• Today is: Monday, November 28, 2022

ဘာကြောင့် ဖက်ဒရယ် လိုအပ်သာလဲ (၄)

ဘာကြောင့် ဖက်ဒရယ် လိုအပ်သာလဲ (၄)

ရွှေဟင်းသာ (နိုင်ဟံသာ)

ကျနောတို့ ပြည်ထောင်စုနိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်း နေထိုင်ကြတာအားလုံးက သိရှိထားပြီးဖြစ်တယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံထဲမှာလည်း တချိန်က ကိုယ့်ထီးကိုယ့်နန်း၊ လွတ် လပ်တဲ့ နိုင်ငံတွေနဲ့ ရှိခဲ့တဲ့ လူမျိုးတွေ မိမိတို့ရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်းတွေနဲ့ အခိုင်အမာရှိနေတဲ့ လူမျိုးတွေ များစွာရှိနေတယ်ဆိုတာလည်း အများက သိရှိထားပြီး ဖြစ်တယ်။

ဒီလူမျိုးစုတွေကလည်း သူ့နယ်မြေနဲ့သူ စုစည်းနေထိုင်နေကြတာလည်း ဖြစ်တယ်။ ဒီလူမျိုးစုများ နယ်မြေတွေကို တစ်ချိန်က အင်အားကောင်းတဲ့ မြန်မာ(ဗမာ)ဘုရင် ဧကရာဇ်တွေ နယ်ချဲ့တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာရှိပေမဲ့ အမြဲတမ်းတော့ သိမ်းပိုက်မထားနိုင်ပါဘူး။ မြန်မာဘုရင်တွေ အားပျော့လို့ တိုင်းရင်းသားတွေ အားကောင်းလာချိန်မှာ ပြန်လည်တော်လှန်ပြီး မိမိတို့နိုင်ငံကို ပြန်လည်ထူထောင်ကြတာပဲ။ ၁၉- ရာစု ထဲမှာ ပိုမိုအားကောင်းတဲ့ အင်္ဂလိပ်တွေ လာရောက် နယ်ချဲ့သိမ်းပိုက် လိုက်တော့ မြန်မာတွေအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံး အင်္ဂလိပ် လက်အောက် ရောက်ရှိ သွားကြတယ်။

အင်္ဂလိပ်တွေကလည်း နယ်မြေအားလုံးကို တစ်ချိန်တည်းမှာသိမ်းပိုက် ခဲ့တာမဟုတ်တာရယ်၊ လူမျိုးအခြေခံအရ မတူကွဲပြားနေတာရယ်ကြောင့် သီးခြားစီခွဲပြီး အုပ်ချုပ်ခဲ့တယ်။ ဒီအခြေအနေမျိုးမှာ နှစ်ပေါင်းများစွာနေခဲ့ရပြီး ဒုတိယကမ္ဘာ စစ်ကြီးအလွန် ကိုလိုနီနယ်မြေများစွာမှ လွတ်လပ်သော နိုင်ငံများပေါ်ပေါက်လာသလိုပဲ ကျနော်တို့နိုင်ငံအတွင်းရှိ တိုင်းရင်သားလူမျိုးအသီးသီးကလည်း လွတ်လပ်ရေးရဖို့ ကြိုးပမ်းရုန်းကန် နည်းလမ်းရှာခဲ့ကြတယ်။

ဒီအချိန်မှာ မြန်မာအမျိုးသား ခေါင်းဆောင်  ဗိုလ်ချုပ်အောင်ဆန်းက မြေပြန့်ဒေသ (Burma Proper)ရှိ ကရင်၊ မွန် ရခိုင် လူမျိုးများအား လွတ်လပ်ရေးကို စုပေါင်းရယူကြပြီး လွတ်လပ်ရေးရလာတဲ့အခါ ညီရင်းအစ်ကိုပမာ အခွင့်အာဏာတွေကို တန်းတူညီမျှ ခွဲဝေယူကြမယ်- ဆိုပြီးကတိပေး စည်းရုံးခဲ့တယ်။

သီးခြားနယ်မြေတွေနဲ့ ရှိနေကြတဲ့ ကချင်၊ ကရင်နီ၊ ချင်း နဲ့ ရှမ်းတွေကိုတော့ သူ့နယ်မြေသူအုပ်ချုပ်၊ သူ့အမျိုးသားကံကြမ္မာကို သူဖန်တီးခွင့်ရှိတဲ့ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည် ထောင်စုစစ်စစ်ကို စုပေါင်း တည်ဆောက်ကြမယ်ဆိုပြီး ကတိတွေပေးခဲ့လို့ အတူတကွ လက်တွဲကာ ပြည်ထောင်စုကို တည်ဆောက်ဖို့ စုပေါင်းကြိုးပမ်း ရုန်းကန်ခဲ့ကြတာ ဖြစ်တယ်။

သို့သော် လွတ်လပ် ရေး မရခင်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံလိုက်ရပြီး လွတ်လပ်ရေး ရလာတဲ့အခါ မြန်မာခေါင်းဆောင်တွေက ဗိုလ်ချုပ်ပေးထားတဲ့ ကတိအတိုင်း အကောင်အထည် မဖော်ဘဲ မြန်တွေက လက်ဝါးကြီးအုပ်ပြီး အခြားတိုင်းရင်းသားတွေအပေါ်မှာ လွှမ်းမိုးခြယ်လှယ် ဝါးမျိုးဖျောက်ဖျက်ဖို့ လုပ်ဆောင်လာလို့ နောက်ဆုံးမှာ လက်နက်ကိုင်ပဋိပက္ခ (သို့) ပြည်တွင်းစစ် ဖြစ်ပေါ်လာရတယ်။

ဒီပြဿနာကို အာဏာရ မြန်မာခေါင်းဆောင်တွေက နိုင်ငံရေးနည်းအရ မှန်မှန်ကန်ကန်မဖြေရှင်းဘဲ လက်နက် အားကိုး အင်အားသုံးပြီး ဖြေရှင်းလာနေလို့ နှစ်ပေါင်း (၇၀)ကျော်သည့်တိုင် မဖြေရှင်းနိုင်ဘဲ ဖြစ်နေရတယ်။ နိုင်ငံရေးနည်းအရ လှည့်စားယူတာပဲ ဖြစ်ဖြစ်၊ အင်အားနဲ့ ခြိမ်းခြောက်ပြီး အကြပ်ကိုင်တာပဲ ဖြစ်ဖြစ် လက်နက်အပ်လိုက်ရရင်လည်း နောက်လူတွေက လူစုလက်နက်ရှာပြီး ပြန်လည်တော်လှန်လာနေတာ တွေ့ရတယ်။

ဒါကြောင့် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု၊ တစ်နည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်သမျှ ကျနော်တို့နိုင်ငံမှာ ဖြစ်ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခ (သို့) ပြည်တွင်းစစ် ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါ။ ထို့ကြောင့် ကျနော်တို့ နိုင်ငံကို အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်ရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအသွင်နဲ့ ပြန်လည် ပြင်ဆင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။

အာဏာရ မြန်မာခေါင်းဆောင်အများစုဟာ ပဒေသရာဇ်ဘုရင်တွေ လက်ထက်မှာ စစ်အင်အားနဲ့ ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံအဖြစ် ကျန်တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို သိမ်းပိုက်လာနိုင်ခဲ့တာကို အခြေပြုပြီး ယခုခေတ်ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုကိုလည်း မြန်မာလူမျိုးတွေ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ စတုတ္ထမြန်မာနိုင်ငံဖြစ်အောင် ပုံဖော်နေကြတယ်။

ခေတ်ကာလတွေ ပြောင်းလဲ လာသလို လူတွေရဲ့ အတွေးအခေါ်၊ အမြင်နှင့် ခံယူချက်တွေဟာ ပြောင်း လဲ လာနေပြီဖြစ်လို့ မြန်မာတွေသာ လွှမ်းမိုးကြီးစိုးထားတဲ့ နိုင်ငံမျိုးကိုတော့ ကျန်တိုင်းရင်းသားလူမျိုးပေါင်းစုံတွေက လက်ခံနိုင်ကြမှာ မဟုတ်ပါ။ ယခင် ပထမ၊ ဒုတိယ၊ တတိယ၊ မြန်မာနိုင်ငံကို တည် ဆောက်ခဲ့တာက စစ်အင်အားနဲ့ မတရားတိုက်ခိုက် သိမ်းပိုက်ပြီး တည်ဆောက်ခဲ့သာ ဖြစ်တယ်။ ယခုတည်ဆောက်ခဲ့တဲ့ ပြည်ထောင်စုက ကတိ စကားတွေ အမျိုးမျိုးပေးပြီး စေတနာနဲ့ ပူးပေါင်းတိုက်ပွဲဝင်၊ စေတနာနဲ့အတူ လက်တွေနေထိုင်သွားဖို့ ပူးပေါင်းလာခဲ့ ကြတာ ဖြစ်တယ်။

ဒီအခြေခံကို ကျောခိုင်းပြီး တစ်ပြည်ထောင်စနစ်ဖြင့် မြန်မာနိုင်ငံကို အကောင်အထည်ဖော်မည် ဆိုလျှင် ဒီနိုင်ငံ ပြိုကွဲသွားနိုင်တယ်။ မပြိုကွဲရင်လည်း ပြည်တွင်းစစ် သံသရာ လက်နက်ကိုင် ပဋိပက္ခကို ပြေငြိမ်းအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ပါက နှစ်ပေါင်း(၇၀)ကျော် အင်အားသုံး ဖြေရှင်းလာတာ တိုးတက်အောင်မြင်မှု ရှိလို့လားဟု မေးခွန်းထုတ်စရာ ရှိပါသည်။

မြန်မာလူမျိုးခေါင်းဆောင်တွေ သစ္စာမရှိ ကတိမတည် လိမ်လည်လှည့်စားတက်သူတွေကို ကျန်တိုင်းရင်းသားလူမျိုးတွေ အမြင်မှာ စွဲသွားကြမယ်ဆိုလျှင် နောင်မှာ စုစည်းဖို့ ပိုပြီးခက်ခဲသွားပါလိမ့်မည်။ မြန်မာလူမျိုးတွေအတွက်လည်း သမိုင်းကြောင်းကောင်းမည် မဟုတ်ပေ။ ဗိုလ်ချုပ်အောင်ဆန်းလို သဘောထားကြီးကြီးနှင့် စည်းလုံးညီညွတ်ရေးကို တည်ဆောက်မည်ဆိုလျှင် တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အချိန်တိုအတွင်း တည်ဆောက်နိုင်မှာ ဖြစ်တယ်။

တချိန်က ဘုရင်ဇကရာဇ်ခေတ်ဟာ အင်အားသုံးပြီး သူတပါးနယ်မြေ တိုင်းနိုင်ငံတွေကို တိုက်ခိုက်ကာ လက်အောက်ခံအဖြစ် စိုးမိုးအုပ်ချုပ် အမြတ်ထုတ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ စက်မူတိုးတက်လာပြီး အင်အားကြီးနိုင်ငံတွေက ခေတ်မီ လက်နက်အင်အားသုံးကာ စီးပွားရှာ၍ ကိုလိုနီစနစ်ကို ကျင့်သုံးလာတယ်။ ဒီလိုနယ်ချဲ့တိုက်ခိုက်သိမ်းပိုက်နိုင်တာကို ဂုဏ်ယူနေကြတယ်။

ဒီသဘောထားတွေကြောင့်​ မျိုးဖြုတ် သတ် ဖြတ်မှုများနှင့်အတူ လူတွေသန်းနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေ ဖြစ်ပေါ် လာရတယ်။ ဒီဖြစ်စဉ်တွေအပေါ် သင်ခန်းစာယူပြီး ကမ္ဘာ့ကုလသမဂ္ဂပေါ်လာကာ နိုင်ငံတစ်ခုနဲ့ တစ်ခုအကြား ကျူးကျော်တိုက်ခိုက်မှု မဖြစ်ပေါ်စေရေး၊ လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပေါ်စေရေးအတွက် စည်းမျဉ်း စည်းကမ်းတွေ ချမှတ်လာတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်း အေးချမ်းဖွံ့ဖြိုးစေရေးအတွက်ကို ဦးတည်တာ ဖြစ်တယ်။

ဒီနေ့ဒီအချိန်မှာ မိမိလူမျိုးကောင်းစားရေးတစ်ခုတည်းကိုသာကြည့်ပြီး တစ်ပါးသော လူမျိုး/နယ်မြေနိုင်ငံတွေကို ကျူးကျော်တိုက်ခိုက် ဝါးမျိုဖျောက်ဖျက်တဲ့ အကျင့်စနစ်ဆိုးတွေကို မကျင့်သုံးသင့်တော့ဘူး။ အနုမြူဗုံး၊ တာဝေးပစ်ပစ်ဒုံးတွေ ရှိလာတော့ လူသားတွေ ကြီးကြီးမားမား ဒုက္ခရောက်ကြမှာ ဖြစ်တယ်။ တန်းတူညီမျှရေး အခြေခံပေါ်မှာ သူ့လူမျိုး၊ သူ့နယ်မြေကို သူတို့ စီမံအုပ်ချုပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတွေများစွာ ပေါ်ပေါက်လာနေပြီ ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာလည်း အခြေအနေနဲ့ ခေတ်နဲ့ လျော်ညီပြီး တရားမျှတမှုရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ တိုင်းရင်းသားတွေကို စည်းရုံးစုစည်းခဲ့တာ ဖြစ်တယ်။ အင်္ဂလိပ်တွေဟာ မြေပြန့်ဒေသ (Burma Proper) ကို သိမ်းပိုက်ပြီးနောက် သီးခြားအချိန်တွေမှာ ကချင်၊ ချင်း၊ ရှမ်း နယ်မြေတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်။ ၎င်းတို့သိမ်းပိုက်ပြီးနောက် ကိုလိုနီနယ်မြေ (၄)ခုကို သီးခြားဥပဒေ သီးခြားအစိုးရနဲ့ အုပ်ချုပ်ခဲ့ကြတယ်။ ၁၈၉၅ ခုနှစ်မှာ ကချင်တောင်တန်းဒေသကို (Kachin Hills Tribes Regulation) ဥပဒေနဲ့ အုပ်ချုပ်ခဲ့တယ်။ ၁၈၉၆ ခုနှစ်တွင် ချင်းတောင်တန်းဒေသကို (Chin Hills Regulation) ဥပဒေဖြင့် အုပ်ချုပ်ခဲ့တယ်။

ရှမ်းဒေသကို ၁၈၈၈ ခုနှစ်က ရေးဆွဲခဲ့သော( Shan State Act) ကို ၁၉၂၂ ခုနှစ် မှာ (Federated Shan States Act) အဖြစ် ပြင်ဆင်ပြဋ္ဌာန်းပြီး အုပ်ချုပ်ခဲ့တာ ဖြစ်တယ်။ မြေပြန့်ဒေသ (Burma Proper) ကိုတော့ ၁၉၃၅ ခုနှစ်က ချမှတ်ထားတဲ့ (Government of Burma Act – 1935) ဥပဒေအရ အုပ်ချုပ်ခဲ့တာ ဖြစ်တယ်။ ကရင်နီနယ်မြေကတော့ မင်းတုန်းမင်း လက်ထက်ကတည်းက သီးခြား လွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ ကိုလိုနီနယ်မြေ မဟုတ်ပါ။ အထက်ပါ ကိုလိုနီနယ်မြေ (၄) ခုဟာ သီးခြားစီ လွတ်လပ်ရေး တောင်းဆိုခွင့်ရှိကြပြီး သီးခြားနိုင်ငံများထူထောင်ခွင့်ရှိကြတယ်။ အင်္ဂလိပ်တို့ကလည်း သီးခြားစီပေးဖို့ ကမ်းလှမ်းထားတာ ရှိတယ်။

သို့သော် ကချင်၊ ချင်း၊ ရှမ်းတွေကလည်း လွတ်လပ်ရေး အမြန်လိုချင်နေကြတာရယ် ဗိုလ်ချုပ် အောင်ဆန်း ကလည်း စုစည်းပြီး ပြည်ထောင်စုနိုင်ငံ တည်ထောင်ချင်တာရယ်တို့ ပေါင်းစပ်မိပြီး စစ်မှန်တဲ့ ပြည်ထောင်စု ကို တည်ဆောက်ဖို့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ သဘောတူစာချုပ် ချုပ်ဆိုဖြစ်ခဲ့ကြတယ်။

ဒီလိုပူးပေါင်းပြီး ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် တည်ဆောက်နိုင်ရန် ဗိုလ် ချုပ်အောင်ဆန်းက ဘယ်လို ကတိကဝတ်တွေ ပေးခဲ့၊ ပြောဆိုခဲ့တာတွေကို ဖော်ပြရ လျှင် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက ကချင်လူထု ကိုယ်စား ဒူဝါကြီး ဆမားဒူဝါဆင်ဝါးနောင်ကို “ကချင်ပြည်က ဗမာပြည်မနဲ့ တစ်ပြိုင်တည်း လွတ်လပ်ရေးရယူလိုခြင်းအပေါ် အင်မတန်မှ ဝမ်းမြောက်ဝမ်းသာဂုဏ်ယူ ကြောင်း၊ ဒါပေမဲ့ သီးခြားကချင်သမ္မတနိုင်ငံ မထူထောင်ဘဲ ဗမာပြည်နှင့် တန်းတူရည်တူ ပြည်ထောင်စု တည်ဆောက်သွားပါက နှစ်ဦးနှစ်ဖက် အကျိုးပိုရှိစေမှာ ဖြစ်ကြောင်း” ပြောခဲ့တယ်။

အဲဒီအခါ ဒူဝါကြီးက “ကချင်အမျိုးသားများဟာ လူနည်းစုဖြစ်လို့ ဗမာ အမျိုးသားအများစုရဲ့အနိုင်ကျင့်ခံရမှာ အထူးစိုးရိမ်ကြောင်း၊ ဗိုလ်ချုပ်က ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကို တာဝန်ယူနိုင်မှာလား” လို့ ပြန်မေးခဲ့တယ်။ အဲဒီအခါ ဗိုလ်ချုပ်က “လုံးဝ တာဝန်ယူမှာ ဖြစ်ကြောင်း၊ အကယ်၍ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကို မပြောနိုင်ပါက မိမိ ကိုယ်တိုင် ဖ.ဆ.ပ.လ အဖွဲ့ချုပ်မှ နုတ်ထွက်ပြီး သီးသန့် ကချင်သမ္မတနိုင်ငံ ထူထောင်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ပါဝင်သွားမှာ ဖြစ်ကြောင်း” ပြတ်သားစွာ ပြောဆိုကတိပေးခဲ့တယ်။ ဒီလိုကတိပေးခဲ့လို့ ကချင်လူတွေကို ပြည်ထောင်စုထဲမှာ ပါဝင်လာရခြင်း ဖြစ်တယ်။

၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှာ ကရင်နီပြည်၊ လွိုင်ကော်မြို့ကို ဗိုလ်ချုပ်အောင်ဆန်း ရောက်သွားခဲ့တယ်။ လွိုင်ကော်မြို့ဓမ္မာရုံမှာ ကရင်နီနှစ်သစ်ကူး ပွဲတော်ကျင်းပနေစဉ် ဗိုလ်ချုပ် တက်ရောက်ပြီး ပြည်သူလူထုအများရှေ့မှာ ပြောကြား သွားတာက “အင်္ဂလိပ်ပေးထားတဲ့ ကရင်နီပြည် လွတ်လပ် ရေးဟာ ပြည့်ဝတဲ့ လွတ်လပ်ရေးလို့ မဆိုနိုင်ကြောင်း၊ ဗမာပြည်ရမယ့် လွတ်လပ်ရေးဟာ အပြည့်အဝ လွတ်လပ်ရေး ဖြစ်ကြောင်း၊ ကရင်နီပြည်အနေနဲ့ ဖွဲ့စည်းမယ့် ပြည်ထောင်စုဗမာနိုင်ငံမှာ ပြည်နယ်တစ်ခု အဖြစ်ပါဝင်ပါက ကရင်နီပြည်ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အ၀ရှိစေရမှာ ဖြစ်ပြီး ကရင်နီပြည်တွင်းရေးကို ဗမာတွေ လုံး၀ဝင်ရောက် စွက်ဖက်မှာမဟုတ်ကြောင်း၊ ကရင်နီပြည်အရေးကို ကရင်နီ ပြည်သူပြည်သားများကသာ တိုက်ရိုက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့် အ၀ရှိရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်။

ကရင်နီခေါင်းဆောင်များက “ဗမာပြည် လွတ်လပ်ရေးရအောင် ကြိုးစားပါ။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးပါက ကရင်နီပြည်အနေနဲ့ ပြည်ထောင်စုမှာ ပါဝင်သင့်၊ မသင့် နောက်မှ ပြည်သူ့ဆန္ဒသဘောထား ရယူသွားမှာဖြစ်ကြောင်း”ပြောကြားသွားခဲ့တယ်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက် ပင်လုံစာချုပ် မချုပ်မီညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းက “တောင်တန်းနယ်များကို ဗြိတိသျှတို့ အုပ်ချုပ်တာကို ဗမာများက မကြိုက်ကြောင်း၊ ဗမာများဟာ တောင်တန်း ဒေသအတွက် ပြောဆိုခြင်းမှာ ဗမာပြည်နဲ့ တန်းတူအဆင့်အတန်း အခွင့်အရေး ရစေလိုတာ ကြောင့် ဖြစ်ကြောင်း၊ ဗမာလူမျိုးများဟာ ဗြိတိသျှကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူ တောင်တန်း သားလူမျိုးများ ကိုလည်း ဗမာကျွန် မဖြစ်စေရကြောင်း” ၃ ကို သမိုင်းဝင် ကတိကဝတ် အဖြစ် တိုင်းရင်းသားခေါင်းဆောင် များအား ပွင့်လင်းစွာ ပြောကြားခဲ့တယ်။

တိုင်းရင်းသားတွေဘက်က စိုးရိမ်ပူပန်မှုကို ပြန်လေ့လာကြည့်လျှင် ၁၉၄၇ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့မှာ ကျင်းပတဲ့တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးမှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က “ကျွန်ုပ်တို့ ရှမ်း၊ ကချင်၊ ချင်း တောင်ပေါ် တိုင်းရင်းသားများဟာ အင်္ဂလိပ်နယ်ချဲ့ စနစ်အောက်က လွတ်မြောက်ဖို့ ဗမာပြည်မနဲ့ ပူးပေါင်းသွေးစည်းနေရမှာ ဖြစ်တယ်။

ဟိုရှေးရာဇဝင်က အဖြစ်အပျက်တွေကို သတိရပြီး ဗမာတွေဟာ တို့ထက်ပိုပြီး လူလည်းများတယ်၊ ညာဏ်လည်းသာတယ်။ ဒီတော့ တစ်နေ့နေ့မှာ မတော်တဆများတို့ကို လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ကား လုပ်များနေမလားဆိုပြီး ဓမ္မတာအတိုင်း တထိတ်ထိတ် တွေးပူစိုးရိမ်လျက်ရှိကြပါတယ်။

ကျွန်ုပ်တို့ အင်မတန်မြတ်နိုးတဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့် တွေကို များ ထိပါးကျူးကျော်လေမလားလို့လည်း တထင့်ထင့် ဖြစ်မယ်ဆိုလျှင် ဓမ္မတာအတိုင်း ကျွန်ုပ်တို့ မလွန်ဘူး လို့ ထင်ပါတယ်။ မတော်တဆ ဒီလိုမဖွယ်မရာ မတရားမှုတွေများ ဖြစ်ပေါ်လာလို့ရှိရင် အားနည်းတဲ့ ဘက်က အစဉ်နေလာတဲ့ သခင်နုဟာ တရားလမ်းမှန်အတိုင်း ကျွန်ုပ်တို့ ဘက်က ရွပ်ရွပ်ချွံချွံ ကာကွယ် ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်အားထားပါတယ်။  

ကျွန်ုပ်တို့ သဘောကတော့ ရိုးရိုးနဲ့ ရှင်းရှင်းပဲ။ လောလောဆယ် အင်္ဂလိပ်ကျွန်ဘဝက လွတ်ချင်တယ်။ ဒီလိုလွတ်လပ် ရေးရဖို့ ဗမာပြည်နဲ့ ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်ဆိုပြီး ယုံကြည်လို့ ယခု ဒီလွှတ် တော်မှာ ရောက်လာကြပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ကျွန်ဘဝကလွတ်ပြီး ပခုံးပြောင်း အဖြစ် ဗမာတွေရဲ့ ကျွန်ဖြစ်သွားမှာကိုလည်း မလိုချင်ဘူး။ နှစ်ဦးနှစ်ဘက်စလုံး လွတ်လပ်ကြီးပွားရေးအတွက် တန်းတူရည်တူ အခွင့်အရေးတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားကြဖို့ဆိုရင် အစဉ်သဖြင့် အဆင့်သင့်ရှိ တယ်ဆိုတာလည်း ရှင်းရှင်းဘွင်းဘွင်းပဲ ကတိပေးပါတယ်။

မိမိတို့ ပြည်ထောင်စုနိုင်ငံတော်ကို အခက်အခဲများစွာကြားက စေ့စပ် ညှိနှိုင်း အပေးအယူလုပ်၍ တည် ဆောက် ဖော်ဆောင်လာတဲ့ ခေါင်းဆောင်ကြီးများရဲ့ ကတိစကားတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို သိရှိနားလည် ကြပြီး ဖြစ်တယ်။ သူတို့အပေါ် ကျနော်တို့ လေးစားလျှင် သူတို့ရဲ့ ကတိစကားအမြင်သဘောထားတွေကို အလေးထား ကာကွယ်ထိန်းသိမ်းသွားကြရမှာ ဖြစ်တယ်။

ယခုလို လက်နက်ကိုင်ပဋိပက္ခ ရေရှည် ဖြစ်နေရတာဟာ သူတို့ရဲ့ကတိစကား၊ စိုးရိမ်ပူပန်မှု သဘောထားတွေကို အာဏာရ ခေါင်းဆောင်တွေက အလေးမထား၊ မလိုက်နာ ချိုးဖောက်ကြလို့ ဖြစ်လာရတာ ဖြစ်တယ်။ လွတ်လပ်ရေးမရမီ ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံလိုက်ရတော့ ဗိုလ်ချုပ်ရဲ့ ကတိစကားတွေကို မနာခံတော့ဘဲ တစ်ပြည်ထောင်စနစ်ကို ပြည်ထောင်စု အရေခြုံပြီး ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အတုအယောင် ပြည်ထောင်စု ကို ဖော်ဆောင်ခဲ့ကြတယ်။

အကြောင်းမျိုးစုံပြပြီး ပြည်နယ်၊ ပြည်မစနစ်ကို ဖော်ဆောင် ခဲ့ကြတယ်။ ပုံသဏ္ဌာန်အားဖြင့် ပြည်ထောင်စု၊ အနှစ်သာရအားဖြင့် တစ်ပြည်ထောင်စနစ်ကို တိုင်းရင်းသားပေါင်းစုံတို့ လက်မခံနိုင်တော့ ၁၉၆၁ ခုနှစ်မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တိုင်းရင်းသားခေါင်းဆောင်များ ညီလာခံကျင်းပကြပြီး ပင်လုံ ကတိကဝတ် စာချုပ်နဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုမူကို ရေးသားပြုစုကာ ပြောင်းလဲရန် တောင်းဆိုလာကြတယ်။ ဖက်ဒရယ်မူကို ခွဲထွက်ရေးမူ၊ တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင် ဦးတည်ဖန်တီးထားတဲ့မူဆိုပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို မပေးလိုတဲ့ စစ်တပ်က အကြောင်းပြကာ ၁၉၆၂ ခုနစ်မှာ တိုင်းပြည်အာဏာကို သိမ်းယူလိုက်တယ်။

လူတန်းစားအရေးကို ရှေ့တန်းတင်လာပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ချမှတ်ကာ တိုင်းရင်းသားအခွင့်အရေးတွေကို နည်းပေါင်း စုံဖြင့် ချိုးနှိမ်ခဲ့တယ်။ စစ်အင်အားတိုးချဲ့ပြီး ဖြတ် လေးဖြတ်၊ ဝိုင်းပတ်ပိတ်ဆို့ နည်းဗျူဟာတို့ဖြင့် အကြမ်း ဖက်တိုက်ခိုက် နှိမ်နင်းခဲ့တယ်။ ဒီလို အကြမ်းဖက်လုပ်ကိုင်လာလို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ ကြေပြုန်းပျောက်ဆုံးသွားခြင်း မရှိတဲ့အပြင် အရေအတွက်အားဖြင့် ပိုမိုများပြားလာတာ တွေ့ရတယ်။

နောက်ဆုံးမှာ တိုင်းပြည်ရဲ့ စီးပွားရေးကျဆင်းလာပြီး စစ်အာဏာရှင်စနစ်ကိုလည်း ပြည်သူတွေ ရွံမုန်းလာလို့ (၈.၈.၈၈) ရှစ်လေးလုံးအရေးအခင်းပေါ်လာကာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာကို စွန့်လွှတ်လိုက် ရတယ်။ ဒါပေမဲ့ နောက်တက်လာတဲ့ လူတွေဟာ သူ့ကြိုက် ရွေးတင်လိုက်တဲ့လူတွေပဲ ဖြစ်တယ်။ မဟာလူမျိုး ကြီးဝါဒကို သူ့ထက် လက်သံ ပြောင်စွာ အကောင်အထည်ဖော်လာခဲ့ကြတယ်။

ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းပြီး နောက် အစိုးရစာသင်ကျောင်းတွေမှာ သင်ကြားခွင့်ရနေတဲ့ ဒေသခံတိုင်းရင်းသား စာပေတွေ ကို ပိတ် ပင်ခဲ့တယ်။ တိုင်းရင်းသားဘာသာနဲ့ အသံလွှင့်ခြင်းကိုလည်း ပိတ်ပင်ခဲ့တယ်။ ပြည်ထောင်စုနေ့လိုမျိုး အခမ်းအနားတွေမှာ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကိုပြသတဲ့ တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု အဆိုအက တွေကိုလည်းကျင်းပခွင့် မပြုတော့ပါ။

ပြည်နယ်ကောင်စီ အဖွဲ့တွေကိုလည်း တပ်မှူးတွေထည့်ပြီး ဦးဆောင်ချုပ်ကိုင်ခဲ့တယ်။ နောက်တက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဒုဗိုလ်ချုပ်ကြီး သန်းရွှေ (နောက်ပိုင်း ဗိုလ်ချုပ်ကြီး ဖြစ်လာသူ) ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဦးဆောင်တဲ့ လက်ထက်မှာ မြန်မာတွေရဲ့ ရွှေနန်းတော်၊ ရွှေဘိုမှာ ရွှေဘုံရတာနာ မင်္ဂလာနန်းတော်၊ ပဲခူးမှာ ကမ္ဘာဇေသာဒီ နန်းတော်တွေကို ငွေကြေးများစွာ အကုန်ခံပြီး ဆောက်လုပ်ခဲ့တယ်။ ပုဂံမြို့ဟောင်းကိုလည်း ပြုပြင်ထိန်းသိမ်းခဲ့တယ်။

အဲဒီလို မြန်မာတို့ရဲ့ သမိုင်းဝင် ပစ္စည်းတွေကို ပြုပြင်တည်ဆောက်ထိန်းသိမ်းပြီး ရှမ်းတွေရဲ့ အကောင်းဆုံးဟော်နန်း ဖြစ်တဲ့ ကျိုင်းတုံဟော်နန်းကို ၁၉၉၁ ခုနှစ်မှာ သွားရောက်ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီ နေရာမှာ ဟိုတယ် ဆောက်လိုက်တယ်။ မကြာမီမှာ သီပေါဟော်နန်းကို ခြံခတ်ပိတ် လိုက်တယ်။ ညောင်ရွှေ ဟော်နန်း ကိုလည်း ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းလဲပြုပြင်ခဲ့တယ်။

ပဲခူးမြို့မှာရှိတဲ့ မွန်ဘုရင် ဓမ္မစေတီမင်းရဲ့ သာသနာတော် သန့်ရှင်းရေးလုပ်ခဲ့တဲ့ သမိုင်းဝင် ကလျာကီသိမ်ရှိ ကျောက်စာ (၁၀)ချပ်မှာ မွန်ဘာသာဖြင့် ထုထွင်းထားတဲ့ ကျောက်စာ (၇) ချပ်စလုံးကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး ပါဠိဘာသာနဲ့ ထုထွင်းထားတဲ့ ကျောက်စာ (၃)ချပ်ကိုသာ ချန်ထားခဲ့တယ်။

ဆို-က-ရေး-တီး ယဉ်ကျေးမှုဘက်ကို ပြန်ကြည့်လျှင်လည်း ဗမာတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ဖို့ ယဉ်ကျေးမှု တက္ကသိုလ်ကို ဖွင့်ခဲ့တယ်။ ဗမာတွေရဲ့ ယဉ်ကျေးမှုဖြစ်တဲ့ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေကိုလည်း နှစ်စဉ်ကျင်းပကာ ဆုလာဘ်များ ချီးမြှင့်ပြီး အားပေးမြှင့် တင်ခဲ့တယ်။

အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေ ကျင်းပနိုင်ဖို့ ရန်ကုန်မှာ အမျိုး သားဇာတ်ရုံ၊ ပဒုမ္မာဇာတ်ရုံ၊ မန္တလေးမှာ အထက်မြန်မာပြည် အမျိုးသားဇာတ်ရုံများကို တည်ဆောက်ခဲ့တယ်။ အဲဒီလို ဗမာအမျိုးသားတွေရဲ့ ယဉ်ကျေး မှုကို ထိန်းသိမ်း မြှင့်တင်ခြင်း အမျိုးမျိုးလုပ်ဆောင်ခဲ့သော်လည်း ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ ရဲ့ ယဉ်ကျေးမှုလုပ်ငန်းတွေကို အနည်းအကျဉ်းမျှ အားပေးမြှင့်တင်လုပ်ဆောင်ပေးခဲ့ခြင်း မရှိပါ။

နေပြည်တော်မှာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဘုရင် သုံးပါးရဲ့ ရုပ်ပုံကို ထွင်းထုထားပြီး ပထမ၊ ဒုတိယ၊ တတိယ၊ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အနှိုင်းမဲ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များအဖြစ် အလေးထားပြီး တပ်မတော်သားများမှ ထိုလမ်းစဉ်ကို လိုက်နာရန် အတွေးအမြင်များ ရိုက်သွင်းထားတယ်။

ဘာသာစကားနဲ့ စာပေဘက်ကို ပြန်ကြည့်လျှင် ဗမာစာနဲ့ ဗမာစကားကိုသာ တရားဝင် ရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းထားတယ်။ ဒါဟာ အခြားတိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ စာပေကို တန်ဖိုးမဲ့အောင် လုပ်လိုက်တာ ဖြစ်တယ်။ တိုင်းရင်းသား တွေအတွက် ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေ သတ်မှတ်ထားသော်လည်း သူတို့စာပေတွေကို အစိုးရစာသင်ကျောင်းတွေမှာ လုံးဝသင်ကြားခွင့် မပေးပါ။ အချို့ကျေးရွာနယ်မြေတွေမှာ ကလေးသူငယ်တွေ ဗမာစကားကို လုံးဝ နားမလည်ကြ သော်လည်း ဗမာစာကိုသာ သင်ကြားပေးနေတော့ သူတို့အတွက် ဘယ်လောက် ခက်ခဲပင်ပန်းမယ်ဆိုတာ အာဏာပိုင်တွေ လုံးဝကို ထည့်မတွက်ကြဘူး။

တိုင်းရင်းသား စာပေတွေကိုသင်ကြားခွင့်မပေးခြင်းဟာ သူတို့ရဲ့စာပေကို မှေးမှိန်ပျောက်ကွယ်သွားအောင် လုပ်နေတာဖြစ်တယ်။ စာပေ မှေးမှိန်ပျောက်ကွယ်သွားလျှင် ဘာသာ စကားလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားမှာဖြစ်လို့ ဒီလုပ်ရပ်ဟာ တိုင်းရင်းသား လူမျိုးတွေကို ဝါးမျိုဖျောက်ဖျက်နေတဲ့ လုပ်ရပ်ဖြစ်တယ်။

ဒါတွေကို ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေက သည်းမခံနိုင်လွန်းလို့ ဆန့်ကျင်ရုန်းကန် တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။ ဗမာတွေအနေနဲ့ တချိန်က အင်္ဂလိပ်ကိုလိုနီဘ၀ ကျရောက် နေစဉ် မြန်မာ၊ ဗမာစကားတွေ မှေးမှိန်လာတော့ ဘယ်လိုခံစားရပြီး ဘယ်လိုရုန်းကန်ခဲ့ရတာကို ပြန်တွက်ချက်ကြည့်ရင် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ နာကြည်းသည်းမခံ နိုင်တာကို ကိုယ်ချင်းစာ တွက်ချက်နိုင်ကြမှာပါ။ မိမိတို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားနေရတာဟာ အမျိုးသားတန်းတူရေး မရှိရုံမက မဟာလူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားတွေကို လူမျိုး တုံးသွားအောင် နည်းပေါင်းစုံနဲ့ ဝါးမျို ဖျောက်ဖျက်နေလို့ ဖြစ်တယ်။

အခြားတစ်ဖက်မှာ သဘော တရားရေးအရ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ဗမာဖြစ်သွားစေရန် အမြင်တွေ ဘယ်လို ရိုက်သွင်း နေသလဲဆိုရင်- အငြိမ်းစားဗိုလ်မှူး ကြီးသောင်းထိုက်ရဲ့ ပထဝီနိုင်ငံရေးစာအုပ်ကို အခြေခံပြီး ကျနော်တို့ နိုင်ငံဟာ ပထဝီအခြေခံအရ အရှေ့ဘက်မှာ တရုတ်ပြည် လူဦးရေ သန်းပေါင်းထောင်ကျော်ရှိပြီး စီးပွားရေး၊ စစ်ရေးအရလည်း အားကောင်းတယ်။

အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ လူဦးရေသန်းပေါင်းထောင်ကျော်ရှိပြီး စီးပွားရေး၊ စစ်ရေးအရလည်း အားကောင်းတယ်။ မိမိတို့နိုင်ငံဟာ အဲဒီအင်အားကြီးနိုင်ငံနှစ်ခုရဲ့အကြားမှာ ရှိနေပြီး လူဦးရေအရ သန်းငါးဆယ်ကျော်သာ ရှိတယ်။ စီးပွားရေး၊ စစ်ရေးအရလည်း သူတို့ကို ယှဉ်နိုင်တဲ့ အနေအထားမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိနေပြီး လူမျိုးရေးအရလည်း ပဋိပက္ခတွေ ရှိနေတယ်။

ကိုးကွယ်ယုံကြည်မှု ဘာသာရေးအရလည်း ဘာသာတရား လေးငါးမျိုးရှိနေပြီး ဘာသာတရား တစ်ခုနဲ့တစ်ခု ဆန့်ကျင်မှုတွေ ရှိနေပြန်တယ်။ ဒီလိုအနေအထားမှာ တကယ်ကျစ်လစ်ခိုင်မာတဲ့ စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်လျှင် ဒီအန္တရာယ်ကို ဘယ်လိုကာကွယ်နိုင်မှာလဲ။ ဒါကြောင့် တိုင်းရင်းသားလူမျိုးအားလုံး မြန်မာဖြစ်လာရေး၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား အားလုံး ဗုဒ္ဓဘာသာဝင်ဖြစ်လာရေးကို ရေရှည်လျှို့ဝှက် အစီအစဉ်နဲ့ အာဏာပိုင်တွေက အကောင်အထည်ဖော်နေကြတယ်။

အခြားတစ်ဖက်မှာ ဗမာဆိုတာ လူမျိုးတစ်မျိုးသာ ဖြစ်ပြီး “မြန်မာ” ဟာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံအားလုံး အကျုံးဝင်တယ်လို့ အဓိပ္ပာယ်ဖွင့် ဝါဒဖြန့်လာတယ်။ အမှန်တော့ ဗမာလူမျိုးနဲ့ မြန်မာလူမျိုးဆိုတာ အတူတူပဲ။ ယခင်က မြန်မာလို့သာ ခေါ်ခဲ့ပြီး အင်္ဂလိပ်တွေဝင်လာမှ အိန္ဒိယ လေသံကိုလိုက်ပြီး အင်္ဂလိပ်တွေက ဘားမား ( Burma) လို့ ခေါ်ဝေါ်ခဲ့ရာက ‘ဗမာ’ ဖြစ်လာတာပါ။

ရှေးရှေးက အခေါ်အဝေါ်ကိုလေ့လာကြည့်လျှင် မြစေတီကျောက်စာမှာ မြန်မာကို မိရမာ လို့ ရေးသားထားတယ်။ နောက်ပိုင်း မရမာ၊ မရမာ ဖြစ်လာပြီး အဲဒီကနေ မြန်မာ ဖြစ်လာတယ်။ လက်ရှိသူတို့စာပေကိုလည်း မြန်မာစာလို့ပဲ ခေါ်ကြတယ်။ ဒါဆို ဗမာတွေမှာ ကိုယ်ပိုင်စာပေမရှိဘူးလား။ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း စတဲ့လူမျိုးတွေမှာ သူတို့ကိုယ်ပိုင်စာတွေ ရှိနေလျက်သားနဲ့ မြန်မာစာဟာ တိုင်းရင်းသား အားလုံးရဲ့စာဆိုတာ ဖြစ်နိုင်ပါ့မလား။

ပြည်ထောင်စုတည်ဆောက်ပြီး လွတ်လပ်ရေးကိုအတူတကွ ရယူသွားရန် အမျိုးသား တန်းတူရေးအခြေခံနဲ့ သူ့အမျိုးသားအရေး၊ နယ်မြေအရေးကို သူတို့ ဘာသာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပေးထားတဲ့ ကတိကဝတ် စကားတွေကို ဖောက်ဖျက်ပြီး မြန်မာတွေသာ ကြီးစိုးအုပ်ချုပ်မယ့် တစ်ပြည်ထောင်စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေကြတာ တရားမျှတ မှန်ကန်ရဲ့လား။

ဗမာကျွန် မဖြစ်စေရဘူးလို့ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားကို ပစ်ပယ်ပြီး ယနေ့ဆို တိုင်းရင်းသားတွေဟာ ကျွန်ဖြစ်နေရုံသာမက လူမျိုးရေးအရ ဝါးမျိုပြီး အားလုံးမြန်မာဖြစ်သွားအောင်လုပ်နေတဲ့ လုပ်ရပ် တွေဟာ တရားရဲ့လား။ ဒါကြောင့် တိုင်းပြည် မငြိမ်မသက် ယိုယွင်းပျက်စီးလာနေရတာဟာ ဘယ်သူ့အမှားလဲ။ တိုင်းရင်းသားလူမျိုးအားလုံး မြန်မာဖြစ်သွားမှ ငြိမ်းချမ်းမယ်ဆိုပြီး တွန်းလုပ်နေလျှင် တရားမျှတမှု ရှိပါ့မလား။ အောင်မြင်မယ်လို့ ယုံကြည် နေသလား။

လူမျိုးအချင်းချင်း လွှမ်းမိုးခြယ်လှယ် ဝါးမျိုဖျောက်ဖျက်နေလျှင် တည်ငြိမ် အေးချမ်း စုစည်း နိုင်မှာ မဟုတ်ဘူး။ ဒီခေတ်ဒီအခါမှာ တန်းတူမှု လွတ်လပ်မှုအပေါ် အခြေခံပြီး စုစည်း ညီညွတ်ရေးကို တည်ဆောက်နေကြတယ်။ ဖက်ဒရယ်နိုင်ငံတွေ များစွာပေါ်ပေါက်လာပြီး အေးချမ်း တည်ငြိမ် တိုးတက် လာနေတာ တွေ့မြင်နေရတယ်။

ဖက်ဒရယ်စနစ်ဆိုတာ ခွဲထွက်ရေး၊ ပြိုကွဲရေး မဟုတ်သလို တိုင်းရင်းသား လူမျိုး ပေါင်းစုံတို့ကလည်း နဂိုကတည်းက အတူတကွ စုပေါင်းပြီး ပြည်ထောင်စုကို တည်ဆောက်ဖို့ ဦးတည်ခဲ့ကြတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံတော်ကို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ကြပါမှ တည်ငြိမ်တိုးတက်ပြီး စုစည်းမှု အားကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် အကောင်အထည်ပေါ်လာနိုင်မှာ ဖြစ်ကြောင်း အတွေ့အကြုံ၊ အခြေအနေပေါင်းစုံအပေါ် အခြေခံပြီး စေတနာကောင်းဖြင့် တင်ပြအပ်ပါတယ်။

ရွှေဟင်္သာ

End Notes

၁။ ပင်လုံလက်စွဲ – စာ ၄၉

၂။ ပင်လုံလက်စွဲ – စာ ၅၀

၃။ ပင်လုံလက်စွဲ – စာ ၅၁

၄။ ပင်လုံလက်စွဲ – စာ ၅၁

ကိုးကားစာအုပ်-

၁။ ပင်လုံလက်စွဲ – ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း (မိုင်ဂျာယန် – တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ပထမအကြိမ်)

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

စာရေးသူ၏ အမည်မှာ နိုင်ဟံသာ ဖြစ်ပါသည်။ စာရေးသူသည် သက္ကရာဇ် ၁၃၀၉ ခုနှစ် တပို့တွဲလ၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် အဖ နိုင်ဘုံ၊ အမိ မိဇီ တို့၏ ကလေးအဖြစ် မွေးဖွားလာခဲ့သည်။ မွေးချင်း (၆)ဦးရှိသည့်အနက် စတုတ္ထမြောက်ဖြစ်သည်။ နေရပ်ဇာတိမှာ မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ် ဇင်းကျိုက်ရွာ (ယခုအခါဇင်းကျိုက်မြို့)ဖြစ်သည်။ အသက်(၇)နှစ်တွင် ကျောင်းစ တက်ပြီး မူလတန်းနှင့် အလယ်တန်းကို ဇင်းကျိုက်ရွာမှာ သင်ကြားခဲ့သည်။ အထက်တန်း ကျောင်းကို ပေါင်မြို့ အထက် တန်းကျောင်းတွင် တက်ရောက်သင်ကြားခဲ့သည်။ သူငယ်တန်းမှ (၉)တန်းအထိကို နှစ်စဉ် အောင်မြင်ခဲ့ပြီး (၁၀)တန်းကို ၁၉၆၆ ခုနှစ်တွင် ဝင်ရောက်ဖြေဆိုခဲ့ရာ ကျရှုံးခဲ့သည်။ ထို့နောက် မုဒုံမြို့ ဗဟိုစိုက်ပျိုးရေး ဥယျာဉ်တွင် (၁၀)လကြာ စိုက်ပျိုးရေး သင်တန်းကို တက်ရောက်ခဲ့သည်။ ထိုစဉ်မှာပင် မုဒုံမြို့ အထက်တန်း ကျောင်း တွင် အဖော်(၄/၅) ဦးနှင့်အတူ ညကျောင်းတက်ပြီး (၁၀)တန်းပညာကို ဆက်လက် သင်ယူခဲ့သည်။ ၁၉၆၇ ခုနှစ် နှစ်ဦးပိုင်းတွင် (၁၀)တန်းပညာကို အပြင်မှ ဝင်ရောက်ဖြေဆိုခဲ့ရာအောင် မြင်ခဲ့သည်။ စိုက်ပျိုးရေး သင်တန်းကိုလည်း အောင်မြင်ခဲ့ပြီး ဧရာဝတီတိုင်း ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးရွာတစ်ခုတွင် ကျေးလက်မှူး (ခေါ်) စိုက်ပျိုးရေး မှူးအဖြစ် သွားရောက်တာဝန်ယူခဲ့သည်။ အစိုးရဝန်ထမ်းအဖြစ် တစ်နှစ်နီးပါး တာဝန်ယူ ပြီးနောက် အမျိုးသားရေး တာဝန်ကိုထမ်းဆောင်ရန် ၁၉၆၈ ခုနှစ် မတ်လဆန်းတွင် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များရှိရာ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။ မွန်ပြည်သစ်ပါတီတွင် ရုံးလုပ်ငန်း လက်နှိပ်စက်ရိုက်ခြင်းနှင့် ဆေးပညာ ကိုသင်ယူခဲ့ပြီး ဗဟိုဌာနချုပ်တွင် တာဝန်ယူခဲ့သည်။ ၁၉၇၁ ခုနှစ်၊ ဗဟိုဦးစီးညီလာခံတွင် ဗဟိုကော်မီတီတစ်ဦးအဖြစ် အရွေးခံခဲ့ရသည်။ ၁၉၇၁ ခုနှစ် နှောင်းပိုင်းနှင့် ၁၉၇၂ ခုနှစ် နှစ်ဦးပိုင်းတွင် (KNU) ဗဟိုဌာနချုပ်(မာနယ်ပလောစခန်း)အနီး သံလွင်မြစ်ကမ်းဘေးရှိ (တ.ည.လ) တပ်ပေါင်းစု အသံလွှင့်ရုံတွင် မွန်ဘာသာဖြင့် အသံလွှင့်ခြင်းတာဝန်ကိုယူခဲ့ရသည်။ ထို့နောက် မွန်ပြည်သစ် ပါတီတွင် မြို့နယ်အတွင်းရေးမှူး၊ မြို့နယ်ဥက္ကဋ္ဌ၊ ခရိုင်တွဲဖက်အတွင်းရေးမှူး၊ ခရိုင်အတွင်းရေးမှူးတာဝန်တို့ကို ယူခဲ့ရသည်။ ၁၉၈၅ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်လာပြီး ၁၉၈၉ ခုနှစ် တွင် ဗဟိုတွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဗဟိုအထွေထွေ အတွင်းရေးမှူးဖြစ်လာသည်။ ၂၀၁၃ ခုနှစ်တွင် ဒု-ဥက္ကဋ္ဌဖြစ်လာပြီး ၂၀၂၀ ခုနှစ် နှစ်ဆန်းမှစပြီး ဗဟိုဥက္ကဋ္ဌဖြစ်လာသည်။ တပ်ပေါင်းစုများတွင် ၁၉၈၂ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မ.ဒ.တ)(NDF) တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သော (မ.ဒ.မ.ခ) ခေါ် (DAB) တပ်ပေါင်းစုတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ၁၉၉၃ ခုနှစ် မှ ၁၉၉၅ ခုနှစ် အထိ အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့ရသည်။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းခဲ့သော  (UNFC) တပ်ပေါင်းစုတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒု- ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှစ၍ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ဆွေးနွေးရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့ ပါဝင်သည့် ဆွေးနွေးရေး အဖွဲ့ (NCCT) တွင် (၂) နှစ်တာခန့် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ စာရေးသားခြင်းကို ၁၉၇၁ ခုနှစ်လောက်မှစပြီး လိုအပ်မှုအရ စတင်ရေး သားခဲ့သည်။ မြန်မာဘာသာဖြင့် ကဗျာ-ဆောင်းပါးများကို အတော်အတန် ရေးသား ထုတ်ဝေခဲ့ဖူး သည်။ မွန်ဘာသာဖြင့် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ သီချင်းများကိုလည်း အထိုက်အလျောက် ရေးသား ထုတ်ဝေခဲ့ဖူးသည်။ အနုပညာပိုင်းတွင် စာရေးသားခြင်းနှင့် တူရိယာတီးခတ်ခြင်းတို့တွင် ဝါသနာပါသည်။