• Today is: Friday, April 19, 2024

စစ်ကောင်စီတပ်များ မုံးကိုးခရိုင် ကိုးကန့် (MNDAA) တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ဟုဆို

ဖက်ဒရယ်ဂျာနယ် ( မတ် / ၁ )

စစ်ကောင်စီတပ်များက အထူးဒေသ(၁)၊ မုံးကိုးခရိုင်သို့ အင်အားတိုးချဲ့ပြီး ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်ခန့် စစ်ကောင်စီ စကခ(၁၂)လက်အောက်ခံ တပ်ရင်း(၂၈၇)က လူအင်အား (၈၀)ကျော်ခန့်ဖြင့် မုံးကိုးခရိုင် မန်ကျယ်ဒေသအနောက်ဘက်တောင်ကုန်းရှိ ကိုးကန့် (MNDAA) ၏ တပ် စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်းသိရသည်။

MNDAA အနေဖြင့် ဥက္ကဌကြီး ဦးဖုန်ကြားရှင် ရဲ့ စျာပန အခမ်းအနားကျင်းပနေစဉ်တွင် ဦးစွာ စစ်ရေး လှုပ်ရှားမှုများ အသက်နိုင်ဆုံးရှောင်ကြဉ်ခဲ့သော်လည်း စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မဖြစ်မနေ ခုခံတိုက်ခိုက်ခဲ့ရကြောင်းထုတ်ပြန်ထားပါသည်။ စစ်ကောင်စီဘက်က မုံးကိုးခရိုင် ကိုးကန့် (MNDAA ) ၏ မန်းရန်တပ်စခန်းကို လက်နက်ကြီးများ ဖြင့်မရပ်မနား ပစ်ခတ်မှုများပြုလုပ်ပြီး စစ်ကောင်စီ ဘက်မှ ပစ်ခတ်သောလက်နက်ကြီးကျည် စုစုပေါင်း (၈၀)ကျော်ခန့်ရှိကြောင်းသိရသည်။

၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ စစ်ရေးလှုပ်ရှားမှုများရပ်ဆိုင်း သွားမည်ဟု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်ကောင်စီဘက်က ထုတ်ပြန်ထားသော်လည်း ကိုးကန့် (MNDAA) တပ်စခန်း ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီ ကြွေးကြော်သော အပစ်အခတ် ရပ်ဆိုင်းရေးသည် ဗလာ သာဖြစ်ပြီး အရင်နည်းတူ အကျိုးသက်ရောက်မှုမရှိကြောင်း ထုတ်ပြချက်တွင် ဖော်ပြထားပါသည်။