• Today is: Saturday, April 20, 2024

နေ့စဉ်သတင်းအကျဉ်း

မေလ – ၁၃ – ၂၀၂၂ ခုနှစ်

  • အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU က တက်ရောက်မည်မဟုတ်ဘဲ ဆွေးနွေးပွဲသို့ တက်ရောက် မည်ဟု ကြေညာသော အတွင်းရေးမှူး ကျာဆော်လမွန်နှင့် အလုပ်အမှုဆောင်တချို့ကို အရေးယူ မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။ LDU ဥက္ကဋ္ဌ ကျာခွန်ဆာကိုယ်တိုင် ငြိမ်းချမ်း ရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း မေလ ၅ ရက်နေ့တွင် စစ်ကောင်စီကို အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ PPST အနေဖြင့်လည်း LDU မတက်ရောက်နိုင်ကြောင်း ပြောဆိုပြီးဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် LDU အတွင်းရေးမှူး ကျာဆော်လမွန်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်မည်ဟု ပြောဆိုခြင်းသည် ချမှတ်ထားသော စည်းမျဉ်းဥပဒေများ၊ မူပေါ်လစီများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအဆင့်ဆင့် လေးစားလိုက်နာခြင်းမရှိ ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

 

  • အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဆက်လက်ပူးပေါင်းနေမည်ဆိုပါက ရန်သူဟု သဘောထားကာ တိုက်ခိုက်သွားမည်ဟု ပအိုဝ်းပြည်သူ့စစ်အဖွဲ့အား ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ (ဖယ်ခုံဇုံ) က ယနေ့ မေလ ၁၃ ရက်တွင် သတင်းထုတ်ပြန်သတိပေးလိုက်သည်။ KNDF တပ်ရင်း ၃ ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ‘စစ်ကောင်စီတပ်နှင့် ပူးပေါင်းစခန်းချနေသော PNO တပ်ဖွဲ့အချို့လည်း ကျဆုံးခဲ့ရပါသည်။ ပအိုဝ့်လူမျိုးသည် ကျွန်ပ်တို့ ကရင်နီဒေသရှိ တိုင်းရင်းသားများနှင့် ညီအစ်ကိုသဖွယ် နှစ်ပေါင်းများစွာ ယှဥ်တွဲနေထိုင်လာခဲ့ပါသည်။ သာရေးနာရေး ပွဲလမ်းကိစ္စများတွင်လည်း အချင်းချင်းကူညီရိုင်းပင်းမှုများ ယခုထက်ထိ ရှိနေဆဲပင်ဖြစ်သည်။

 

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ ဘီးလင်းမြို့မရဲစခန်းအား KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့မှ ယနေ့ မေလ(၁၃)ရက်၊ နံနက်ပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ဘီးလင်း ပ.က.ဖ က သတင်းထုတ်ပြန်သည်။ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဘီးလင်းမြို့မရဲစခန်းအား KNLA တပ်မဟာ(၁) တပ်ရင်း(၂)၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး အင်အားစု(TPDF)နှင့် ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့မှ ပူးပေါင်းပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

  • အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာပြည်သူ များအပေါ် မှတ်ချက်ကို စိတ်ပျက်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ ၎င်းက “မေ ၁၂ ရက်က အာဆီယံ အလှည့်ကျသဘာပတိ ဝန်ကြီးချုပ် ဟွန်ဆန်က ရာဇဝတ်မှုကျူးလွန်ထားတဲ့ စစ်ကောင်စီရဲ့ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆန့်ကျင်တဲ့ မြန်မာတွေကို စော်ကားတဲ့မှတ်ချက်ပေးတဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်” ဟု မေ ၁၃ ရက်တွင် သူ၏တွစ်တာစာမျက်နှာ၌ ရေးသားထားသည်။ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏ အဆိုပြုချက်ကို ရပ်တန့်ရန် ဆန့်ကျင်နေသော မြန်မာနိုင်ငံသားများသည် ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးနေခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကိုထောက်ခံ ခြင်းနှင့် စစ်အာဏာရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ယနေ့ မေလ ၁၃ ရက်တွင် ချီတက် ဆန္ဒပြ သပိတ်မှောက် ကြသည်။ ဆန္ဒပြ ပြည်သူများက “ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ၊ “တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ၊ “ဖမ်းဆီးခံထားရသော နိုင်ငံခေါင်းဆောင်များနှင့် ရဟန်းရှင် ပြည်သူများ ချက်ချင်းလွှတ်”၊“အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုးနဲ့ သေပါစေ’’၊ “စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ “ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်”၊ “တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ပါဝင်စို့” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီကနေ့ မေလ (၁၃)ရက်၊ နံနက်ပိုင်းက အမျိုးသမီးများအပါအဝင် လူငယ်များက တော်လှန်ရေးမှာ ပြည်သူတွေပါဝင်ပေးကြဖို့ စည်းရုံး ဟောပြောကာ ဖက်ဆစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

 

  • ကလေးမြို့ ပင်မ သပိတ် အင်အားစု ဦးဆောင်ကာ ယနေ့ မေလ ၁၃ ရက်နေ့တွင် “စစ်ဘေးရှောင် ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် ဗကသရဲဘော် ကိုဇင်ကိုထွန်း ကျဆုံးခြင်း တစ်နှစ်ပြည့်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ယနေ့ သပိတ်မှောက်ချီတက် လှုပ်ရှားကြသည်။ မြင်းခြံဗကသရဲဘော် ကိုဇင်ကိုထွန်း ကျဆုံးခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မေလ ၁၃ ရက်နေ့က လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ၊ တိုးတက်သောမွတ်စ်လင်မ်လူငယ်များအစည်းအရုံး (PMYA)၊ NODPSC နဲ့ ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများဖြစ်တဲ့ရွှေပြည်သာမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ မရမ်း ကုန်း မြို့နယ်ကျောင်းသားများသမဂ္ဂ(‌ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံမြို့နယ်ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ(‌ဗကသများအဖွဲ့ချုပ်)နဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့က ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုတခု ပြုလုပ်ကြသည်။

 

  • ကဆုန်လပြည့်နေ့တွင် ပြုလုပ်မည့် အကြမ်းဖက် စစ်ေကာင်စီ၏ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ သပိတ်မှောကသည့် ကမ်ပိန်းကို မန္တလေး သံဃသမဂ္ဂမှ သံဃာတော်များက ယနေ့ မေ ၁၃ ရက်နေ့ တွင် ပြုလုပ်ခဲ့ကြသည်။ အလှူခံခြင်းသည် ကိုယ်ကျင့်တရားဖောက်ပြန်ပျက်စီးနေသည့် လူသတ် ကောင်ကို သာသနာပြုမင်းတရားလို သိဒ္ဓိတင်နေခြင်းသည် ထေရဝါဒ ဗုဒ္ဓသာသနာ ရှင်သန်ရန် ပြည်သူများ၏ရဲ့ အိမ်များတွင် စွဲလောင်နေသည့် မီးလျှံများ၊ ပြည်သူများ၏ သက်မဲ့ခန္ဓာကိုယ်များ၊ မျက်ရည်များနှင့် စတေးရန် ပြောနေသကဲ့သို့ ဖြစ်နေကြောင်း၊ မြတ်ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာ သည့် ရဟန်းများ အနေနှင့် စစ်ကောင်စီမှ မည်သို့ပင် ဝါဒမှိုင်းတိုက်သည် ဖြစ်ပါစေ “ကျော်လို့မရတဲ့ စည်း” မှာ လူသတ္တဝါအများအပြား သေကြေပျက်စီးကြသည့် ကိစ္စများတွင် ကျူးလွန်သူများကို အားပေးသူ၊ ထောက်ခံသူ မဖြစ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ သောက ပရိဒေဝ ဒုက္ခများကို ငဲ့ညှာသည့် အနေနှင့် ဆွမ်းလောင်းပွဲကို သပိတ်မှောက်ပေးကြရန် တိုက်တွန်းကြောင်း သံဃသမဂ္ဂဆရာတော်များက သံဃာထုသို တိုက်တွန်းပန်ကြားသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ယနေ့ မေလ ၁၃ ရက်နေ့တွင် “တသက် လုံးလောင်းလှူလာတဲ့ ဒကာ/မ ဘက် ရပ်တည်မလား တစ်ရက်တည်း လောင်းလှူတဲ့ အာဏာရှင် ဘက် ရပ်တည်မလား (သံဃသမဂ္ဂ)” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ် ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ပြီး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • “ပြည်သူ့အသက်တွေ ကယ်တင်ဖို့ စစ်ကောင်စီဝင်ငွေ ဖြတ်တောက်စို့” လှုပ်ရှားမှုတွင် ယနေ့ မေ ၁၃ ရက်နေ့၌ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု လူငယ်များက သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းမှာ ပါဝင်ခဲ့ကြပါတယ်။

 

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၂၉ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင် ချီတက်မှု မေ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့​ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ဆားလင်း ကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် ကျောင်းသား လူငယ်များ ဦးဆောင်သော ဆားလင်းနယ် စစ်ကြောင်း ယနေ့ မေလ ၁၃ ရက်နေ့တွင် “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် လက်ပံတောင်းတောင် ပင်မ သပိတ် စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ မေလ ၁၃ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် စျေးတစ်ခုတွင် “ဟန်ချက်ညီတဲ့ တော်လှန်ရေး ပြည်သူအားလုံး ပါဝင်ပေး” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး “ပြည်သူ့အသက်တွေ ကယ်တင်ဖို့ စစ်ကောင်စီဝင်ငွေ ဖြတ်တောက်စို့” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်းဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၁၃ ရက်နေ့တွင် ပြုလုပ်ကြသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသည့် ရွှေဖောင်များ (၂၄) နာရီအတွင်း ထွက်ခွာ ရန် မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဒီကနေ့ ရက်စွဲနှင့် ထုတ်ပြန်သတိ ပေးသည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီ မြစ်ရိုးတစ်လျှောက် ရွှေတူးဖော်မှု များအပေါ် ဒေသခံပြည်သူများ လိုလားခြင်းမရှိကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်း ကြောင့် နောင်အနာဂတ်အတွက် ရှေးရှုပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ပါရှိသည်။ ထို့ကြောင့် ထုတ်ပြန်ချက်ထုတ်ပြီး (၂၄) နာရီအတွင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နယ်မြေ အတွင်း ရောက်ရှိနေသည့် ရွှေဖာင်များ အမြန်ဆုံး ထွက်ခွါရန် နှင့် လိုက်နာမှုမရှိပါက ပစ်ခတ် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

 

  • ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ကျင်းပမှာဖြစ်တဲ့ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ဖို့ မြန်မာအကြမ်းဖက် စစ်ကောင်စီ သံအမတ် ကို ပွဲတာဝန်ရှိသူများက ဖိတ်ကြားထား ကြောင်း သိရပါတယ်။ ဒါ့အပြင် ဖိုရမ်ရဲ့ ညစာစားပွဲ မတိုင်မှီ ညနေပိုင်းမှာ စစ်ကောင်စီ သံအမတ် ဖြစ်တဲ့ သာအောင်ညွန် က ကျေးဇူးတင်စကား ပြောကြားမယ့် အစီအစဥ် ရှိတယ်လို့လည်း လူ့အခွင့် အရေးလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဆိုပါ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်ကို ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုရီးယားပြည်နယ်ရဲ့ အစိုးရအေဂျင်စီ ဖြစ်တဲ့ Global Victoria က ဦးစီး ဦးဆောင်ပြုပြီး ကျင်းပခြင်းလည်း ဖြစ်ပါတယ်။

 

  • စကစစစ်ကြောင်းကို ပဲခူးတိုင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ပူးပေါင်းအဖွဲ့ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး ဒဏ်ရာရရှိခဲ့ သူတွေလည်းရှိတယ်လို့ မေ ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ် ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြားမှာ အင်အား ၃၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီခရိုင် PDF တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ တို့မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက မေ၁၃ရက် မနက် ၈ နာရီခန့်အချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတာဖြစ်ပါတယ်။

 

  • စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မြို့ပေါ်ရွာကို အကြမ်းဖက် စစ်တပ်က မေလ မေလ ၁၁ ရက်နေ့ တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ကိုဇော်ဝင်း ဆန်းကို စစ်တပ်က ပစ်ခတ်သတ်ခဲ့ ကြောင်း ၊ ယနေ့နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်နှင့် အဆောက်အုံများကို မီးရှို့နေကြောင်း နယ်မြေခံ သတင်းရင်းမြစ် ကနီသားများ၏ ရင်တွင်းအသံ အဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃ဝမိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၃ လုံးနှင့် ကြက်သွန်ဂိုထောင် နှင့် လယ်ယာသုံး ပစ္စည်းများ မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆိုင်းခေါင် ဘက်တွင် ယခုရက်ပိုင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းနံဘေး ကာထားသည့် အုတ်တံတိုင်းပြိုကျပြီး ကြံခုတ်လုပ်သား ၄ ဦး အုတ်တံတိုင်းပိကာ သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့် ချိန်တွင် ရေချောင်းအစပ်တဲထိုးကာ‌ နေထိုင်ကြသည့် ကြံခုတ်လုပ်သားများ၏ တဲပေါ်သို့ အုတ်နံရံ ပြိုသည့်အတွက် အုတ်တံတားပိကာ သေဆုံးခြင်းဖြစ်ကြောင်းဖြစ်ကြောင်းသိရသည်။

 

  • ကရင်ပြည်နယ် ဒေါနတောင် အရှေ့ခြမ်း လေးကေကော်၊ ဝေါလေ၊ သေဘောဘိုး ဒေသတိုက်ပွဲ များအတွင်း ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ စွန့်လွတ်ကုသထားသည့် ဒေသခံအရပ်သားနှင့် တော်လှန်ရေးရဲဘော်များအတွက် ဆေးကုသစရိတ်အပြင် ဘ၀ရှင်သန်ရပ်တည်ရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြသည်ဟု သိရသည်။ KNU -ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုမှ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော အရပ်သားနှင့် KNLA ရဲဘော်များသည် ဆေးကုသမှုခံယူပြီး ပြန်လည်ကောင်းမွန် သက်သာလာချိန်တွင် စားသောက်နေ ထိုင်ရေး၊ ဆေးဝါးအထောက်အပံ့ နှင့် ပြန်လည်သန်စွမ်းရေးအထောက်အကူပစ္စည်းများရရှိရန် အခက် အခဲများရှိနေကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။