • စစ်တွေ-ရန်ကုန် ကားလမ်းမတစ်ခုဖြစ်သည့် စစ်တွေမြို့အဝင်လမ်းရှိ ကျောက်တန်းစစ်ဆေးရေး ဂိတ်တွင်ယခင်ထက်ပိုမိုစစ်ဆေးမှုများတင်းကျပ်နေသည်မှာ တစ်ပတ်ကျော်ခန့်အထိရှိလာပြီဖြစ် ကြောင်း ဖြတ်သန်းသွားလာနေသည့် ကားသမားများထံမှ သိရသည်။ စစ်ဆေးရာတွင် ရဲနှင့် စစ်ကောင်စီတပ်သားများပါဝင်ပြီး ရန်ကုန်ဘက်မှလာသည့် ခရီးသည်ကားများနှင့် ကုန်ကားများကို အဓိကထားစစ်ဆေးမှုရှိသည်ဟု ကားသမားများကပြောသည်။ ကုန်ပစ္စည်းသယ်ဆောင်လာသည့် ကားများမှာ ထောက်ခံချက် စာရွက်စာတမ်းအပြည့်အစုံယူဆောင်လာသော်လည်း ကားများရပ်တန့် ကာ အချိန်ကြာမြင့်စွာစစ်ဆေးခံနေကြရပြီး ခရီးသည်တင်ယာဥ်များတွင်လည်း မှတ်ပုံတင်အပြင် တစ်ခြားအရာများအားစစ်ဆေးမှုတို့ရှိတတ်သည်ဟု ရန်ကုန်-စစ်တွေ Express ကားမောင်သူတစ်ဦး ကပြောသည်။

 

  • စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့ အဂတိအမှုကို မေ ၂ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိ အထူးတရားရုံးမှာ စတင်ကြားနာစစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အပြည့်စုံဖတ်ရန် – http://burmese.dvb.no/archives/531056

 

  • တယ်လီဖုန်းဖြင့် ဆဲဆိုစိန်ခေါ်ခဲ့သော စစ်ကောင်စီတပ်သားများဖြင့်အင်အားဖြည့်ထားသည့် ရေမျက်နီရဲစခန်းအား YDF (Htilin) အထူးကွန်မန်ဒိုတပ်ဖွဲ့မှ သတိပေး တုန့်ပြန်သည့်အနေဖြင့် ယနေ့ ဧပြီ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YDFက ထုတ်ပြန်ထားသည်။ ပစ်ခတ်တိုက်ခိုက်ချိန် မိနစ်(၃ဝ) ခန့် ကြာမြင့်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်သား တစ်ဦးသေ၊ (၂)ကောင်ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ပြီး ထပ်တိုးများလည်း ရှိနိုင်ကြောင်း YDF ကဆိုသည်။