• Today is: Saturday, April 20, 2024

စစ်ကောင်စီစခန်း KNLA ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

Photo-Credit

ဖက်ဒရယ်ဂျာနယ် ( ဖေဖော်ဝါရီ / ၁၅)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်ခရိုင်)ရှိ စစ်ကောင်စီတပ်စခန်းများအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တစ်ရက်အတွင်း ၃ ကြိမ် ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ရာ စစ်ကောင်စီဖက်မှ ၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ ခွဲတွင် စစ်ကောင်စီတပ်များတပ်စွဲရာ ညာဃေါ်ကျိုး (သူးမွဲထာမြောက်ဖက်) စခန်းအား KNLA တပ်မဟာ ၅ က နံနက် ၆ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ရာ တွင် စစ်ကောင်စီတပ်သား တစ်ဉီးသေဆုံးသွားကြောင်း မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

၎င်းအပြင် ထိုနေ့ နံနက် ၈နာရီခွဲအချိန်ခန့်တွင် ထူမောဒဲ(ဖာပွန်အရှေ့ဖက်)တံတားဦးရှိ စစ်ကောင်စီ တပ်စခန်းအား KNLA တပ်မဟာ ၅၊ တပ်ရင်း(၁၅)၊ တပ်ခွဲ(၂)တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီဖက်မှ(၄)ဉီး သေဆုံးခဲ့သလို ထိုနေ့တွင်ပင် စစ်ကောင်စီ၏ခူးသူး ထာစခန်းအား KNLA-တပ်ဖွဲ့က ထပ်မံတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ် (၂)ဉီးသေဆုံးပြီး (၃)ဉီးဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါဖြစ်ပွားသည့် တိုက်ပွဲ(၄)ကြိမ်တွင် KNLA တပ်မဟာ ၅ ဘက်မှ တစ်စုံတစ်ရာထိခိုက်ကျဆုံး မှုမရှိကြောင်း မူတြော်ခရိုင်သတင်းစဉ်တွင် ဖော်ပြထားသည်။