• Today is: Wednesday, April 17, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 13, February 18, 2022)

 

၁။ မိုးဗြဲတိုက်ပွဲမှာ PDF ရဲဘော် ၁ ဦး ကျဆုံး
17 February, 2022

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက် ကျဆုံးခဲ့တယ်လို့သိရပါတယ်။ ကျဆုံးသွားတဲ့ရဲဘော်ဟာ MBPDF လင်းယုန်တပ်ခွဲမှ ရဲဘော်‌တယောက် ဖြစ်ပြီး သူ့ကို Dove KK အပါအဝင် ဒေသကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားကယ်ထုတ်ခဲ့ပေမဲ့ ကျဆုံးခဲ့ရတယ်လို့ Dove KK ဆေးတပ်ဖွဲ့ကသူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ထိုးစစ် ဆင် လာတာကြောင့် ဖေဖော်ဝါရီလ ၁၅ ရက် စတင်ပြီး ကရင်နီမဟာမိတ်တပ်ပေါင်းစုတွေနဲ့ စစ်‌ကောင်စီတပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပါတယ်။

မိုးဗြဲ PDF ရဲ့ မနေ့ကထုတ်ပြန်ချက်အရ တိုက်ပွဲတွေကြောင့် PDF ဘက်က ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိထားပြီး စစ်ကောင်စီ ဘက်က အထိအခိုက် အကျအဆုံးများနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်မှုတွေ ကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ပြည်သူတွေရဲ့ နေအိမ်‌တချို့လည်း ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ တိုးတက် သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ်ပြန်ချက်အရ ကရင်နီပြည်အတွင်း ပြည်သူ ၁၉၅ ယောက် ကျဆုံးခဲ့ရပြီး၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၆၀ ဆုံးကာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၆၅၁ ယောက် ကျဆုံးခဲ့ရ တယ်လို့ သိရပါတယ်။

၂။ ဖလူးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းကျဆုံးပြီး လက်နက်ကြီးငယ်အချို့ KNLA သိမ်း ဆည်းရရှိ
February 17, 2022

ယမန်နေ့က ဖလူးဒေသတွင်ဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် ဖွဲ့နှင့် စစ်ကောင် စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်းကျဆုံးကာ လက်နက် ကြီးငယ်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆင်ရေးကို ဦးဆောင်သူ တပ်မှူး တစ်ဦးက ကေအိုင်စီသို့ ပြောသည်။ စစ်ဆင် ရေးဦးဆောင်သူ KNLA ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးဗိုလ်ကြီး စောဒါဘောက “သူတို့ဘက်က သေတာကတော့ အတိအကျတော့ မသိရသေးဘူး။ ဒါပေမဲ့ ခန့်မှန်းမိသလောက်တော့ ၁၀ယောက်တော့ ကျော်တယ်။ ကျနော်တို့ တက်ပစ်တာ အဲ့မှာတော်တော် များထိတာပဲ။ တချို့က အလောင်းပြန် ကောက်သွားနိုင်တယ်တော့ အကုန်မတွေ့ လိုက်ရဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်များခြေကုပ်ရယူထားသော လက်နက်ကြီးပစ် စခန်းကုန်းအပါအဝင် ဖလူးဒေသတစ်ခုလုံးကို တက်ရောက်ရှင်းလင်းခဲ့ရာတွင် ၆၀ မမ၊ RPG နှစ်လက်၊ လက်နက်ငယ် နှစ်လက်နှင့် ကျည်ဆံများ၊ လက်နက်ကြီးကျည်များသိမ်း ဆည်းရမိသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ဒေသခံ ပြည်သူများပြောင်းချိုးရာသီဖြစ်၍ ပြောင်းပြန်ချိုးမည့် ဒေသခံစစ်ဘေးရှောင်များအပေါ် ဖလူးဒေသတွင် ခြေကုပ်နေရာ ယူထားသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များက ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်မပေးဘဲ ပိတ်ပင်တားမြစ်မှုများပြု လုပ်ခြင်းအပေါ် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ နယ်မြေဝင်ရောက်ရှင်းလင်းမှုပြုလုပ်ခဲ့ ခြင်းဖြစ်သည်ဟု ဗိုလ်ကြီး စောဒါဘော က ဆက်ပြောသည်။ “ကျနော်က သွားပစ်ချင်လို့ ပစ်တာမဟုတ်ဘူး။ အဲ့မှာ ပြောင်းခင်းလုပ်နေတဲ့ ဒေသခံတွေကို ပေးမလုပ်ဘူး။ လိုက် ပိတ်ထားတာ။ ရွာသားတွေက လာပြောတော့ ကျနော်လည်း တက်ရှင်းပေးတာပေါ့။ အဲ့ကုန်းက BGF ပဲ အနေများ တာ။ ကျနော်သူတို့ကို ပြောတယ်။ ကျနော့်ကို မပစ်နဲ့ ပြန်ဆင်းလို့ စစ်တပ်ပဲထားခဲ့လိုက်၊ စစ်တပ်ပဲ ဝင်ပစ်မယ်လို့ ပြောသေးတယ်။ သူတို့က မပြန်ဘဲ ကျနော်တို့ကို တစ်နေကုန်ပစ်နေတာ့ ပြန်ပစ်ရတာပေါ့။”ဟု ဗိုလ်ကြီးစောဒါဘောက ပြောသည်။

ယမန်နေ့တိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပြန်လည်းတုန့်ပြန်ပစ်ခတ်ခဲ့သော်လည်း ယနေ့ဖေဖော် ဝါရီလ ၁၇ ရက်နေ့တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ အခြေအနေ တည်ငြိမ်နေသေးကြောင်းနှင့် စစ်ကောင်စီ ဘက်မှ တပ်အင်အား အပြည့်ဖြင့် ပြန်လည်ဝင်ရောက်မည်ဟု သတင်းများရရှိထားသော်လည်း ဝင်ရောက်လာခြင်း မရှိသေးကြောင်း မြေပြင်သတင်း များအရ သိရသည်။

၃။ မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား
17 February 2022

ကချင်ပြည်နယ် မိုးမောက်မြို့ ခါနန်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေး တပ်မ တော် KIA က ယနေ့ နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့် KIA တပ်စွဲထားသည့် မိုးမောက်မြို့ ခါနန်ရပ်ကွက်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ခန့်ကို ဝဝမ်ကျေးရွာ နှင့် ခါနန်ရပ်ကွက်ကြားတွင် KIA မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ခါနန်ရပ်ကွက်နေ အမျိုးသားတစ်ဦး KNG သတင်းဌာနသို့ ပြောသည်။

”တိုက်ပွဲဖြစ်တာဟုတ်တယ် စစ်ကောင်စီတပ်တွေက KIA ရှိတဲ့နေရာကို သိသိကြီးနဲ့စစ်ကြောင်းထိုးလာတာဗျ။ အဲ့ကြောင့် KIA ဘက်ကလည်း ဒီတိုင်းငြိမ်ထားလို့မရဘူးဆိုတဲ့ အနေအထားမှာ တိုက်ပွဲဖြစ်တာအခုဖြစ်နေတာက ခါနန်ထိပ်မှာဖြစ်နေတာ ဒီခါနန်မှာက လွန်ခဲ့တဲ့ လေးလလောက်ကတည်းက KIA က နေထားတာဟုတ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦး ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက် အကျအဆုံးရှိနိုင်ပြီး KIA ဘက်တွင် အကျအဆုံးရှိ မရှိ လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း ပြောသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဘက်သို့ စစ်ကောင်စီဘက်မှ စစ်ကူလာနေသည်ဟု ကြားရကြောင်း ၎င်းက ဆက်ပြောသည်။

”နှစ်ဘက်အကျအဆုံးကတော့ မသိရသေးဘူး။ ကျနော်ထင်တာကတော့ KIA က စစ်ကောင်စီတပ်သားတွေ လာနေတယ်ဆို တာသိတော့ ကြိုသိပြီးပြင်ဆင်ထားတော့ KIA ဘက်ကတော့အကျအဆုံးမရှိလောက်ဘူး။ အကျအဆုံးရှိရင်တောင် စစ်ကောင်စီ ဘက်ကပဲများမယ်ထင်တယ်။ စစ်ကောင်စီဘက်ကို စစ်ကူအနေနဲ့ ငါးဆယ်လောက် တက်လာနေတယ်လို့ ကြားတယ်။ အတိ အကျတော့ ပြောလို့မရဘူး သူတို့လည်းအခုကပြန်ဆုတ်တော့ ဆုတ်နေတယ် သို့ပေမယ့်အပြီးအပိုင်ဆုတ်ခွာတာလား ခဏပဲ ဆုတ်တာလားတော့မသိသေးဘူး” ဟု ခါနန်ရပ်ကွက်နေ အမျိုးသားတစ်ဦး ကပြောသည်။ တိုက်ပွဲသည် ခါနန်ကျေးရွာနှင့် မိုင်ဝက်ခန့်တွင်ဖြစ်ပွားခဲ့သည့်အတွက် ရွာသားများ ထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေးပါ။ တိုက်ပွဲဖြစ်သည့်နေရာသည် မြို့သစ်၊ ကုန်းလောကျေးရွာများနှင့် ၁၀ မိုင်ခန့်ကွာဝေးသည်။

၄။ NCA ထိုးထားသည့် RCSSနှင့် PNLO ပဋိပက္ခကြား ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟုဆို
February 17, 2022

NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် PNLO/PNLA တိုက်ပွဲဖြစ်ပွားမှုအပေါ် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖြေရှင်းမည်ဟု သတင်းသိရသည်။ (ဖေဖော်ဝါရီလ ၁၆) ရက် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းတွင် NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပက်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက အမှတ်မထင် ထိတွေ့တိုက်ပွဲဖြစ်သွားခြင်း သာဖြစ်ပြီး နှစ်ဦးနှစ်ဘက်အနေဖြင့် ငြိမ်းချမ်းရေးကို ဦးတည်ဖြေရှင်းသွားမည် ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒါက ထိတွေ့တိုက်ပွဲပေါ့နော်၊ ကျနော်တို့ RCSS နဲ့ PNLO/PNLA ကဆက်ဆံရေးလမ်းကြောင်းရှိတာပေါ့၊ ဒါကြောင့် မနေ့က တိုက်ပွဲဖြစ်သွားနဲ့ ပက်သက်ပြီး ကျနော်တို့ နှစ်ဦးနှစ်ဘက် ဆက်သွယ်ပြီး ဖြေရှင်း သွားမှာပါ” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော် ဆင့်ကို ပြောသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ရက်တွင် ဖြစ်သွားသည့် လမ်းကြောင်းအတိုင်းချီတက်လာသော RCSS/SSA တပ်သားများသည် PNLO/PNLA တို့နှင့် ထိပ်တိုက်တွေ့ဆုံရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မိနစ် ၃၀ ခန့် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဗိုလ်မှူးခမ်းစံက ပြောသည်။

အထက်ပါတိုက်ပွဲဖြစ်ပွားမှုနှင့် ပက်သက်ပြီး RCSS/SSA ကကြိုတင်အကြောင်းကြားမှု မရှိဘဲ ကဒူးကြီးဒေသ ရန်ကင်းနီးကျေးရွာ အနီး ရောက်ရှိလာပြီး PNLA လုံခြုံရေးတပ်သား များကို စတင်ပစ်ခတ်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် PNLO မှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ တိုက်ပွဲဖြစ်ပွားမှုနှင့်ပက်သက်ပြီး NCA ထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ အနေဖြင့် RCSS/SSA နှင့် PNLO/PNLA အကြားတွင် နှစ်ဖက်ဥက္ကဌများ သဘောတူညီလက်မှတ်ရေးထိုးသည့် အတိုင်း နှစ်ဦးနှစ်ဘက်ကြား ဖြစ်ပေါ်လာသည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဟု PNLO ဒုတိယ ဥက္ကဌ ခွန်မြင့်ထွန်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိတွင် PNLO အနေဖြင့် ပဋိပက္ခများပြန့်ပွားမှု မရှိစေရန်အတွက် ၎င်းတို့ ၏ တပ်ဗိုလ် တပ်မှူးများကို အသိပေး ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေကြောင်းလည်း PNLO ဒုဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

၅။ ပူတာအိုမြို့ ဖတ်မာကျေးရွာတွင် လင်မယားနှစ်ဦး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး
16 February, 2022

ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဖတ်မာကျေးရွာနေ လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်မှ ယမန်နေ့ည ဖေဖော်ဝါရီ ၁၅ ရက်နေ့ တွင် ပစ်သတ်လိုက်ကြောင်း သိရသည်။ ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်များ ဖက်မာရွာထဲသို့ဝင် ရောက်လာပြီး ရွာတွင်း သေနတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက် ရွာသားအချို့ဘေးလွတ်ရွာ ထွက်ပြေးတိန်းရှောင်နေစဥ် အဆိုပါ လင်မယား နှစ်ဦး ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သေဆုံးသွားသည့်အမျိုးသား၏ ဦးလေးတော်စပ်သူက KNG သတင်းဌာနသို့ ပြော သည်။ “မနေ့က တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျနော့တူလေး လင်မယားက ဆိုင်ကယ်နဲ့မောင်းပြီး ကားလမ်းမတိုင်းမောင်းပြေးတာ အဲတာကိုနောက်ကနေပြီးတော့ စစ်သားတွေက ဓာတ်မီးလိုက်ထိုးပြီးမှ သေနတ်လိုက်ပစ်လို့ လင်မယားနှစ်ယောက်လုံး ဆုံးသွား တယ်” ဟု ဦးလေးတော်စပ်သူ ကပြောသည်။

သေဆုံးသွားသည့် အမျိုးသားမှာ ဦးအားခီဇီပါ အသက် ၂၀ ကျော်ဝန်းကျင်ရှိပြီး ၎င်း၏ ဇနီးမှာလည်း အသက် ၂၀ ကျော် ဝန်း ကျင်သာရှိသေးသည့်အပြင် လက်ထပ်ထိမ်းမြားထားသည်မှာ နှစ်လဝန်းကျင်သာရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ လက် ရှိ လုံရှာယန်ကျေးရွာဘက်တွင် KIA နှင့် PDF တို့ရှိနေပြီး ဖတ်မာကျေးရွာတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသည်။ လီဆူ လူမျိုး အများစုနေထိုင်သော ဖတ်မာဒေသခံများကို ထွက်ပြေးလျှင် ပစ်သတ်မည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားရာ ယမန် နေ့ညက အဆိုပါ လင်းမယားနှစ်ဦး ဆိုင်ကယ်ဖြင့်ထွက်လာစဉ် လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၆။ ကျောက်မဲစစ်ရှောင်များ တောင်ကြီးသို့ နှစ်ထပ်ကွမ်း ပြေးလာ
February 17, 2022

သျှမ်းပြည် မြောက်ပိုင်းအတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲကြောင့် ကျောက်မဲမြို့အတွင်းရှိ စစ်ဘေးရှောင်များ တောင်ကြီးမြို့အထိ စစ်ဘေး ထပ်မံရှောင်လာရကြောင်း စုံစမ်းသိရှိရသည်။ တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာသည့် ပြည်သူ များသည် ကျောက်မဲမြို့နယ် ဟူးဆွန်နှင့် ပုံးလုံကျေးရွာအုပ်စုတို့က ဒေသခံများဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့က တောင်ကြီး မြို့ထဲသို့ စစ်ရှောင်လာခဲ့ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အရှင်သီရိဓမ္မ က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ ကသွားခေါ်လာခဲ့တာ။ ကျောက်မဲဘက်က ထွက်ပြေးလာတဲ့ စစ်ရှောင်တွေဖြစ်တယ်။ မနေ့ကလာတာ ၃၅၈ ယောက်လောက်ရှိ တယ်။ ဒီနေ့လည်းထပ်လာဖို့ရှိသေးတယ်”ဟု စစ်ရှောင်များကိုကူညီပေးနေသည့် အရှင်သီရိဓမ္မ က ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတွင် ရောက်ရှိနေပြီး ယနေ့ ဖေဖော်ဝါရီ ၁၇ တွင်လည်း ထပ်မံ ထွက်ပြေးလာသူများရှိကြောင်း သိရသည်။ “အခု စစ်ရှောင်တွေက ဝေဠုဝန်ကျောင်းမှာ ရောက်ရှိနေတယ်။ ဒီနေ့လည်း ထပ်လာဖို့ရှိနေသေးတယ်။ ဒီနေ့က စစ်ရှောင် ၁၇၀ ထပ်လာမယ်လို့ ပြောတယ်” ဟု အထက်ပါ အရှင် သီရိဓမ္မက ပြောသည်။

တောင်ကြီးမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်များကို သံဃာတော်များသာ ဦးဆောင်ပြီး ကူညီပေးနေကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြောင့် ကျောက်မဲမြို့ မှ စစ်ဘေးရှောင်များသည် ရပ်စောက်မြို့သို့ တစ်ခါ ထွက်ပြေး တိမ်းရှောင်လာရပြီး ယခုတွင်တောင်ကြီးမြို့ထိ ထပ်မံထွက်ပြေးတိမ်းရှောင်လာရတာဖြစ်ကြောင်း သိရသည်။

၇။ သံတွဲအကျဉ်းထောင်တွင် ၂ နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦး သေဆုံး
18 February, 2022

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကလေးငယ် ဖေဖော်ဝါရီ ၁၈ ရက်က သံတွဲအကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ လကျော်လောက်က သံတွဲမြို့မှာ အကြမ်းဖက် ဥပဒေ ပုဒ်မနဲ့ အဖမ်းခံခဲ့ရတဲ့ အမျိုးသမီး ၃ ယောက်ထဲက ဒေါ်ငြိမ်းအိဖြိုးကျော်မှာ အသက် ၂ နှစ်ကျော်အရွယ် သမီးလေးတယောက် ရှိပြီး အဲဒီ ကလေးဟာလည်း မိခင်နဲ့အတူ သံတွဲအကျဉ်းထောင်ထဲရှိနေတုန်း သေဆုံးသွားတာလို့ မိသားစုဝင်တွေက ပြောပါ တယ်။ သေဆုံးသူ မရွှေရည်ဝင်းဟာ မနေ့ည ၁၁ နာရီက သေဆုံးခဲ့တာဖြစ်ပြီး မနက် ၆ နာရီအချိန်မှ မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားလာတာဖြစ်ပါတယ်။

“သူ့အမေ အဖမ်းခံရတော့ ကလေးကို အိမ်မှာ အဖေနဲ့ထားသေးတယ်။ ဒါပေမဲ့ ကလေးက အမေဆီပဲသွားချင်နေတော့ သူစိတ် ချမ်းသာအောင် သူ့အမေဆီပို့ထားရင်းက အခုလိုဖြစ်သွားတာ”လို့ ကလေးရဲ့မိသားစုဝင် တယောက်က ဆိုပါတယ်။ မရွှေရည်ဝင်း ဟာ မွေးရာပါ စအိုမပါတဲ့ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ထားရတဲ့ ကလေးငယ်ဖြစ်ပြီး အကျဉ်း ထောင် ထဲမှာ အနေ ဆင်းရဲ၊ အစားဆင်းရဲတာနဲ့ ရာသီဥတု ချမ်းအေးတဲ့ဒဏ်ကြောင့် အခုလိုသေဆုံးသွားရတာဖြစ်ပါတယ်။

“ကလေးက ညဘက်ဆို မအိပ်နိုင်လို့ ငိုတယ်။ အဲဒါ ငိုရမလားဆိုပြီး ထောင်ဝန်ထမ်းတွေက သူ့အမေကို ဆဲတာ၊ ဆူတာလုပ် တယ်။ ကလေးကို သီချင်းဆို သိပ်ပြန်တော့လည်း ထောင်ထဲမှာ သီချင်းမဆိုရဘူးဆိုပြီ တားတယ်။ အခု ကလေးကို ဆေးရုံမှာ ရင်ခွဲကြည့်တော့ လည်ချောင်းမှာ ချွဲတွေပိတ်နေတာလို့ ဆရာဝန်ကပြောတယ်”လို့ ကလေးမိသားစုဝင်နဲ့ နီးစပ်သူတယောက်က ဆိုပါတယ်။ ဒေါ်ငြိမ်းအိဖြိုးကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မနဲ့ စစ်ကောင်စီက စွပ်စွဲ ဖမ်းဆီးထားသူ အမျိုးသမီး ၃ ယောက်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း သံတွဲခရိုင်တရားရုံးမှာ ရုံးထုတ်လေ့ရှိပြီး အဲဒီအချိန်ရောက်မှ မရွှေရည်ဝင်းဟာ အမေ၊ အဖေနဲ့ အတူ တခြားမိသားစုဝင်တွေနဲ့ တွေ့ဆုံရတာဖြစ်ပါတယ်။

၈။ မြန်မာခရီးစဉ်အတွင်း NUG နဲ့ တွေ့ခွင့်ရဖို့ အာဆီယံ အထူးသံတမန်မျှော်လင့်
February 17, 2022

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစကားပြောခွင့်ပေးဖို့ စစ်ကောင်စီကို မေတ္တာရပ်ခံထားတယ်လို့ အာဆီယံအထူးသံတမန်က ဖေဖော်ဝါရီလ ၁၇ ရက် ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ အာဆီယံ အထူး သံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ကို နောက်လ ထဲမှာ စတင်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပြီး တချိန်တည်းမှာပဲ အခုလိုပြောဆိုလိုက်တာလို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ “နေပြည်တော်(စစ်ကောင်စီ)က NUG နဲ့ တိုက်ရိုက် စကားမပြောဘူးဆိုရင် အာဆီယံသံကို ပေါင်းကူးတံတားအဖြစ် ကြားဝင်ခွင့် ပေးဖို့လိုတယ်၊ ဒါပေမဲ့ ဒီလိုဆောင်ရွက်တဲ့အခါမှာ နေပြည်တော်(စစ်ကောင်စီ)နဲ့ကြားမှာ သဘောထားကွဲလွဲတာမျိုး မဖြစ်ဖို့ လည်းလိုတယ်” လို့ Prak Sokhonn က ဒီကနေ့ စတင်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး အပြီးမှာ သတင်း ထောက်တွေကို ပြောပါတယ်။

စစ်ကောင်စီက NUG ကို “အကြမ်းဖက်အဖွဲ့” လို့ တံဆိပ်ကပ်ထားတာကြောင့် အာဆီယံအနေနဲ့ အခုထိ NUG နဲ့ ဆက်သွယ် တာမျိုးမရှိသေးဘူးလို့လည်း ဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မြန်မာနိုင်ငံကို နောက်လမှာ လာဖို့ပြင်ဆင်နေတာပါ။ Prak Sokhonn မတိုင်ခင် ဘရူနိုင်းနိုင်ငံက ခန့်အပ်ခဲ့တဲ့ အာဆီယံ အထူးကိုယ်စားလှယ်ဟောင်း Erywon Yusof လက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတွေနဲ့ စစ်ကောင်စီက တွေ့ခွင့်မပေးတာကြောင့် မြန်မာနိုင်ငံကို လာခါနီးမှာ ခရီးစဉ် ပျက်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီ လက်မခံနိုင်တဲ့ အခြေအနေတချို့ကို အာဆီယံနိုင်ငံတွေက တောင်းဆိုတာတွေရှိခဲ့လို့ အခုလိုဖြစ်ခဲ့တာလို့ Prak Sokhonn က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ကမ္ဘောဒီးယားနိုင်ငံခန့် အာဆီယံ သံတမန်သစ်ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မယ်လို့ အရင်ကပြောဆိုထားပါတယ်။ NUG အစိုးရနဲ့ တွေ့ခွင့်ပေး၊ မပေးဆိုတာကိုတော့ စစ်ကောင်စီ ဘက်က ဘာမှပြောဆိုတာမရှိသေးပါဘူး။ တချိန်တည်းမှာပဲ မလေးရှားဝန်ကြီးချုပ် Saifuddin Abdullah ကလည်း အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်ကို ကြိုဆိုကြောင်းနဲ့ NUG အစိုးရနဲ့ တွေ့ဆုံဖို့ တိုက်တွန်းကြောင်း သူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ်။

၉။ ကရင်နီ စစ်ဘေးဒုက္ခသည်တွေ ၃ လအတွင်း ငတ်မွတ်ခေါင်းပါလာနိုင်
February 16, 2022

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်တွေ သိုလောင်ထားတဲ့ စားနပ်ရိက္ခာ ပိုင်းနည်းပါးလာပြီး ၃လအတွင်းမှာ ငတ်မွတ်ခေါင်းပါးလာနိုင်တယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ Humanitarian Focal Person ဦးဗညားက ပြောပါတယ်။ ဒေသတွင်းအလှူရှင်တွေလည်း အခက်အခဲဖြစ်လာတာကြောင့် နိုင်ငံတကာကူညီရေးအဖွဲ့ အစည်းက ပံ့ပိုးကူညီမှုမရှိဘူးဆိုရင် စစ်ဘေးဒုက္ခသည်တွေက ငတ်မွတ်ပြီး သေဆုံးတဲ့သူတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။ “လူထုနဲ့ IDPs ကိုယ်၌က အထူးသဖြင့် IDPs ကိုယ်၌ပေါ့နော စားဝတ်နေရေးကို တော်တော်လေးစိုးရိမ်မှုတွေရှိလာတယ်။ အခု နောက်ပိုင်းမှာ စားနပ်ရိက္ခာတွေကို ကျနော်တို့ အရံစားနပ်ရိက္ခာတွေကို လိုက်စစ်တဲ့အချိန်မှာ အရမ်းကိုနည်းသွားတယ်။ နောက် ပြီးတော့ လူထုတွေကိုယ်၌ကလည်း အရံစားနပ်ရိက္ခာကြည့်တဲ့အချိန်မှာ အရမ်းကိုနည်းပါးတယ်။ အဲ့တော့ ကျနော်တို့ကတော့ တချို့နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းပွင့်ပွင့်လင်းလင်းပြောထားတာရှိပါတယ်။ တချို့သော နိုင်ငံတကာသံရုံးကို ပြောတာ ရှိ ပါတယ်။ ဒီလိုမျိုးပုံစံနဲ့ နှစ်လအလွန်ဆုံး ၃လ ဆက်သွားရင် ကျနော်တို့ပြည်နယ်မှာ ခုနကပြောသလို ငတ်မွတ်ခေါင်းပါးခြင်း ကြောင့် သေဆုံးမယ့်လူဦးရေ သေဆုံးမယ့်စာရင်းတွေကို ခင်ဗျားတို့လက်ထဲကို ရောက်ရှိလာပါလိမ့်မယ်လို့ ကျနော်တို့ သူတို့ကို Challenge လုပ်ထားတာရှိပါတယ်။ ဒါလည်း တကယ်ဖြစ်မယ့်အခြေအနေရှိပါတယ်။”လို့ ဦးဗညားက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာလိုအပ်မှုအပြင် ဆေးဝါးလည်း မရရှိတဲ့အတွက် ဖျားနာသေဆုံးသူအချို့လည်းရှိနေပါ တယ်။ နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုသာ မရရှိဘူးဆိုရင် စစ်ဘေးဒုက္ခသည်တွေအတွက် ခက်ခဲသွား နိုင်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလနောက်ပိုင်းကစ ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု တင်းကြပ်ခဲ့ပြီး အထူး သဖြင့် ဆန်နဲ့ဆေးဝါး သယ်ဆောင်မှုကို စစ်ကောင်စီက လမ်းမှာတင် ပိတ်ပင်တားဆီးခဲ့တာဖြစ်ပါတယ်။ ဆန်သယ်ယူပို့ဆောင် ပါက စစ်ကောင်စီရဲ့သက်ဆိုင်ရာရုံးအဖွဲ့ထံ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရပြီး ဆန်အိတ်သယ်ဆောင်ပါက အိတ် ၂၀ အထက် လည်း မသယ်ဖို့ စစ်ကောင်စီက ကန့်သတ်ထားပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး-၂ မော်ဖရေမြာက “အလွန်ဆုံး တစ်ပတ်နှစ်ပတ်လောက်ဟာမျိုးမှာ ပြန်ကုန် သွားပြီထပ်လိုအပ်ပြီ အဲ့လိုမျိုးရှိနေတဲ့အပေါ်မှာက အဓိကပြည်နယ်ပြင်ပမှာရှိနေတဲ့ ကိုယ့်ရဲ့မျိုးနွယ်စုတွေပဲပြောပြော အလှူရှင် တွေပေါ့နော တကယ့် NGO တွေ အဲ့လိုမျိုးတွေပေါ့။ ဒါက စစ်ကောင်စီရဲ့ သဘောတူညီချက်နဲ့သွားတာမျိုးမဟုတ်ဘဲနဲ့ ဒါကလူထုရဲ့အခြေအနေကိုကြည့်ပြီးတော့မှ လူထုဖက်ကိုရပ်တည်ပြီးတော့မှ သူတို့က များများလုပ်ဆောင်သင့်တယ်ဆိုတဲ့ ဟာမျိုး တွေပေါ့နော။ ဒိုနာတွေလည်း ဒီအခြေအနေမှာ အကန့်အသတ် အဲ့လိုမျိုး Fund ပေးတာမျိုးထက်စာရင်တော့ တကယ့် လူသား ချင်းစာနာထောက်ထားတဲ့ဖက်ကနေ ကြည့်ပြီးတော့မှ အကန့်အသတ်မရှိဘဲနဲ့ ဆက်ပြီးတော့ ထောက်ပံ့စေချင်တယ်။”လို့ ပြောပါတယ်။

၁၀။ မိုင်းယော်စစ်ရှောင် (၆၀၀)နီးပါး နေရပ်ပြန်
February 17, 2022

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များ (၆၀၀) နီးပါး နေရပ်သို့ ပြန်သွားပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲ ပြင်းထန်မှုကြောင့် ပန်သပြေကျေးရွာ ဒေသခံများ လွယ်စက်ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်လာပြီး မိုင်းယော် စျေးထဲ သို့ လာရောက်နေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။ “မိုင်းယော်စျေးထဲ ရောက်လာတဲ့ စစ်ရှောင်တွေ ပြန်ကုန်ပြီ။ တစ်ချို့လည်း ဆွေမျိုးအိမ်မှာ သွားနေထားတယ်။ ဒီနေ့လည်း ပန်ဝူးလှိုင်ရွာဘက် တိုက်ပွဲဖြစ်တယ်လို့ကြားတယ်” ဟု မိုင်းယော်ဒေသခံ တစ်ဦး ကပြောသည်။

ဖေဖော်ဝါရီ (၁၇) ရက်နေ့တွင် မိုင်းယော်တိုက်နယ် ပန်ဝူးလှိုင်ကျေးရွာအုပ်စုဘက် စစ်ကောင်စီနှင့် မြောက်ပိုင်း မဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “ပြီးခဲ့တဲ့ ၃ ရက် ၄ ရက်နေ့က တိုက်ပွဲအရမ်းပြင်းထန်တော့ ဒေသခံတွေ မိုင်းယော်စျေးထဲ ထွက်ပြေးလာတဲ့ သူတွေရှိသလို လားရှိုးဘက် သွားတဲ့သူတွေလည်း ရှိတယ်။ ဒီနေ့လည်း တိုက်ပွဲပြန် ဖြစ်တယ်လို့ကြားတယ်” ဟု မိုင်းယော်ဒေသခံ အမျိုးသား လူငယ် တစ်ဦးကပြောသည်။ မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်မ (၉၉) နှင့် (၈၈) တို့ ရှိထားပြီး တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကိုးကန့်တပ် မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ လှုပ်ရှားသည့် နေရာဒေသဖြစ်သည်။

၁၁။ ကော့ကရိတ်ဆေးရုံအုပ်အပါအဝင် လူ ၅ ဦး၏ နေအိမ်များအား စစ်ကောင်စီ ချိတ်ပိတ်
February 17, 2022

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံအုပ် ဆရာဝန်တစ်ဦးအပါအဝင် လူ ၅ ဦး၏ နေအိမ်များအား ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်တပ်တို့က လာရောက် ချိတ်ပိတ်သွားကြောင်း သိရှိရသည်။ ကော့ကရိတ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကိုကိုဦးအပါအဝင် လူ ၅ ဦးအား အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAOs) များကို အကူအညီအထောက်ပံ့ပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် ၎င်းတို့နေထိုင်သည့် နေအိမ်များကို လာရောက်ချိတ်ပိတ်သွားခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

“မနက်ဆယ် နာရီလောက်ကြားလိုက်ရတဲ့ သတင်းပေါ့၊သူတို့စိတ်ကြိုက် သူတို့ဥပဒေနဲ့စာအချို့ရေးထားတဲ့ ဗီနိုင်းတစ်ခု အိမ်ရှေ့ လာကပ်ပြီး ကျနော်တို့ မိသားစုအိမ်လေးကို လာချိတ်ပိတ်သွားကြတယ်။ ဘိုးဘွားမိဘပိုင်မြေမှာ ကျနော်ရဲ့ချွေးနဲစာနဲ့ ပြုပြင် တည် ဆောက်ထားတဲ့အိမ်လေးမို့ နှမြောမိပါရဲ့၊ ဒါပေမယ့် အသက်ပေးလိုက်ရတဲ့ပြည်သူတွေရဲ့မျက်နှာတွေပြန်မြင်ယောင်တော့ ထူးပြီးဝမ်းနည်းစရာမရှိတော့ပါဘူး၊ မတရားအာဏာသိမ်းတာကို ဆန်ကျင့်ပြီး CDM ကို လုပ်ခဲ့တယ်။ နောင်တလုံးဝမရဘဲဆက် လုပ်သွားမှာပဲ၊ “ဟု ကော့ကရိတ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကိုကိုဦးက ပြောသည်။ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ချိတ် ပိတ်ခံရသည့်အိမ်များမှာ ကော့ကရိတ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာကိုကိုဦး ၏နေအိမ်၊ ကော့ကရိတ်အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အမျိုးသမီး တာဝန်ခံ နော်ဆေးဖောနေအိမ်၊ ကရင်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်း-KSCN (ကော့ကရိတ် တာဝန် ခံ) နော်တကောထူးနေအိမ် နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုညီညီလွင် နှင့် ကိုလွင်ဦးနေအိမ်တို့ နေအိမ်များဖြစ်ကြသည်။

ကော့ကရိတ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲများတွင်ပါဝင်ခဲ့သည့် ပညာရေးဝန်ထမ်းများ၊ အရပ်သားများ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းများမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများပါဝင်သော လူ ၂၀ ကျော်ကို စစ်ကောင်စီအား ဆန့်ကျင်သူများ နှိပ် ကွက်ရန် အမိန့်ထုတ်ထားသည့် ဥပဒေ ပုဒ်မများဖြင့် တရာစွဲဆို ဖမ်းဝရမ်းစာထုတ်ထားခံရသူများထဲတွင် ယခုနေအိမ် ချိတ်ပိတ် ခံရသည့် ကော့ကရိတ်ဆေးရုံအုပ် အပါအဝင် လူ ၅ ဦးတို့ အပါအဝင်ဖြစ်သည်ဟု သိရသည်။ ယခု နေအိမ်ချိတ်ပိတ်ခံရသူများ ကိုလည်း စစ်အာဏာသိမ်းကာလအစ ၂၀၂၁ ခုနှစ် မတ်လကတည်းက ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်လှစ်စွဲဆိုထားပြီး အချို့ သူများမှာ ပုဒ်မ (၃)ခုထက်မနည်း အမှုဖွင့်ထားကြောင်းလည်း နီးစပ်သူများက ပြောသည်။

၁၂။ သထုံမြို့မဈေးတွင် ဗုံးပေါက်ကွဲပြီး လူ ၉ ဦးထက်မနည်း ဒဏ်ရာရ
18 February, 2022

မွန်ပြည်နယ်၊ သထုံမြို့မဈေး ဈေးခေါင်းရုံးမှာ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံ တွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီဈေးခေါင်းရုံး ဗုံးပေါက်ကွဲမှုကြောင့် ဈေးရောင်း နေသူ အပါအဝင် ၉ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီထဲမှာ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သထုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဈေးခေါင်းရုံး အဆောက်အဦး ပျက်စီးခဲ့သလို အနီးနားက ပျံကျဆိုင်ခန်းပေါင်း ၂၀ နီးပါး ထိခိုက် ပျက်စီးခဲ့တာပါ။

ဈေးခေါင်းရုံး ဖောက်ခွဲဖျက်ဆီးမှုကို သူတို့အဖွဲ့က လုပ်ဆောင်တာလို့ မွန်-သထုံအထူးကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ကိုဗစ်ရောဂါအခြေအနေနဲ့ နိုင်ငံရေးအခြေနေတွေကြောင့် အများပြည်သူ စီးပွားရေးကျပ်တည်းနေချိန်မှာ စည်ပင်က ဈေးဆိုင် ခန်းတွေကို ဈေးအခွန်တိုးကောက်တာ၊ အကျင့်ပျက်ချစား စည်ပင်ဝန်ထမ်းတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ဈေးသူဈေးသားတွေကို ဖိနှိပ်မှုတွေ လုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲရတာလို့ ဆိုထားပါတယ်။

၁၃။ မိုးဗြဲတိုက်ပွဲကြား ပြည်သူထောင်ချီပိတ်မိနေ၊ စစ်ဘေးရှောင်များခိုလှုံနေသည့် ဝါရီဆူးပလိုက်ရွာ မီးရှို့ခံရ
18 February, 2022

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ် မိုးဗြဲမှာတိုက်ပွဲတွေ ပြင်းထန်ဆက်ဖြစ်နေပြီး လူထု ထောင်ချီ တိုက်ပွားကြားပိတ်မိနေသလို စစ်ဘေးရှောင်အများစု သွားရောက်ခိုလှုံနေတဲ့ ဝါရီဆူးပလိုက်ကျေးရွာလည်း ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲ ကြောင့် မီးလောင်နေပါတယ်။ ဝါရီဆူးပလိုင်ကျေးရွာဟာ မိုးဗြဲမြို့တောင်ဘက်မှာရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ် သလို လတ်တလော စစ်ရှောင်တွေ သွားရောက်ခိုလှုံနေတဲ့ ရွာဖြစ်ပါတယ်။

မနေ့ကဖြစ်ပွားခဲ့တိုက်ပွဲကြောင့် ရွာခံအပါအဝင် အဲဒီကို စစ်ရှောင်နေတဲ့ သူတွေလည်း ထပ်မံထွက်ပြေးနေရပြီး ဒီနေ့မနက်မှာ တော့ အဲဒီရွာမှာ တိုက်ပွဲကြောင့် မီးလောင်သွားတယ်လို့ ကူညီကယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ “သူက လက်နက်ကြီး လည်းပါမယ်၊ ပြီးတော့ အိမ်က အရမ်းသိပ်တဲ့အခါကျတော့ တအိမ်နဲ့တအိမ်ကူးသွားတဲ့ အနေအထားလည်းရှိတယ်။ ပြီးတော့ အခုအနေအထားဆိုရင်တော့ တမင်သက်သက်ကြီး ဝင်ရှို့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။ “မိုးဗြဲ PDF က တပ်သားတဦး ကတော့ မနက်ပိုင်း ထိတွေ့မှု အနည်းငယ်ဖြစ်ပြီး စစ်ကောင်စီဘက် စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ဝါရီရဆူးပလိုင်ရွာကို ဝင်ရောက်ပြီး မီးရှိုတာ”လို့ ပြောပါတယ်။ “အခုလက်ရှိအချိန်အထိတော့ မိုးဗြဲနဲ့ ဒီးမော့ဆိုလမ်း နန်းမယ်ခုံ လမ်းကြား ပလိုင်ရွာမှာ စစ်ကောင်စီတွေက ဝင်တာပေါ့နော်။ သူတို့ ရွာထဲတော့ ရောက်သွားပြီ။ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်နေတယ်ပေါ့နော်။ အခုချိန်ထိ ပစ်ခတ်နေတယ်။ အိမ်တွေလည်း မီးလိုက်ရှို့နေတယ်ပေါ့။ ” ဝါရီဆူးပလိုင်ရွာမီးလောင်သွားတဲ့ အတွက် ရွာခံရော ထပ်ဆင့် စစ်ရှောင်တွေကပါ ထွက်ပြေးနေရပြန်တဲ့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်တယ်လို့လည်း ကူညီပေးနေတဲ့ ဒေသခံက ပြောပါတယ်။

မနေ့က ထိခိုက်ကျဆုံးသူတွေအထဲမှာ မိုးဗြဲ PDFမှ ရဲဘော် ၇ ယောက် ကျဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့သလို ရှေ့တန်းစစ် မြေပြင် ကယ်ဆယ်ရေးဆရာဝန် ၁ ယောက်လည်း ကျဆုံးသွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က တင့်ကားနဲ့ လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်တဲ့အတွက် ကရင်နီပူးပေါင်းတပ်တွေ လက်နက်ကြီးကျည်ထိမှန်ပြီး အယောက် ၂၀ ထက်မနည်း သေဆုံး ကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တပ်သားတဦးက ပြောပါတယ်။ ကျဆုံးသွားသူတွေထဲမှာ ဆရာဝန် ဒေါက်တာ အောင်ကြီး အပါအဝင် ဆေးတပ်သား ၈ ဦး ပါဝင်ကြောင်းလည်း ပြောပါတယ်။

၁၄။ မာန်အောင်မှ ဟိုတယ်ဝန်ထမ်းသေဆုံးမှုတွင် သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ
February 16, 2022

မာန်အောင်မြို့နယ်တွင် အသစ်ဖွင့်လှစ်ထားသည့် ဟိုတယ်မှ ဝန်ထမ်းတစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ရဲကဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။ သေဆုံးသွားသည့် ကိုမင်းထက်ဝေ(၂၁)နှစ်မှာ မာန်အောင်မြို့နယ်၊ ကအီးကျေး ရွာမှဖြစ်သည်။ ၎င်းမှာ ကအီးကျေးရွာအနီး အသစ်ဖွင့်လှစ်ထားသည့် ဟိုတယ်ဇုံတွင် စားဖိုမှူးအဖြစ်လုပ်ကိုင်နေသူဖြစ်သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကိုမင်းထက်ဝေပျောက်ဆုံးသွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဟိုတယ်အတွင်းရှိ ရေ ဖြန့်ဝေပေးသည့်ဆည်အတွင်း ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြသည်။ ထိုအမှုနှင့်ပတ်သက်ပြီး သံသယရှိသည့် ဟိုတယ်ဝန်ထမ်းတစ်ဦးကိုဖမ်းဆီးကာချုပ်ရမန်ယူစစ်ဆေးနေကြောင်းမာန်အောင်မြို့ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ကိုမင်းထက်ဝေသေဆုံးမှုမှာ ဓမ္မာအတိုင်းသေဆုံးခြင်းမဟုတ်၍ အမှုမှန်ပေါ်ပေါက်စေလိုကြောင်း ဦးလေးတော်စပ်သူ ဦးကျော် သန်းကပြောသည်။ “အခုတော့ သံသယတရားခံတစ်ဦးကို စစ်နေတယ်လို့သိထားရတယ်။ ဒီအမှုကို အမြန်ဆုံးအမှုမှန် ပေါ်ပေါက် စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ပေးစေချင်တယ်”ဟု ၎င်းကပြောသည်။ ကိုမင်းထက်ဝေသေဆုံးစဉ်က လည်ပင်းတွင်ဒဏ်ရာ ၂ ချက်အပြင် မျက်နှာအတွင်း အခြားသောဒဏ်ရာများပါတွေ့ရှိရကြောင်း မိသားစုဝင်များကဆိုသည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် မာန်အောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်းသိရသည်။

၁၅။ ဒုံရင်းမီးပုံပွဲတွင် လောင်းကစားဝိုင်း ၇၀ ခန့် ပါဝင်
February 17, 2022

ဖားအံမြို့တောင်ဘက်၊ ဒုံရင်းတိုက်နယ် သစ္စာတိုင်ဓူဝေစေတီအနီးတွင် တပို့တွဲလပြည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က ကရင့်ရိုးရာမီးပုံပွဲကို အနီးဝန်းကျင်ရှိ ကျေးရွာဒေသခံများ သောင်းနှင့်ချီ၍ ပါဝင်ဆင်နွဲကြသလို တစ်ဆက် တည်းတွင် လောင်းကစားဝိုင်း ၇၀နီးပါးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးပုံပွဲကို သွားရောက်ခဲ့သူ ဒေသခံတစ်ဦးက “မီးပုံပွဲက လပြည့်နေ့ ဆိုပေမယ့် တစ်ရက်ကြိုပြီး ပွဲလုပ်ကြတယ်။ ဇာတ်ပွဲလည်းရှိတယ်။ အာဝါဒေးနဲ့တွဲလုပ်တာ တွေ့ရသလောက်တော့ အံဂလုံခုံက ၄၀လောက်ရှိမယ်။ အနီတောင်ကတော့ ခုံ ၃၀ လောက် ရှိတယ်။”ဟု ဆိုသည်။

နှစ်စဉ်ကျင်းပသည့် ကရင့်ဓလေ့ရိုးရာ မီးပုံပွဲအတွက် အနီးတဝိုက် ကျေးရွာများမှ ဒေသခံများက အရွက်ရှင်းလင်းထား သည့် သစ်ရိုးတံများကို နနွင်းသုတ်လိမ်းထားကာ သတ်မှတ်နေရာရှိ မီးပုံသို့သွားရောက်ပို့ဆောင် စုပုံထားကြပြီး လပြည့် ညသန်းခေါင် တိတိတွင် ဗုံရှည်များဖြင့် တီးခတ်ကာ ဆုတောင်းကန်တော့ခြင်းများဖြင့် မီးပုံပွဲကို မီးရှို့ကျင်းပခဲ့ကြသည်။ ထို့အပြင် သစ္စာတိုင် ဓူဝေစေတီဝင်းအတွင်း၌ ကျင်းပပြုလုပ်သည့် ၎င်းမီးပုံပွဲ အထိမ်းအမှတ်အဖြစ် ပွဲရက်မတိုင်မှီ ယှဉ် ပြိုင်ကစားခဲ့ကြသည့် ဘောလုံးအသင်းများကို ဆုချီးမြှင့်ခြင်း၊ ရိုးရာဒုံးအက ဖျော်ဖြေကပြခြင်းများ၊ စုပေါင်းအလှူ စတုဒီသာ ကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသည်။ သို့သော် မီးပုံပွဲပြုလုပ်သည့် ဓူဝေစေတီအနောက်ဖက် လယ်ကွင်းပြင်၌ ဇာတ်ပွဲနှင့်အတူ အာဝါ ဒေးပွဲရှိ အံဂလုံကစား ဝိုင်းများတွင် အရွယ်ရောက်သူ၊ လူကြီးများသာမက အသက် ၁၀ နှစ်အောက် ကလေးသူငယ်များပါ အပျော်တမ်းပါဝင် ကစားနေကြကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

၁၆။ ကော့ကရိတ်ရှိ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသေဆုံးထိခိုက်ဒဏ်ရာရ
February 18, 2022

ကော့ကရိတ်မြို့တောင်ဘက် ကမိုင်ကုန်းကျေးရွာအတွင်း ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နံနက်တွင် ကော့ကရိတ်မြို့ စစ်ကောင်စီ တပ်ရင်း ခလရ ၉၇ နေပူခံ လက်နက်ကြီးပစ်ကုန်းမှ စစ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ကျေးရွာသားများ၏ ပြောစကားအရ သိရသည်။ နယ်မြေကျော်လွန်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်စစ်ကြောင်း နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း၂၇ ပူးပေါင်းတပ်များအကြား ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ ည ၇ နာရီကျော်အချိန်ခန့်မှ ည ၉ နာရီကျော်အချိန်အထိ တိုက်ပွဲဖြစ်ပွားရာတွင် ကော့ကရိတ် မြို့ စစ်ကောင်စီတပ်ရင်း ခလရ ၉၇ နေပူခံ လက်နက်ကြီး ပစ်ကုန်းမှ လက်နက်ကြီး မော်တာစိန်ပြောင်းဖြင့် အချက် ၃၀ နီးပါး ရမ်းသမ်းပစ်ခတ်သည့်အတွက် ကမိုင်ကုန်းကျေးရွာအတွင်း ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ သည်။

ထို့အပြင် ယနေ့ ဖေဖော်ဝါရီလ ၁၈ နံနက်ပိုင်းတွင်လည်း ၎င်း ခလရ -၉၇ နေပူခံ လက်နက်ကြီးပစ်ကုန်းမှ ဆက်လက်ပစ်ခတ်မှု လုပ်ဆောင်သောကြောင့် ဒေသခံများစစ်ဘေးရှောင်ရှားရန် ပြင်ဆင်နေကြစဥ် နေအိမ်ခြံ ဝင်းအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် ကမိုင်ကုန်းရွာသား စောကျော်ဖော့ ပြင်းထန်ဒဏ်ရာရရှိပြီး ၎င်း၏ဇနီးဖြစ်သူ နော်ဖုတင် (၄၈)နှစ်သေဆုံးခဲ့ ကြောင်း ဒေသခံ ကျေးရွာသားများက ကေအိုင်စီသို့ ပြောသည်။ “ကျနော်တို့ရွာသားတွေ ရှေ့လကတည်းက တိုက်ပွဲတွေကြောင့် သုံးဆက်သုံးဆူရွာဘက် စစ်ဘေးရှောင်နေကြတာ ၊ အခုရက်ပိုင်းထဲ အခြေအနေအေးပြီဆိုပြီး ရွာပြန်လာကြတာ အိမ်တွေ အကုန် လုံး ပစ္စည်းတွေ ယူသွားပြီး စစ်တပ် ကဖျက်ဆီး ထားတာတွေ ပြင်ဆင်ရှင်းလင်းနေတုန်း မနေ့ညပိုင်းအလုံးကြီးတွေ ရွာထဲတော် တော်ပစ်တယ်၊ ညက တိုက်ပွဲ ဖြစ်နေတယ်၊ ဒီမနက်လည်း ထပ်ပစ်တယ်။ မနက်၈နာရီကျော်မှာ ကော့ကရိတ် ၉၇ ဘက်က အလုံးကြီး ပစ်ထုတ်ရာမှာ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတဲ့ နော်ဖုတင်တို့ ခြံဝင်းထဲ အလုံးကြီးကျပြီး ဆုံးသွားတယ်၊ သူ့ယောကျ်ား ကတော့ ဒဏ်ရာရတယ်” ဟု ကမိုင်ကုန်း စစ်ဘေးရှောင်ရွာသားတစ်ဦးက ပြောသည်။

ယခင်ဇန်နဝါရီလအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူများ နေရပ်ပြန်အခြေချနေထိုင်ပြန်လာနေထိုင်စဥ် ယခုလို တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည့်အတွက် အံဖကြီး၊ ကမိုင်ကုန်းရွာသား လူတစ်ထောင် ကျော် ထပ်မံစစ်ဘေး ရှောင်ကြရသလို လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်မှုများရှိလာနိုင်သည့်အတွက် အနီးအနားကျေးရွာ ဒေသခံများပါ တိုက်ပွဲများပြန်လည်ကူးစက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

၁၇။ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဝင်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် အိုမီခရွန်လက္ခဏာတွေ့ရှိ
17 February 2022

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ၀င်ရောက်လာသည့် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်-Omicron လက္ခဏာရှိသည့်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ “ဟိုတ လောက ရန်ကုန်ကနေ၀င်လာတဲ့ တစ်ယောက်ကို ဆရာ၀န်တွေစစ်ကြည့်တော့ အိုမီခရွန်လက္ခဏာနဲ့ အရမ်းတူနေလို့ လူနာကို တခြားမှာ သီးသန့်စောင့်ကြည့်လူနာအဖြစ် သီးခြားခွဲထားတယ်” ဟု KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီး ဟိန်း၀မ်က KNG ကချင်သတင်းဌာနကို ပြောသည်။

အဆိုပါ အိုမီခရွန်ရောဂါ သံသယလူနာသည် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မှ ဝင်ရောက်လာသူဖြစ်ကာ လက်ရှိချိန်တွင် သီးခြားစောင့်ကြည့်လူနာအဖြစ်ထားရှိသည့်အပြင် ဆက်စပ်သူများအား စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိထားကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ပြင် လိုင်ဇာမြို့တွင်း ဖေဖော်ဝါရီလ နှစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးထိရှိသည့်ခဲ့အပြင် ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်-Omicron ကိုပါထပ်မံတွေ့ရှိခဲ့သည့်အတွက် ပြည်သူများအနေဖြင့် ယခင်ထက်ပိုမို ဂရုစိုက်သွားဖို့လိုအပ် ကြောင်းလည်း ဗိုလ်မှူးကြီးဟိန်းဝမ်က ဆက်ပြောသည်။ “ကျနော်တို့ မုန်လိုင်ခက်မှာ ကိုဗစ်ပိုးတွေ့လူနာ ၄၀ ရှိသွားပြီ လိုင်ဇာ မှာ စာသင်ကျောင်းတွေ ၊စျေးဆိုင်တစ်ချို့တွေမှာ ကိုဗစ်ပိုးစစ်ကြည့်တော့ပိုးကူးစက်ခံရသူတိုးတိုးလာတယ်” KIO ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူဦးရေ တစ်သောင်းဝန်းကျင်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိ လိုင်ဇာမြို့ရှိ ဈေးဆိုင်အချို့နှင့် စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ‌‌ပိုး ထပ်မံစစ်ဆေး တွေ့ရှိ ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ကော်မတီမှ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။

၁၈။ သီပေါ အထက်တန်းကျောင်းတွင် ကိုဗစ်ပိုးတွေ့ ၊ ၂ ရက်အတွင်း ၂၂ ဦး ကူးစက်ခံနေရ
17 February, 2022

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့က အထက -၂ မှာ ဖေဖော်ဝါရီ ၁၇ ရက် ဆေးစစ်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးတွေ့ တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကျောင်းမှာ ဒီနေ့ ဆရာ/ဆရာမ၊ ကျောင်းသူ၊ကျောင်းသားတွေ ၃၂ ယောက် ဆေးစစ်တာ ၁၃ ဦး ကိုဗစ်ပိုးတွေ့တာလို့ ဆိုပါတယ်။ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၁၁ ဦးနဲ့ ကျောင်းအုပ်ကြီးနဲ့ ဆရာမ တစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်ကလည်း သီပေါပြန် နန့်လန်ဒေသခံ ၄ ဦးကို ကိုဗစ်စစ်ဆေးရာ ၃ ဦး ကိုဗစ်ပိုးတွေ့သလို တုံစင့်က အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးလဲ ကိုဗစ်ပိုးတွေ့တာကြောင့် ၂ ရက် အတွင်း သီပေါမှာ ကိုဗစ်ပိုး တွေ့သူ ၂၂ ဦးရှိနေပြီး သီပေါမြို့နယ်ဆေးရုံမှာ တက်ရောက် ကုသနေတယ်လို့ သိရပါတယ်။

၁၉။ လွိုင်ကော်ရဲတပ်သား ၁ ဦး လက်နက်နှင့်အတူ ပြည်သူ့ထံ အလင်းဝင်
18 February, 2022

လွိုင်ကော်အခြေစိုက် ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား မောင်စိုးဟိန်းသူဟာ လက်နက်နဲ့အတူ ပြည်သူဘက်တော် သားအဖြစ် ပူးပေါင်းပါဝင်လာခဲ့တယ်လို့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF) က ထုတ်ပြန်ပါတယ်။ ကရင်နီဒီမိုကရက်တစ်တပ် ဦးနဲ့ ကရင်နီပြည်အခြေစိုက်ပြည်သူ့ရဲ KSP တို့ပူးပေါင်းကာ နယ်မြေ လူပ်ရှားနေချိန်မှာ ခုလိုလာရောက်ခိုလှုံ CDM ပြုလုပ်ပြီး ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။ ရဲတပ်သား မောင်စိုးဟိန်းသူဟာ G-3 အမျိုးအစားသေနတ် ၁ လက် ၊ 7.62 ကျည် ၁၀၄ တောင့် ၊ ကျည်ဘောက် ၂ ဘောက်တို့ကို ယူဆောင်လာခဲ့ပြီး KDF နဲ့ KSP တို့ဆီ အပ်နှံခဲ့ပြီး ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်းလာ ခဲ့သည့် အတွက်လည်း ဂုဏ်ယူကြောင်း ဖော်ပြ ထားပါတယ်။

အလားတူ ရဲဝန်ထမ်းတွေ ၊စစ်သားတွေ အနေနဲ့လည်း ပြည်သူ့ဘက် ရဲရဲဝံဝံရပ်တည်ပြီး CDM ပါဝင်ကြဖို့နဲ့ CDM ဝင်ရောက်လာပါ ကလည်း သေနတ်တွေပါ တစ်ပါတည်း ယူဆောင် လာကြဖို့ KDF က တိုက်တွန်းနှိုးဆော်ထားပါတယ်။ လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲ နေကြတာပါ။

၂၀။ စစ်တွေတက္ကသိုလ်တွင် ဆရာ၊ဆရာမများအပါအဝင် ဝန်ထမ်း ၅၀ ကျော် ကိုဗစ်ပိုးကူးစက်ခံထားရ
February 16, 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်မှ ဆရာ၊ဆရာမများအပါအဝင် ဝန်ထမ်း ၅၀ ကျော်တွင် ကိုဗစ်ရောဂါပိုး ကူးစက် ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး တက္ကသိုလ်ကိုပြန်ပိတ်ရန်မရှိသေးကြောင်း စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှ သိရသည်။ “မနေ့ကစစ်တဲ့အထဲမှာ တက္ကသိုလ်ဝန်ထမ်း ၅၀ ကျော်မှ ကိုဗစ်ပိုးတွေ့တယ်။ အဲဒီအထဲမှာ ဆရာ၊ ဆရာမတွေအချို့ လည်းပါတယ်။ အကုန်လုံးကတော့ ရောဂါအခံမရှိကြဘူး။ ပိုးတွေ့တဲ့သူတွေကို စောပြည့်ညိုအဆောင်မှာ Quaratine ထားထား တယ်။ ကျောင်ကတော့ ပုံမှန်ပါပဲ။ ကျောင်းပိတ်ဖို့အစီအစဉ်မရှိသေးဘူး”ဟု စစ်တွေတက္ကသိုလ် သင်တန်းရေးရာ ဌာနမှ ဦးကျော်နိုင်ဦးက DMG သို့ပြောသည်။

(ဖေဖေါ်ဝါရီလ ၁၅ ရက်)တွင် စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၅၀ ကျော်နှင့် လေယာဉ်စီးခရီးသည် ၁၀ ကျော်တို့တွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။ ထိုပိုးတွေ့ရှိသူများထဲမှ ၁၂ ဦး၏ နှာခေါင်းနှင့် အာခေါင်တိုဖတ်တို့ကို အိုမီခရွန်ဟုတ်/မဟုတ်သိရှိစေရန် ရန်ကုန်သို့ စစ်ဆေးရန် ပို့ ဆောင်ထားကြောင်း ၎င်းကဆိုသည်။

စစ်တွေတက္ကသိုလ်တွင် (ဒုတိယနှစ်)ဥပဒေမေဂျာတက်ရောက်နေ့သည့် ကိုဘုန်းပြည့်ဖြိုးက “အခုလက်ရှိက ကျောင်းမှာကိုဗစ် တွေ့ရှိတယ်ဆိုတော့ ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ နောက်ပြီးတော့ အခုပိုးက အိုမီခရွန်ဖြစ်ဖို့ပိုများ တယ်ဆိုတော့ ကူးစက်နိုင်ခြေကပိုမြင့်တယ်။ ကျောင်းကလူအုပ်လိုက်တက်နေရတာဆိုတော့ စိုးရိမ်မှုရှိတယ်”ဟု ၎င်းကဆို သည်။ စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ၄၀၀ ကျော်ရှိပြီး ယင်းအထဲမှ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်မှာ ကိုဗစ် ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်ကြောင်း စစ်တွေတက္ကသိုလ်သင်တန်းရေးရာဌာနမှ ဦးကျော်နိုင်ဦးကပြောသည်။

၂၁။ ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၂ ဦးသေဆုံး၊ ၃ဦးပြန်လွတ်လာ
February 18,2022

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မနကျေးရွာအနီးတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၃ ဦးဒဏ်ရာရှိပြီး ၂ ဦးသေဆုံး သွား ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် မနကျေးရွာအနီးရှိ ရတနာတောင်တန်း ကျောက်စိမ်းလုပ်ကွက်ဟောင်း မြေနေရာတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ဖားကန့်ပြည်သူတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“မြေပြိုတဲ့ထဲမှာက ၅ဦးပါသွားတယ်။ ၃ယောက်ကပြန်လွတ်လာတယ်။ ကျန် ၂ယောက်က အဲ့နေရာမှာပွဲချင်းပြီး ဆုံးသွားတယ်လို့ သိရတယ်။ ၉ နာရီလောက်မှာ ၂ လောင်းစလုံးပြန်ရတယ်လို့ကြားတယ်”ဟုပြောဆိုသည်။ မြေစာပုံပြိုကျမှုတွင် ပါသွား ရေမဆေး သမား ၂ ဦးမှာ မနကျေးရွာအောက်ဘက်ခြမ်းရှိ မမုံကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။

၂၂။ မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် သံတိုသံစတင်တွဲကား ၁ စီး တိမ်းမှောက်မှုထပ်ဖြစ်
February 18, 2022

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်း နေရာ တွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က သံတိုသံစတင် တွဲကား (၁) စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယာဉ် တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦး အား သင်္ဃန်းညီနောင် လူမှုကယ်ဆယ် ရေးအဖွဲ့က ဖြစ်စဉ်နေရာမှ မြဝတီခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည် ဟု ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“မှောက်တဲ့ကားကတော့ သံတိုသံစတွေ တင်ထားတဲ့ တွဲကားပဲ။ ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကို တက်လာတဲ့ ကားပေါ့။ ကွမ်းခြံကွေ့ကုန်းအဆင်းမှာ အရှိန်လွန်ပြီး တိမ်းမှောသွားတာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်အကူ တို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယာဉ်မောင်းကတော့ ဒဏ်ရာအနည်းငယ်ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ် “ဟု သင်္ဃန်း ညီနောင်လူမှုကယ်ဆယ်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်သည် အာရှလမ်း ကွမ်းခြံကွေ့ကုန်းအဆင်း နေရာတွင်ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၆ရက် နေ့ကလည်း ပြောင်းဆန်တင် တွဲကားတစ်စီး အလားတူ တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ယာဉ်မောင်းနှင့် ၎င်း၏ ဇနီးတို့ ၂ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်အကူမှာ စိုးရိမ်ရသည့် အခြေ အနေဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

၂၃။ လားရှိုးမြို့က KTV ဆိုင်မှာ အမျိုးသားတစ်ဦး ဓါးထိုးခံရပြီး ဒဏ်ရာပြင်းထန်ရရှိ
February 18, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၈)ရှိ KTV ဆိုင်တစ်ဆိုင်မှာ မနေ့ည ၁၁ နာရီဝန်းကျင်က အမျိုးသားတစ်ဦး ဓါးထိုး ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားတယ်လို့ သိရပါတယ်။ ဓါးထိုးခံရသူအမျိုးသားဟာ အသက်(၃၅)နှစ်ဝန်းကျင်ရှိပြီး ဒဏ်ရာ ပြင်းထန်တာကြောင့် စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ဆိုပါ။ သွားရောက်သယ်ဆောင်လာတဲ့ လားရှိုးလူငယ်များ လူမှုကူညီ ရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက “ရဲက ဖုန်းဆက်အကြောင်းကြားလာတော့ သွားရောက်သယ်ဆောင်လာတယ်။ ဖြစ်စဉ်ကိုတော့ ကျနော်တို့ မသိရှိဘူး”လို့ ပြောပါတယ်။

ဓါးထိုးခံရသူအမျိုးသားဟာ ဘယ်ရပ်ကွက်ကလူလည်းမသိရှိထားသလို ညာဘက်ရင်အုပ်မှာ ဓါးထိုးခံရတယ်လို့ ၎င်းက ပြောပါ တယ်။ “ကျနော်တို့အသင်းက ဆေးရုံမှာလာပို့တော့ ကိုဗစ်ရောဂါကြောင့် လူနာတွေကို လက်မခံတော့ဘူးတဲ့။ ပြီးတော့ အပြင် ဆေးရုံပို့တော့ ညနက်နေလို့ လက်မခံတော့ဘူး။ ပြီးမှ စစ်တပ်ဆေးရုံပို့လိုက်တယ်။ သွားလားတာနဲ့ကို နှစ်နာရီလောက် အချိန် ကြာသွားတယ်” လို့ ပြောပါတယ်။ လားရှိုးမှာ ကိုဗစ်ကူးစက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာပေမယ့် လူစည်ကားရာနေရာတွေ ဖြစ်တဲ့ KTV၊ ဘားဆိုင်တွေကတော့ ဆက်လက်ဖွင့်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၄။ မြောက်ဦးရှေးဟောင်းဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အီတလီ ပညာရှင်လာရောက်လေ့လာ
17 February, 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းဒေသကို ကမ္ဘာ့အမွေအနှစ် ယူနက်စကို ဝင်ဖို့အတွက် အဆိုပါဒေသမှာရှိတဲ့ ချောင်းတွေ ကို ရေစီးရေလာကောင်းအောင် အရင်ဆုံးပြုပြင်သင့်တယ်လို့ အီတလီနိုင်ငံသား ရေအရင်းမြစ် ပညာရှင် ပါမောက္ခ Massimo Sarti က ပြောကြားလိုက်ပါတယ်။ အဲဒီလို မပြုပြင်ပဲထားမယ်ဆိုရင် ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ဖို့ အခက် အခဲ ရှိနိုင်တယ်လို့လည်းပြောပါတယ်။ အီတလီနိုင်ငံသား ရေအရင်းမြစ်ပညာရှင် ပါမောက္ခ Massimo Sarti ဟာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ မြောက်ဦးဒေသကို သွားရောက်လေ့လာပြီးနောက် အခုလို ပြောဆိုခဲ့တာပါ။

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးနဲ့ ပတ်သက်လို့ အီတလီနိုင်ငံသား ရေအရင်းမြစ်ပညာရှင် ပါမောက္ခ Massimo Sarti ကို မြောက်ဦးခရိုင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာက ငှားရမ်းပြီး လေ့လာစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုလေ့လာပြီးတဲ့နောက် သူတွေ့ရှိချက် အချက် ၃ ချက်ကို ရှေးဟောင်းသုတေသနနဲ့ ယူနက်စကို ဝင်ရေးအတွက် ကြိုးစား နေတဲ့အဖွဲ့တွေကို အစီရင်စာတင်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြောက်ဦးဒေသမှာ လက်ရှိ ချောင်းမြောင်း တွေ ပိတ်ဆို့မှုတွေဖြစ်ပေါ်နေတာရှိပြီး မပြုပြင်ပဲထားမယ်ဆိုရင် နောက်နှစ်အနည်းငယ်အတွင်းမှာ မြောက်ဦးဒေသဟာ ရေကြီး နိုင်တဲ့ အန္တရာယ်ဖြစ်ပေါ်လာနိုင်တာကြောင့် အဲဒီကိစ္စရပ်နဲ့ပတ်သက်လို့ ယူနက်စကိုက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတဲ့ အခါ ဘယ်လို ဆုံးဖြတ်သွားမယ်ဆိုတာ မပြောနိုင်ဘူးလို့ မြောက်ဉီးရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကလည်း ပြောပါတယ်။

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လက်ရှိအချိန်မှာတော့ ရှေးဟောင်းနယ်မြေ တောင်တွေကို တူးဖော်ကြတာတွေကို ဟန့်တား ထားပြီးချောင်းတွေကိုပိတ်ဆို့ကာ အိမ်ဆောက်လုပ်တာတွေကိုလည်း ပြည်နယ် ရှေးသုအနေနဲ့ ခွင့်မပြုထားသလို ယူနက်စကို ဝင်နိုင်ရေးလည်း ဒေသခံပြည်သူတွေပါ ပူးပေါင်းပါဝင်ဆောက်ရွက်မှ ရနိုင်မယ်လို့ ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဉီးဆန်းဝင်းက ပြောပါတယ်။ မြောက်ဦးရှေးဟောင်းဒေသကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဆိုပြုလွှာ မူကြမ်းတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အဆိုပြုလွှာ မူချောတင်သွင်းခဲ့ပါတယ်။

၂၅။ စစ်အာဏာသိမ်းခေါင်းဆောင် ကျိုင်းတုံဟော်နန်းပုံတူ ကျပ်သိန်း လေးသောင်းကျော် ကုန်ကျခံ ပြန်တည်ဆောက်မည်
February 17, 2022

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဟော်နန်းပုံတူကို ပြန်လည်တည်ဆောက်ရန် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် က သိန်းပေါင်း လေးသောင်းကျော်ကုန်ကျခံမည်ဟု သတင်းရရှိသည်။ ဖေဖော်ဝါရီ (၁၇)ရက် မနက်ပိုင်းတွင် ကျိုင်းတုံဟော်နန်း တည်ဆောက်ရန်အတွက် သံဃာတော်များ၊ ဒေသခံလူထုများ အပါအဝင် စစ်‌အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တို့က ပန္နက်ရိုက်ခဲ့ကြောင်း ကျိုင်းတုံဒေသခံ တစ်ဦးက ပြောသည်။ “ကျိုင်းတုံ စကိတ်ကွင်းကို ဖျက်ပြီး ကျိုင်းတုံဟော်နန်း ပြန်လည်ပြု လုပ်မယ်။ ဟော်နန်းဟောင်းရဲ့ မြေတွေပဲဖြစ်တယ်။ တပ်တွေသိမ်းထားပြီး စကိတ်ကွင်းမှာ ဒီနေ့ မနက်က မင်းအောင်လှိုင် ကိုယ်တိုင် လာပြီး ပန္နက်ရိုက်ပြီးသွားပြီ။ မြေနေရာက ၁ ဧကကျော်လောက် ရှိမယ်” ဟု သျှမ်းပြည် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်း မှ လုံးစိုင်းဆမ်တစ်ဆေ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူ ကျိုင်းတုံမှာ ထီးလာတင်ပြီး ကျိုင်းတုံဒေသခံတွေ မကန့်ကွက်ရင် ဟော်နန်းလုပ်ပေးမယ်ဆိုပြီး ပြောလာတယ်။ ကန့်ကွက် မယ့်သူရှိလားပေါ့။ ဘယ်သူမှ မကန့်ကွက်ဘူးလို့ ဘယ်မှာပဲလုပ်လုပ်ရတယ် ဘယ်သူဘာမှမပြောဘူး။ အဲ့တော့ သူလုပ်ပေးမယ် တဲ့။ သူပြောတာ လုပ်ပေးမယ်လို့ပြောလိုက်တော့ အမြန်စီစဉ်လိုက်ပြီး ဒီနေ့ပဲ ပန္နက်ရိုက်လိုက်တာ” ဟု လုံးစိုင်းဆမ်တစ်ဆေ က ထပ်လောင်းပြောသည်။ ယခု ပြန်လည်ပြုလုပ်မည့် ကျိုင်းတုံပုံစံတူ ဟော်နန်းကို သိန်းပေါင်း (၄)သောင်းကျော် ကုန်ကျခံ မည်ဖြစ်ပြီး စစ်တပ်ဘက်က အင်ဂျင်နီယာကို ခေါ်ယူကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ပြည်သူအများစု ပြောတာတော့ သူများပေးတုန်း ယူထားလိုက်ပေါ့နော်။ ခု ချက်ချင်းလုပ်ပေးတော့မယ်။ သိန်းပေါင်း ၄ သောင်းကျော် ကုန်မယ်။ ကျိုင်းတုံဟော်နန်းပုံစံတူ ဖြစ်အောင်လုပ်မယ်။ ချက်ချင်းစတော့မယ်။ သူတို့ တပ်ဘက်က အင်ဂျင်နီယာကို ခေါ်ပြီးလုပ်တော့ မယ်” ဟု သျှမ်းပြည် ရှေးဟောင်းအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရေးအသင်း မှ လုံးစိုင်းဆမ်တစ်ဆေ က ပြောသည်။

၁၉၀၆ ခုနှစ် ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန်ကျောက် အင်းထလိုင် မှ တည်ဆောက်ထားသည့် သျှမ်းသမိုင်းဝင် ကျိုင်းတုံမြို့ အထင်ကရ စော်ဘွားကြီးများ၏ အမွေအနှစ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် အာဏာသိမ်း နဝတ စစ်အစိုးရက ၁၉၉၁ ခုနှစ် နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီ ၄၁ မိနစ်က မိုင်းခွဲဖြိုချဖျက်ဆီးခဲ့သည်။ စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်ကာလတွင် ဖျက်ဆီးခံရသည့် ကျိုင်းတုံဟော်နန်းကို လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးကုန် ကျ ပြန်ပြုပြင်မည် ဆိုသော်လည်း တချို့ လူငယ်များက သဘောမတွေ့ကြပေ။ “လူငယ်တွေ အနေနဲ့ကတော့ အရင်ဟော်နန်း ဟောင်းမှာပဲ လုပ်စေချင်တယ်။ သူ အာဏာသိမ်းပြီးကတည်းက သူပြောထားတယ်လေ ဟော်နန်း ပြန်လုပ်ပေး မယ်ဆိုတာ။ ကန့်ကွက်ပေမယ့် ဘာမှ မလုပ်နိုင်ဘူး” ဟု ကျိုင်းတုံလူငယ် ဒေသခံ တစ်ဦးက ပြောသည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။