• Today is: Saturday, April 20, 2024

နေ့စဉ်သတင်းအကျဉ်း

မေလ – ၇ – ၂၀၂၂ ခုနှစ်

မြေန်မာနိုင်ငံတွင်း ယနေ့ မေလ (၇)ရက်နေ့ ဒေသအသီးသီးမှ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းဖော်ပြခဲ့ပါသည်။

  • တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များကို စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်မှုသည် နိုင်ငံရေး စစ်ရေး သံတမန်ရေးနှင့် စီးပွားရေးအခက်အခဲများကိုယာယီဖြေရှင်းရန် ငြိမ်းချမ်းရေးအကြောင်းပြခြင်းသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှ မေ ၇ ရက်တွင် ထုတ်ပြန် လိုက်သည်။ နိုင်ငံပိုင် သတင်းမီဒီယာမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ဖိတ်ခေါ်မှုမှာ နိုင်ငံရေး၊ စစ်ရေးအပါအဝင် အဘက်ဘက်တွင် အကျပ်အတည်းဆိုက်ပြီး ဆက်လက်ရပ်တည်ရန် ခက်ခဲလာသဖြင့် ငြိမ်းချမ်းရေးအကြောင်းပြ ဆွေးနွေးပွဲဖိတ်ခေါ်ချက်သာဖြစ်ကြောင်း NUCC က ဆိုသည်။

 

  • ကာလိမြို့ (လွယ်တိုင်းလိဒေသ) ၌ ဖွင့်လှစ်ထားသည့် သျှမ်းကွန်မြူနတီကောလိပ် (Shan community college)၏ ပထမအကြိမ် ဘွဲနှင်းသဘင် အခမ်းအနားကို ယနေ့ မေလ ၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကောလိပ်တွင် နိုင်ငံရေးသိပ္ပံ၊ လူမှုသိပ္ပံ၊ စီးပွားရေး ၊ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေ စသည့် ဘာသာရပ်များကို သင်ကြားပေး‌နေသည့် အပြင် နိုင်ငံတကာ‌စာမေးပွဲများ ဖြစ်သည့် TOEFL ၊ SAT နှင့် IELTS စာမေးပွဲများအတွက်လည်း သင်တန်းများ ဖွင့်လှစ်ထားသည်ဟု သိရသည်။

 

  • NCA လက်မှတ်ရေးထိုးထားသည် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ပြောသည်။ NCA-S EAO အဖွဲ့များဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေး ကောင်စီ) (KNU/KNLO PC)နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ တက်ရောက်ကြမည်ဖြစ်သည်။

 

  • ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မေလ(၇) ရက်နေ့ မနက်ပိုင်းမှာိ စစ်ကောင်စီယာဉ်တန်းကို CDF – Mindat က တိုက်ခိုက်ခဲ့ပြီး မင်းတပ် – မတူပီလမ်း မိုင်တိုင်မိုင်(၄၀)ရှိ ​ကျေးရွာက ပြည်သူပိုင် ​နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်စီးခဲ့တယ် CDF – Mindat က ထုတ်ပြန်ထား ပါတယ်။ မေလ (၇) ရက်နေ့ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီယာဉ်တန်း စတင်ထွက်ခွာလာချိန်မှာ CDF – Mindat က မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်က အကျအရှုံး ၊ ဒဏ်ရာရရှိသူ များပြားရှိ မည်ဟု ခန့်မှန်းရကြောင်း CDF – Mindat ကဆိုပါတယ်။ ထို့နောက် စစ်ကောင်စီတပ်ဘက်က မင်းတပ် – မတူပီလမ်း မိုင်(၄၀) ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တယ်လို့ CDF – Mindat ကထုတ်ပြန်ပါတယ်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တနေရာတွင် CNDF ရဲဘော်တစ်ဦး မိုင်းမတော်တဆမှုနဲ့ ယနေ့ မေ ၇ ရက်က ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။ မိုင်းတတော်တဆမှုနဲ့ကျဆုံးသူဟာ ဆလိုင်းဆွေထောင်းလျန် (၁၉နှစ်)ဖြစ်ကြောင်းသိရပါတယ်။

 

  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယနေ့ မေ လ ၇ ရက်နေ့၌ ဖားကန့်လူထု သပိတ် ၁ နှစ် ၃ လ ပြည့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ကျောင်းသား ၊ဆရာ ၊ မိဘ ၊ ပြည်သူ အင်အား ၁၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြ ပြည်သူများက ” KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ ၊ NUG အစိုးရဒို့အစိုးရ၊ဖယ်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ်လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ သွေးစွန်း ပညာရေး အလိုမရှိ ၊ စစ်ကျွန် ပညာရေး အလိုမရှိ ၊ ဖမ်းဆီးခံထားရသော နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့ ၊နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” ဟူသည့် ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ မေလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့ တွင် “သစ္စာခံရမှာက ပြည်သူ သစ္စာခံနေတာက အကြမ်းဖက်သမား မအလ ရှက်ပြီးသေသင့်နေပြီ ရဲနှင့်စစ်သားလူဆိုးများ။ ( သံဃသမဂ္ဂ )” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့တွင် “နွေဦးအစ CDM က နွေဦးအသံ သပိတ်မာန် နွေဦးအသက် PDF တော်လှန်ရေး အဆုံးသတ် အတူချီတက်” စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာ-အမြင့်လမ်းတွင် အမျိုးသမီးများ ဦးဆောင်ကာ “ဖက်စစ်တပ်ကို အမြစ်ခြွေ တော်လှန်သော အမျိုးသမီးတွေ” စာတန်းကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းကို မေလ ၇ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ဆားလင်းကြီးမြို့နယ်မှ သူရဲကောင်း ရဲ ၅ ဦး ကျဆုံးခြင်းအထိမ်းအမှတ် ယနေ့ မေလ ၇ ရက်တွင် ပြုလုပ်ခဲ့ပြီး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်မှ ချီတက်အလေးပြုခဲ့ကြသည်။

 

  • ယင်းမာပင်တွင် ပြည်သူများစုပေါင်း၍ အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ယနေ့ မေ ၇ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင် မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • ယင်းမာပင် မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၇ ရက်နေ့တွင် “စစ်ခွေး သင်္ချိုင်း စစ်ကိုင်းတိုင်း သမိုင်းကိုထူမဲ့ စစ်ကိုင်းသူ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် နိရဉ္စရာ ရုံးတည်ရှိရာ နေရာသို့ ရဲတပ်ဖွဲဝင်များ၊ စရဖအဖွဲ့များ အရပ်ဝတ်ဖြင့် အမျိုးသမီးရဲမေများ လာရောက်ရှာဖွေခဲ့ကြောင်း ယင်းသတင်းဌာနမှ တာဝန်ရှိသူ များက ပြောသည်။ စစ်တွေမြို့ မကျည်းမြိုင်ရှိ နိရဉ္စရာရုံးဟောင်းအား ယနေ့ မေလ ၇ ရက် နံနက် က ရဲ၊ စရဖ အဖွဲ့ဝင်များ၊ အရပ်ဝတ်များနှင့် အမျိုးသမီးရဲမေများ လာရောက် ရှာဖွေခဲ့သည်ဟု နိရဉ္စရာသတင်းဌာနက ယနေ့ မနက်ပိုင်းတွင် ရေးသားထားသည်။

 

  • ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် လေးလအတွင်း မြေမြှုပ်မိုင်းနှင့် လက်နက် အကြွင်း အကျန်ကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၄၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အရပ်သားများသည် လုပ်ငန်းခွင်ဖြစ်သည့် တောတောင်ထဲသို့ သွားရောက်စဥ် လက်နက်ကိုင်တပ်ဖွဲ့ များ ထောင်ထားသည့်မိုင်းများ နင်းမိခြင်းနှင့် စစ်ပွဲအတွင်း ကျန်ရှိခဲ့သည့် လက်နက်ကြီးများ ပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ ထိခိုက်သေဆုံးသူများထဲတွင် ငါးနှစ်အောက် ကလေးငယ်များလည်း ပါဝင်ပြီး ၎င်းကလေးငယ်များသည် မပေါက်ကွဲသေးသည့် လက်နက်ကြီး များကို ကောက်မိပြီး ဆော့ကစားရာမှ ပေါက်ကွဲကာ သေဆုံး ဒဏ်ရာရခဲ့သည်။

 

  • စစ်ကောင်စီ တပ်မ(၁၁)မှ တပ်ကြပ်အဆင့်ရှိသူတစ်ဦးဟာ ညဘက် ကင်းတာဝန်ကျချိန် လက်နက် ထား ထွက်ပြေးလာပြီး မကွေးတိုင်း ထီးလင်း YDF ထံ CDM ပြုလုပ်လာတယ်လို့ မနေ့ မေလ ၆ ရက် ည ၉ နာရီခွဲကျော်မှာ YDF က ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ရင်ခွင် ခိုလှုံလာတာကြောင့် YDF က ကောင်းမွန်စွာ စောင့်ရှောက်ပြီး လွတ်မြောက်ရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

  • ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ ကမ်းနားလမ်းရှိ သက်ကြီးနားနေဆောင်အနီး မြက်ခင်းတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမည်မသိအမျိုးသားတစ်ဦး၏အလောင်းကို ယနေ့(မေလ ၇ ရက်) နံနက် ၈ နာရီကျော်ခန့်က တွေ့ရှိခဲ့သည်။ အဆိုပါအမျိုးသားအလောင်း၏ ရင်ဘတ်တွင် ဓား(သို့မဟုတ်) ကတ်ကြေးဖြင့် အထိုးခံထားရသည်ဟု ယူဆရသော ဒဏ်ရာများတွေ့ရှိရပြီး ခန့်မှန်းခြေအသက် (၃၀)ခန့်ရှိပြီဖြစ်ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ကိုသားချေကပြောသည်ဟု DMG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးကျေးရွာတွင်စခန်းချထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံ ရပြီး သေဆုံးမှုများနိုင်ကြောင်း ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့က ယနေ့(မေ ၇ ရက်) ထုတ်ပြန် သည်။ ယမန်နေ့(မေ ၆ ရက်) ညနေ ၅နာရီခန့်တွင် PRA ၊ ပုလဲမြေပြန့်လွင်ပြင် ကာကွယ်ရေး အင်အားစု (PPDG)၊ပုလဲဂျော်ကာအဖွဲ့နှင့် မြေပြင်သိန်းငှက်အဖွဲ့တို့နှင့် ပူးပေါင်း၍ စစ်ကောင်စီ တပ်ကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ လက်လုပ်တာဝေးပစ်ရှော့တိုက်ဒုံံးများ အသုံးပြု၍ စစ်ကောင်စီတပ်စွဲထားသည့် ကျေးရွာရှိနေရာအနှံ့အပြားကို ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွင် သေဆုံး သူများ နိုင်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ခန့်မှန်းသည်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာ အုပ်စု ၊ ထီဟန်ထုံးကျေးရွာနှင့် လိုင်းတညားကျေးရွာရှိ လူဦးရေ ၃၀၀ ကျော်က ဆိုးဝါးသည့် ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ ယနေ့ သိရသည်။၊ အဆိုပါကျေးရွာ နှစ်ရွာရှိ သောက်သုံးရေကန်များသည် မတ်လကုန်မှ စတင်ပြီး ခမ်းခြောက်သွားသည့်အတွက် သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

  • မိုင်းလားအဖွဲ့လို့ လူသိများတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) လက်နက်ကိုင်အဖွဲ့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မယ်လို့ NDAA ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးကြည်မြင့် က ဒီဗွီဘီကို ပြောပါတယ်။ အပြည့်စုံဖတ်ရန်- http://burmese.dvb.no/archives/532076

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ နယ်မြေရဲစခန်းကို ရိက္ခာပို့ရန် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်စက်လှေ ၁ စီးကို ယနေ့ မေလ ၇ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ဆားလင်းကြီး GZ ပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ စစ်အင်အား ၇၀ ခန့်ပါသော အဆိုပါ ရိက္ခာ ပို့စက်လှေသည် တိုက်ခိုက်ခြင်းခံရပြီးနောက် ကမ်းမကပ်နိုင်ဘဲ မြစ်ကြောင်းအတိုင်း အောက်ဘက် သို့ စုန်ဆင်းသွားကြောင်း၊ တိုက်ခိုက်မှုကြောင့် အဆိုပါ မော်တော်ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဆားလင်းကြီး GZ ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

 

  • ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ၏ ကျေးရွာတာဝန်ခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း နေထိုင်နေကြောင်း ဒေသခံများက ပြောသည်။ မေလ ၆ ရက်နေ့ ကစ၍ ယနေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်သားများ ၅၀ ဝန်းကျင်လောက်က ကျေးရွာအတွင်းသို့ ရောက်ရှိနေပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ၏ ကျေးရွာတာဝန်ခံများကို ရှာဖွေခြင်း၊ နေအိမ်များကို တက်ရောက် မွှေနှောက်ခြင်းတို့ လုပ်ဆောင်နေကြောင်း ကျေးရွာသား များက ပြောဆိုသည်။