• Today is: Monday, November 28, 2022

“တိုင်းရင်းသားဒေသ CDM ဝန်ထမ်းများ စကားသံ” ( စကားဝိုင်း အနှစ်ချုပ်)

ဖက်ဒရယ်ဂျာနယ် ( ၂၀၂၂ ခုနှစ်၊ ဧပြီ ၊ ၂၉ )

 

“ကျွန်တော်တို့ စားဝတ်နေရေး ကျန်းမာရေးကအစ အတော်လည်း ကြပ်တည်းမှုတွေရှိလာတယ်။ သို့သော် ဒီအခက် အခဲကို ကျွန်တော်တို့က ဘယ်လိုဖြတ်သန်းနေရလဲဆိုတော့ အသက်ခန္ဓာတောင် ပေးပြီးတော့ တိုက်ပွဲ ဝင်နေကြတဲ့ လူငယ်တွေရှိတယ်။ ကျွန်တော်တို့ဆိုတာ အလုပ်ထုတ်ခံရတယ်ဆိုသော်ငြားလည်း တော်လှန်ရေးပြီးတဲ့ တစ်နေ့ မှာ အလုပ်တာဝန်၊ ရာထူးတွေပြန်ရနိုင်သေးတယ်။ တော်လှန်ရေး ထဲမှာ စွန့်စွန့်စားစား ခြေလက်အင်္ကာတွေ ဆုံးရှုံးရတာ၊ အသက်တွေ ဆုံးရှုံးလိုက်ရတာက ဘယ်နည်းနဲ့မှ ပြန်မရနိုင်တော့ဘူး။ သူတို့တောင် ဒီလောက်ရင်းနေ ရတာ ကျွန်တော်တို့က ဘာလို့စိတ်လျော့ရမှာလဲပေါ့။ တိုင်းပြည်အတွက် ပြည်သူတွေရဲ့ အနာဂတ်အတွက် သူတို့ရဲ့ ပေးဆပ်မှုကိုကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပေးဆပ်မှုက ဘယ်လိုမှမပြောပါး လောက်ဘူးပေါ့”

  • ဆရာမ ဒေါက်တာ ShaRon ( ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ဒုတိယညွန်ကြားရေးမှူး)

ကျွန်မတို့ CDM လုပ်ရခြင်းရဲ့ အကြောင်းအရင်ကတော့ အားလုံးလည်း သိပြီးဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ချင်လို့ပဲဖြစ်ပါတယ်။ နောက်တခုက ကျွန်မတို့ ပြည်သူလူတွေ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကိုလက်မခံဘဲ ပြည်သူတွေရဲ့ ဆန္ဒကို ဥပေက္ခာပြုပြီးတော့ အာဏာသိမ်း လိုက်တယ်။ ဆိုတော့ ဒီမတရားမှုအောက်မှာ ရုံးတက်နေမယ်ဆိုရင် သူတို့ကို ထောက်ခံရာ ရောက်တယ်။ သူတို့ရဲ့ အာဏာတစ်ခုတည်းအတွက် လုပ်ဆောင်နေတာကို ကျွန်မတို့လက်မခံကြောင်း CDM ပြုလုပ်ခြင်းဖြင့် ဆန္ဒပြခဲ့တာဖြစ်တယ်။ ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို မြတ်နိူးတန်ဖိုးထားတယ်။ ဒါပေမဲ့ ကျွန်မတို့ကတော့ ဒီတော်လှန်ရေးကြီးမအောင်မြင်မချင်း CDM ကို အဆုံးထိ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ကျွန်မတို့ ချင်းပြည်နယ်မှာဆိုရင်လည်း ကျန်းမာရေးဌာနအပါအဝင် ချင်းပြည်နယ်ဌာနအသီးသီးက CDM မှာပါဝင်နှုန်းဟာ (၈၀/၉၀)ရာခိုင်နှုန်းအထိရှိခဲ့ပါတယ် အခုထိလည်းပြုလုပ်နေဆဲဖြစ်ပါတယ်။ ဥပမာ ဟားခါးမြိုနယ်မှာဆိုရင် ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံး အားလုံးပေါင်းလိုက်လို့ရှိရင် ဝန်ထမ်းဦးရေ (၄၀၀၀)လောက်ရှိပါမယ်။ ဒီထဲကမှ အခုထိ (၃၃၀၀)ကျော်ဟာ CDM ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဆိုတော့ စစ်ကောင်စီရဲ့ အစိုးရယန္တာရားတွေက ရပ်တန့်နေတယ် မလည်ပတ်နိုင်ဘူးဆိုတာပြောချင်ပါတယ်။ ကျွန်မတို့ ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ အခက်အခဲတွေကတော့ မျိုးစုံကြုံလည်းကြုံခဲ့ပြီးပြီ ကြုံလည်းကြုံနေဆဲ ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲလည်းဆိုရင် လုံခြုံရေးစိတ်မချရတဲ့အခြေနေပေါ့ ဘယ်ချိန် ဘယ်နေရာမှာ ဗုံးပေါက်ကွဲမလဲ၊ ဘယ်ချိန်မှာလာဖမ်းမလဲ၊ ဘယ်ချိန်မှာတံခါးလာခေါက်မလဲ အမြဲတမ်း ကြီးလန့်စာစားနေရစိတ်နဲ့ ကောင်းကောင်းအိပ်မပျော်တဲ့ ညတွေလည်းအများကြီးကြုံတွေ့နေရတယ်။ ဒီထဲကမှ အစောပိုင်းမှာ ကျွန်မတို့ကို ပြည်သူတွေကပဲ ရုံးမတက် ရှုန်းထွက်ဆိုပြီးပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့တွေ စားဝတ်ရေးအတွက် စီးပွားရေးလုပ်တဲ့အခါတွေမှာဆိုရင် ဖေဝန်အပြစ်တာတွေရှိတယ်။  ပြီးတော့ အလုပ်လျှောက် တာတွေလုပ်တဲ့ အခါလည်း CDM ဝန်ထမ်းတွေဆိုရင် အလုပ်မခန့်ရဲကြတော့ဘူး၊ မခန့်ချင်ကြတော့တာတွေ ကြုံတွေ့နေရတယ်။ ကြုံနေရဆဲလည်းဖြစ်တယ်။ အဲ့ဒီအပြင်ကို ကျွန်မတို့ရဲ့ စားဝတ်နေရေးအခက် အခဲကြုံတွေ့ နေရတယ်။ ကျွန်မတို့ ချင်းအနေနဲ့ကြည့်လိုက်ရင် အစောပိုင်းကတော့ နိုင်ငံခြားမှာရှိတဲ့ Chin Community တွေကနေပြီးတော့ အားကောင်းကောင်းနဲ့ကို ထောက်ပံ့တာတွေရှိတယ်။ ဒါပေမဲ့ တစ်နှစ်ကျော်လာတဲ့အဟာမှာတော့ ကူညီထောက်ပံ့ ပေးတဲ့ မိသားစုတွေ Community တွေကလည်း ပြင်ပန်းလာနေတာကိုတွေ့ရတယ်။

ကိုဗစ်ကာလမှာ မလိုလားအပ်ဘဲ ပြည်သူလူထုတွေ သေကြေနေရတာဟာ CDM Staff တွေကြောင့် မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။ ဘယ်သူ့မှာတာဝန်ရှိလဲဆိုရင်တော့ ပြည်သူလူထုတွေရဲ့ ကျန်မာရေးကို မထိမဲ့မြင်လုပ်တဲ့ အာဏာရူးတဲ့ မင်းအောင်လှိုင်မှာသာ တာဝန်အပြည့်အဝရှိတယ်ဆိုတာကို ရှင်ပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၂၂ ကိုဗစ်စဖြစ်တဲ့အချိန်မှာ NLD အစိုးရအနေနဲ့ တစ်နိုင်ငံလုံးကို သူ့ရဲ့တတ်စွမ်းနိုင် သလောက်နဲ့ပြည်သူလူထုရဲ့ အသက်မဆုံးရှုံးရလေအောင် ဆောင်ရွက်ခဲ့တယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၂၈) အာဏာမသိမ်းခင်မှာ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေ အာကုန်လုံးက ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ရ သွားပြီ။ ကျွန်မတို့အနေနဲ့ ဆီးချိုသွေးချိုရှိတဲ့လူတွေ၊ ကိုဗစ်ကြောင့်အသက်သေနိုင်တဲ့သူတွေ၊ ရောဂါအခံရှိတဲ့ သူတွေ အဆင့်ဆင့်  ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်ကြတယ်။ ဖေဖော်ဝါရီ (၁)ရက်နေ့ အာဏာသိမ်းလိုက်တဲ့ အခါကျတော့ ကာကွယ်ရေးထိုးရမဲ့ အစီအစဉ်တွေအားလုံးက ပြိုကွဲပျက်စီးသွားတယ်။ ဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကုသခံယူမှု ဆုံးရှုံးနစ်နာခဲ့ရတာဟာ အာဏာရူး မင်းအောင်လှိုင် နဲ့ အပေါင်းအပါတွေကြောင့် ဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ မသိချင်ရောင်ဆောင်နေတဲ့သူတွေဟာ စစ်အာဏာရူးကို ထောက်ခံတဲ့သူတွေတာဖြစ်ပါတယ်။

 

  • ဆရာဒေါက်တာ အောင်ကိုကိုလင်း (စိတ်ပညာဌာန၊ မြစ်ကြီးနား တက္ကသိုလ်)

ကျွန်တော်တို့ မျက်မြင်ကိုယ့်တွေ့ ဘဝမှာ ဒီတခေါက် စစ်အာဏာသိမ်းတာဟာ ဒုတိယအကြိမ်မြှောက်ဖြစ်ပါတယ်။ သမိုင်းကြောင်းအရကြည့်မယ်ဆိုရင်တော့ ၃ ကြိမ်လောက်ရှိပြီဆိုတာသိရတယ်။ ရှေ့က ၁၉၆၂ ခုနှစ် အာဏာသိမ်း တာကို မမှီခဲ့လိုက်ရပေမဲ့ ၁၉၈၈ ခုနှစ် ဏာသိမ်းတာကိုတော့ ကျွန်တော်တို့ ကောင်းကောင်ကြီးခံစား လိုက်ရတယ်။ ဒီနေ့ဒီခေတ်ကြီးထဲမှာ ပြန်ပြီးတော့ အာဏာသိမ်းမယ်ဆိုတာကိုတော့ မထင်ထားမိပါဘူး။ အာဏာသိမ်းမှုမတိုင်ခင် စစ်တပ်က သတင်းစာရှင်းလင်းပွဲတွေမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း တို့ပြောတဲ့ အာဏာကိုသိမ်းချင်သိမ်းမယ်ဆိုတာ ကိုတောင် အလေားမထားခဲ့ဘူးပေါ့။ ဘာလို့ဆို ပြည်သူလူထုတစ်ရပ်လုံးက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဒီလို လုပ်ရက်မယ်လို့မထင်ထားဘူးလေ။  ဆိုတော့ ဒီတစ်ခါ အာဏာထပ်သိမ်းလိုက်ချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံဟာ အမှောင်ခေတ်ကို တစ်ဖန်ပြန်ဆွဲချတယ်လို နားလည်းလိုက်ရတယ်။  အရင်က ဒီလိုအဖြစ် တွေ မဆန့်ကျင်နိုင်ခဲ့ဘူး ကျနော်တို့ခေတ်မှာတော့ မရမကဆန့်ကျင်ရမယ်ဆိုတဲ့စိတ်ကဝင်လာ။ ဒါပေမဲ့ ဘယ်လို ဆန့်ကျင်ရမလဲဆိုတာ မသိသေးချိန်မှာဘဲ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဆရာကြီးဒေါက်တာမြင့်ထွေး ကစပြီးတော့ CDM လုပ်တဲ့သဘောမျိုးလုပ်လိုက်တဲ့ဟာမှာ ဝန်ထမ်းများစု အတွေးပေါက်သွားတယ်။ ကျွန်တော်တို့ က ဖေဖော်ဝါရီ ၆ ရက်နေ့ မှာ CDM လုပ်ကြရအောင်ဆိုပြီးတော့ တခဲနက်ဆုံးဖြတ်ခဲ့ကြတယ်။ ဆိုတော့ ဘာလို့ CDM လုပ်လဲဆိုရင်တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်တဲ့ဘက်ကနေ ကြမ်းတုံးခုတဲ့အနေနဲ့ တာဝန်ကျေချင်ခဲ့ တယ်။ နောက်မျိုးဆက်တွေကို ဒီအဖြစ်ဆိုးတွေထပ်ပြီး မကြုံစေချင်တော့တဲ့အတွက်ဖြစ်ပါတယ်။ ဘယ်အထိ သွားမလဲဆိုရင်တော့ ကျနော်တို့က CDM စလုပ်ကတည်းက ဆုံးဖြတ်ထားပြီးသားဖြစ်တယ် ဘယ်လောက်ကြာကြာ မနိုင်အချင်း အဆုံးထိ၊ အောင်ပွဲရတဲ့အထိ သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ကချင်ပြည်နယ်အတိုင်းအတာမှာတော့ အခြေခံပညာရော အဆင့်မြင့်ပညာရော CDM ပါဝင်နှုန်းက အတော်မြင့်မားတယ်။ သာဓကအားဖြင့် ကျွန်တော်တို့ တက္ကသိုလ်မှာဆိုရင် သင်ကြားရေးဝန်ထမ်း (၂၉၄)ယောက် ထဲက မထမဆုံး ဖေဖော်ဝါရီလ(၉)ရက်နေ့မှာဆိုရင် (၈၇)ရာခိုင်နှုန်းထိပါဝင်ခဲ့ပါတယ်။ အခြားဌာနအသီးသီးက လည်း (၇၀)ရာခိုင်နှုန်းအထက်ရှိခဲ့ပါတယ်။ ဆိုတော့ သင်ကြားရေးနဲ့ စီမံရေးဌာန ပေါင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်မှာဆိုရင် CDM ပါဝင်နှုန်းက (၈၀)ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ နောက် ဧပြီလထဲမှာ ကချင်ပြည်နယ်ထဲက CDM စာရင်းတွေကို ချုပ်ကြည့် လိုက်တဲ့ဟာ အခြေခံပညာမှာလည်း အတော်လည်း မြင့်မားနေတာကိုတွေ့ရတယ်။ တချို့ဝန်ကြီးဌာနတွေမှာ ဆိုရင် (၁၀၀)ရာခိုင်နှုန်း CDM လုပ်နေတာကို အံ့ဩစာရာတွေ့မြင်နေရတယ်။ အာဏာသိမ်းပြီး နှစ်လသုံးလအတွင်းမှာ ကျွန်တော်တို့ ကယံကံရှင်ရဲ့လုံခြုံရေးအခက်အခဲနဲ့ မိသားစုလုံခြုံရေးအခက်အခဲက အကြီးမှားဆုံးစိန်ခေါ်မှုဖြစ်တယ်။ နောက်ပိုင်း လွတ်မြောက်နယ်မှာ ကျွန်တော်တို့ကို လက်ခံထားတဲ့ ERO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက CDM တွေကို စားဝတ်နေရေးကို အပြည့်အဝထောက်ပံ့ထားတဲ့အတွက်ကြောင့် ပူပြင်ကြောင့်ကြစရာတော့မရှိဘူး။ ဒါပေမဲ့ CDM လုပ်ပြီးတော့ လွတ်မြောက်နယ်မြေမရောက်ခဲ့ဘဲ မြို့ပေါ်ကျန်ခဲ့တဲ့ မိတ်ဆွေများကတော့ တော်တော်ကြပ်တည်း ကြတယ်။ ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ် ဇွန်လလောက်မှာဆိုရင်တော့ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာတဲ့ အခါမှာတော့ CDM ထေက်ပံ့မှုကအတော်လည်းလျော့ကျလာတယ်။ လက်ကိုင်ဘက်ကို ပိုပြီးအားစိုက်လာခဲ့ကြ တယ်။ ဆိုတော့ မြို့ပေါ်မှာကျန်တဲ့သူတွေအတွက် စားဝတ်နေရေး ကျန်းမာရေးကအစ အတော်လည်း ကြပ်တည်း လာတယ်။ အဲ့တော့ဒီကာတွေမှာ ကျွန်တော်တို့က ဘယ်လိုဖြတ်သန်းနေရလဲဆိုတော့ အသက်ခန္ဓာတောင် ပေးပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေရှိတယ်။ ကျွန်တော်တို့ဆိုတာ အလုပ်ထုတ်ခံရတယ်ဆိုသော်ငြားလည်း တော်လှန်ရေးပြီးတဲ့ တစ်နေ့မှာ အလုပ်တာဝန်၊ ရာထူးတွေပြန်ရနိုင်သေးတယ်။ တော်လှန်ရေး ထဲမှာ စွန့်စွန့်စားစား ခြေလက်အင်္ကာတွေဆုံးရှုံးရတာ၊ အသက်တွေ ဆုံးရှုံးလိုက်ရတာက ဘယ်နည်းနဲ့မှ ပြန်မရနိုင်တော့ဘူး။ သူတို့တောင် ဒီလောက်ရင်းနေရတာ ကျွန်တော်တို့က ဘာလို့စိတ်လျော့ရမှာလဲပေါ့။ တိုင်းပြည်အတွက် ပြည်သူတွေရဲ့ အနာဂတ်အတွက် သူတို့ရဲ့ ပေးဆပ်မှုကိုကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပေးဆပ်မှုက ဘယ်လိုမှမပြောပါးလောက်ဘူးပေါ့။ ဒါပေမဲ့ သူ့ ကဏ္ဍနဲ့သူတော့ရှိတာပေါ့။ နောက်တခုက တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း အင်မတန်ခွန်အားရပါတယ်။ တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင်အသီးသီးတွေဟာ ဒီမိုကရေစီအစိုးရလက်ထက်မှာတောင် သူတို့ဟာ သိပ်ပြီးတော့ အရေးတယူ ဆက်ဆံမခံရတာရှိတယ်။ ၂၁ ပင်လုံတို့ မှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အချို့ ဟာဆိုရင် ချို့ချို့နိမ်နိမ် ပြောခံရတာတွေရှိတယ်။ အာဏာရပါတီရဲ့ လှစ်လျူရှုခြင်းခံနေရတယ်။ ဒီလိုမျိုးနာကျည်း စရာရှိတဲ့ လူတွေတောင်မှပဲ မနာကျည်းနိုင်ဘဲ ပါဝင်နေကြတယ်။ ဒီပုဂ္ဂိုလ်တွေတောင် ဒီ‌လောက်နစ်နာခံနိုင်ရင် ကျွန်တော်တို့ က ဘာမှမပြောပါးလောက်ပါဘူး။

စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက အစိုးရယံန္တရားကောင်းမွန်စွာလည်ပတ်နိုင်ပြီဆိုတာကို ပြချင်လို့ ကျောင်းတွေကို ဖွင့်လှစ်နိုင်ဖို့ကြိုးအကြိမ်ကြိမ်ကြိုးစားနေတယ်။ ပထမဆုံးအကြိမ်ကတော့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ကျောင်းဖွင့်ဖို့ကြိုးစားခဲ့တယ်။ နောက်ပြီး စစ်ကောင်စီက ကိုဗစ် မကူးကူးအောင်တမြင်တကာဖန်တီးတယ်လို့မြင် တယ်။ ကိုဗစ်ပိုးပြန့်ပွားလာလို့ရှိရင် ပြည်သူတွေကနေပြီးတော့ CDM လုပ်တဲ့ ဝန်ထမ်းတွေအပေါ်မှာ ညိုညင်အောင် ပြည်သူ့နဲ့ ရန်တိုက်ပေးခဲတာဖြစ်တယ်။ နောက် ပြီးခဲ့တဲ့ မတ်လမှာ ပြန်ဖွင့်တယ် အဲ့မှာဆိုရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲတောင် ဖြေအောင်လုပ်ခဲ့တယ် မေလ ထဲမှာ တက္ကသိုလ်တွေဖွင့်မယ်ဆိုပြီး ကြေညာတာရှိတယ်။ သူတို့ မည်သို့ပင် ကြိုးစားစေကာမူ ပြီးခဲ့အပတ်က ပုဇွန်တောင် အထက ၁ ကနေထုတ်လိုက်တဲ့ အခြခံပညာ မူလတန်း၊  အလယ်တန်း အောင်စာရင်းကိုကြည့်လိုက်ရင်သိသာတယ်။ တစ်တန်းမှာ ၄ ယောက်တောင်မရှိတဲ့ဟာမျိုးတွေတွေ့ ရတယ်။ နောက်တခုက ဒီချိန်မှာ မိဘအများစုက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်ကြတာတွေရှိတယ်။ ပထမတစ်ခုက ကိုဗစ်ကြောက်တာ၊ နောက်တခုက Non CDM တွေရဲ့ အရည်အတွေးကို မယုံကြည်တာရယ်ပေါ့။ ဘယ်လောက်ပဲ ကျောင်းတွေဖွင့်ဖို့ကြိုးစားပါစေ သူတို့မှာ လုံလောက်တဲ့အင်အားမရှိဘူး။ သာဓကအားဖြင့် ကျွန်တော်တို့ မြစ်ကြီးနားတက္ကသိုလ် ပြီးခဲ့တဲ့အတုတ်က ကြိုးစားဖွင့်ခဲ့တယ် ကျောင်းသား ၁၂၀ ပဲ လာတက်တယ်။ အမှန်ဆိုရင် စာရင်းရှိကျောင်းသားဦးရေက (၇၀၀၀)ကျော်ရှိတယ်။ ဒီလာတက်တဲ့ ၁၂၀ ဆိုတာလည်း မကင်းရာ မကင်းကြောင်းတွေပေါ့ ပြည်သူ့စစ်တွေကနေပြီးတော့ တအိမ်တက်တအိမ်ဆင်း ခြိမ်းခြောက်ပြီးတော့ လာတက်ခိုင်းတယ်ဆိုတဲ့ ဟာတွေကြားသိနေရတယ်။  

 

  • ဆရာစောဇင် (ဌာနမှူး၊ ကရင်နီပြည် ရဲဌာန)

 

ကျွန်တော်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ခဲ့တဲ့ ရဲ ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ဘာအတွက်ကြောင့် CDM ပြုလုပ်ခဲ့တာလဲဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို လက်မခံဘဲ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ ဒီတော်လှန်ရေးမအောင်မချင်း ပြည်သူနဲ့အတူရပ်တည်ပြီးတော့ CDM ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ကရင်နီပြည်မှာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ CDM ပြုလုပ်တဲ့နှုန်းဟာ တခြားပြည်နယ် တွေထက်ပိုပြီးတော့ များနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ ရဲဌာနဆိုရင်လည်း မြန်မာတစ်နိုင်ငံလုံးမှာ အားအကောင်းဆုံးဖြစ်တယ်။ အခုဆိုရင် အာဏာသိမ်းခဲ့တာလည်း တစ်နှစ်ကျော်လာပြီဖြစ်တာနဲ့အညီ ကျွန်တော်တို့ CDM လုပ်လာတာလည်း တစ်နှစ်ကျော်လာပြီ။ အဲ့အကြားမှာ အခက်အခဲပေါင်းစုံတော့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်ခဲ့လဲဆိုတော့ ပြည်သူလူထုရဲ့ ထောက်ပံ့မှုတွေ၊ ထောက်ခံမှုတွေ နောက်ပြီး အသက်စွန့်ပြီး ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့တွေကြည့်ပြီး ကျွန်တော်တို့က ဘယ်လိုအခက်အခဲပဲကြုံလာကြုံလာ စိတ်ခွန်အားယူပြီး ကျော်ဖြတ်လာခဲ့ရတယ်။  ကျွန်တော်တို့ ကရင်နီပြည်မှာ အခုလတ်သလောမှာ Non CDM ပြန်လုပ်သွားသူ အနည်းအကျဉ်းတော့ရှိလာတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယံန္တရားဆိုတာကလည်း မြို့ပေါ်မှာလောက်သာလည်ပတ်နိုင်ခဲ့ပြီးတော့ (၉၀)ရာခိုင်နှုန်း လောက်က သူတို့မထိန်းချုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ လွိုင်ကော်တိုက်ပွဲ တုန်းကဆိုရင် Non CDM သမားတွေကို တောင်ကြီးထိတောင်ရွှေ့ထားပြီးတော့ လည်ပတ်နေတာကိုတွေ့ရတယ်။ အခုလည်း ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ စိုးမိုးနယ်မြေတွင် ပိုမိုပြီးကျယ်ပြန့်အောင်လုပ်ဆောင်နေပါတယ်။ လွှိုင်ကော်မြို့မှလွဲပြီး ကျန်တဲ့ မြို့၊ရွာတွေဆို သူတို့လုံးဝ အုပ်ချုပ်ရေးယံန္တရားမလည်ပတ်နိုင်ပါဘူး။

ကျွန်တော်တို့ ကရင်နီပြည် ရဲဌာနမှာ CDM ရဲတွေနဲ့စုပြီးတော့ ဖက်ဒရယ် ဒီမိုကရက်တစ် ရဲ ပေါ်ပေါက်အောင်ဆိုပြီး ဖွဲ့စည်းခဲ့တယ်။ အခုချိန်မှာ လက်ကိုင်ပြီးတော့ တော်လှန်နေရတဲ့ ကာလမို့လို့ အကြမ်းဖက်စစ်ကောင်စီလို ကျွန်တော်တို့ဘက်က တော်လှန်ရေးသမားတွေကို အကြမ်းဖက်သမားလို့ မခေါ်ခံရအောင် လူ့အခွင့်အရေးနဲ့အညီ ဒလန်တို့ မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးရမိတဲ့ တရာခံတွေကို နောက်ကနေထိန်းသိမ်းပေးတယ်။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေမှာဆိုရင် စခန်းတွေဖွင့်ပြီးတော့ ရပ်ရွာရဲ့ အေးချမ်းသာယာရေးနဲ့ ပြည်သူ့လုံခြုံရေးတွေ ဆောင်ရွက်နေတယ်။ ဆက်လက်ပြီး ဒီထက်ပိုကောင်းတဲ့ အဖွဲ့အစည်းဖြစ်အောင် လေ့လာလုပ်ဆောင်နေတယ် ရဲဘော်တွေကိုလည်း သင်တန်းတွေပို့ချပေးနေပါတယ်။  

အခုချိန်မှာတော့ လက်နက်ကိုင်ပြီးတော်လှန်ရေးက အရေးပါသလို အကြမ်းမဖက် CDM ပြုလုပ်မှုကလည်း အခုထက်ထိအရေးပါတယ်လို့မြင်ပါတယ်။ ကျွန်တော်တို့တွေဟာ ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့အတွက်ကြောင့် အုပ်ချုပ်ရေးယံန္တရားလည်ပတ်ဖို့ဆိုတာက ပြည်သူ့ဝန်ထမ်းတွေရှိမှ လည်ပတ်လို့ရတာဖြစ်တယ်။ ဒါကြောင့် CDM ဟာလည်း တော်လှန်ရေးမအောင်မြင်ချင်းက အရေးပါတယ်ဆိုတာကိုပြောလိုပါတယ်။