• Today is: Thursday, March 28, 2024

ယနေ့ကျရောက်သည့် (၃၄) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ  သဝဏ်လွှာပေးပို့

ဖက်ဒရယ်ဂျာနယ် ( မတ်လ ၂၀ ရက် )  

ယနေ့ကျရောက်သည့် ချင်းအမျိုးသားတပ်ဦး (Chin National Front) ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ် မြောက် ချင်းတော်လှန်ရေးနေ့သို့ အမျိုးသားညီညွရေးအစိုးက သဝဏ်လွှာပေးပို့ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်ခဲ့သည့် ချင်းအမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်သည့်နေ့သည် စစ်အာဏာရှင် စနစ်ပပျောက်ရေး၊ ချင်းအမျိုးသားလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုဆိုင်ရာ ချင်းတော်လှန်ရေး၏ အမှတ်သညာနေ့ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦးမှ ရဲဘော်၊ ရဲဘက်များ အားလုံး ကိုယ်စိတ် နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါ သည်ဟု ပေးပို့သည့် သဝဏ်လွှာတွင်ပါရှိသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သည့် ချင်းတောင်တန်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာသည့်အခါ ပြည်ထောင်စုအဖွဲ့ဝင် ချင်းဝိသေသ တိုင်းအဖြစ် ပါဝင်လာခဲ့သည်။ သို့ရာတွင် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရပေါ်ပေါက်လာခြင်း၊ ၁၉၆၂ ခုနှစ် တွင် နိုင်ငံတော်အာဏာကို တပ်မတော်မှသိမ်းပိုက်ရယူလိုက်ခြင်းနှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်ကို တပ်မတော်မှ ငြင်းပယ်လိုက်ခြင်းစသည်တို့ကြောင့် ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးရည်မှန်းချက်သည်လည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။

ချင်းအမျိုးသားတပ်ဦးသည် ပြည်သူ နှင့်အတူရပ်တည်၍ အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိသည်ကိုတွေ့ရှိရ၍ တိုင်းရင်းသားပြည်သူများကိုယ်စား များစွာကျေးဇူးတင်ဂုဏ်ယူ လျက်ရှိကြောင်း၊ (၃၄) နှစ်တာကာလအတွင်း ချင်းအမျိုးသားတပ်ဦးအား ခေါင်းဆောင်မှု ပေးခဲ့ကြသည့် အဆက်ဆက်သော ခေါင်းဆောင်များနှင့်တကွ (၃၄) နှစ်တာကာလအတွင်း ချင်းအမျိုးသားတပ်ဦး၏ ဦးဆောင်မှုအောက်တွင် ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ချင်းအမျိုးသမီး၊ အမျိုးသား များအားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုပါကြောင်း ဖော်ပြထားပါသည်။