• Today is: Friday, August 12, 2022

“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာ တိုင်းရင်းသားလူမျိုးစုငယ်များအတွက် ပြည်နယ်သစ်ရရရှိရေးက ဘယ်လောက် အရေးကြီးသလဲ” (စကားဝိုင်း – အနှစ်ချုပ်)

“ပြည်ထောင်စုကို စဖွဲ့ခဲ့တဲ့ကာလကို ကြည့်မယ်ဆိုရင် ချင်း နဲ့ ကချင်ဟာ လူမျိုးအခြေခံဖြစ်ခဲ့ပြီး ရှမ်း ဟာဆိုရင်လည်း လူမျိုးများစွာကို အခြေပြုတဲ့ Federated Shan State ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဗမာ ဖြစ်ပါတယ်။ သူကကြတော့ Burma Proper ဆိုပြီး မထဝီဝင်ကို အခြေခံပြီးမှ လာပေါင်းစပ်တယ်။ ဒါကြောင့် Form of State လို့ခေါ်တဲ့ ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံက မပီပြင်တော့ဘူး။ တခြားဒေသတွေကိုကြတော့ ပြည်နယ်လို့ သတ်မှတ်ပြီး Burma Proper ကိုတော့ သီးခြားပြည်နယ် မသတ်မှတ်တော့ဘဲ ဗဟိုအစိုးရကို ကိုယ်စားပြုပြီးတော့ ကျန်တဲ့ပြည်နယ်တွေက ဗဟိုအစိုးရအမည်ခံ Burma Proper ရဲ့ ဗဟိုပြုမှုကိုခံရတဲ့ လက်အောက်ခံပြည်နယ်တွေ ဖြစ်လာတဲ့ကြပါတယ်

 

 
Salai Abraham ( Center for Development and Ethnic Studies )

ပြည်နယ်သတ်မှတ်မှု ဘယ်ပေါ်မှာ အခြေခံသင့်သလဲ ဆိုတာ သိပ်ကိုကြီးမားတဲ့ နိုင်ငံရေးမေးခွန်း ဖြစ်တဲ့အတွက်ကြောင့် ကျနော်တော်တစ်ဦးတစ်ယောက်တည်း ဖြေဖို့ခက်ခဲပါတယ်။ နိုင်ငံရေးမေးခွန်း ဖြစ်တာနဲ့ အညီ နိုင်ငံရေးအရ အကျေအလည်ဆွေးနွေးရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ကာလတစ်လျှောက် ပြည်ထောင်စုကို စဖွဲ့ခဲ့တဲ့ကာလကို ကြည့်မယ်ဆိုရင် ချင်း နဲ့ ကချင်ဟာ လူမျိုးအခြေခံဖြစ်ခဲ့ပြီး ရှမ်း ဟာဆိုရင်လည်း လူမျိုးများစွာကို အခြေပြုတဲ့ Federated Shan State ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဗမာဖြစ်ပါတယ်။ သူကကြတော့ Burma Proper ဆိုပြီး မထဝီဝင်ကို အခြေခံပြီးမှ လာပေါင်းစပ်တယ်။ ဒါကြောင့် Form of State လို့ခေါ်တဲ့ ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံက မပီပြင်တော့ဘူး။ တခြားဒေသတွေကိုကြတော့ ပြည်နယ်လို့ သတ်မှတ်ပြီး Burma Proper ကိုတော့ သီးခြားပြည်နယ် မသတ်မှတ်တော့ဘဲ ဗဟိုအစိုးရကို ကိုယ်စားပြုပြီးတော့ ကျန်တဲ့ပြည်နယ်တွေက ဗဟိုအစိုးရအမည်ခံ Burma Proper ရဲ့ ဗဟိုပြမှုကိုခံရတဲ့ လက်အောက်ခံပြည်နယ်တွေ ဖြစ်လာတဲ့ကြပါတယ်။ ဒါကြောင့် သမိုင်းကြောင်းကို ကြည့်မယ်ဆိုင်ရင်တော့ လူမျိုးကို အခြေခံခဲ့တာလည်းရှိသလို ပထဝီဝင်ကို အခြေခံခဲ့တာလည်းရှိပါတယ်။ နိုင်ငံရေးအရ လူမျိုးအခြေခံနဲ့ ပြည်နယ်ကို ဖွဲ့စည်းသင့်တယ် ဆိုတဲ့ သူတွေကို လည်းပစ်ပယ်လို့မရသလို အခြေနေအရ ပထဝီဝင်ကို အခြေခံသင့်တယ် ဆိုတဲ့သူတွေကိုလည်း ပစ်ပယ်လို့မရပါဘူး။ တစ်ချို့ဒေသတွေက သမိုင်းအစဉ်လာအရ လူမျိုးအခြေခံနဲ့ ဖွဲ့စည်းနိုင်သလို တစ်ချို့ဒေသတွေဟာ ဒေသပထဝီဝင် အခြေခံနဲ့ ရှိလာခဲ့တဲ့အတွက်ကြောင့် ဒေသပထဝီဝင်ကို အခြေခံပြီးမှ လုပ်ရပါလိမ့်မယ်။ ဒေသပထဝီဝင်အခြေခံလား လူမျိုးအခြေခံလားဆိုတဲ့အစား နှစ်ခုစလုံးကိုထည့်သွင်းစဉ်းစားပြီး သက်ဆိုင်သူအားလုံး နိုင်ငံရေးအရ အကြိ‌တ်အနယ် ဆွေးနွေးအဖြေရှာရမည့် ပုစ္စာတစ်ခု ဖြစ်ပါတယ်။

NUG/NUCC ရဲ့ ဖယ်ဒရယ်ပဋိညာဉ်မှာတော့ ပြည်နယ်သစ်ဖွဲ့စည်းရေးနှင့် ပက်သက်ပြီး ပါမလာခဲ့ပါဘူး။ ဖယ်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေက အစပိုင်းမှာ ပြည်နယ်အနည်းငယ်သာ ရှိကြပါတယ်။  နာမည်ကြီးနိုင်ငံ တစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံဟာဆိုရင်လည်း အစမှာ ပြည်နယ် (၁၃) ခုနဲ့ပဲ ပြည်နယ်ကို ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှ ပြည်နယ်တွေကို ချဲ့လာပြီးနောက် ပြည်နယ် (၅၀) ဖြစ်လာခဲ့တယ်။ သူ့လိုပဲ ဖယ်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာဆိုရင် ပထဝီဝင်ကျယ်ဝန်းရင် ပြည်နယ်များတတ်ပါတယ်။ လူမျိုးများရင်လည်း ပြည်နယ်သစ် ဖွဲ့စည်းမှုက များပြားလာတက်ပါတယ်။ မတူကွဲပြားမှုနဲ့ လူမျိုးပေါင်းစုံတွေ ရှိတဲ့အခါကြရင်တော့ ဖယ်ဒရယ်ယူနစ် ပါဝင်မှုတွေ များတတ်ပါတယ်။ ကျနော်တို့နိုင်ငံဟာလည်းပဲ သေးတဲ့နိုင်ငံမဟုတ်ပဲ နိုင်ငံကြီးထဲမှာ ပါပါတယ်။ ဒါကြောင့် အခုလောလောဆယ်ရှိနေတဲ့ ပြည်နယ်နဲ့ တိုင်း (၇) ခုကို နောက်ပိုင်းကြရင်တော့ တူညီတဲ့အမည်နာမနဲ့ ခေါ်ဖို့လိုအပ်လာပါလိမ့်မယ်။ ပြည်နယ်ဆိုပြည်နယ်၊ တိုင်းဆိုရင်တိုင်း၊ ပြည်ထောင်ဆိုရင် ပြည်ထောင်ပေါ့။ လက်ရှိရှိနေတဲ့ (၁၄) ယူနစ်နဲ့တော့ပြီးပြတ်မသွားတာ ကောင်းပါတယ်။ အနာဂတ်ပြည်ထောင်စုမှာတော့ ပြည်နယ်သစ်ဖွဲ့စည်းခွင့်ကို မူအားဖြင့်တော့ ဖွင့်ကိုဖွင့်ထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အရေးကြီးတာ ကတော့ ဘယ်လိုပုံစံ၊ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ရမလဲ၊ ပြည်နယ်သစ်ဖွဲ့စည်းတဲ့အခါ ရှိသင့်တဲ့ ဘယ်လိုအနိမ့်ဆုံဘယ်လိုအ‌ခြေခံမူတွေ ရှိသင့်သလဲဆိုတာကို နိုင်ငံရေးအရ သေချာဆွေးနွေးရမှာ ဖြစ်ပါတယ်။

ကျနော့်အနေနဲ့တော့ ပြည်နယ်သစ်များပေါ်ထွက်ရေးမူကို လက်ခံတယ်။ အနာဂတ်အတွက် မရှိမဖြစ်ထည့်သွင်း သင့်တဲ့အရာလို့ နာလည်တယ်။ ဖက်ဒရယ်စနစ်လိုပြောတဲ့အခါမှာ ကျနော်တို့ ကျင့်သုံးတဲ့အခါကျရင် ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့်နဲ့ပဲ သွားလို့မရဘူး ဒေန္တသရ ကျေးရွာအဆင့်အထိကို ဖက်ဒရယ်ရဲ့လက္ခဏာကို ဖော်ဆောင်နိုင်ဖို့အရေးကြီးပါတယ်။ ဘာကြောင့် ပြည်နယ်သစ်ပေါ်ထွန်းဖို့ တစ်ချို့ခေါင်းဆောင်တွေ မလိုလား တာလဲဆိုတာကို ကျနော် ဖြေနိုင်မှာမဟုတ်ပါဘူး။ သို့သော် သဘောတူညီမှုရအောင် လုပ်ဆောင်နိုင်သလားဆို ရင်တော့ ကျနော် ယုံကြည်ပါတယ်။ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်၊ တိုင်ပင်မယ် အတူတကွ အဖြေရှာဖို့ ကြိုးပမ်းကြ မယ်ဆိုရင်တော့ အဖြေရှိလိမ့်မယ်လို့ထင်ပါတယ်။ ကိုယ့်အမျိုးသားရေးအတွက် ရပ်တည်နေတဲ့ သူအချင်းချင်းကြား ထဲမှာ လက်နက်သော်လည်းကောင်း၊ အကြမ်းနည်းဖြင့်သော်လည်းကောင်း တိုက်ရင်းခိုက်ရင်း ရန်လိုရင်းနဲ့ဆိုရင် တော့ ပြဿနာကလွယ်လွယ်နဲ့ ပြီးနိုင်မယ်မပါဘူး။ ပိုပြီးအရေးကြီးတာက တွေ့ဆုံနိုင်ရေး၊ အတူတကွ အဖြေရှာနိုင်ရေးက သိပ်ကိုအရေးကြီးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အများကြီးမဆွေးနွေးနိုင်ကြဘူးပေါ့။ ကျနော်တို့ တိုင်းပြည်မှာကြည့်မယ်ဆိုရင် ပြည်ထောင်စုဘယ်လိုပုံစံဖွဲ့စည်းမယ်ဆိုတဲ့ဟာ ကျေကျေလည်လည် ဆွေးနွေးနိုင်ခဲ့တာမရှိဘူး။ ဆိုတော့ အခုချိန်မှာ အချိန်ကောင်းအနေနဲ့ယူပြီးတော့ အခုကတည်းကနေပြင်ဆင်ပြီး ဆွေးနွေးလုပ်ဆောင်သင့်ပြီးလို့ထင်ပါတယ်။

နိုင်အောင်မိုင်း ( တအာင်းနိုင်ငံရေးအတိုင်းပင်ခံကော်မတီအထွေထွေအတွင်းရေးမှူး )

ကျနော်တော်တို့ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံ ဖြစ်တယ်။ ဒါကြောင့် အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုမှာ ပြည်နယ် သတ်မှတ်တဲ့အခါမှာ လူမျိုးနှင့် ပထဝီဝင် နှစ်ခုစလုံးကို အခြေခံပြီး သတ်မှတ်ရပါလိမ့် မည်။ နောက်ပြီး သတ်မှတ်ရမဲ့ ပြည်နယ်အတွင်း နေထိုင်တဲ့လူထုရဲ့ သဘောဆန္ဒကို မေးမြန်းခြင်းကလည်း မှားယွင်းမှုတွေ မဖြစ်အောင် လမ်းညွှန်မှု ပေးနိုင်မဲ့ လုပ်ဆောင်ချက်လို့ မြင်မိပါတယ်။

၁၉၄၇ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင် တောင်တန်းနဲ့ပြည်မ အာဏာခွဲဝေမယ်ဆိုပြီးမှ လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြတာဖြစ်တယ်။ အဲ့ဒီမှာ တိုင်ရင်းသားအရေးကို အာမခံတဲ့ ပြည်နယ်ဖွဲ့စည်းခွင့်က ပါတယ်။ ဆယ်နှစ်ပြည့် လို့မှ သဘောမတူရင် ခွဲထွက်ခွင့်ရှိတယ်ဆိုပြီး အတိလင်းပါတယ်။ နောက်ပြီး တိုင်ရင်းသားတွေအတူရေးဆွဲခဲ့တဲ့ FCDCC မှာလည်း ပါလာခဲ့ပေမယ့် NUG/NUCC မှာ ပါမလာတာဟာ ကြာားကာလပဋိဉာဉ် ဖြစ်တဲ့အတွက် ကြောင့်လို့ ကျနော် ထင်ပါတယ်။ ကြားကာလပြီးသွားလို့ အသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါမှပဲ ဖွဲ့စည်းပုံရေးဆွဲတဲ့အခါ ပြည်နယ်သစ်ဖွဲ့စည်းရေးက ပါလာရလိမ့်မယ်လို့ ထင်ပါတယ်။ NUCC စုဖွဲ့မှုဆိုတာ ဟာလည်း တိုင်းရင်းသားအရေးဖြစ်တဲ့ ပြည်နယ်သစ်ဖွဲ့စည်းမှု တွေကဲ့သို့သော အရေးကိစ္စတွေနဲ့ ပက်သတ်ပြီးတော့ ကောင်းကောင်းမွန်မွန် ကိုင်တွယ်သွားနိုင်ဖို့အတွက် စုဖွဲ့မှုလို့ ထင်မိပါတယ်။

ပြည်နယ်သစ်ကို လိုလားတဲ့သူတွေရှိသလို မလိုလားတဲ့သူတွေလည်းရှိတယ်ပေါ့လေ လိုတဲ့အပိုင်းမှာ ထင်ထင်ရှားရှားအနေနဲ့တော့ (၂၁)ပင်လုံညီလာခံမှာ ရှမ်းနီတွေကလည်း ပြည်နယ်သစ်တောင်းတာရှိတယ်။ တအာင်းပလောင် ကနေလည်း ပြည်နယ်သစ်ကိစ္စကို ပြောသွားတာရှိတယ်။ ဆိုတော့ ဘယ်လိုနေနေ ဒီလို ကစ္စတွေရှိလာပြီဆိုရင်တော့ ပြည်နယ်သစ် ကမဖြစ်အနေဖော်ဆောင်ရမယ်ဆိုတာမျိုးကလည်း အရေးပါလာတာ ပေါ့လေ။ ပြည်နယ်သစ်ပေးရေးမရေးဆိုတာက လူမျိုးတစ်မျိုးကနေပြီးတော့ ဆုံးဖြတ်လို့မရပါဘူး။ အဲ့ဒီဒေသမှာ ရှိနေတဲ့ လူမျိုးစုတွေရဲ့ ဆန္ဒအပေါ်မူတည်တယ် သူတို့ဆန္ဒကသာ အဓိက အခရာဖြစ်တယ် ဥပေက္ခာပြုထားလို့ မရဘူး။ ဖက်ဒရယ်ပြည်ထောင်စုဆီသွားမယ်လို့ပြောနေတဲ့အချိန်မှာ တာက မေ့ထားလို့မရဘူးလေ။ အဓိက တိုင်းရင်းသားတွေတောင်းဆိုနေတာကလည်း တိုင်းရင်းသားတွေရဲ့ တန်းတူရေး၊ နိုင်ငံရေးအရ အာမခံချက်၊ ဥပဒေကြောင်းအရ အာမခံချက်တွေ တရားဥပဒေဆိုးမိုးရေးဒါတွေမရရှိခဲ့လို့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့အတွက် တောင်းဆိုနေရချင်းဖြစ်တယ်။

ခွန်ဗွား ( ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကော်စီ –  ဗဟိုကော်မတီဝင် )

၁၉၄၇ လွတ်လပ်ရေးရပြီးတည်းက  အာဏာခွဲဝေမှုအပိုင်းမမျှခဲ့လို့ ပြည်တွင်းစစ်ဆိုတာ ဖွားဖက်တော်တစ်ခုလို ကပ်ပါလာတာဖြစ်ပြီး ယနေ့ထိရှိနေတဲ့ ပြည်နယ်တွေဆိုတာလည်း လူမျိုးကို အခြေခံပြီး စစ်အာဏာရှင်က သူ့စိတ်ကြိုက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အနာဂါတ်ဖယ်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်သစ်ကို နယ်မြေ အလိုက်ဖွဲ့စည်းလိုက်မည်ဆိုရင် ယနေ့မှာ ပြည်နယ် ရရှိထားတဲ့ လူမျိုးတွေအနေနဲ့လည်း လက်ခံဖို့ ခက်ခဲမယ်လို့ ကျွန်တော်ယူဆပါတယ်။ မြန်မာနိုင်ငံရဲ့ (၁၃၅) မျိုးသော လူမျိုးထဲမှာလည်း  နံပါတ် (၆) နေရာမှာ ရပ်တည်နေတဲ့ ကျန်တော်တို့ ပအိုစ်အမျိုးသားတွေ အနေနဲ့ကတော့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေနှင့် ပထဝီဝင်လည်း ရှိတဲ့ အတွက်ကြောင့် လူမျိုးကို အခြေခံတဲ့ ပြည်နယ်သစ် ရရှိရေးကို လိုလားပါတယ်။ ပြည်နယ်သစ်ရရှိရေးနဲ့ ပက်သက်ပြီးတော့ အခြေခံမူတွေရှိဖို့လိုအပ်ပါတယ်။ အဲ့ဒီအခြေခံမူမှတစ်ဆင့် ပြည်နယ်ရရှိသင့်တဲ့ သူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပြည်နယ်တွေပေးရပါမယ်။

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်နယ်သစ်ပေါ်ပေါက်ရေးကို သိပ်ပြီးတော့ မလိုလားဘူးဆိုတဲ့ အမြင်မျိုး ကို ကျနော်တို့လည်း ကြားသိရပါတယ်။ ဒါကလည်း ကျနော်တို့ ပြည်နယ်သစ် ရရှိနိုင်တဲ့ လူမျိုးစုတော်တော် များများက သူတို့ပြည်နယ်ထဲမှာရှိနေတာကိုး အခု ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာက ဖက်ဒရယ် ပြဿနာဖြစ်တယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်ကြားပေါ့။ ဆိုတော့ ရှမ်းလူမျိုးများအနေနဲ့လည်း ဗမာမဟာ လူမျိုးကြီး၊ ဗမာအာဏာရှင်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းတဲ့အခါမှာ လက်ရှိ သူ့ပြည်နယ်ထဲမှာ ရှိနေတဲ့ တအာင်းတွေ၊ ပအိုဝ်းတွေ၊ ဝ တွေရှိတယ်ဆိုတာကို နားလည်ဖို့ လိုမယ်ထင်ပါတယ်။ သူတို့ဘက်က လက်ခံနိုင်တဲ့ အခြေနေမရှိဘူးရှိရင် ရှမ်းပြည်အ‌ရေးက ပိုပြီးရှုပ်ထွေးလာပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေများလာနိုင်ခြေရှိပါ တယ်။ ဒါကြောင့် ကျနော်တို့က ပြည်နယ်သစ် ပေါ်ပေါက်ဖို့ အခြေခံမူအတိုင်း ရသင့်ရထိုက်တဲ့ သူတွေကို ပေးဖို့လိုတယ်ပေါ့လေ။ ကျနော်တို့ ပအိုဝ်း တွေကတော့ ပြည်နယ်တောင်းတာမဟုတ်ဘူး ပြည်နယ်သစ် ပေါ်ထွန်းရေးမူကို ထောက်ခံဆွေးနွေးတာပါ။ ကျနော်တို့ ပြောသလို မဟာဗမာလူမျိုးကြီးဝါဒဆိုသလိုမျိုး မဟာ ရှမ်း လူမျိုးကြီး၊ မဟာ ပအိုဝ်း လူမျိုးတွေဖြစ်နေတာလားဆိုတာကို ပြန်ပြီးသုံးသပ်ဖို့တော့လိုပါလိမ့်မယ်။

ဖက်ဒရယ်ဂျာနယ်