• Today is: Sunday, May 29, 2022

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 34, May 10, 2022)

၁။ ကန့်သတ်ဖိတ်ကြားမှုဖြစ်၍ စစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု မတက်ရောက်နိုင်ဟု KNU ထုတ်ပြန်
May 9, 2022 12

စစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ကြားမှုမှာ ကန့်သတ်ဖိတ်ကြားပုံစံ ဖြစ်နေပြီး သက်ဆိုင်သူများ အားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးက မေလ (၉)ရက်နေ့တွင် ၎င်းတို့၏အွန်လိုင်းစာမျက်နှာမှ ထုတ်ပြန် ကြေညာခဲ့သည်။ ကရင်၊ မြန်မာနှင့် အင်္ဂလိပ် ဘာသာသုံးခုဖြင့် ထုတ်ပြန်လိုက်သည့် ကေအဲန်ယူ ကြေညာချက် ထဲတွင် ငြိမ်းချမ်းရေးဖိတ် ခေါ် ဖိတ်ကြားမှုမှာ မျှော်မှန်းထားသကဲ့သို့ ရေရှည် တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေး ကို မရရှိနိုင်သလို လက်နက်ကိုင် ပဋိပက္ခများလည်း ချုပ်ငြိမ်းနိုင်မည်မဟုတ်ဟု ရှုမြင်သုံးသပ်သည်ဟု ဖော်ပြထားသည်။

လက်ရှိအခြေအနေသည် နိုင်ငံအနှံ့ဖြစ်ပေါ်နေသော တိုက်ပွဲများ၊ စစ်ပွဲများကြောင့် ပြည်သူများမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖန်တီးဖြစ်ပေါ်စေ၍ စစ်ကောင်စီနှင့်ပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းမှုသည် ပြည်သူလူထုအတွက် လူသားချင်းစာနာမှု ဝင်ရောက်ခွင့်နှင့် အရေးပေါ် အကူအညီပေးရေး ဆိုင်ရာဆွေးနွေးပွဲများသာ ဖြစ်ရမည်ဟုလည်း ကေအဲန်ယူက ထည့်သွင်းပြောဆိုသည်။ အလားတူ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်အသစ်သည် ဆွေးနွေးဖက်များအကြား “နိုင်ငံရေး စိတ်ဆန္ဒ ရှိမှု”ကို အခြေခံ၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ခြင်း၊ တပ်မတော်မှ နိုင်ငံရေးတွင် မပါဝင်တော့ခြင်းနှင့် အတူ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကိုလက်ခံခြင်းများ အပါအဝင် အဆင့်ဆင့်သော ဆွေးနွေးမှုများတွင် နိုင်ငံတကာ၏ ပါဝင်မှုအခန်းကဏ္ဍတို့ ရှိရမည်ဟုလည်း ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။

ယင်းသို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုကို မေလ (၉)ရက် နောက်ဆုံးထား၍ အကြောင်းပြန်ရန် ပါရှိသော်လည်း ဆွေးနွေးပွဲကို မည်သည့်နေရာ၊ မည်သည့်နေ့ရက်တွင် ပြုလုပ်သွားမည်ဟု ထုတ်ဖော်ပြောဆို ထားခြင်း မရှိသေးပေ။

၂။ စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တက်ရောက်မည်
May 10, 2022

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် များနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်မည့်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင် နောက်ဆုံးထားကာ စာရင်းပေးသွင်းရန် သတ်မှတ်ခဲ့ သည်။ လက်ရှိတွင် အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ရန် ပြင်ဆင်ထားသည့် လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရှိပြီး ထိုအထဲတွင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နှင့် NCA မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ပါဝင်ကြောင်း သိရသည်။

NCA ရေးထိုးထားသည့်အဖွဲ့များမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ MNSP၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLOနှင့် KNU/KNLA PC တို့ဖြစ်သည်။ PPST ၏ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းယဥ်ယဥ်စိုးက ဧပြီ ၉ ရက်နေ့အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့်အဖွဲ့မှာ ၅ ဖွဲ့ဖြစ်ကြောင်း Western News ကိုပြောသည်။ “၆ ရက်နေ့အစည်းအဝေးလုပ်တုန်းက အတိုင်းပါ။ တက်ရောက်မယ့်အဖွဲ့က ၅ ဖွဲ့ပါပဲ” ဟုပြောသည်။

၎င်းအပြင် ဆွေးနွေးပွဲတက်ရောက်မည့် NCA မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့မှာ ဝပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် UWSP၊ ရှမ်းပြည်တိုးတက်ပါတီ SSPP၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA တို့ဖြစ်ကြောင်းသိရသည်။ တစ်ခြားကျန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ တစ်ချို့မှာ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ချက်များထုတ်ထားကြသည်။ ယခုဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်းဖြစ်သော်လည်း NUG နှင့် PDF တို့ပါဝင်ခြင်းမရှိကြောင်း စစ်ကောင်စီဖက်မှပြောဆိုထားသည်။

၃။ အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ရပ်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲလုပ်ရန်နှင့် စစ်ဘေးသင့်သူများကို ကူညီရန် KNU၊ KNPP နှင့် CNF တို့ ပူးတွဲကြေညာချက်ထုတ်ပြန်

May 10, 2022

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးတွေ့ဆုံဆွေးနွေးများ ပြုလုပ်လိုလျှင် ထိုးစစ်များ ရပ်တန့်ကာ သက်ဆိုင်ရာ ပါဝင်သင့် ပါဝင်ထိုက်သော အစုအဖွဲ့ အားလုံး ပါဝင်ရန် လိုအပ်ပြီး စစ်ဘေးသင့် များအတွက် ကူညီ ထောက်ပံ့မှုများ ခွင့်ပြုရမည်ဟု တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၃ဖွဲ့ ယနေ့ မေလ ၉ ရက်နေ့တွင် ပူးတွဲ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပူးတွဲကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP/KA) နှင့် ချင်း အမျိုးသားတပ်ဦး (CNF/CNA)တို့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် မိမိတို့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့များမှ အစဥ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင် ဖြစ်ပြီး လက်ရှိ တိုင်းပြည်တွင် ရင်ဆိုင် ကြုံတွေ့ရသည့် နိုင်ငံရေး အကျပ်အတည်းများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းမည် ဆိုပါက ပါဝင်သင့်သော stakeholders အားလုံး ပါဝင်ရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ ကြားဝင်စေ့စပ်ပေးသည့် တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းအမှန် ဖြစ်ပေါ်လာပြီး ထိုမှတဆင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို တည်ဆောက်တည်ဆောက်သွား နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများမှ စစ်ဘေးသင့် ပြည်သူလူထုအား လွတ်လပ်စွာ လူမှုကူညီထောက်ပံ့မှုအား စာလျင်စွာ ဖိတ်ခေါ်ခွင့်ပြုရန် ထုတ်ပြန်ချက် အဆုံး၌ ဖော်ပြထားသည်။

၄။ ကရင်နီတွင် တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေ၊ ကား ၈ စီး ပျက်စီး
9 May, 2022

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေမှာ မေလ ၁ ရက်မှ ၇ ရက်အထိ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ယောက် သေဆုံးကာ ထောက်ပို့ကား ၈ စီး ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က မေလ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဘောလခဲ-ဖရူဆိုလမ်းမကြီးတကြောရှိ နန်းဖဲနဲ့ လောကျေခူကျေးရွာအနီးတွေမှာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်ကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကားအစီး ၃၀ ပါ ယာဉ်တန်းကို ကရင်နီပူးပေါင်း တပ်တွေက ကြားဖြတ်တိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ပွဲအတွင်းကရင်နီပူးပေါင်းတပ်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက်ကို အရှင်ဖမ်းဆီးမိခဲ့ပြီး လက်နက် ၁၅ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဆိုပါတယ်။

ဘောလခဲမြို့နယ်အတွင်း မေ ၁ ရက်က ဘောလခဲမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းက မိုင်းထမ်း ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်ခဲ့လို့ နေအိမ်၂ လုံးမီးလောင် ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။ ဒီးမော့ဆိုမြို့နဲ့ အနီးတဝိုက်ရှိ ရပ်ကွက်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ် တွေက တိုက်ခိုက်လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း ဖော်ပြပါတယ်။ ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ ဒေါငံခါးနဲ့ ခေါက်ပလော့ရပ်ကွက်၊ ထူလွှီးဘီလာနဲ့ အနီးတဝိုက်တွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ၊ PDF မဟာမိတ်အဖွဲ့တွေနဲ့ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေ ကြောင်းလည်း ဖော်ပြပါတယ်။

 

၅။ ဒေါက်တာ M Kawn La ကို မြစ်ကြီးနားတွင် ထပ်မံ တရားရင်ဆိုင်ရန် ပို့ဆောင်
10 May 2022

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ကချင်ပြည်နယ် မြစ်ကြီးနားတွင် ထပ်မံတရားစွဲဆိုထားသဖြင့် တရားရင်ဆိုင်ရန်အတွက် မြစ်ကြီးနားသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။ ဒေါက်တာ M Kawn La ကို မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုအဖြစ် ၅၀၅(က)ဖြင့် ထပ်မံတရားစွဲဆိုထားသောကြောင့် အမှုရင်ဆိုင်ရန် မေလ ၉ ရက်နေ့တွင် နေပြည်တော်မှ မြစ်ကြီးနားသို့ ပို့ဆောင်ထားကြောင်း KNC ပါတီဘက်မှ ပြောဆိုခွင့်ရှိသူ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“မနေ့က နေပြည်တော်ကနေ ရောက်လာတာဟုတ်တယ်။ အခုက မြို့နယ်ရဲစန်းမှာ ချုပ်ထားတယ်။ ဒီကနေ့ကတော့ နေပြည်တော်ကနေမြစ်ကြီးနားကိုအမှုပြောင်းအမှုလွဲလုပ်မှာဖြစ်တယ်။အခုအခြေအနေကအမှုစွဲထားတာကိုထပ်မံရင်ဆိုင်ဖို့ဖြစ်တယ်။ ကျန်တာကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်အတိုင်းသွားဖို့ဘဲဖြစ်တယ်” ဟု ပြောဆိုသည်။ လက်ရှိတွင် ဒေါက်တာ M Kawn La ကို မြစ်ကြီးနား အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယနေ့ မြို့နယ်တရားရုံးတွင် အမှုပြောင်း အလွှဲပြုလုပ်ပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ထားမည်ဖြစ်ကြောင်း ပါတီဘက်က တာဝန်ရှိသူ များပြောဆိုချက်မှ သိရသည်။

KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ပြီးခဲ့သော မတ်လ ၂၃ ရက်နေ့ နေပြည်တော်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ ရခြင်းဖြစ်ပြီး အမှုပြီးပြတ်သေးခြင်းမရှိ သေးဘဲ မြစ်ကြီးနားတွင် ထပ်မံတရားစွဲထားသဖြင့် အမှုရင်ဆိုင်ရန် မြစ်ကြီးနားကို ပို့ဆောင်ထားခြင်းဖြစ်သည်။ မြစ်ကြီးနားတွင် စွဲဆိုထားသည့်အမှုသည် နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရသော ဩဂုတ်လ ၂၅ နေ့ နောက်တစ်ရက် ၂၆ ရက်နေ့တွင် စစ်တပ်ဘက်ကနေ ၅၀၅(က)ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

၆။ ကာလိုင်ဒုက္ခသည်စခန်းက ကိုးကန့်တပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့ ဒုက္ခသည်တွေ တောင်းဆို
May 9, 2022

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ ဒုက္ခသည်စခန်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့က လာရောက် စခန်းချနေတာကြောင့် ဒုက္ခသည်စခန်းအနီး တိုက်ပွဲတွေ ဖြစ်လာ မှာကို စိုးရိမ်နေရတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။ အင်အား ၁၀၀ ခန့်ရှိတဲ့ ကိုးကန့်တပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ လေးလလောက် ကပင် ဒုက္ခသည်စခန်းမှာ ရှိတဲ့

ဆေးခန်းတွေ၊ စာသင်ကျောင်းတွေမှာ စခန်းချနေထိုင်နေကြတာကြောင့် ဒုက္ခသည်တွေ အတွက် စိုးရိမ်မှုတွေရှိနေသလို စခန်းမှာ နေထိုင်သူတွေအတွက် အခက်အခဲဖြစ်နေကြတယ်လို့ ကာလိုင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကိုဘောက်လာက ပြောပါတယ်။

“သစ်ချောင်းတွေနဲ့ ဂိတ်ပုံစံမျိုးလမ်းတွေပိတ်တာပေါ့။ သွားပြောတော့ သူတို့ဘက်က ပြန်ပြီး ဆဲဆိုတာ၊ ခြိမ်းခြောက်တာ လည်းရှိတယ်။ လွိုင်ဆမ်စစ်တောင်ခြေ ကားလမ်းမကြီးနဲ့ဆို ၇ မိုင်ပဲ ဝေးတာ။ စစ်တပ်ကလည်း ဒီဘက်ကို လာနေပြီဆို တော့ နဂိုကမှ ဒုက္ခသည်ဖြစ်နေတာ ထပ်ပြီး ပြေးရမလို ဖြစ်နေတယ်” ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုရန်နိုင် ကတော့ ကာလိုင်ဒုက္ခသည်စခန်းအနီးမှာ ရောက်နေတဲ့ ကိုးကန့် တပ်သား တွေဟာ ဒေသခံတွေနဲ့ ရင်းနှီးမှုမရှိတာကြောင့် အောက်ခြေမှာ ပြဿနာ အနည်းငယ်ရှိခဲ့တယ်လို့ ပြောပါ တယ်။ သူတို့အနေနဲ့ မြေပြင်မှာ ကွင်းဆင်းမေးမြန်းခဲ့ ပြီးနောက် အခုလက်ရှိမှာတော့ ပြဿနာတွေ ပြေခဲ့ပြီလို့ တုံ့ပြန်ပါတယ်။ စစ်ဘေးဒုက္ခသည် တွေကတော့ ကိုးကန့်အဖွဲ့ အနေနဲ့ ဒုက္ခသည်စခန်းနဲ့ ကျေးရွာ တွေအနီး ကနေ ဆုတ်ခွာပေးဖို့ တောင်းဆိုထားပြီး ကိုးကန့်အဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းမှုဟာ ထိထိရောက်ရောက် မရှိခဲ့ဘူး လို့ ပြောပါတယ်။

ကာလိုင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ ကချင်နဲ့ တအာင်းတိုင်းရင်းသားတွေ အများစု ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ကွတ်ခိုင်မြို့ နယ်အတွင်းမှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ၂၀၁၂ နောက်ပိုင်း စစ်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ TNLA တပ်တို့ရဲ့ တိုက်ပွဲ တွေကြောင့် ကျေးရွာပေါင်း နှစ်ဆယ်ကျော် က လူဦးရေ ၁၂၀၀ ခန့် စုပေါင်းပြီး နေထိုင်နေကြတဲ့ စခန်းလည်း ဖြစ်ပါတယ်။

၇။ အာဆီယံနည်းလမ်းသစ် ရှာသင့်ပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီးပြော
May 9, 2022

စစ်တပ်အာဏာသိမ်းမှုနဲ့ တဆက်တည်းပေါ်ပေါက်လာခဲ့တဲ့ ပဋိပက္ခတွေကို ပြည်တွင်း၊ ပြည်ပအင်အားစုတွေ က အဖြေရှာ ဖို့ပြောဆိုဆွေးနွေးနေကြချိန်မှာပဲ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ပြည်သူတွေကတော့ စစ်တပ်ရဲ့ သတ်ဖြတ်ညှဉ်းပန်းမှု၊ ဖမ်းဆီးနှိပ်စက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုစတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ခံစားနေရပါတယ်။ မြန်မာ့နိုင်ငံရေးကို ပါဝင်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကလည်း အခုအချိန် ထိ အောင်မြင်မှု ထင်ထင်ရှားရှားမရှိသေးပါဘူး။ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီအလိုကျ ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင် အကျိုးဖြစ်ထွန်းစရာလုံးဝမရှိဘူးလို့ သုံးသပ်ပါတယ်။

“လက်ရှိတာဝန်ယူထားတဲ့ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ရော၊ ENVOY အနေနဲ့ရော စစ်ကောင်စီက ခွင့်ပြုမှ လုပ်မယ့်သဘော မျိုး၊ ဘာလုပ်လုပ်စစ်ကောင်စီကို တိုင်ပင်ဆွေးနွေးတဲ့ သဘောမျိုးရှိပြီးတော့ စစ်ကောင်စီက မကြိုက်ရင် ဘာမှမလုပ်ရဲတဲ့ ပုံစံမျိုးဖြစ်နေတာကတော့ လက်ရှိဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့အပေါ်မှာ ကျွန်မတို့အားရမှုမရှိဘူး။ အဖြေလည်း ထွက်မှာ မဟုတ်ဘူး။ ဗမာပြည်အရေးနဲ့ ပတ်သက်လို့ ဒီတိုင်းသွားနေလို့။ တစ်ဖက်မှာတော့ တခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်းတွေအနေနဲ့ ဒီကိစ္စအပေါ်မှာ တစ်နှစ်လည်း ကျော်လာပြီ အောင်မြင်မှုလည်း မရှိဘူး။ အကောင်အထည် ဖော်တဲ့ နေရာမှာလည်း လိုက်နာရမယ့် ကိစ္စရပ် တွေကို လေးစားလိုက်နာခြင်း မရှိတဲ့အတွက်ကြောင့် နည်းလမ်းအသစ် တစ်ခုတော့ ရှာသင့်ပြီဆိုပြီး စဉ်းစား ချက်တွေရှိနေပါတယ်။ ဆန်းသစ်တဲ့ စဉ်းစားတွေးခေါ်ပုံတွေကို ကျွန်မတို့က ကြိုဆိုတယ်။” ဒါ့အပြင်လက်ရှိ ပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံအနေနဲ့ ကုလသမဂ္ဂ၊ ဥရောပစတဲ့ တခြားနိုင်ငံတွေ အဖွဲ့အစည်း တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

၈။ မူဆယ်ခရိုင်အတွင်း တရက်တည်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်
May 9, 2022

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း (မေလ ၈ )ရက် ညနေခင်း အချိန်ပိုင်းအတွင်း စစ်ကောင်စီတို့သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက် ညနေပိုင်း ၅ နာရီကျော်ဝန်းကျင်တွင် သျှမ်းပြည်မြောက်ပိုင်း သန္နီမြို့ အလွန် မဘိမ်းမြို့ အနီး၌ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သတင်းသိရသည်။

“အရင်က လမ်းမကြီးအနီးမှာပဲ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့မနေ့ညက တိုက်ပွဲကတော့ လမ်းမကြီးကနေ အသံတွေကြား ရတာပါ၊ စစ်ကောင်စီ နဲ့ MNDAA၊ TNLAတို့က ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ပြောတယ်၊ တချို့ ကလည်း PDF ပါပါတယ်လို့ ပြောပါတယ်၊ အသေးစိတ်တော့ မသိရဘူး၊ ပစ်ခတ်သံတွေက နာရီဝက်နီးပါး ကြာ တယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထိုတိုက်ပွဲဖြစ်ပွားနှင့် ပက်သက်ပြီး ထိခိုက်ကျဆုံးမှုများ၏ အရေအတွက်နှင့် ဖြစ်ပွားရ သည့် အကြောင်းအရင်း အသေးစိတ် မသိရှိရသော်လည်း ကွတ်ခိုင်မြို့နယ် နှင့် မဘိမ်းမြို့အနီးပတ်ဝန်းကျင်ရှိ ဒေသများ သည် ပစ်ခတ်သံ များ မကြာခဏကြားရလေ့ရှိ သည့် ဒေသဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတို့သည် နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းအတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ ပိုမိုများပြားလာသည့် အပြင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်လည်း ရင်ဆိုင်တိုက်ခိုက်နေရကြောင်း သိရသည်။

 

၉။ ရွာငံ နဘန်းကြီးဒေသခံများ စစ်ကောင်စီဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်း
May 9, 2022

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန် တောင်းခံနေလျက်ရှိကြောင်းစုံစမ်းသိရှိရသည်။ စစ်ကောင်စီ မှ အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာငံမြို့နယ် ရဲစခန်းသို့ ချုပ်နှောင်ကာ ငွေကြေးအဆမတန်တောင်းယူနေကြောင်း ငွေကြေးချမ်းသာသည့် မိသားစုဝင်ကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။ “ နဘန်းကြီးရွာဘက်မှ ငွေကြေးချမ်းသာတဲ့မိသားစုတွေကို အဓိက ပစ်မှတ်ထားပြီး ဖမ်းနေကြတာပါ။ ရွာငံမြို့မ ရဲစခန်းမှာ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းပြီး ငွေကြေးအဆမတန် တောင်းခံ နေတာတွေရှိတယ်။ ဆိုင်ကယ် ဝပ်ရှော့က အကိုတစ်ယောက် PDF ကိုထောက်ပံ့တယ်ဆိုပြီးတော့ ငွေကြေး သိန်း ၈၀ ထောင်းထားတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ ဖမ်းဆီးမှုကြောင့် ဒေသခံများကတောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး၊ လူနေအိမ်မရှိသည့် အိမ်များကို မီးရှို့ဖျက်ဆီးပစ်မည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထား ကြောင်းသိရသည်။ “ အိမ်တွေ ကိုဝင်မွှေတယ်။ လူမတွေ့ရင် အဖမ်းမခံရရင်တော့ သူတို့ အိမ်ကို မီးရှို့မယ် ဆိုပြီး သတိပေးစာတွေလည်း ကပ်ထားတယ်။ ဒေသခံတွေကတော့ နေ့လည်ခင်းခဏလောက်ပဲ အိမ်ပြန်ကြ တယ်။ ညဆိုရင်တော့ အိမ်ပြန်အိပ်တယ်။ စားသောက်ဖို့ ဆိုရင်တော့ နေခင်းကျရင် အိမ်မှာပြန်စားကြတာ” ဟု အထက်ပါ‌ ဒေသခံက ပြောသည်။

ထိုအပြင် ပြည်သူများက တောင်ယာကို မလုပ်ကိုင်ရသောကြောင့် စားဝတ်နေရေးခက်ခဲနေကြောင်း ရေရှည် အတွက် လည်း ပြည်သူများက စိုးရိမ်နေလျက်ရှိကြောင်းသိရသည်။ “ သယ်သူမှ တောင်ယာလုပ်ငန်းမလုပ်ရ ဘူး။ ရေရှည်ဆိုရင် တော့ အခက်ခဲအများကြီး ရှိတယ်။ အလုပ်ကမရှိ၊ ဝင်ငွေက မရှိတော့ ရှိတာကိုပဲ ထုခွဲပြီးစားသောက်နေကြရတယ်။ အခုနိုင်ငံရေးနဲ့ ကုန်ဈေးနှုန်းကလည်းမြင့်တက်နေတာကြောင့် တောင်သူ တွေက ထွက်ကုန်မရှိသလောက်ဖြစ်နေတယ်။

၁၀။ ဖားကန့်တွင် အမျိုးသားတစ်ဦး ဓာတ်ကြိုးကိုင်မိရာမှ ဓာတ်လိုက်သေဆုံး
May 9 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အမျိုးသားတစ်ဦးက ပြုတ်ကျနေသည့် ဓာတ်ကြိုး ကိုကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မတ် ၈ ရက်နေ့ည ၈ နာရီ အချိန်

တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်(ကိုယ်ရေးချက်လက်စုံစမ်းဆဲ) အရွယ်ရှိအမျိူးသားတစ်ဦးသည် ပြုတ်ကျနေ သည့် ဓာတ်ကြိုး ကိုင်မိရာမှဓာတ်လိုက်သေဆုံးခဲ့ကြောင်း အဆိုပါ ရုပ်အလောင်းကိုသွားရောက် သယ်ဆောင်ခဲ့သည့် လူမှုကူညီရေးအသင်းတာဝန်ရှိသူက KNG သို့ပြောသည်။

“ဓာတ်ကြိုးက ပြုတ်ကျနေတာလား ဘယ်လိုလဲတော့မသိရဘူး သူက ညာဘက်လက်မှာ ဓာတ် ကြိုးကိုင် လျက်ကြီးနဲ့ သေနေတာလေး။ ကျနော့်အထင်ကတော့ဓာတ်ကြိုးကပြုတ်ကျနေတာနေမှာ အာ့ကြောင့် ကိုင်မိတာနေမှာ ဒဏ်ရာ‌တော့ မတွေ့ရဘူး ညာဘက်လက်ကြီးက တောင့်တောင့်ကြီးပြန်ခေါက်လို့မရတော့ ဘူး”ဟု လူမှုကူညီရေးအသင်းမှတာဝန်ရှိသူ ကပြောသည်။ သေဆုံးသည့်အမျိုးသားသည် မိုးရွာသွန်နေသည့် အချိန်လည်းဖြစ်သည့်အတွက် ဓါတ်ကြိုးမှတစ်ဆင့် ဓါတ်လိုက် သေဆုံးခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ယခုကာလ၌ မူးယစ်ဆေးဝါးသုံးစွဲသူများက မီးကြိုးများခိုးယူ ဖြုတ်ယူမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းဒေသခံများထံမှသိရသည်။

၁၁။ အရပ်သားယောင်ဆောင် စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ KNDF ဖမ်းဆီး
9 May, 2022

အရပ်သားပုံစံနဲ့ သွားလာနေတဲ့ သူစိမ်းအမျိုးသား ၃ ယောက်ကို KNDF B-03 တာဝန်ကျရဲဘော်တွေက မသင်္ကာလို့ စစ်ဆေးရာကနေ စစ်ကောင်စီတပ်သားတွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးထားတယ်လို့ KNDF B-03 က သတင်း ထုတ်ပြန်ထားပါတယ်။ မေလ ၈ ရက်နေ့မှာ KNDF B-03 ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖယ်ခုံမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာ ကနေ အမည်မသိ အမျိုးသား ၃ ယောက် ဖြတ်သန်းသွားတာကို စစ်ဆေး တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထား ပါတယ်။
ဖမ်းဆီးရမိသူသုံးဦးဟာ စစ်ကောင်စီတပ်၊ တပ်မ ( ၆၆ ) က တပ်သားတွေဖြစ်ပြီး သူတို့ကို ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ထံ အပ်နှံထားတယ်လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “စစ်တပ်ထုတ်ကုန်တွေ အသုံးမပြုဖို့ ဘာလို့ နိုးဆော်ရတာလဲ။ အဲ့ဒီကနေရလာတဲ့ငွေတွေနဲ့ ပြည်သူ့ရဲဘော်တွေကို သတ်တဲ့ကျည်ဆန်၊ ပြည်သူ့အိုးအိမ်တွေကို ဖျက်ဆီးဖို့ လက်နက်တွေကို စစ်တပ်က ပြန်ဝယ်နေတာပဲဖြစ်ပါတယ်။ စစ်တပ်ပိုင် ထုတ်ကုန်ဝယ်တော့မယ်ဆိုရင် မီးရှို့ခံရတဲ့ပြည်သူတွေ၊ စစ်တပ်က မတရားမုဒိမ်းကျင့်ပြီး သတ်ပစ်ခဲ့တဲ့ အမျိုးသမီးငယ်တွေ၊ လက်နက်ကြီးထိခဲ့ရတဲ့ လူမမယ်ကလေးငယ်တွေ ကို ကျေးဇူးပြု၍ သတိရပေးပါ။” လို့ ထုတ်ပြန်ထားပါတယ်။

၁၂။ ဖားကန့်တွင် မိသားစုဝင်သုံးဦး ဓားဖြင့်ခုတ်ခံရ
May 10, 2022

တစ်နှစ်အရွယ်သမီးအပါအဝင် မိသားစုဝင်သုံးဦး ဓားခုတ်ခံရမှု ဖားကန့်မြို့နယ် ဆိပ်မှုအုပ်စု စပေါ့ကျေးရွာတွင် ယမန်နေ့ ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမည်မသိ လူငယ်တစ်စုက နေအိမ်အတွင်း ဝင်ရောက်ကာ ဓားဖြင့် ခုတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “သူတို့က အိမ်မှာနေနေတာ အဟောင်းဆိုင် လုပ်တာလေ သိရသလောက်တော့ လူငယ်လူကောင်းတွေပဲ။ ဓားနဲ့ဝင်ခုတ်သွားတာ တစ်နှစ်အရွယ် သမီးတစ်ယောက်ပါ တယ်” ဟုသူကပြောသည်။

ဓားခုတ်ခံရသည့် တစ်နှစ်အရွယ် သမီးနှင့်ဖခင်ဖြစ်သူမှာ အခြေအနေစိုးရိမ်ရသောကြောင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင် ထားပြီး မိခင်ဖြစ်သူမှာ ဖားကန့်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင်လည်း ဧပြီလ ၆ ရက်နေ့က သေနတ်ထောက်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွါးခဲ့သည်။

၁၃။ အင်းလေးဒေသမှ စစ်တပ်သတင်းပေးနှစ်ဦး အသတ်ခံရ ဟုဆို
May 9, 2022

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသည့် ဒေသခံ အမျိုးသားနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတို့က အင်အားဖြည့်တင်းကာ စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေ ကြောင်း စုံစမ်းသိရသည်။ မေလ ၉ ရက်တွင် ညောင်ရွှေမြို့နယ် သန်းထောင်ဈေးအတွင်း ဈေးရောင်းနေသည့် စစ်တပ် သတင်းပေး ဒလန်ဖြစ်သူ နှင့် သားမက်ဖြစ်သူတို့သည် အမည်မသိလူတစ်စုတို့၏ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံရပြီး ပွဲချင်း ပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။

“သူတို့နှစ်ယောက်က ခမည်းခမက်တွေပေါ့၊ ဟဲယာရွာမမှာနေတယ်၊ ဒီနေ့ ဈေးရောင်းနေတုန်း ဈေးထဲမှာ အပစ်ခံ လိုက်ရတာ၊ တခြား ပြည်သူတွေကလည်း သေနတ်သံကြားတာနဲ့ ဝပ်ကြတာဆိုတော့ ဘယ်သူ ဘယ်ဝါက လုပ်သွားမှန်း တော့ မသိလိုက်ဘူး၊ သူတို့နှစ်ယောက်တော့ ခေါင်းကိုသေနတ်ကျည်မှန်တဲ့ ဒဏ်ရာနဲ့ ပွဲချင်းပြီး သေသွားတယ်” ဟု အင်းလေးဒေသမှ အမည်မဖော်လိုသူ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူ အမျိုးသား နှစ်ဦးသည် ဟဲယာရွာမမှ ဦးရဲမြင့် နှင့် ၎င်း၏ သမက်ဖြစ်သူ ကိုကျော်စွာ ဆိုသူဖြစ်ကြောင်း င့် ၎င်းတို့နှစ်ဦး သတင်းပေးမှုကြောင့် ဒေသအတွင်းမှ ပရဟိတသမားများနှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူများ ဖမ်းဆီးခံရမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့နှစ်ယောက်ဆီကိုကျည်ဆံနဲ့ သတိပေးစာလည်း ပေးဖူးပါတယ်၊ ပြီးတော့ ရွာမ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦး ခေါ် ကိုသားကြီးဆိုသူကိုလည်း ကျည်ဆံတစ်တောင့်နဲ့အတူ သတိပေးစာ ရောက်လာနေတာ တစ်ပတ်တောင် မရှိသေးဘူး၊ အခု ကိုသားကြီးလည်းအိမ်အပြင် မထွက်ရဲတော့ဘူး” ဟု အင်းလေးသား တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

၁၄။ ရေး-မော်လမြိုင်လမ်း၌ ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
9 May, 2022

မွန်ပြည်နယ်၊ ရေး-မော်လမြိုင်သွားကားလမ်း ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်စု ထက်ထက်ဆီဆိုင်ရှေ့မှာ မေ ၉ ရက် ဒီနေ့လယ်က ခရီးသည်တင်ယာဉ်မှန်လုံကားနဲ့ ဆိုင်ကယ် ချိတ်မိပြီး အမျိုးသမီး တယောက် သေဆုံး ကာ အမျိုးသား တယောက် ပြင်းထိန် ဒဏ်ရာရသွားတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ ဆိုင်ကယ်နောက်က စီးနင်းလာတဲ့ ကွာန်ဒူးကျေးရွာက အမျိုးသမီးဟာ ရေးဆေးရုံအရောက်မှာ ရရှိတဲ့ ဒဏ်ရာ နဲ့ သေဆုံးသွားပါတယ်။

အဆိုပါဆိုင်ကယ်နဲ့ ရေခဲချောင်းသည်ရဲ့ စက်ဘီးထပ်ဆင့်တိုက်မိပြန်လို့ ရေခဲချောင်းသည် အမျိုးသားလည်း ဒဏ်ရာအပြင်း အထန် ရရှိကာ ရေးဆေးရုံးကို အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမား တဦးက ပြောပါတယ်။ ခရီးသည်တင်မှန်လုံ ယာဉ်ကားကတော့ မောင်းပြေးသွားလို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက လိုက်လံစုံစမ်းနေပါတယ်။ ရေး – မော်လမြိုင်သွားကားလမ်းမမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့သူတွေမှာ ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း ၁၂ ယောက်လောက် ရှိပါတယ်။

၁၅။ ရှေ့တန်းထွက် BGF တပ်သားအတွက် တစ်အိမ်လျှင် ဘတ် (၅၀၀) ပေးဆောင်ရန် တောင်းခံ
May 9, 2022 62

ရှေ့တန်းထွက် နယ်ခြားစောင့်တပ် (BGF) တပ်သားအတွက်ဟုဆိုကာ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာ အုပ်စုတွင် အိမ်ထောင်စုတစ်စုလျှင် ထိုင်းဘတ်ငွေ ၅၀၀ ပေးဆောင်ရန် တောင်းခံလျက် ရှိသည်ဟု ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ရွှေကုက္ကိုလ်ကျေးရွာအုပ်စုရှိ သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများအား နယ်မြေခံ BGF တပ်ဖွဲ့က အစည်းအဝေးခေါ်ယူပြီး ထိုသို့ ငွေတောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ၏ ပြောဆိုချက်ရ သိရသည်။

 

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “သူတို့ပြောတာက တစ်အိမ် ၅၀၀(ဘတ်) ထည့်ရမယ်ပေါ့။ ဘာဖြစ်လဲ ဆိုရင် စစ်သားဖြစ်တဲ့လူတွေကို အနောက်ဘက်က ထောက်ပံ့ပေးသလိုပေါ့။ အခုကောက်နေပြီးဆိုတော့ ပိုက်ဆံစထည့်ရပြီးပေါ့။ ရွာမှာ စစ်သားအသစ်ကောက်ခံတာတွေတော့ မရှိသေးပါဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။ ငွေကောက်ခံနေရသည့် ကျေးရွာများမှာ သဲပုံ၊ ဝမ်းခါဟောင်း၊ ချောင်းဆုံ၊ မယ်ပီ၊ ထီးလော်သေ စသည့် BGF တပ်ဖွဲ့၏ စိုးမိုးနယ်မြေတွင်းရှိ ကျေးရွာများဖြစ်ပြီး ဘတ်ငွေ (၅၀၀) သည် မြန်မာကျပ်ငွေ နှစ်သောင်းခွဲ၊ သုံးသောင်းဝန်းကျင်စျေးရှိသည့်အတွက် ငွေကြေးတတ်နိုင်သူများအတွက် အခက်အခဲမရှိသော် လည်း လက်လုပ်လက်စား ဒေသခံများအတွက်ကမူ အခက်အခဲရှိဟု ပြောဆိုကြသည်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ-၁ နယ်မြေ) ၊ ဖားအံမြို့နယ်တွင်လည်း ဒေသခံလူထုများကို ပေါ်တာဆွဲရန်အတွက် လိုက်လံဖမ်းဆီးမှုများရှိ သလို ဖမ်းဆီးခံရသည့် ဒေသခံအချို့လည်း ငွေတောင်းပြီးပြန်လွှတ်ပေးသူများရှိခဲ့ သည်ဟု သိရသည်။ ထိုသို့ ပေါ်တာလိုက် လံဖမ်းဆီးမှုများ လုပ်ဆောင်သည့်အတွက် ဖားအံမြို့နယ် သံလွင်မြစ် အနောက်ဘက်ရှိ ကျေးရွာအချို့မှ အမျိုးသားလူငယ် အမြောက်အများမှာ နေအိမ်မပြန်ရဲသေးဘဲ ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

၁၆။ အင်ဂျန်ဒုံရပ်ကွက်တွင် လူငယ်သုံးဦးက ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူ
May 10. 2022

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင်နယ်မြေတွင် ယနေ့နံနက် ၅ နာရီခန့်က ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်လမ်းမကြီးမှ ရာဒါကောင်းသုဿန်သို့သွားရာလမ်းတွင် ဆိုင်ကယ်မောင်းနင်လာသည့် အမျိုးသားတစ်ဦးကို လူငယ်သုံးဦးက ဓားဖြင့်ခုတ်ကာ လုယက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ကယ်လုယက်ခံရသူ၏ အမျိုးသမီးဖြစ်သူက The 74 Media ကိုပြောသည်။ “သုံးယောက် ဟုတ်တယ်။ တစ်ယောက်က ချိန်းကြိုးနဲ့ လှမ်းရိုက်တယ်တဲ့ ခေါင်းငုံ့ပြီး ရှောင်လိုက် တဲ့အခါ ဆိုင်ကယ်ကိုရိုက်မိပြီး ဆိုင်ကယ်လဲသွားတယ်။ လဲသွားတဲ့ အခါ လူငယ်နှစ်ယောက်က ဓားနဲ့ လှမ်းခုတ်တာ။ အိမ်ကအမျိုးသားကလည်း နောက်ဆုတ်နဲ့ ဆိုင်ကယ်နဲ့ဝေးသွားတဲ့အခါ ဆိုင်ကယ်ကိုယူပြီး ထွက်ပြေးသွားတာ” ဟု သူကပြောသည်။

ယခင်ဆိုင်ကယ်ပျောက်စဉ်က သွားရောက်တိုင်ကြားခဲ့သော်လည်း ပြန်လည်ရရှိခဲ့ခြင်းမရှိသောကြောင့် ယခုလုယက်မှုကို သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမရှိကြောင်း သူကပြောသည်။ မြစ်ကြီးနားမြို့တွင် ယခုလအတွင်း ခိုးမှုနှင့် လုယက်မှုပိုမို ဖြစ်ပွားလာပြီး မေလ ၂ရက်နေ့ မှ ၅ ရက်နေ့အထိ လေးရက်အတွင်း ခိုးဆိုးလုယက်မှု ရှစ်မှု ဖြစ်ပွားခဲ့သည်။

၁၇။ မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်
May 10, 2022

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ထဲတွင် ယနေ့ (မေ ၁၀)ရက် မနက်ပိုင်း ၁၀ နာရီ၀န်းကျင်၌ စစ်ကောင်စီက လက်နက်ကြီး စတင်ပစ်ခတ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ မေ ၁၀ ရက် မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် မြို့ထဲ ပစ်ခတ်နေကြောင်း မိုးဗြဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ PDF တပ်ဖွဲ့ကနေပြီးတော့ သူတို့တပ်စခန်းရှိတဲ့နေရာကို သွားပြီးတိုက်လိုက်တာ။ လက်နက်ငယ်နဲ့တော့ တိုက်ပွဲ အချင်းချင်းဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီး နဲ့ မြို့ထဲကို ပစ်ချလာတာ။ မြို့ထဲက ရပ်ကွက်တွေထဲမှာ ပစ်ချလိုက်တာ။ ထိခိုက်ဒဏ်ရာရှိ၊မရှိတော့ မသိသေးဘူး” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ စစ်ကောင်စီသည် လက်ရှိ (၁၁) နာရီဝန်းကျင်ထိ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ပြီဖြစ်ကြောင်း၊ လူသူ ထိခိုက်မှု မရှိသေးကြောင်း Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၈။ ၁၀ စုနှစ် တစ်ခုကြာ တက္ကသိုလ်တက်ခွင့် မရရှိခဲ့သည့် ရခိုင်က မွတ်ဆလင်ကျောင်းသားများ ပြန်လည် တက်ခွင့်ရ
May 10, 2022

၁၀ စုနှစ်တစ်ခုအထိ တက္ကသိုလ်တက်ခွင့် ဆုံးရှုံးနေခဲ့သည့် ရခိုင်က မွတ်ဆလင်ကျောင်းသားများမှာ ယခုနှစ်တွင် ကျောင်းတက်ခွင့်ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရရှိသည်။ ပြီးခဲ့သည့် ၂၀၁၂ ကနေ ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိပက္ခ ကြောင့် မွတ်ဆလင်ကျောင်းသားများ အဝေးသင်တက်ရောက်ခွင့်ကို ဘာသာရပ်အကန့်အသတ်ဖြင့် သင်ကြားခွင့်ရရှိခဲ့ပြီး( Day ) နေ့သင်တန်းများကို တက်ရောက်ခွင့်မရရှိသည် ယနေ့အချိန်အထိပင်ဖြစ်သည်။ မွတ်ဆလင် ကျောင်းသား ကိုဇော်မင်းထွန်း က” ကောလိပ်တက္ကသိုလ်ထဲမှာ ပညာသင်ယူခွင့်ရဖို့ဆိုတာက ဆယ်တန်းအောင်မြင်ပြီးတဲ့လူတိုင်း ကြိုးစားခဲ့တဲ့ အရာတစ်ခုဖြစ်တယ်။ အခုလည်း တက္ကသိုလ်ထဲမှာ နားလည်မှုရှိရှိနဲ့ အတူတကွပညာသင်ယူသွားဖို့အတွက် မျှော်လင့်ပါတယ်”ဟုပြောသည်။

၂၀၁၂ ခုနှစ် အရေးအခင်းဖြစ်ပြီးချိန်ကတည်းက မွတ်ဆလင်ကျောင်းသားများအနေဖြင့် တက္ကသိုလ်တက်ခွင့် မရရှိခဲ့သည့် အတွက် ကျောင်းသားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာများ ပြိုလဲခဲ့ရသည်ဟု သူကဆက်ပြောသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်မှ စတင်ကာ မွတ်ဆလင်ကျောင်းသားများ တက္ကသိုလ်တက်ခွင့်ရရှိရန်အတွက် စစ်တွေနှင့် ဘူးသီးတောင်တို့တွင် စင်တာနှစ်ခု ဖွင့်လှစ်ခဲ့သည်။ အဆိုပါ စင်တာနှစ်ခုတွင်လည်း နေ့သင်တန်းတက်ခွင့်မရရှိဘဲ အဝေးသင်တက်ခွင့်သာရရှိခဲ့ ကြပြီး ဘာသာရပ်များအဖြစ် ပထဝီ၊ သမိုင်း၊ မြန်မာစာ သုံးဘာသာသင်ကြားခွင့်ရရှိခဲ့ကြသည်။

မွတ်ဆလင်ကျောင်းသားများအနေဖြင့် မေလ ၉ ရက်နေ့က စတင်ကာ စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်းတက်ခွက် လျှောက်လွှာတင်ခဲ့ကြပြီးကျောင်းသား ၅ ဦးနှင့် ကျောင်းသူ ၁ ဦး ကျောင်းအပ်နှံခဲ့ကြသည်။ နောက်ထပ်လည်း ကျောင်းအပ် နှံမည့်ကျောင်းသား၊ ကျောင်းသူများ ရှိသေးသည်ဟု ကိုဇော်မင်းထွန်းကပြောဆိုသည်။ မွတ်ဆလင်ကျောင်းသားများ ကျောင်းအပ်ရာတွင် အဆင်ပြေစေရန် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှလည်း ကူညီပံ့ပိုးခဲ့ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တွင် လူမျိုးဘာသာမရွေး လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရန်အတွက် ယခုလိုမျိုး ကူညီးပေးရခြင်းဖြစ် သည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

၁၉။ သီပေါမြို့နယ် ပြည်သူတစ်ဦး မြေမြုပ်မိုင်းနင်းမိ၊ ခြေထောက်ဖြတ်ရ စား၀တ်နေရေးခက်ခဲ
May 9, 2022

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိသွားသည့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် စားဝတ် နေရေးအတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း သီပေါမြို့နယ်မှ ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးသွားရောင်းရာမှာ လမ်းတစ်ဝက် တွင် မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ “ သူက ဖြစ်တာတော့ကြာပြီ၊ ဖေဖော်ဝါရီလအတွင်းမှာ နင်းမိတာ။ ပြီးတော့ သူ့ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရတယ်။ စဖြစ်တုန်း ကတော့ သူ့အတွက် စားဝတ်နေရေးက အဆင်ပြေနေသေး တယ်။ အခုကသူအလုပ်မလုပ်နိုင်တော့ဘူး” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အမျိုးသားသည် အသက် ၃၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ အသက် ၆၀ မိခင် နှင့် နှစ်ဦးသာ နေထိုင်ကြောင်း သိရသည်။ “ သူကအခု သူ့အမေနဲ့နေတာ။ သူ့မှာ အမေပဲရှိတာတဲ့။ သူ့အမေက အသက် ၆၀ ကျော်ရှိနေပြီ။ သူကအမေကို ရှာကျွေးနေတဲ့ သူဖြစ်တာ။ အခု ခြေထောက်ပြက်သွားတော့ မရှာ ကျွေးနိုင်တော့ဘူး။ သူ့အမေလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။ အဲကြောင့်သူတို့အခုက ခက်ခဲနေကြတာပါ”ဟု အထက်ပါ အမျိုးသားက ပြောပြသည်။

 

၂၀။ ဂျော်မဆတ် စစ်ရှောင်စခန်းမှာ စာအုပ် ဖြည့်စွက်ရန် ကူညီထောက်ပံ့မှု လိုအပ်နေ
9 May 2022

မြစ်ကြီးနား ဂျော်မဆတ် မော်တောင်းစစ်ရှောင်စခန်းမှာ စာကြည့်တိုက် ဖွင့်လှစ်ထားပေမဲ့ စာအုပ်မစုံလင်မှုနှင့် အသုံး အဆောင်ပစ္စည်းများဖြည့်စွက်ရန် ကူညီထောက်ပံ့မှုများလိုအပ်နေတယ်လို့ သိရပါတယ်။ “ဒီစာကြည့် တိုက် ပိုပြီးတိုးတက် လာနိုင်ဖို့ အားလုံးပဲ ကိုယ်တတ်နိုင်တဲ့ဘက်က ငွေကြေးဖြစ်ဖြစ်၊ စာအုပ်တွေဝယ်ပြီးပဲ ဖြစ်ဖြစ် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုပါတယ်။” ဟု စာကြည့်တိုက် တာဝန်ခံ Gadu Brang Nan ပြောသည်။ မြန်မာပြည်အတွင်း ကိုဗစ်-၁၉ ကြောင့်တစ်နှစ်၊ စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နှစ် စသဖြင့် လူငယ်များသည် ၂ နှစ်ခန့် အတန်းပညာရေး ပြတ်တောက်သွားသဖြင့် ဖုန်းနဲ့ အွန်လိုင်း ၊ ဂိမ်းတွေစတဲ့ ကဏ္ဍမှာပင် အချိန်ကုန်ဆုံးနေကြတာကြောင့် စစ်ရှောင်စခန်းက စာကြည့်တိုက်မှာ ပိုမို အားဖြည့်ချင်တယ်လို့ လည်း ပြောပါတယ်။
“တချို့ စာမဖတ်ချင်တဲ့ လူငယ်တွေ စာဖတ်ချင်စိတ်ဖြစ်လာအောင် ဖိတ်ခေါ်နိုင်ဖို့က စိန်ခေါ်မှုကြီး တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ စာဖတ်တဲ့ လူငယ်တစ်ဦးရဲ့ နောင်တိုးတက်ကြီးထွားမှုတွေကို များများပြောပြပေးရင်တော့ လိုက်နာလုပ်ဆောင်လာ လိမ့်မယ်လို့ ယုံကြည်တယ်။ နောက်ပြီး ဒီနေ့ခေါင်းဆောင်တွေအားလုံးက စာဖတ်ပြီးပဲ နိုင်ငံကိုဦးဆောင်နေတဲ့ သူတွေဖြစ် တယ်။ စာမဖတ်ဘူးဆိုရင် လူအများရှေ့ စကားပြောဖို့တောင် ဝန်လေး လာမဲ့သူတွေဖြစ်လာမယ်။ ကိုယ့်ဆီမှာ ဖတ်ရှု့ လေ့လာထားမှု မရှိဘူးဆို၊ ပြောပြဖို့လည်း ရှိမှာမဟုတ်ဘူး။ စကားလုံးလည်းရှိမှာမဟုတ်ဘူး။ ဒီလိုအရာတွေကို မဖြစ် အောင် ကျနော်တို့ စာကြည့်ခန်း စာကြည့်တိုက် ရှိရတယ်။ ဒီရည်ရွယ်ချက်ကြောင့် လုပ်ဆောင်တာဖြစ်လို့ ဒီနေရာမှာလည်း စာအုပ်တွေ အများကြီးလိုအပ် နေသေးတာဖြစ်ပါတယ်။” ဂျော်မဆတ် စစ်ရှောင်စခန်းထဲမှာ ကလေး လူငယ် အားလုံး ၃၀၀ ကျော်ရှိပြီး အိမ်ထောင်စုကတော့ ၂၀၀ ဝန်းကျင်နဲ့ လူဦးရေ အားလုံး ၆၀၀ ကျော်ရှိကြောင်း သိရပါတယ်။
ဒီစစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲကြောင့် တနိုင်း ၊ အောင်လောဒ် ဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

၂၁။ စစ်ကောင်စီက လမ်းကြုံစီးလာတဲ့ကားကို TNLA ပစ်လို့ ရှမ်းတိုင်းရင်းသားနှစ်ဦး သေဆုံး
May 9, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတင်းအဓမ္မလမ်းကြုံစီးလာတဲ့ ကားကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ပစ်ခတ်ခဲ့ရာမှာ ဒေသခံရှမ်းတိုင်းရင်းသားနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မေလ ၉ ရက်နေ့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ကနေ မူဆယ်ကိုမောင်းနှင်လာတဲ့ ရှမ်းလူငယ်နှစ်ဦးရဲ့ကားကို စစ် ကောင်စီတပ်မ ၉၉ တပ်ဖွဲ့ဝင် ၁၅ ဦးက မေလ ၄ ရက်နေ့ညနေ ၅ နာရီခန့်မှာ မူဆယ်မြို့နယ်၊ နမ့်ပေါ် တံတား မှာ တားဆီးပြီး သူတို့ကိုသယ်ဆောင်ပေးဖို့ အဓမ္မစေခိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညနေ ၅ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ မူဆယ်မြို့နယ်၊ နားမွန်းကျေးရွာအုပ်စု၊ မော်တောင်းရွာအနီးရောက်ရှိချိန် မှာ တောင်ကုန်းပေါ်မှာနေရာယူထားသော TNLA တပ်ဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ရှမ်းလူငယ်နှစ်ဦး ဖြစ်တဲ့ စိုင်းစံလှရဲ့ ရင်ဘတ်နဲ့ခြေထောက်တွေမှာ လက်နက်ထိမှန်ခဲ့သလို စိုင်းစံဟန်ကတော့ ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူနှစ်ဦးဟာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ မှာနေထိုင်တဲ့သူတွေဖြစ်ပြီး အသက် ၃၂ အရွယ် စိုင်းစံလှက မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် ကွန်ယက် (TYN) ဦးဆောင်ကော်မတီဝင်ဖြစ်သလို ရှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ရဲ့အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် စိုင်းဆိုင်ဟန် က လူမှုရေးလုပ်ငန်းတွေဆောင်ရွက်သူ ဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မူဆယ်မြို့နယ်၊ မော်တောင်းရွာအနီးမှာ သူတို့တပ်ဖွဲ့ဝင် တွေနဲ့ TNLA ကြား တိုက်ပွဲဖြစ်ခဲ့တာရှိပြီး သူတို့တပ်ဖွဲ့က ကျဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ အခုလ ၅ ရက်နေ့က RFA ကို ပြောထား ပါတယ်။ အရပ်သားကားတွေကို အတင်းအဓမ္မလိုက်စီးတယ်ဆိုတာကတော့ မဟုတ်မှန်ဘူး လို့ ငြင်းဆိုထားပါတယ်။

၂၂။ စစ်ကောင်စီ တပ်ကြပ်ကြီးစာရေးတစ်ဦး လွိုင်ကော် PDF ထံ CDM ပြု့လုပ်အလင်းဝင်ရောက်
May 10, 2022

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မင်းလှမြို့ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံ က တပ်ကြပ်ကြီး စာရေး တစ်ဦး မနေ့က (မေလ ၉ရက်) လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဆက်သွယ်ပြီး CDM ပြု့လုပ်ကာ အလင်းဝင် ရောက်ခဲ့တယ်လို့ လွိုင်ကော်PDFက ထုတ်ပြန်ကြေညာပါတယ်။
လွိုင်ကော် PDF အနေနဲ့ CDMပြု့လုပ်ပြီး အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးကို ကောင်း ကောင်းမွန်မွန် စောင့်ရှောက်ထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကာ အဆိုပါတပ်ကြပ်ကြီး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်က တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း လွိုင်ကော် PDFကို ဆက်သွယ်ပြီး လက်နက်နဲ့အတူ CDM ပြု့လုပ်လာရင် ဆုငွေ သိန်း ၅၀ တိတိ ချီးမြှင့်ပြီး ဘဝတစ်လျောက်လုံး လုံခြုံစွာ ရှင်သန်နေထိုင်နိုင်ရေးကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ လွိုင်ကော် PDFက ထုတ်ပြန်ထားပါတယ်။

၂၃။ မချမ်းဘောမြို့နယ်တွင် လေဘေးသင့် မိသားစုများအကူအညီလိုအပ်နေ
10 May, 2022

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ နမ်ဘူယာန်ကျေးရွာမှာ လေပြင်းတိုက်ခတ်ပြီး နေအိမ် အဆောက်အအုံတချို့ ပျက်စီးခဲ့တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မေလ ၇ ရက် ညပိုင်းမှာ လေပြင်းတိုက်ခတ်ခဲ့လို့ သစ်ပင်တွေကျိုးကျပြီး နေအိမ် အဆောက်အအုံ ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တဲ့အတွက် အကူအညီ လိုအပ်နေတာဖြစ်ပါတယ်။

ဒေသခံတစ်ဦးက “လေမုန်တိုင်းတိုက်တော့ ည ၁၁ နာရီလောက်ဖြစ်နေပြီ။ သစ်ပင်တွေကျိုး၊ အိမ်ခေါင်မိုးတွေလန် ဖြစ်သွားတယ်။ ဘုရားကျောင်းတခုလည်း ပျက်စီးသွားတယ်။ နေလို့မရအောင် ပျက်စီးသွားတာက ၅ လုံးလောက် ရှိတယ်။ သီးနှံစားပင်တွေလည်း ပါသွားတယ်။ ခုကာလနဲ့ဆိုတော့ အိမ်ပြန်ဆောက်ဖို့က မလွယ်ဘူး။ ဈေးနှုန်းတွေက နှစ်ဆမက မြင့်နေတယ်။ အိမ်ပျက်စီးတာတွေ ပြန်လည်ပြုပြင်ဖို့ အကူအညီတော့ လိုအပ်နေတာပဲ” လို့ ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းတချို့မှာ လေပြင်းတိုက် မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးဇလဌာနက ကြိုတင် ကြေညာထားပါတယ်။

ပူတာအိုခရိုင်အတွင်းမှာ ပါဝင်တဲ့ နမ်ဘူယာန်ကျေးရွာမှာ အိမ်ခြေ ၆၀ လောက်သာရှိပြီး အင်တာနက်လိုင်းမရှိတဲ့အတွက် မိုးလေဝသနဲ့ မုန်တိုင်းသတင်း ကြိုတင်သတိပေးချက်များ မသိခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လေပြင်းတိုက် တာ ၁၀ မိနစ်ဝန်းလောက်ကြာခဲ့ကာ အဆောက်အအုံ ၁၀ လုံးနဲ့ သီးပင်စားပင်တွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။

၂၄။ လေရှီးထွေအုပ်ရုံး၌ ဗုံးပေါက်ကွဲ
10 May, 2022

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် လေရှီုးထွေအုပ်ရုံးမှာ မေ ၉ ရက်ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ “မနေ့ ည ၁၁ နာရီ လေရှီုး ထွေအုပ်ဗုံးပေါက်တယ်။ ထွေအုပ်ရုံးကတော့ ထိခိုက်သွားတယ်၊ အမိုးတွေမှန်ကွဲသွားတယ်၊ လူတွေ ထိခိုက်တာ မရှိဘူး။ စစ်ကောင်စီတပ်တွေက မနက် ၃ နာရီ လောက်သေနတ်တွေ ပစ်ဖောက်နေတယ်” လို့ ဒေသခံတဦး က ပြောပါတယ်။

လေရှီုးထွေအုပ်ရုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့စည်းက လုပ်တယ်ဆို မသိရသေးပါဘူး။ နာဂကိုယ်ပိုင်အုပ်ချုပ်ဒေသမှာ စစ်ကောင်စီထွေအုပ်ရုံး ဗုံးပေါက်တာ ပထမဆုံးဖြစ်ပါတယ်။

၂၅။ တောင်ကြီး NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ နေပြည်တော်၌ ရှိနေ
May 10, 2022

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ရွေးကောက်ပွဲ၃ကြိမ်ဆက်အနိုင်ရ NLD ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည်ဆိုသည်မှာ မဟုတ်ဘဲ နေပြည်တော်၌ ကောင်းစွာရှိနေကြောင်း ပါတီတွင်းသတင်းရင်းမြစ်များထံမှ ယနေ့ သိရသည်။

ဒေါက်တာဒေါ်သန်းငွေအား CDMဝန်ထမ်းများကို ထောက်ပံ့ကြေးရရှိရန် စီစဉ်ပေးသည်ဟူသော အကြောင်း ပြချက်ဖြင့် စစ်တပ်နှင့် စရဖက ၎င်း၏နေအိမ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်ညက အာဏာသိမ်း စစ်တပ်မှ လာရောက်ဖမ်းဆီး သွားသည်ဆိုသည့် သတင်းမှာ ဟုတ်မှန်ခြင်းမရှိဘဲ စစ်ကောင်စီ၏ NLD ကိုယ်စားပြုအုပ်စုများအဖြစ် နေပြည်တော်၌ ကောင်းစွာရှိနေသည်ဟု NLD ပါတီအကြီးပိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ဖမ်းခံရတာမ ဟုတ်ဘူး၊ ဖမ်းခံချင် ယောင်ဆောင် လိုက်တာ။ အခုနေပြည်တော်မှာ ရှိနေပါတယ်။ စစ်တပ်က အေးဆေးထားပြီး မွေးထားတာ။ အန်တီစုစုလွင် တို့နဲ့ တူတူနေနေတယ်ထင်တယ်။ စစ်တပ်ဖက်က သူတို့ကို NLD ကိုယ်စားပြုအုပ်စုအဖြစ် ပွဲထုတ်ဖို့စီစဉ်ထားတာ။ တကယ်ဖမ်းခံရတယ်ထင်လို့ ပြည်သူတွေ၊ ပါတီကလူတွေက စိတ်ပူလိုက်ကြရတာ။ အခုချိန်ထိ လူလုံးတော့ထွက် မပြသေး ပေမယ့် အေးအေးဆေးဆေးရှိ‌နေပါတယ်”ဟု ၎င်းကပြောသည်။

ဒေါက်တာဒေါ်သန်းငွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ၂၀၁၃ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ၃ ကြိမ်စလုံးအနိုင်ရရှိခဲ့သူ ဖြစ်သည်။

၂၆။ ရေးထွက် ကွမ်းသီးစိမ်း အရောင်းအဝယ်ဖြစ်နေ
10 May, 2022

မွန်ပြည်နယ် ရေးမြို့နယ်က ထွက်ရှိတဲ့ ကွမ်းသီးစိမ်းနုတွေ ဈေးကောင်းပေးဝယ်နေတာကြောင့် စိုက်ပျိုး တောင်သူတွေ အဆင်ပြေနေကြတယ်လို့ ခြံသမားတွေကပြောပါတယ်။ ကွမ်းသီးစိမ်းနု ၁ လုံးကို ၄၅ ကျပ်အထိဈေးပေးပြီးလိုက်လံဝယ် ယူတဲ့ လူကိုယ်တိုင်ခူးပြီး ဝယ်တာလို့ ဆိုပါတယ်။ “ကွမ်းသီး အစို ၁ လုံးမှ ကျပ် ၂၀ ကျော်သာရကြတယ်။ အခု ကွမ်းသီးစိမ်း နုက ဈေးပိုမိုရကြတော့ပိုပြီးရောင်းချလာနေကြတယ်”လို့ ခြံသမားတဦးကပြောပါတယ်။ ကွမ်းသီးစိမ်းနုကပထမအသုတ် က ရောင်းတာဘာမှမဖြစ်ပေမဲ့ နောက်အသုတ်တွေ ထပ်မံပြီး ဈေးကောင်းရ တွက်ခြေကိုက်လို့ ရောင်းပါကရေရှည်မှာ ရာသီဥတုဒဏ်ပါ ထပ်မံခံရပါက ကွမ်းသီးအထွက်နှုန်းတွေ ကျဆင်းသွားနိုင်တယ်လို့ ခြံသမားတွေက သုံးသပ်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်း ကွမ်းသီးစျေးတွေ စံချိန်တင်ဈေး ကွမ်းသီး ၁ ပိဿာကို ကျပ် ၁၀၀၀၀ ကျော်က ရရှိလာပေမဲ့ အခုလက်ရှိ ဒေသပေါက်ဈေး ကျပ် ၅၀၀၀ ကျော်သာ ရရှိကြပြီး ခြံတခြံရဲ့ ကုန်ကျစရိတ်တွေက ၂ ဆလောက်ရှိတာကြောင့် အခုလက်ရှိဈေးနဲ့ တွက်ခြေမကိုက်ကြဘူးလို့ ဆိုပါတယ်။ ထွက်ရှိလာတဲ့ ရေး ကွမ်းသီး တွေကို ပြည်တွင်းသာမက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက အဓိက ဝယ်ယူကြပြီး နှစ်စဉ် ကွမ်းသီးတင်ပို့မှု တန်ချိန် ၁ သိန်းကျော်ရှိပါတယ်။

၂၇။ ရခိုင်တွင် ဆားလုပ်သည့်ဧက ပြီးခဲ့သည့် နှစ်ကထက် ၅၀ ရာခိုင်နှုန်းထပ်မံလျော့ကျ
May 10, 2022

ရခိုင်တွင် ဆားကြမ်းလုပ်ကိုင်သည့် ဧကမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကထက် ယခု ၂၀၂၂ ခုနှစ်တွင် ဧကတစ်ဝက် ခန့်လျော့ ကျသွားသည်ဟု ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဆားလုပ်သည့် ဧက ၁၅၀၀ ခန့် ရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် ဧက ၈၀၀ ခန့်သာ လုပ်ကိုင်တော့ကြောင်း ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှတာဝန် ရှိသူကပြောသည်။ ဆားလုပ်သည့် ဧက ၈၀၀ ထဲမှ ၁ ဧကလျှင် ဆားထွက်နှုန်း ၁၁ တန်နှုန်း(ပိဿာ ၇၀၀၀)ဖြင့် ၈၀ ရာခိုင်နှုန်းထိဆားထွက်နှုန်းရှိခဲ့ သည်ဟုဆိုသည်။

ယခင်က ဆားလုပ်တောင်သူများပြန်လည်လုပ်ကိုင်လာနိုင်အောင် ချေးငွေကိစ္စနှင့်ပတ်သတ်၍ဆားလုပ်ငန်းဦးစီးဌာနမှ အစိုးရထံ တင်ပြခဲ့သော်လည်း ငွေပိုလျှံမှုမရှိဟုဆိုကာ တင်ပြမှု မအောင်မြင်ခဲ့ဟု ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းမြင့် ကပြောသည်။ “ဒီနှစ်မှာ ဆားလုပ်တဲ့ဧကကတော့ ၈၀၀ ပဲရှိတော့တယ်။ ပြီးခဲ့တဲ့နှစ်ကထက် လျော့သွားတာပေါ့။ ဆားရာသီအစမှာ ဈေးမရှိတဲ့အတွက်လည်းပါတာပေါ့။ ကျွန်တော်တို့ ပလစ်စတစ်အောက်ခံအသုံးပြုပြီး ဆားကို နေလှန်းအသုံးပြုဖို့အတွက် တောင်သူတွေကို ချေးငွေပေးဖို့ကိစ္စကို အစိုးရကိုတင်ပြခဲ့ပေမယ့် ငွေပိုမရှိတဲ့အတွက် အဆင် မပြေခဲ့ပါဘူး”ဟုဆိုသည်။

သို့သော်လည်း လာမည့် ဆားလုပ်ရာသီတွင် မြန်မာ့ စီးပွားရေး ဘဏ်နှင့်ဆက်ကာ ကျောက်ဖြူဖက်မှ ဆားအဓိက လုပ်ကိုင်သည့် ဆားတောင်သူ ၅ ဦးကို ချေးငွေရရှိနိုင်ရေး ဆောင်ရွက်ထားသည်ဟု ၎င်းကဆိုသည်။ လက်ရှိ ရခိုင်ပြည်နယ်အတိုင်းအတာ အနေဖြင့် ပြည်တွင်းထွက် ဆားကြမ်း ၁ ပိဿာလျှင် ၁၂၀ ကျပ်မှ ၁၅၀ ကျပ်နှင့် ဆားချော တစ်ပိဿာလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်ကြား ဈေးရှိနေသည်ဟုသိရသည်။ ရခိုင်တွင် ကျောက်ဖြူ၊ စစ်တွေ ၊ ပေါက်တော အဆိုပါ ၃ မြို့နယ်မီ ဆားတောင်သူ ၃၄ဦးသာ ဆားလုပ်ငန်းအဓိကလုပ်ကိုင်ကြပြီး ယခုနှစ်တွင် စစ်တွေ၌ ဧက ၂၀၀၊ ပေါက်တောတွင် ဧက ၄၀ နှင်ကျောက်ဖြူတွင် ဧက ၅၆၀ ခန့်လုပ်ကိုင်ခဲ့သည်ဟု ဆားလုပ်ငန်း ဦးစီးဌာနမှပြောသည်။

၂၈။ ပုံးအင်းဒေသ စပါးခင်များ ရေလျှံပျက်စီးမှာ စိုးရိမ်နေ
May 10, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသ အတွင်း စပါးခင်းများ ရေလျှံ ပျက်စီးမှုထပ်မံဖြစ်ရန် ဒေသခံများ စိုးရိမ် နေကြောင်း စုံစမ်းသိရသည်။ ယခင်က NLD အစိုးရတွင် မြောင်းကိုတူးဖော်ပေးရန်အတွက်တင်တောင်းခဲ့ပြီး လက်ရှိတွင် ဘတ်ဂျက် ကျလာသော်လည်း သက်ဆိုင်တာဝန်ရှိသူများက မြောင်းကိုလာမတူးပေးသေးသဖြင့် မိုးရာသီမှာ လယ်ကွင်းထဲရေ ကြီးလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပုံးအင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ဒီနှစ်မိုးရာသီမှာလည်း စပါးတွေရေထဲထပ်မြှုပ်သွားမှာပဲလေ။ အခုက ကျနော်တို့ မြောင်းတူးဖို့လိုနေတာ။ ဘတ်ဂျက်တော့ ကျလာပြီ သက်ဆိုင်ရာအဖွဲ့ကတော့ ဘာမှလာမလုပ်ပေးသေးဘူး။ ကျနော်တို့ပဲ ကိုယ်တိုင်လုပ်သွား ရမလားမသိဘူး။ တကယ်လို့ မြောင်းမတူးထားနိုင်ရင်လည်း ကျနော်တို့အတွက် လယ်လုပ်တဲ့အခါမှာ အခက်အခဲရှိတယ်” ဟု ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် လက်ရှိနိုင်ငံရေး နှင့် ကိုဗစ် -၁၉ အခြေနေတွေကြောင့် ကုန်ဈေးနှုန်းမြင့်တက်ကာ ထွက်ကုန်က ဈေးမရရှိ သောကြောင့် ဒေသခံလူငယ်များက ထိုင်းနိုင်ငံသို့ ထွက်လာခဲ့ကြောင်း သိရသသည်။ “ အခုက ကုန်ဈေးနှုန်းတွေကလည်း တက်ကုန်ပြီး။ ကျနော်တို့စိုက်ပျိုးတဲ့ ဒေသတွင်းက ထွက်ကုန်ကျတော့ ဈေးမရှိတော့ဘူး။ ဈေးပေါရတယ်။ အခုဆိုရင် ကျနော်တို့ရွာမှာ လူတွေ လည်း ထိုင်းနိုင်ငံကို သွားကုန်ကြပြီ။ ၁၀၀ မှာ ၂၀ လောက်ပဲရွာမှာကျန်တော့တယ်။ လူငယ်တွေလည်း အများကြီး ရွာကနေ ထွက်သွားကုန်ကြပြီ” ဟု ဒေသခံ အမျိုးသားက ပြောသည်။ အဆိုပါလယ်ကွင်းထဲရေကြီးမှုကြောင့် ဒေသခံများက နှစ်စဉ်ရေ အောက်တွင် စပါးကို ရိတ်သိမ်းကြရပြီး၊ ရေကြီးမှု ပြသာနာကို ဖြေရှင်းပေးနိုင်ရန်အတွက် ဒေသခံများက သက်ဆိုင်ရာအစိုးရထံ အမြန်ဆုံး လာရောက်ဖြေရှင်း ပေးရန်တောင်းဆိုနေကြကြောင်း သိရသည်။

 

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **