• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

မေလ – ၅ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်စနစ်မလိုလား ဆန့်ကျင်သည့် ပြည်သူလူထုအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုကြောင့် ယနေ့ မေလ (၅)ရက်နေ့အထိ အသက်သေဆုံးခဲ့သည့် ပြည်သူ (၁၈၂၂)ဦးအထိ ရှိခဲ့ပြီး မတရားဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျနေရသူ (၁၃၅၈၅)ဦးအထိ ရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

 

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ယနေ့ တရားဝင် ကြေညာချက် ထုတ်ပြန်သည်။ KIO ၏ ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့ မိန့်ခွန်းပြောဆိုပြီးနောက် မေလ ၂ ရက်နေ့တွင် မင်းနောင်က စာဖြင့် အကြောင်းကြား လာကြောင်း ၊ သို့ရာတွင် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးဆွေးနွေးဖြင့် အဖြေရှာရန် လိုအပ်ကြောင်း၊ ယခု ဖိတ်ခေါ်ချက်သည် ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်း မရှိကြောင်း၊ နိုင်ငံ၏ အရေးအရာများကို ဆွေးနွေး အဖြေရှာမည် ဟူသော သဘောထား မပါရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

 

  • ဟားခါးမြို့မှ ဖလမ်းမြို့နယ်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း စစ်ကြောင်းကို ယနေ့ မေလ ၅ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး (CNA)၊ CDF ထန်တလန်နှင့် CNDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ CNA နှင့် CDF ထန်တတလန်တပ်ဖွဲ့မှ ရဲဘော် ၉ ဦး ကျဆုံးကြောင်း ဟားခါးဒေသတွင်းမီဒီယာဖြစ်သည့် The Hakha Post တွင်ဖော်ပြချက်အရသိရသည်။ အဆိုပါတိုက်ပွဲတွင် ကျဆုံးသော ရဲဘော်တို့သည် ချင်းအမျိုးသားတပ်ဦး (CNA) မှ နှစ်ပွင့် ဗိုလ်အပါအဝင် ရဲဘော် ၆ ဦး၊ CDF ထန်တလန်တပ်ဖွဲ့မှ ရဲဘော် ၃ ဦး စုစုပေါင်း ရဲဘော် ၉ ဦးတို့သည် ယနေ့ ဟားခါး ဖလမ်းလမ်းမ ဘေးရှိ တလန်ဇာရ်ကျေးရွာ အနီးတိုက်ပွဲတွင် ကျဆုံးသွားကြောင်းသိရပါသည်။

 

  • ကရင်ပြည်နယ်၊ သံတောင်ရဲစခန်းမှ ရဲတပ်ကြပ် စိုးမင်းထိုက်အပါအဝင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိကြောင်း သံတောင် အခြေစိုက် People Defense Force-Thandaungက သတင်းထုတ်ပြန်သည်။ ယနေ့ နံနက် ၈ နာရီ ၁၆ မိနစ်အချိန် သံတောင်မြို့ ရဲစခန်းမှဆင်းလာသောရဲနှစ်ဦးကို သံတောင် PDF က ပစ်ခတ်ရာ သေဆုံးသွားပြီး လက်နက်နှစ်လက်၊ ကျည်နှင့် ပစ္စည်းအချို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ သေဆုံးသူမှာ ရဲတပ်ကြပ် တစ်ဦးနှင့်ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

 

  • ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ၁ နှစ်ပြည့်အခမ်းအနားကို တောင်ပိုင်းစစ်ဒေသနယ်မြေ၊ ​ဒေါနစစ်​ကြောင်း မြို့မ စခန်းတွင် ကျင်းပကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ဖွဲ့စည်း ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ​တောင်ပိုင်းစစ်​ဒေသနယ်​မြေ၊ ​ဒေါနစစ်​ကြောင်း မြို့မ စခန်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်အလံအားအ​လေးပြုခြင်း၊ ဖက်ဒရယ် ဒီမိုက​ရေစီ​ရေးအတွက် အသက်​သွေး​ချွေးစွန့်လွှတ်သွားခဲ့သူအ​ပေါင်းအား အ​လေးပြုခြင်း ၊ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်၏သစ္စာဓိဌာန် ( ၄ ) ချက် ရွတ်ဆိုခြင်း ၊ အမျိုးသား ညီညွတ်​ရေးအစိုးရ ၊ ကာကွယ်​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးက ​ပေးပို့​သော သဝဏ်လွှာကို ဖတ်ကြားခြင်း ၊ ​တောင်ပိုင်းစစ်​ဒေသမှတာဝန်ရှိသူများနှင့် တပ်မှူးများက အမှတ်တရ စကား​ပြောကြားခြင်းများ ပြုလုပ်ကြသည်။

 

  • မန္တလေးမြို့မှာ မေလ ၄ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် မြစ်ငယ် PDF အဖွဲ့က လူငယ် ငါးယောက် ကျဆုံးသွားတယ်လို့ Rangers of Mandalay – ROM အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့မှာတော့ မန္တလေးမြို့ပေါ်မှာ စစ်အာဏာရှင်တော် လှန်ရေး ဆင်နွှဲ နေတဲ့ အဖွဲ့တချို့ မန္တလေးမြို့ ကို စွန့်ခွာတော့မယ်လို့ ကြေညာပါတယ်။ ပြည်သူ ပူးပေါင်း ပါဝင်မှု အားနည်းလွန်းတဲ့အပြင် အခက်အခဲ၊ အသက်အန္တရာယ်နဲ့ တော်လှန်ရေး ဆက်လက် လုပ်ကိုင်ဖို့ အဆင်မပြေတော့တာကြောင့်လို့ အနက်ရောင်သေမင်း မြေအောက် လှုပ်ရှား မှုအဖွဲ့က ဗိုလ်နောင်လေးက RFA ကို ပြောထားကြောင်း ဖော်ပြထားပါတယ်။ “လူမညီတာတွေ လည်း ပါတယ်။ မဆိုင်သလိုနေကြတဲ့လူတွေလည်း အရမ်းများတယ်။ မြေပြင်မှာ ကျနော်တို့ တကယ်လုပ် တဲ့အခါမှာ သတင်းပေးမှုတွေ နည်းပါးတဲ့အတွက်ကြောင့် လုပ်ရတဲ့ဟာတွေ အဆင် မပြေတာတွေ အများကြီးကြုံရတယ်၊ မသွားပါနဲ့ ကြေညာထားတဲ့ နေရာတွေမှာ လူတွေ အရမ်းစည် ကားနေတာ တွေရှိတယ်။ မစ်ရှင်တွေ အများကြီးဖျက်သိမ်းခဲ့ရတာတွေရှိတယ်။ ကျနော်တို့အတွက် မလုံခြုံတော့ ဘူးပေါ့နော်။ နေရတာ အန္တရာယ်များတယ်။ ဘယ်လိုမှ လှုပ်ရှားလို့မရတဲ့ မြို့တစ်မြို့ လိုဖြစ်နေတဲ့ အတွက်ကြောင့် စွန့်ခွာရတာ”

 

  • ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းမှာ ကရင့်အမျိုးသား ကာကွယ်ရေးတပ် (KNLA)ရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းစစ်ကောင်စီတပ် တွေထိခိုက်ကျဆုံးမှုများနေပြီး စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူလူထုအပေါ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ရက်နေ့ ညနေပိုင်းက အာဏာသိမ်း စစ်ကောင်စီ တပ်မ၄၄ လက်အောက်ခံ ခလရ-၄၀၃တပ်ဖွဲ့က မဲပလီစခန်းကနေ နတ်ကြီး စစ်ကောင်စီစခန်းကို စစ်ကြောင်းထိုးဆင်းလာပြီး အစူးချောင်းကျေးရွာအရောက်မှာ ရွာသူရွာသား တွေကို ဝေးခေါ်ယူခဲ့ပြီး အသက် ၄၀ကျော်အရွယ် အစူးချောင်းရွာသား တီးဖားကျော်ထူးကို ရိုက်နှက်နှိပ်စက်ခဲ့လို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ KNUကဆိုပါတယ်။

 

  • ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ခေါက်ပလော့ ကျေးရွာမှာ စစ်ကောင်စီနဲ့ KNDF တပ်များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ယနေ့ (မေ ၅ ရက်) ညနေ ၃:၃၀ ဝန်းကျင်က စတင်ပြီး တနာရီနီးပါးကြာအောင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ ကြပါတယ်။ KNDF တပ်ရင်း-၅ ရဲ့ တာဝန်ရှိသူ တဦးကတော့ – “ကျတော်ရဲဘော်တွေကို သူတို့ ဘက်က အရင်စပစ်တာနဲ့ ပြန်ပစ်ကြတာ၊ ကျတော်တို့ တပ်ရင်းက တကောင်စားလိုက်ရတယ်၊ ကျတော်တို့တပ်ရင်းကတော့ အထိအခိုက် မရှိဘူး” လို့ Karenni’s Voice ကို ပြောပြခဲ့ကြောင်း သိရပါတယ်။ တပ်ရင်း-၅ရဲ့ ရဲဘော်များ ထိခိုက်ကျဆုံး မရှိသော်လည်း ကျန်တပ်ရင်းက ရှေ့တန်းရောက်ရဲဘော်များ ထိခိုက်ကျဆုံးမှု ရှိ၊မရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

 

  • ထားဝယ်ခရိုင် လောင်းလုံးတွင် လူငယ်များ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ မေ ၅ ရက်နေ့တွင် ချီတက်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၄၅၂ ရက်မြောက်အဖြစ် ယနေ့ မေလ၅ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။ “နွေဦးအစ CDM က နွေဦးအသံ သပိတ်မာန် နွေဦးအသက် PDF တော်လှန်ရေး အဆုံးသတ်အတူ ချီတက်” စာတန်းအား ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။ ကလေးမြို့ပင်မ သပိတ်စစ် ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ယနေ့ မေလ ၅ ရက်နေ့တွင် “တော်လှန်ရေးမှာ သပ်လျှိုမှုတွေကို သတိထား၊ ဘုံရန်သူကို မျက်ခြည်မပြတ်ကြစေနဲ့ ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယနေ့ မေလ ၅ ရက်နေ့တွင် အကသ နှင့်မုံရွာလူငယ်များအစည်းရုံးမှ လူငယ်များဦးဆောင်ကာ မုံရွာမြို့ရှိ ပြည်သူပိုင်လမ်းမတစ်ခုပေါ်တွင် Freedom is not Free လွတ်မြောက်မှုဆိုတာ အလကား မရဘူး စာသားကို ကိုင်စွဲကာ စစ်အာဏာရှင်ကို သပိတ်မှောက်ဆန္ဒပြကြသည်။ ယခုအချိန်တွင် စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်သော သပိတ်များ ပိုမိုအားကောင်းလာစေရန် ပြည်သူ လူထု ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ၄၂၁ ရက်မြောက် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း လှည့်လည်ချီတက် ဆန္ဒပြကြသည်။

 

  • ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာ သကိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေ ၅ ရက်နေ့ တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို ယနေ့ မေ ၅ ရက်နေ့တွင် ပြုလုပ်ကြသည်။

 

  • လက်ပံတောင်းတောင်ဒေသတွင် ❝ နွေးဦးအစ CDM က နွေဦးအသံ သပိတ်မာန် ၊ နွေဦးအသက် PDF တော်လှန်ရေးအဆုံးသတ် အတူချီတက် ❞ ကြွေးကြော်သံဖြင့် နယ်မြေဒေသ မတည်ငြိမ်သော် လည်း လက်ပံတောင်းတောင်ဒေသက လူထုသပိတ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထူထောင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်မြောက်သည့် ယနေ့ မေ (၅) ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • DKBA တပ်ဖွဲ့ကနေ ခွဲထွက်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပူးပေါင်းလာတဲ့ ဗိုလ်စလုံးရဲ့ တပ်ဖွဲ့ကို ဒီနေ့မနက်က ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်ပေးခဲ့တယ်လို့​ သိရပါတယ်။ ဗိုလ်စလုံး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် (၂၀၀)ကျော်ဟာ ဧပြီလကုန်ပိုင်းက ဗိုလ်မှူးချုပ် စောနယ်ဒါးမြရဲ့ KNDO နဲ့ ပေါင်းလိုက်ပြီး ၎င်းတပ်ဖွဲ့ဝင်သစ်တွေကို KNDO ကွန်မန်ဒို တပ်ရင်းအနေနဲ့ ဖွဲ့စည်းပေးသွားမှာ ဖြစ်ပါတယ်။

 

  • ဒီနေ့မနက် ၁၀ နာရီခွဲမှာ ရှမ်းမြောက် ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာမှ ကလေးငယ် ၂ ဦးဟာ မိုင်းနင်းမိပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ မိုင်းနင်းမိတဲ့ ပန်လင်ရွာခံ ကလေး ၂ ဦးဟာ မိုင်းကျော်ရန် (၁၃ နှစ်)နဲ့ မိုင်းမင်းဟန်ဦး ၆ နှစ်တို့ပဲ ဖြစ်ပါတယ်။ သွားရောက် သယ်ဆောင်လာပေး တဲ့ အိုမ်တမာဝ် လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက “ဒီနေ့မနက်ပိုင်းမှာ ကလေးနှစ်ယောက် က ပန်လင်ရွာအပြင်ဘက် လက်ဖက်ခြံဘက်မှာ မြင်း သွားရှာရင်းနဲ့ မိုင်းနင်းမိတာပါ” လို့ ပြောပါတယ်။ မိုင်းနင်းမိပြီး မိုင်းကျော်ရန်ဟာ ဒူး၊ ပေါင်၊ ခြေဖမိုးမှာ ဒဏ်ရာရရှိခဲ့ပြီး မိုင်းမင်းဟန်ဦးကတော့ ဗိုက်မှာ ၂ ချက်၊ ပေါင်၊ ညာခြေထောက်မှာ ၂ ချက်နဲ့ ခြေဖမိုးမှာ ဒဏ်ရာရရှိခဲ့တာပါ။

 

  • ရန်ကုန်၊ အင်းလျားလမ်းရှိ မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံတော်ပိုင် နေအိမ်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ က အမေရိကန်ဒေါ်လာ ၁၀ သန်း စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒေါ်လာ ၁၀ သန်းကို အစုရှယ် ယာ ၁ သိန်း ခွဲခြမ်း၍ ရောင်းချမည်ဖြစ်ကာ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ဝယ်ယူနိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)ရှိ မြေနှင့်အဆောက်အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ကြောင်း၊ စစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင် ကျော်၏ ၉၇ ရာခိုင်နှုန်း ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူရန် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ယနေ့ မေလ ၅ ရက်နေ့၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီကားသည် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိသည့်အတွက် ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီး ခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် ဆီပေပါ ၄ လုံး နှင့်ကားကို သိမ်းဆည်း ခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ် တပ်ပေါင်းစု ထံမှ သိရ သည်။ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီကားသည် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ပိတ်ပင် ထားသည့်ကြားက အသုံးပြုသွားလာခြင်း၊ ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ စေခိုင်းသည့်အတိုင်း နိုင်ငံအဝန်း ဆက်သွယ်ရေး လိုင်းများ အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ သုံးစွဲသူ ပြည်သူများအပေါ် စစ်ကောင်စီ အလိုကျ ဖုန်းဘေအခွန်များ တိုးမြှင့် ကောက်ခံခြင်းကြောင့် ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ် တပ်ပေါင်းစုနှင့် အမိမြေ တော်လှန်ရေး တပ်ဖွဲ့တို့က ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

  • အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများဖြင့်စွဲချက်တင်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုအား ယနေ့မေလ ၅ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲခဲ့ပြီး လာမည့် ရုံးချိန်တွင် အမိန့်ချမည်ဟု ရှေ့နေကပြောသည်။ ယနေ့ ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲခဲ့ကြပြီး လာမည့် မေလ ၁၉ ရက်နေ့ရုံးချိန်တွင် အပြီးသတ်အမိန့် ချမှတ်သွား မည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောထားသည်ဟု Western News သတင်းဌာနတွင်ဖော်ပြထားသည်။ “ဒီနေ့က အပြီးသတ် လျှောက်လဲချက် ပြုလုပ်ခဲ့ကြတယ်။ မေလ ၁၉ ရက်နေ့ ရုံးချိန်းမှာတော့ အပြီးသတ် အမိန့်ချဖို့ ချိန်းဆိုလိုက်ပါတယ်”ဟုပြောသည်။

 

  • စစ်ကောင်စီတပ်မှ စစ်သား ၂ ဦးက လက်နက် ၃ လက် သယ်ဆောင်လာပြီး CDF မတူပီထံတွင် CDM လုပ် အလင်းဝင်လိုက်ပြီး စစ်တပ်က လက်နက်များ ပြန်ရရေး ပြည်သူများကို ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် ဓားစာခံလုပ်နေကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။ မတူပီအခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာစခန်းမှ တပ်သား ချစ်ကိုကို တ/၃၈၇၆၈ ၊ မုံရွာ အခြေစိုက် ထပရ ၉၂၉ မှ တပ်သားဖြိုးမင်း တ/၅၂၅၇၃၇ တို့သည် ၎င်းတို့နှင့်အတူ BA-72 ၊ MA-2 ၊ MA-၃ စုစုပေါင်း ၃ လက် နှင့်အတူ CDF မတူပီထံ CDM လုပ် အလင်းဝင်လာခဲံကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တပ်က မတူပီမြို့ပေါ်မှ ပြည်သူ ၇ ဦးကို ဖမ်းဆီး၍ စစ်ဗျူဟာစခန်းတွင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်လျက်ရှိကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကား မိုင်းဆွဲခံရပြီး စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ပြင်း ထန်ဒဏ်ရာရရှိကြောင်း Salingyi G-Z Local PDF က သတင်းထုတ်ပြန်သည်။ မေလ ၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် စစ်သား ၃ ဦးလိုက်ပါသော အိမ်စီးကားသည် မိုင်းကွင်းများအကြား မိုင်းဆွဲခံရပြီး စစ်သား ၁ ဦးသေဆုံးကာ စစ် သား ၂ ဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိကြောင်း၊ ဗုံး ၄၀ မမ ဗုံးသီးများ ကားအတွင်းမှ ရရှိကြောင်း Salingyi G-Z Local PDFက ထုတ်ပြန်ထားသည်။

 

  • ရှမ်းမြောက် မူဆယ်ခရိုင် မုံးကိုးမြို့ပေါ်က စစ်ရှောင် (၈၀၀)ကျော်အတွက် စားသောက်ကုန် အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ လက်ရှိမှာ ကျန်ရှိနေတဲ့ စားနပ်ရိက္ခာတွေဟာ လပိုင်းအတွက် လုံလောက်နိုင်ပေမယ့် လာမယ့် လတွေမှာတော့ ပြတ်လပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကူညီပေးနေသူတစ်ဦးက ပြောသည်ဟု ရွှေဖီမြေ သတင်းဌာနတွင်ဖော်ပြထားပါတယ်။ “ခုအခြေအနေက တိုက်ပွဲ မဖြစ်ဘူး။ စားနပ်ရိက္ခာက ရှိနေသေးတယ်ဆိုပေမယ့် နောက်လတွေအတွက် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြိုမသိတော့ စိုးရိမ်ရတယ်။ မိုးတွင်းလည်း ရောက်တော့မှာဆိုတော့။ တိုက်ပွဲတွေ ထပ်ဖြစ်လာမလားဆို တာလည်း တွေးပူရတယ်။ အခုတောင် လာကူမယ့်သူတွေ ရှိတယ်ဆိုရင် အဲဒီမုံးပေါ်နဲ့ ကောင်းဝေ စခန်းတွေမှာ စာရင်းအရင်ကြိုပေးရတယ်။ အဲမှ သူတို့က ပေးဖြတ်တာ။ အခြေအနေ တင်းမာတာရှိ ရင် အဲဂိတ်တွေက ပေးမဖြတ်တော့ဘူး” စစ်ရှောင်တွေဟာ မုံးကိုးမြို့ပေါ်ရှိ ကချင်နှစ်ခြင်း ဘုရာကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် မြို့ပေါ်က နေရာ ၉ ခုမှာ နေထိုင်ကြရတာပါ။

 

  • ဖမ်းဆီးခံထားရသည့် စစ်တွေမြို့နယ်၊ ကြက်ကိုင်းတန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန် ပိုင်ဆိုင်သည့် သစ်စက်မှ သစ်အချို့နှင့် သစ်စက်တွင်အသုံးပြုသည့် စက် ၁ လုံးကို ယနေ့ညနေပိုင်း က စစ်တပ်နှင့်ရဲမှ သိမ်းယူသွားကြောင်းသိရသည်။ ယနေ့ညနေ ၅ နာရီခန့်က ကြက်ကိုင်း တန်ကျေးရွာ သို့ စစ်တပ်နှင့် ရဲတို့ ဝင်ရောက်လာပြီး ထိုသို့ ယူဆောင်သွားကြောင်း ဒေသခံမျက်မြင် များက ပြောသည်။ သူနှင့် နီးစပ်သူတစ်ဦးက “ သစ်စက်က ပုံမှန်မလည်ပတ်တော့ ကြာနေပါပြီ။ အဲဒီအထဲက စက်တစ်လုံးရယ်။ အိမ်ဆောက်တာက နည်းနည်းကျန်နေတဲ့ သစ်တချို့ကို သူတို့ယူဆောင်သွားတယ်”ဟု ပြောသည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်စွာဖြစ် ပွားခဲ့ရာမှာ အရပ်သားပြည်သူ (၂) ဦးလက်နက် ကြီးထိမှန်သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ ယမန်နေ့မေလ ၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်မှစတင်ပြီး မော်တောင်းကျေးရွာ နဲ့ တာလုံကျေးရွာကြား တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA) နဲ့ စစ်ကောင်စီတို့ အကြား တစ်နာရီကြာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါလက်နက်ကြီးထိမှန် သေဆုံးသွားတဲ့ ပြည်သူဟာ စစ်ကောင်စီမှ ကျောက်မဲဘက်မှပေါ်တာဆွဲလာတဲ့ အသက် (၃၀)နှစ် အရွယ်ရှိ ရှမ်းလူငယ်(၂)ဦးဖြစ်ပြီး သေဆုံးသွားတဲ့ရုပ်အလောင်းကိုတော့ မူဆယ်ပြည်သူ့ရင်ကွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

 

  • မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် ယနေ့နံနက် အစောပိုင်းက သော့ခတ်ထားသောခြံဝင်းအတွင်းမှ သုံးဘီးဆိုင်ကယ်တစ်စီးကို ခိုးခံရကြောင်းသိရသည်။ မန်ခိန်ရပ်ကွက် အုပ်စု (၅) တွင် သံဇကာဖြင့် ကာထားသည့် ဝင်းခြံကို ညှပ်ဖြတ်ထားပြီး ခိုယူသွားခြင်းဖြစ်သည်ဟု အိမ်ရှင်အမျိုးသမီးတစ်ဦးက The 74 Media သတင်းဌာနကိုပြောသည်ဟု ဖော်ပြထားသည်။ “အိမ်ရှေ့သံဇကာ ညှပ်ပြီးဝင်လာပြီး ခြံတံခါးမကြီးသော့ခတ်ထာရတာကို ဖွင့်ပြီးယူသွားတာပါ။ သော့ကမတွေ့ဘူးရှင့် မနက်နိုးလာမှ သိပါတယ်ရှင့်” ဟုပြောသည်။

 

  • ယမန်နေ့(မေ ၄) မှာ ဆောမြို့နယ်၊ ကျောက်ထုမြို့မှာ ရှိတဲ့ ဒေါက်တာကြည်စိုးထွန်းအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်ခဲ့ကြောင်းသိရပါတယ်။ ဒေါက်တာကြည်စိုးထွန်းက “ ကျွန်တော် အခုထိအသက်ရှင်နေသေးတယ်။ တော်လှန်ရေးကို နိုင်ရာက ထမ်းနေနိုင်သေးတယ်။ ကျွန်တော့်မိတ်ဆွေအရင်းကြီးတွေဆို တစ်ချို့ ထောင်နံရံ တွေကြားမှာ၊ တစ်ချို့ တမလွန်မှာ။ ရဲဘော်တွေတောထဲမှာ။ အိမ်ရှိရက်အိမ်မှာမနေရတဲ့ CDM တွေ။ ကိုယ့်ဆန်ကိုယ်ပြန်ဖွက် စားနေကြရတဲ့ပြည်သူတွေ။ အိမ်အခွံတောင်မကျန်တော့တဲ့ပြည်သူ တွေ။ သူတို့ရဲ့ပေးဆပ်ရမှုနဲ့စာရင် အိမ်ချိတ်ပိတ်ခံရတာ ဘာမှုစရာလဲ။ ဘာဆုံးရှုံးစရာလဲ” လို့ပြော ပါတယ်။ ဒေါက်တာကြည်စိုးထွန်းကို ဆောမြို့နယ် သပိတ်ခေါင်းဆောင်၊ CDM တွေကို အကူအညီ ပေးတာ၊ ငွေကြေးခဝါချမှု၊ CRPH၊ NUG နဲ့ ပတ်သက်တယ်ဆိုတဲ့ အမှုတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။