• Today is: Wednesday, December 7, 2022

တပ်မှူး ၃ ဦးကို ရာထူးမှ ထုတ်ပယ်ကြောင်း DKBA ထုတ်ပြန်

#Photo_Crd_KIC_DKBA

ဖက်ဒရယ်ဂျာနယ် (မတ်လ –  ၂၆ )

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်မှူး ၃ ဦးအား စစ်စည်းကမ်းချိုးဖောက်သဖြင့် ရာထူးမှ အပြီးပိုင်ထုတ်ပယ်လိုက်ကြောင်း DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီက မတ်လ ၂၄ ရက်နေ့စွဲဖြင့် အမိန့်ပြန်တမ်းစာတစ်ခု ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမိန့်ပြန်တမ်းစာအရ ထိုတပ်မှူး ၃ ဦးဖြစ်သည့် ၉၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖူးခလဲ့(ခ) စောနော်ခူး၊ ကလိုထူးဘောဗဟို စစ်ကွပ်ကဲရေးလုံခြုံရေးတပ်ရင်းမှ ဗိုလ်မှူးကြီး စောဝေကလယ်မူးနှင့် ဗိုလ်မှူးစောကော်အဲ့ဒိုတို့သည် အဖွဲ့အစည်းမှ ပေးအပ်ထားသော တာဝန်ထက်ကျော်လွန်လုပ်ဆောင်လျက် စစ်စည်း ကမ်း ပုဒ်မ ၁၃ ကို ချိုးဖောက်သဖြင့် အမိန့်ပြန်တမ်းစာထုတ်ပြန်သည့် နေ့မှစ၍ ၎င်းတို့အား တပ်ဖွဲ့မှ အပြီးအပိုင် ထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်။

အဆိုပါ အမိန့်ပြန်တမ်းစာနှင့်ပတ်သက်၍ အမည်မဖော်လိုသူ DKAB တပ်မှူးတစ်ဦးက ” စာကတော့ အတည်ပဲနော်။ ၉၀၈ တပ်ရင်းမှူး ဖူးခလဲ့ပဲ အတိအကျ သိတယ်။ အသေးစိတ်တော့ မသိရဘူး။ “ဟု ကေအိုင်စီဌာနသို့ အတည်ပြုပြောဆိုခဲ့ကြောင်းခဲ့ကြောင်းသိရသည်။

၉၀၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဖူးခလဲ့ (ခ) စောနော်ခူးသည် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က မြဝတီတောင်ဘက်ရှိ မော်ခီးစစ်ကောင်စီစစ်စခန်းကို တက်ရောက်သိမ်းပိုက်ခဲ့ရာတွင် KNLA တပ်ဖွဲ့နှင့် အတူ ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

DKBA အဖွဲ့တွင်းသတင်းအရ ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်ကောင်စီ၏ မြဝတီရှေ့တန်းရုံး ခလရ ၂၇၅ တပ်ရင်းမှူး စိုင်းဇော်မိုးထွန်းက မြဝတီမြို့ရှိ DKBA ဆက်ဆံရုံးတာဝန်ရှိ သူများကို ခေါ်ယူတွေ့ဆုံခဲ့ရာ DKBAအဖွဲ့ အနေဖြင့် ပြတ်ပြတ်သားသားရပ်တည်ရန်နှင့် ၎င်းတို့နှင့် ပူးပေါင်းရန် အကယ်၍ မပူးပေါင်းပါက အဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းနှင့် တပ်စခန်းများကို အာမခံချက် မပေးကြောင်း ခြိမ်းခြောက်ပြောခဲ့ သည်ဟု ပြောဆိုသည်။ ထို့အပြင် မြဝတီတောင်ဘက် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအတွင်း ပါဝင်ပတ်သက်သည့် တပ်မှူးအချို့ကို အဖွဲ့မှ ထုတ်ပယ်ရန်နှင့် ထုတ်ပယ်ပြီးစီးကြောင်း တရားဝင် သတင်းပို့ရန် သတိပေးပြောဆိုခဲ့ပြီးနောက် ယခုအမိန့်ပြန်တမ်းစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

DKBA- ထုတ်ပြန်စာ