• Today is: Wednesday, April 17, 2024

နေ့စဉ်သတင်းအကျဉ်း

မေလ – ၂၆ – ၂၀၂၂ ခုနှစ်

 

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်တပ်ကအာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများအပေါ် အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် ယနေ့ မေလ (၂၆)ရက်နေ့အထိ အသက်သေဆုံးခဲ့သည့် ပြည်သူ( ၁၈၆၄ )ဦးအထိရှိပြီး၊ မတရားဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျခံနေရသူ ( ၁၃၈၅၅ )ဦးအထိရှိခဲ့ကြောင့် AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။

 

 

 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အဆိုပါကျောင်းများတွင် ကျောင်းမအပ်ဘဲ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဘုတ်အဖြွ့က ဖွင့်လှစ် ထားသော ကျေးလက်ဒေသ ပြည်သူ့စာသင်ကျောင်းများတွင်သာ ကျောင်းအပ်နှံကြရန် မင်းတပ် ပ.အ.ဖ က မေလ ၂၅ ရက် ရက်စွဲဖြင့် စာထုတ်ပြန် ပန်ကြားလိုက်သည်။ စစ်ကောင်စီစာသင်ကျောင်းများမှ Non CDM ပညာရေးဝန်ထမ်းများနှင့် စစ်ကောင်စီပညာရေး လည်ပတ်နိုင်ရန် ပါဝင်ကူညီသူများကို ပြည်သူ့ သစ္စာဖောက်များဟု သတ်မှတ်ပြီး အပြစ်ပေးအရေးယူမည်ဟု မင်းတပ် ပ.အ.ဖ က ထုတ်ပြန်သည်။

 

  • စစ်အာဏာရှင်လက်အောက် အခက်အခဲအကြပ်အတည်းကြားမှ ကျင်းပရသည့် SNLD ၏ နိုင်ငံလုံး ဆိုင်ရာညီလာခံအား ဝမ်းမြောက်ဂုဏ်ယူကြိုဆိုကြောင်း ကယန်းအမျိုးသားပါတီ(KNP)က သဝဏ်လွှာ ပေးပို့ထားကြောင်း သိရသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD ပါတီ) ၏ နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို ယနေ့ မေလ ၂၆ ရက်၊ နံနက်ပိုင်းမှ စတင်၍ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ကိုးကန့်လူမှုရေးခန်းမ၌ ကျင်းပ ပြုလုပ်နေခြင်းဖြစ်သည်။ တိုင်းရင်းသား‌များ၏ ဖယ်ဒရယ်အရေးကို SNLD ပါတီတည်ထောင်ချိန်မှ စတင်၍ ယနေ့ထိတိုင် မယိုင်မလဲလက်ကိုင်ထားကာ လူနည်းစုရှေ့ မားမားမတ်မတ်ရပ်တည်ပြီး ကြိုးပမ်းနေသည်ကိုလည်း ဂုဏ်ယူကြောင်း KNP က သဝဏ်လွှာ ပေးပို့ထားခြင်းဖြစ်သည်။

 

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုလားတန်မြစ် အထက်ပိုင်း၊ ပီချောင်းဘက်တွင် ယနေ့ မေလ ၂၆ ရက် နံနက် ၈ နာရီခွဲမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တာ် (AA) တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် စက်လှေတစ်စီး ကုလားတန်မြစ် အထက်ပိုင်းသို့ တက်သွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ”မနက်ထဲက တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးသံ အချက် ၂၀ ကျော်တယ်။ ရွာထဲကိုတော့ မကျဘူး၊ ရွာနားမှာ ဖြစ်ကြတယ် ပြောရမယ်။ အခုဖြစ်နေတဲ့ နေရာတွေက ပလက်ဝ အထက်ပိုင်း၊ ပီချောင်းဘက်ခြမ်း၊ ပီဘောင်းဝီး တို့နားမှာ ဖြစ်တာ၊ ပြီးတော့ ပလက်ဝနားမှာ ရှိတဲ့ ဆိုင်ကယ်နဲ့ သွားရင် ၁၀ မိနစ်တောင် မကြာတဲ့ အဘောင်သားရွာ နားတွေမှာလည်း သေနတ်သံတွေ ညံနေတယ်” ဟု ပလက်ဝ ဒေသခံက ပြောသည်။

 

  • ကရင်နီ (ကယား) ပြည်နယ်အတွင်း လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၄ ဦးကို လွတ်ငြိမ်း ချမ် သာခွင့် ပေးလိုက်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က ဒီကနေ့ မေ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ကရင်နီပြည်နယ်မှာ ဖမ်းဆီးထားတဲ့ အကျဉ်းသား ၁၂၆ ယောက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှု၊ လူသားချင်း စာနာထောက်ထားမှုနဲ့ အကျဉ်းသားတွေရဲ့ ခံဝန်ကတိ တွေကြောင့် အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတပ်နဲ့ ဒလန်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖမ်းမှုတွေမှာ ဒေါက်တိုင်အဖြစ် ပါဝင်နေသူ အားလုံးနဲ့ တခြားရာဇဝတ်မှု ကျူးလွန်သူတွေကို ကရင်နီပြည်ရဲဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းသွားမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

 

  • အခြေခံပညာကျောင်းသား ကျောင်းသူတွေဟာ ကိုဗစ် ကပ်ရောဂါနဲ့နိုင်ငံရေးအခြေအနေတို့ကြောင့် ပညာသင်နှစ် ၂ နှစ်လောက် ကျောင်းတက်ရောက်နိုင်ခြင်းမရှိခဲ့ပဲ ဒီနှစ်မှာတော့ ကျောင်းတက် ရောက်ဖို့ အတွက် ကျောင်းအပ်နှံနေကြတာလည်းဖြစ်ပါတယ်။ ကျောင်းအပ်နှံရေးရက်မတိုင်ခင်က တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ ကျောင်းတွေမှာမတက်ရောက်ဖို့ တိုက်တွန်းတာ တွေရှိပေမယ့် ဒီနှစ်မှာ ကျောင်းအပ်တာကပိုမိုများပြားလာတာကိုတွေ့ရပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် NUG က ကြားကာလပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်ပေးပေမယ့်လည်း ဒီနှစ်မှာ စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေမှာ တက်ရောက်ဖို့ ကျောင်းအပ်မှုပိုများလာပါတယ်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖားကန့် ဆန္ဒပြပြည်သူများ KIA ၊ PDF နှင့် NUG ကိုထောက်ခံ ကြောင်းနှင့် စစ်အာဏာရှင်ကျဆုံးရေး ချီတက် ဆန္ဒပြ ကြသည်။ ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ ၊ ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ နွေဦး တော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည် ဟု ကြွေးကြော်ကြသည်။

 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ယနေ့ မေလ ၂၆ ရက် နံနက်၌ အမျိုးသမီးများနှင့် လူငယ်များက “ပြာပုံကနေ ပြည်သစ်တည်၊ အတူရုန်းကန် ဖေးမမည်” ဘန်နာကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြကြသည်။ အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ဆင် မီးရှို့ဖျက် ဆီးမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများကို ဝိုင်းဝန်းကူညီ ပေးကြရန် လှုံ့ဆော်ခဲ့ကြကြောင်း သိရှိရသည်။

 

  • ကလေးမြို့ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၆ ရက်နေ့တွင် “ပြာပုံကနေ ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်”ဆိုသည့် စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန် ဒဂုံတက္ကသိုလ် ကျောင်းထဲတွင် ယနေ့ မေလ ၂၆ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ်တော့မည့် စစ်ကျွန်ကျောင်းများ မတက်ရောက်ရေးနှင့် စစ်ကျွန် ပညာဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၂၆ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း က မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။

 

  • ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၆ ရက်နေ့ တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ❝ပြာပုံကနေ ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်❞ စာတန်းကိုင်ဆွဲ ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်း ဖက် စစ်တပ်ကို ဆန့်ကျင် ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၂၆ ရက်နေ့တွင် ပြုလုပ်ကြသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းက “မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက် သပိတ်မှောက်ကြသည်။

 

  • ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစ၍ ပိတ်ထားရသည့် အစိုးရ အခြေခံပညာစာသင်ကျောင်း ၁၂၂ ကျောင်းအား ယခုပညာသင်နှစ်တွင်လည်း ဖွင့်လှစ်နိုင်မည် မဟုတ်ဟု ရခိုင်ပြည်နယ်ပညာရေးမှုးရုံးမှ သိရသည်။ ကျောင်းပြန်ဖွင့်ချိန်တွင် မဖွင့်လှစ် နိုင်ဘဲ ပိတ်ထားရသည့် ကျောင်းများထဲတွင် ၂၀၁၇ ခုနှစ်က ဘူးသီးတောင်နှင့်‌ မောင်တောတွင် ဖြစ်ပွားခဲ့ သည့် ပဋိပက္ခများကြောင့် ပိတ်ထားခဲ့ရသည့်ကျောင်းများနှင့် ၂၀၁၈ ခုနှစ် နောက်ပိုင်း ရခိုင်တွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲများကြောင့် ပိတ်ထားရသည့် ကျောင်းများပါဝင်သည်။ ကျေးရွာများတွင် နေထိုင်သည့် ရွာသားများ မရှိသည့်အတွက် အဆိုပါ ရွာများတွင်ရှိသည့် အခြေခံပညာစာသင်ကျောင်းများကို ပိတ်ထား ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာ‌ရေးမှူးရုံးမှ  ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန် က  Western News ကိုပြောသည်ဟု ဖော်ပြထားသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်းတွင် ဧပြီလ(၂၇)ရက်နေ့မှ မေလ (၃)ရက်နေ့အတွင်း ဖြစ်ပွားခဲ့ သည့် ရေရှင်၊ အရှေ့စည်း၊ ရှားဖိုတိုက်ပွဲရုပ်သံကို Chinland Defense Force – Kalay Kabaw Gangaw က မေလ(၂၆)ရက်နေ့က သတင်းထုတ်ပြန်လာသည်။ အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အများအပြားသေပြီး CDF-KKG နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သေနတ် (၈) လက်နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်း အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း CDF KKG Battalion-4 က သတင်းထုတ်ပြန်ထားသည်။

 

  • လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေတိုးက ၅၄ သန်းရှိပြီး ဒီလိုဆင်းရဲမွဲတေမှုက မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော် နေတာ လည်းဖြစ်ပါတယ်။ ကုလသမဂ္ဂက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ က ပြောဆိုမှုအရ ဒီနှစ်ထဲမှာ ဆင်းရဲမွဲတေမှု (၃) ဆတိုးလာနေပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုတွေက မြန်မာနိုင်ငံအတွင်း တိုးတက်မှု တွေကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် လက်ရှိမှာ မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေသူ ၁၄ သန်းခွဲနီးပါးရှိနေပြီး အဲ့ထဲမှာမှ လူဦးရေ ၆ သန်းကို UNOCHA အနေနဲ့  လူသားချင်းစာနာမှု အစီအစဉ်နဲ့ ကူညီဖို့ပြင်ထားတယ်လို့ ဆိုပါတယ်။

 

  • စစ်ကောင်စီဟာ အကြမ်းဖက်မှုတွေကိုထပ်တိုးလုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အတွက် အသွားအလာဂရုစိုက်ကြဖို့ ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်သတိပေးထားပါတယ်။ မေလ ၂၄ ရက်နေ့က ထားဝယ်မြို့ပေါ် ကမ်းနားစျေးမှာ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးကို လူစည်ကားတဲ့နေစဥ်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်သွားတာဟာ သွေးသောက်အဖွဲ့ရဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း NUGရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ အဲဒီ လုပ်ရပ်အပေါ် အပြင်းအထန် ရှုံ့ချပြီး သေဆုံးသွားတဲ့ ဒေါ်ညွန့်လှိုင်ရဲ့မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်း ပြည်သူအုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

 

  • အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူကားများကိုအသုံးပြုသွားလာနေသောကြောင့် မိဘပြည်သူများအနေဖြင့် အရေးကြီး(အရေးကြီး)ကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင်သတိပေးထုတ်ပြန်ထားသည်။ အဆိုပါသတိပေး ထုတ်ပြန်ချက်အား ပြည်သူများပူးပေါင်းဆောင်ရွက်ပေးပါရန် မြိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံအပ်ထားပြီး အရေးကြီးသွားလာရန်လိုအပ်ပါက ဆိုင်ရာအဖွဲ့များသို့ အကြောင်းကြား သွား လာကြပါရန် ဖော်ပြထားသည်။ ယနေ့မေလ၂၆ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည့် သတိပေး မေတ္တာရပ်ခံချက်သည် နောက်တကြိမ် သတင်းမထုတ်မပြန်မချင်း သက်ရောက်နေမည်ဖြစ်သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ဖော်ပြထားသည်။

 

  • မြစ်ကြီးနားမြို့တွင် ယနေ့ နံနက် ၈ နာရီခွဲခန့်က အမျိုးသားတစ်ဦး ဆိုင်ကယ်လုယက်ခံရစဉ် ဓားထိုး ခံရပြီး သေဆုံးသွားကြောင်းသိရသည်။ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားသည် စီတာပူရပ်ကွက် မနောဥယာဉ်လမ်းနှင့် ဒူဝါဇော်ရစ်လမ်းဆုံရှိ အမှိုက်ပုံအနီး ဓားထိုးခံရကာသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလူမှုကူညီရေးအဖွဲ့က The 74 Media ကိုပြောသည်ဟု ဖော်ပြထားသည်။ “ကျွန်တော်တို့ သွားပို့နေတုန်းက အသက်ရှိသေးတယ်။ ဆေးရုံရောက်မှဆုံးသွားတာ။ သူ့ဖုန်း လိုက်ဆက်သွယ်ကြည့် တော့ နန်ကျင်ကလို့ပြောတယ်။ ကားသမားဆိုလားပဲ” ဟုပြောသည်။

 

  • အမ်းမြို့နယ် ၊ဒါးလက်အုပ်စုတွင် ဆန်ရိက္ခာများကို အကန့်အသတ်ဖြင့် ပြန်လည်သယ်ယူခွင့်ရပြီ ဖြစ် ကြောင်း အုပ်စုအုပ်ချုပ်ရေးမှူးက Western News ကိုအတည်ပြုပြောသည်ဟုဆိုသည်။ ဆန်ရိက္ခာ သယ်ယူခွင့်ကို လွန်ခဲ့သည့် မေလ ၂၀ရက်နေ့ခန့်ကတည်းက လူတစ်ဦးလျှင် ၂တောင်းဆန့် ဆန်အိတ် ၂၀စီသယ်ခွင့်ရရှိနေပြီဟု ဒါးလက်အုပ်စုအုပ်ချုပ်ရေးမှူးဦးမောင်စံသိန်းကပြောသည်။ “ဆန်သယ်ယူခွင့် ရနေပါပြီ။ ၅ရက်လောက်ရှိနေပြီခဗျာ။ လူတစ်ဦးဆိုရင် တစ်နေ့ ၂တောင်းဆန့် ဆန်အိတ် ၂၀ စီ သယ်လို့ရ နေပါပြီ။ အဲ့တာထက်တော့ ပိုသယ်လို့မရဘူးပေါ့။ ကဇုကိုင်းနားက စစ်တပ်က တပ်မမှူးက အခက်အခဲ ရှိရင်လည်း ပြောနိုင်တယ်လို့ပြောပါတယ်” ဟုပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယန်စီကြေးနီကုမ္ပဏီနှင့် ကပ်လျက်တွင် တည်ရှိသည့် ဝါးတန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး လူနေအိမ်များ မီးလောင်ကျွမ်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောကြားသည်။ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းက ဝါးတန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် ယမန်နေ့ညပိုင်း ညအိပ်တပ်စွဲပြီး ယနေ့ နံနက်ပိုင်းတွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP Camp မှ ဒုက္ခသည်များကို ပြောင်းရွှေ့ပေးမည့် နေရာမှာ ရေနစ်မြုပ်မှုရှိသဖြင့် ဒုက္ခသည်များ ပြောင်းရွှေ့နေထိုင်ရာ၌ အခက်အခဲဖြစ်လာမည်ကို စိုးရိမ် နေကြသည်။ အဆိုပါဒုက္ခသည်များကိုပြောင်းရွှေ့ရန် နေအိမ်များဆောက်လုပ်နေသည့်နေရာမှာ မကြာသေးမီက မိုးသည်ထန်စွာရွာသွန်းခဲ့မှုကြောင့် ရေနစ်မြုပ်မှုများရှိခဲ့၍ မိုးရာသီကာလတွင် ဒုက္ခသည် များပြောင်းရွှေ့နေထိုင် ရမည်ဆိုပါက အဆင်မပြေနိုင်ကြောင်းပြောသည်။ “ကျနော်တို့ပြောင်းရွှေ့ပြီး နေထိုင်တဲ့အခါကျရင် မိုးရာသီဆို ဘယ်လိုနေကြမလဲ။ အကုန်လုံး နေအိမ်က ရေနစ်မြုပ်သွားလိမ့်မယ်။ အစိုးရပြောခဲ့တုန်းကတော့ ရေမနစ်မြုပ်ရအောင် မြေဖို့ပြီးဆောက်လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ အခုတော့ မိုးတောင်မရွာသေးဘူး ရေမြုပ်နေပြီ၊ အပြောနဲ့အလုပ်ကတော့ တခြားစီဖြစ်နေတယ်”ဟု ကျောက်တစ်လုံး IDP Camp မှ ကိုကျော်မျိုးလှိုင်က DMG သို့ ပြောဆိုထားကြောင်းသိရသည်။

 

  • စစ်ကောင်စီက ဖွဲ့စည်းသော “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” အမည်ခံ အဖွဲ့များနှင့် အဖွဲ့ဝင်များကို အရပ်သား အဖြစ် မှတ်ယူ၍မရတော့သည့်အတွက် အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ် ကာ စစ်ရေးနည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က ယနေ့ ကြေညာလိုက်သည်။ စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် တားမြစ်ခြင်း ကြေညာ ချက်တွင် ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ  ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အဖွဲ့၌ ပါဝင်ရန် အတင်း အကြပ်ဖိအားပေး ခိုင်းစေခံရသော ပြည်သူများ အနေဖြင့် ၎င်းအဖွဲ့ကိုအမြန်ဆုံးစွန့်ခွာပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက် ကြရန်လည်း တိုက်တွန်းထားသည်။

 

 

  • စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပုဏ္ဏကားရွာကို ရောက်ရှိလာသော အရပ်ဝတ် လက်နက်ကိုင် ပျူစောထီး ၄ ဦးကို မြောက်ပိုင်း အခြေစိုက် ပကဖ အဖွဲ့ဝင် များက ယနေ့ မေလ ၂၆ ရက်နေ့တွင် စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ ပြီး ၂ ဦး သေဆုံးကာ ၂ ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်အား ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဒရုန်းများ ဗုံးကျဲတိုက်ခိုက် ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြား ကြောင်း ယင်းမာပင် LPDF တပ်ဖွဲ့ထံမှ သိရသည်။