• Today is: Thursday, April 18, 2024

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                          (No. 56, August 2, 2022)

၁။ SSPP နှင့် RCSS တို့က လွိုင်လင်ခရိုင်အတွင်း တပ်သားသစ်အပြိုင်စုဆောင်းနေ
August 2, 2022
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ တပ်သားသစ်အပြိုင် စုဆောင်းနေကြောင်း သတင်းသိရသည်။ ပင်လုံမြို့ ဆနင်းဒေသအတွင်းမှ ဒေသခံပြည်သူများကို SSPP/SSA တပ်ဖွဲ့မှ တပ်သားသစ်အတွက် စာရင်းကောက်ခြင်း ဖမ်းခေါ်ခြင်းများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီဒေသထဲမှာရှိတဲ့ RCSS နဲ့ သိတဲ့သူတွေ ပတ်သက်ဖူးတဲ့ ဆွေးမျိုးရှိတဲ့သူတွေရဲ့ အမည်စာရင်းနဲ့တကွ လာဖမ်း တာမျိုးတွေ ရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ရွာသားတချို့ကိုလည်း စစ်သားစုဆောင်းဖို့လာခေါ်တယ်၊ RCSS နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်ခံရတဲ့ တချို့တွေက ဘယ်ကိုရောက်သွားမှန်း မသိကြ ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။ လက်ရှိအချိန်တွင် ဆနင်းဒေသအတွင်း ဒေသခံများကို တပ်သားသစ်စုဆောင်းရန် အတွက် ဒေသခံ အယောက် ၃၀ ကျော် ဖမ်းဆီးထားသည့်အပြင် RCSS/SSA နှင့် ပတ်သက်သည် ဆိုသည့် စွပ်စွဲချက်ဖြင့်လည်း ဒေသခံတချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ ပင်လုံမြို့ရှိ နောင်လိုင်ကျေးရွာ နှင့် လဲချားမြို့ပေါ်တွင်လည်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့က ရွာသားများကို တပ်သားသစ်အတွက် ဖမ်းဆီးစု ဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း လဲချားမြို့ပေါ် ရပ်ကွက်ဖြစ်ကြသည့် မြို့မရပ်ကွက်မှ အမှတ်(၁) ရပ်ကွက်အထိ အသက် ၁၈ နှစ်ပြည့် သားယောက်ျားလေးရှိသည့် အိမ်ထောင် စုများကို စစ်သားသစ်အတွက် အလှည့်ကျသည်ဟုဆိုကာ ဒေသခံတချို့ကို RCSS လာဖမ်းသွားကြောင်း ဒေသခံများက ပြော သည်။ “လဲချားမြို့ပေါ်အထိကို လာကောက်ကြတာပါ၊ သားမရှိတဲ့ အိမ်တွေဆိုရင်လည်း မိဘတွေကိုခေါ်သွားတာ၊ သားရော ဖခင်ရော မရှိတဲ့အိမ်တွေကြတော့ မိခင်ဖြစ်သူကို ဖမ်းသွားတာလည်းရှိနေတယ်၊ RCSS တပ်သားတွေက အရပ်ဝတ်နဲ့ သေနတ် ကို ခါးကြားထိုးပြီး လူတွေကိုလိုက်ခေါ်တာတဲ့၊ ပင်လုံမြို့က နောင်လျန်ရွာဘက်မှာလည်း ဒေသခံအယောက် ၅၀ ကျော် အဖမ်း ခံရတယ်”ဟု လဲချားမြို့နယ်မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိ သျှမ်း တောင်အတွင်း သျှမ်းတပ်(၂)တပ် မှ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေခြင်း၊ လူငယ်များမရှိပါက မိခင်များပါ ခေါ်ဆောင် မှုပြုလုပ်နေသဖြင့် ပြည်သူများအခက်အခဲကြုံရကာ ထိုင်းနိုင်ငံသို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။ ယင်းကိစ္စ ဖြစ်စဥ်များနှင့် ပတ်သက်ပြီး အကြောင်းရင်း မေးမြန်းသိရှိနိုင်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့၏ ပြောရေးဆိုခွင့်များကို ကြိုးစားဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

၂။ AA ကို မထောက်ပံ့ရန် မာန်အောင်ဒေသခံများကို မြန်မာစစ်တပ် သတိပေး
August 1, 2022
ရက္ခိုင့်တပ်တော်(AA)နှင့် ပက်သက်ဆက်နွယ်မှုမပြုလုပ်ရန်နှင့် မထောက်ပံ့ရန် မာန်အောင် ဒေသခံများကို မြန်မာ စစ်တပ် က အစည်းအဝေးခေါ်ယူပြီး သတိပေးခဲ့ကြောင်းသိရသည်။ ဇူလိုင်လ ၂၉ ရက်နေ့က မာန်အောင်မြို့အခြေစိုက် ခမရ ၃၄၄ တပ်ရင်းမှလာရောက်ကာ ဘဲအင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးခေါ်ယူပြီး ထိုသို့သတိပေးခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ “သူတို့ပြောတာ ကတော့ အေအေနဲ့မပတ်သက်ဖို့၊ အလှူငွေကောက်ခံတာတွေ မလုပ်ဖို့ပြောတယ်။ ပြီးတော့ လောင်းကစားဝိုင်းတွေ မလုပ်ဖို့ပြောတယ်။ ကျန်တာကတော့မပြောဘူး”ဟု ၎င်းကဆိုသည်။ ထို့ပြင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု သံသယရှိသူများကိုလည်း မြန်မာစစ်တပ်က ရှာဖွေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကျနော့်အိမ်ကို လာစစ်တယ်။ တပ်သား အင်အားကတော့ ၂၀ လောက်ပါတယ်။ အေအေနဲ့ဆက်စပ်ပြီး လုပ်နေလား ဆိုပြီးမေးတယ်။ ကျနော်လည်းမလုပ်တော့ မလုပ်အကြောင်းပြောလိုက်တော့ မလုပ်ဖို့ကိုပဲပြောသွားတယ်။ ကျန်တာကတော့ ဘာမှပြောမသွားဘူး”ဟု ရှာဖွေစစ်ဆေးခံရသူတစ်ဦးက ဆိုသည်။ မြန်မာစစ်တပ်သည် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်ကာ မာန်အောင်မြို့နယ်အတွင်း ဝင်ထွက်သွားလာမှုများရှိနေပြီး ယခုကဲ့သို့ လှုပ်ရှားနေမှုကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

၃။ တန့်ယန်း က လမ်းခုလတ်တစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ်ကလေးမွေးခဲ့ရပြီးကလေး အသက် မရှင်ခဲ့
August 1, 2022
ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်အချိန် ရှမ်းမြောက် တန့်ယန်းမြို့နယ် လွယ်ဆိုင်းကျေးရွာရှိ ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးဟာ တောင်ယာပြန်တဲ့ လမ်းခုလပ်တစ်နေရာ ကလေးအရေးပေါ် မွေးဖွားခဲ့ရပြီး ကလေးလေး ဟာ အသက်မရှင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီလင်မယား ၂ ဦးကို တအာင်းကျန်းမာရေးအဖွဲ့အစည်းတစ်ခုက လာရောက်ကာ ဝိုင်းဝန်း ကြိုးစားပြီး မွေးဖွားနိုင်ဖို့ လုပ်ပေမယ့် ကလေးဟာ အသက်မရှင်ခဲ့ပဲ ဖြစ်သွားခဲ့ပါတယ်။ လိုက်လံကူညီခဲ့သူတစ်ဦးဖြစ်တဲ့ လွေးအေးလု က”သူတို့လင်မယားနှစ်ယောက်က တောင်ယာကနေ ရွာပြန်တာ။ တောင်အပြန် လမ်းတစ်နေရာမှာ သူကအရမ်း ဗိုက်နာလို့ဆိုပြီး ကျွန်မစီကို ဖုန်းဆက်လာတယ်။ အဲတာနဲ့ ကျွန်မက ရွာကဆေးခန်းဆရာမကိုခေါ်ပြီး သူတို့စီသွားလိုက်တာ။ အဲမှာရောက်တော့ ဆရာမစစ်ကြည့်တော့ အဲမှာမွေးဖို့ပဲလုပ်လိုက်တာ။ မွေးတော့ ကလေးက အသက်မရှိတော့ဘူး။ ရွာပြန်ဖို့ လဲအဝေးကြီးလို သေးတယ်။ သူယောက်ျားလဲ ဆိုင်ကယ် မစီးတတ်ဘူး။ ဘာမှမထူးဘူးဆိုပြီး အ့မှာပဲမွေးပေးလိုက်တာ။ မွေးလာ ကတည်းက ကလေးကအသက်မပါလာဘူး”လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသမီးတို့ဇနီးမောင်နံဟာ ချို့တည့်တဲ့မိသားစုတွေဖြစ်ကြပြီး ၎င်းရဲ့အမျိုးသားကလည်း ဦးနှောက်မပြည့် ဘူးလို့ ဆိုပါတယ်။ “သူတို့နှစ်ယောက်ပဲရှိတော့ မိသားစုက အဆင်မပြေကြဘူး။ ကိုယ်ဝန်ရင့်လဲ အလုပ်လုပ်ရတယ်။ တခါ တလေ သူတို့၂ယောက် စားဖို့ဆန်တောင်မရှိဘူး။ခက်ခဲတဲ့မိသားစု ထဲမှာပါတယ်”လို့ ဆိုပါတယ်။ ကလေးအမေဖြစ်သူကတော့ ကျန်းမာနေပြီး လက်ရှိကာလမှာ သူတို့လင်မယား ယာယီစားသောက်နိုင်ဖို့ အနည်းငယ်ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီကျေးရွာတွေဟာ တန်းယန်းမြို့နဲ့ ဝေးပြီး မိုးရာသီမှာ မြို့ပေါ်ဆင်းဖို့ အခက်ခဲရှိနေတာကြောင့် ကိုယ်ဝန်သည်အရေးပေါ် လူနာမကြာခဏ ရှိတတ်တဲ့ ကျေးရွာတွေဖြစ်ပါတယ်။

၄။ ဟားခါး-ထန်တလန်ကြား သီမစ်ချောင်းအောက်ပိုင်းတွင် ၃ နာရီကျော်ကြာ တိုက်ပွဲပြင်းထန်၊ စကစတပ် အင်အား အများအပြားဖြင့် ထိုးစစ်ဆင်
August 1, 2022
ယမန်နေ့ ဩဂုတ် ၁ ရက်နေ့ ညနေပိုင်းတွင် ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအောက်ပိုင်းတွင် ၃ နာရီ ကျော် ကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညနေပိုင်း ၄ နာရီခန့်မှစ၍ ည ၇ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့ ပြီး ပစ်ခတ်သံနှင့် ဗုံးသံများကို ဟားခါးမြို့ မြို့သစ်ရပ်ကွက်ကပင် ကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “အခု မိုးရွာနေတာတောင် သေနက်သံနဲ့ ဗုံးသံတွေ ကျနော်တို့ကြားနေရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက သီမစ်တံတား အောက်ပိုင်း ငိုင်သေးမန်း ဆိုတဲ့နေရာနဲ့ နီးတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၃၁ ရက်နေ့က သီမစ်လမ်းဟောင်း သုသာန်ဖက် (သီမစ်အထက်ပိုင်း) ကနေ စစ်ကြောင်း ထိုးခဲ့သော်လည်း မနေ့ ဩဂုတ် ၁ရက်နေ့တွင်မှု ဆန့်ကျင်ဖက်ဖြစ်သည့် သီမစ်‌အောက်ပိုင်း ‌နွယ်ချောင်းဖက်ကနေ စစ်ကြောင်း ထိုးခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် မတူပီဖက်သွားရာ ကျော်ဘုတ်ရပ်ကွက်ဖက်ကနေ စစ်ကြောင်းတစ်ကြောင်း စစ်ကူပြန်လွှတ်ခဲ့ပြီး အင်အများအပြားနဲ့ CNA နှင့် CDF ကို ထိုးစစ်ဆင်ခဲ့သည်။ မနေ့ညနေပိုင်းတိုက်ပွဲတွင် CNA နှင့် CDF ဖက်တွင် ကျဆုံးမှုမရှိဘူးလို့ သိရပြီး စကစတပ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေ မသိရှိရပေ။

၅။ သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
2 August, 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ ထီးညာလူကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ(၁) သထုံ ခရိုင်က သြဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် မနက် ၈ နာရီအချိန်လောက်မှာ စစ်ကောင်စီ လက် အောက်ခံ စကခ (၈) ပိန္နဲတောစခန်းကနေ ထီးညာလူကျေးရွာထဲကို လက်နက်ကြီး ၇ လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထီးညာလူကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီးနောက် အသက် ၄၈ နှစ်အရွယ်ရှိ နော်ကပေါ်ထူး သေဆုံးခဲ့ရပြီး သမီးဖြစ်သူ နော်ထွေးထွေးအေး နဲ့ တီးအောင်ဇေယျ တို့ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကြီး ထိမှန်ခဲ့တဲ့ နော်ထွေးထွေးအေးမှာ အသက် ၁၅ နှစ်သာရှိသေးပြီး ဘယ်ခြေနဲ့ ဘယ်လက်တို့မှာ ဒဏ်ရာ ရရှိခဲ့ကာ အသက် ၆၆ နှစ်အရွယ် တီးအောင်ဇေယျကလည်း လက်နက်ကြီးစထိမှန်ခဲ့တဲ့အတွက် အသက် အန္တရာယ်စိုးရိမ်နေရ ပြီး လက်ရှိမှာတော့ သထုံမြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေပေါတယ်။ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင် ကတော့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုအပေါ် လက်မခံနိုင်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်မှုတွေ ရပ်တန့်ပေးဖို့ လိုတယ်လို့ ပြောပါ တယ်။ သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်း ပစ်ခတ်နေတာကြောင့် ထုံးဘိုလေးကျေးရွာနဲ့ အနီးတစ် ဝိုက်က ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

၆။ ဒီးမော့ဆို စစ်ဘေးဒုက္ခသည်စခန်းထဲ လက်နက်ကြီးကျည်ကျလို့ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ
August 1, 2022
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို ဇူလိုင်လ ၃၁ ရက် ညနေ ပိုင်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက်မပြည့်တဲ့ ကလေး တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး ဒဏ်ရာရာခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦးကတော့ အသက် ၄၀ ကျော်အရွယ်တွေ ဖြစ်တယ်လို့ အဲဒီစခန်း တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။ “မနေ့က လေးနာရီကတည်းက ပစ်နေတာ။ ငါးနာရီမှာ စခန်းဘက်ကို ကျတယ်။ ဆုံးသွားတဲ့မိန်းကလေးက မာဂရက်လို့ခေါ်တယ်။ အသက်က ၁၃ နှစ်၊ ခုနစ်တန်း ကျောင်းသူလေး။ သူက အလောင်း တောင် ပြန်ကောက်လို့မရဘူး၊ တစ်စစီပျက်သွားတာ။ လက်နက်ကြီးကျတဲ့ အရှိန်ကြောင့် လေးဦး ဒဏ်ရာရတယ်။ အဲဒီအထဲက ဒဏ်ရာ အပြင်း အထန်ရတဲ့ အမျိုးသားက မာဂရက်ရဲ့အဖေ။ သူလည်း အခြေအနေ အရမ်းစိုးရိမ်ရတဲ့ အနေအထားပါ” မနေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးကျရောက်တဲ့ အကွာအဝေးကို သိလိုတာကြောင့် စမ်းသပ်ပစ်ခတ် တာ ဖြစ်နိုင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ဒဏ်ရာရရှိသူ အများစုဟာ ဦးခေါင်း၊ ကျောနဲ့ ခြေထောက် စတဲ့ နေရာတွေမှာ အများဆုံးဖြစ်ပြီး လက်နက်ကြီး အလုံး ရေ ၁၀ ချက်နီးပါး ပစ်ခတ်ခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ အဲဒီစခန်းမှာ ဒေါငံခါး၊ စံပြ (၅) မိုင်၊ စံပြ (၆) မိုင် နဲ့ ကုန်းသာရွာ စတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက ရွာပေါင်း ၁၁ ရွာကျော်က ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည် ၁၄၀၀ ကျော် စုပေါင်း နေထိုင်နေကြတာဖြစ်ပါတယ်။

၇။ PSLF/TNLA နိုင်ငံရေးသိပ္ပံကျောင်း ပထမဆုံးအကြိမ်ဖွင့်လှစ်
2 August, 2022
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ရဲ့ နိုင်ငံရေးသိပ္ပံကျောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် သြဂုတ် ၁ ရက်က တအာင်းတပ်မတော် ထိန်းချုပ်နယ်မြေမှာ ကျင်းပ ပါတယ်။ PSLF/TNLA တပ်ဖွဲ့အတွင်း နိုင်ငံရေး၊ အုပ်ချုပ် ရေးဌာနတွေမှာ ဦးဆောင်နိုင်သူတွေပေါ်ပေါက်လာစေဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးသင်ကြားချိန်ကာလ ၂ နှစ်ကြာမြင့်မှာဖြစ် ကာ စုစုပေါင်းဘာသာရပ် ၄၃ ခု သင် ကြားပေးသွားဖို့ရှိတယ်လို့ သင်တန်းကျောင်းကနေ သိရပါတယ်။ အဲ့ဒီဘာသာရပ်တွေထဲ မှာ တစ်ကိုယ်ရည် စွမ်းဆောင်မှု၊ စီမံခန့်ခွဲမှာဆိုင်ရာ ဘာသာရပ်အပြင် အခြေခံနိုင်ငံရေး၊ လူ့အခွင့်အရေး၊ ပထဝီ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာနိုင်ငံရေး စတဲ့ဘာသာရပ်တွေကို သင်ကြားပေးသွားမှာပါ။ PSLF/ TNLAက ပထမအကြိမ်ဖွင့်လှစ်တဲ့ နိုင်ငံရေး သိပ္ပံ ကျောင်းကို ကျောင်းသူ/သား ၃၅ ဦး တက်ရောက်နေတာ ဖြစ်ပါတယ်။

၈။ ကျောက်တော်မြို့မှာ AA တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ဒေသခံတစ်ဦး ဖမ်းဆီးခံရ
August 1, 2022
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားမှာ ဩဂုတ်လ ၁ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်း ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ သရက်တပင်ရွာက ဒေသခံတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သရက်တပင် ရွာသား ဦးမောင်စောသာနဲ့ AA တပ်ဖွဲ့ဝင်နှစ်ဦးတို့ဟာ မဟာမုနိဘုရား မြောက်ဘက် မုခ်ဝရှေ့မှာ ဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံ ရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ဒီနေ့ ၁၂ နာရီလောက်မှာ ဖမ်းသွားတာ။ အဲဒီဘုရား အနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကဖမ်းသွားတာ။ သူတို့ဖုန်းတွေကိုစစ်ဆေးတယ်။ ပြီးတော့ဖမ်းသွားတာပေါ့။ အဲဒီအနီးအနားမှာ စစ်မှုထမ်းဟောင်းတွေ ဆိုင်ရောင်းနေတာရှိတယ်။ သူတို့ကတိုင်ပြောလိုက်တာလို့သိရတယ်။ အရပ်သား တစ်ယောက် ကတော့ သူတို့ကို ဆိုင်ကယ်နဲ့ လာခေါ် တာဆိုပြီး ရောအဖမ်းခံလိုက်ရတာ” သုံးဦးစလုံးကို ကျောက်တော်မြို့နယ် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ထံ ခေါ်ဆောင် သွားတယ်လို့လည်းဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ AA နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ မေလကစလို့ စစ်ရေးတင်းမာ နေခဲ့တာဖြစ်ပြီး ဇွန်လနဲ့ ဇူလိုင်လတွေထဲမှာတော့ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိလာတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်းမှာ AA နဲ့ စစ်ကောင်စီ တပ်အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး နယ်ခြားစောင့်ရဲအချို့ သေဆုံးခဲ့သလို ရဲမှူးတစ်ဦး အပါ အဝင် ၁၄ ဦးနဲ့ လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ AA က ထုတ်ပြန် ထားပါတယ်။ အဲဒီတိုက်ပွဲနဲ့ ပတ်သက် လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ AA အဖွဲ့ရဲ့ ရန်စမှုဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ AA ပြောခွင့်ရ ဦးခိုင်သုခ ကလည်း နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်၊ မဖြစ်ကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှား မှုအပေါ်မှာ မူတည်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ RFA ကို ဖြေဆိုထားပါတယ်။

၉။ ရေးမြို့တွင် လူငယ်တစ်ဦးပစ်သတ်ခံရ
August 1, 2022
လမိုင်းပရဟိတအဖွဲ့ဝင်လူငယ်တစ်ဦး ယမန်နေ့ ည ၁၁ နာရီခန့်က ရေးမြို့နယ် လမိုင်းမြို့တွင် သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရကြောင်းသိရသည်။ ပရဟိတအသင်းရုံးမှ နေအိမ်သို့ပြန်စဉ် လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ရုပ်အလောင်း ကို လမိုင်းရဲစခန်းအနီးမှ ပြန်လည်ရရှိခဲ့သည်ဟု လမိုင်းပရဟိတအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။ “လမိုင်း ရဲ စခန်းနယ်ထိန်းက လှမ်းအကြောင်းကြားတာ ကျွန်တော်တို့ ရဲစခန်းမှာလူတစ်ယောက်ချဉ်းကပ်လာလို့ ကင်းပုန်းကပစ်လိုက် တာသေသွားပြီ အလောင်းတစ်ချက်လာသယ်ပေးပါပြောလို့ သွားကြည့်လိုက်တာ ကျွန်တော့လူဖြစ်နေတယ်”ဟုသူကပြော သည်။ ပရဟိတအသင်းသားများက သေဆုံးသူ၏ မိခင်ဖြစ်သူကိုသွားရောက် အကြောင်းကြားရန် နေအိမ်သို့သွားချိန် အလောင်း ကောက်ယူခဲ့သည့် နေရာနှင့် ခြောက်ဖာလုံခန့်အကွာရှိ နောင်တော်ကြီးစေတီဘေးလမ်းတွင် သေဆုံးသူ၏ ဆိုင်ကယ်၊ လက်ကောက်နှင့် သွေးကွက်များကို တွေ့ရှိခဲ့ပြီး အိမ်စီးကားတစ်စီးဖြင့် ပစ်ခတ်သတ်သွားသည်ကိုလည်း မျက်မြင်တွေ့ရှိသူရှိ ကြောင်း သူကဆက်ပြောသည်။

“ကလေးတစ်ယောက်က တွေ့လိုက်တာ အိမ်ရောက်ခါနီး လမ်းတစ်နေရာမှာ Honda Fit အဖြူရောင်နဲ့ လူနှစ်ယောက် က ဆင်းလာပြီး ပစ်သွားတာ။ ကားထဲ ဘယ်နှယောက်ပါလဲတော့ မသိဘူး သေနတ်နဲ့ လှမ်းပစ်လိုက်တာ အဲ့ကလေးရဲ့ အလောင်းကိုက ကားနဲ့သယ်သွားတယ်” ဟုသူကပြောသည်။ သေဆုံးခဲ့သူမှာ အသက် ၂၁ နှစ်ခန့်အရွယ်ရှိ မောင်လင်းအောင် ဆိုသူဖြစ်ပြီး ဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေနှစ်သိန်းခွဲခန့်နေ ထိုင်ပြီး ကျေးရွာအုပ်စု ၁၃ ခု ရှိကြောင်းသိရသည်။

၁၀။ ဝူယန်ပြည်သူ့စစ်ဂိတ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ဆေးမှုများတင်းကြပ်နေ
August 1, 2022
ကချင်လွတ်မြောက်ရေးတပ် (KIA) ကပစ်ခတ်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်ဂိတ်တွင် လမ်းသွားလမ်းလာပြည်သူများကို တင်းကြပ်စွာစစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။ ဖြတ်သန်းသွားလာသည့် ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများကို မှတ်ပုံတင်စစ်ဆေးခြင်း များပြုလုပ်နေပြီး မပါရှိပါက ဖြတ်သန်းသွားလာခွင့်မပြုဟု အမည်မဖော်လိုသည့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက The 74 Media ကိုပြောသည်။ “မှတ်ပုံတင်ပါလား၊ ဘယ်သွားတာလဲ၊ ဘယ်ကိုပြန်မလဲမေးတယ် ပြီးရင်ဖြတ်ခိုင်းတယ်။ စစ်တာတော့ တအားစစ်တယ်။ သူတို့ကြည့်ပြီး သံသယရှိတဲ့သူဆိုရင် မိန်းကလေးဆိုလည်းတအားစစ်တယ်။ ဒီညနေက ဖြတ်တုန်းကတောင် မိန်းကလေး နှစ်ယောက်ကို ဖုန်းတွေရောစစ်နေတာ။” ဟုပြောသည်။ ဝူယန်ပြည်သူ့စစ်ဂိတ်တွင် တပ်ဖွဲ့ဝင်အင်အား ၁၀ ဦးခန့်က စစ်ဆေးလျက်ရှိပြီး ဂိတ်အနီးတဝိုက်တွင်လည်း သေနတ်ကိုင်ဆောင်သူများက စောင့်ကြပ်လျက်ရှိကြောင်း သူကပြောသည်။

တောင်ယာ အခင်းလုပ်ကိုင်သည့် ဒေသခံပြည်သူများက ဝူယန်စစ်ဆေးရေးဂိတ်ကို နေ့စဉ် ဖြတ်သန်းသွားလာနေရပြီး ဂိတ်ပစ်ခတ်ခံရပြီးနောက် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ စစ်ဆေးမှုတင်းကြပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြော သည်။ “မှတ်ပုံတင်တွေစစ်တာ ဗုံးသံကြားပြီးနောက်မနက်ဆို ဝိုင်းမော်ဘက်ကလူတွေ မန်ဝိန်း၊ ဆိုင်လော်၊ နမော်ယန်ဘက် ခြံသွားလုပ်တဲ့သူတွေကို ဆိုင်ကယ်ပေါ်ကနေ ဆင်းခိုင်းပြီးမျ အကုန်လုံးကိုစစ်တယ်။ ယောက်ျားလေးတွေ ဓားလွယ်ပါတဲ့သူ တွေကို ဓားလွယ်အကုန်သိမ်းပေးလိုက်တယ်” ဟုသူကပြောသည်။ ဂိတ်တွင်ဖြတ်သန်းသွားလာသူများကို ဥပဒေမဲ့ ငွေကြေး ကောက်ခံမှုများရှိပြီး ခရီးသွားပြည်သူများကိုလည်း ယာဉ်မောင်းလိုင်စင် စစ်ဆေးမှုများလည်း မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။ ဝူယန်ပြည်သူ့စစ်ဂိတ်ကို ဇူလိုင်လ ၂၈ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ် ၁၀ ဦးသေဆုံးပြီး ကေအိုင်အေတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့သည်။

၁၁။ မူဆယ်မြို့လယ် မီးပွိုင့်အနီး ပြည်သူ့စစ် ၂ ဦး ထပ်မံ ပစ်ခတ်ခံရ
August 2, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့လယ် အမှတ် ၁ ဈေးမီးပွိုင့်အနီးတွင် ယနေ့ ဩဂုတ် ၂ ရက် ၁၁ နာရီဝန်းကျင်ခန့် ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။ အဆိုပါ ၂ ဦးသည် ဈေးမီးပွိုင့်အနီး ရပ်နေချိန်တွင် ဆိုင်ကယ် စီးလာ သည့် သူနှစ်ဦးကသေနတ်ဖြင့်ပစ်ခတ်လိုက်ကြောင်းသိရသည်။ “ဈေးနားရောက်ခါနီး မီးပွိုင့်နားမှာပစ်ခတ်ရတာ။ အဲ့နှစ်ယောက် က ပြည်သူ့စစ်ပဲ။ သူတို့ဘာလာလုပ်လည်းတော့ မသိဘူး။ သူတို့ကားရပ်နေတဲ့ချိန်မှာ ဆိုင်ကယ်စီးလာတဲ့သူက သေနတ်နဲ့ ပစ်သွားလိုက်တာ။ နှစ်ယောက်လုံးထိခိုက်ဒဏ်ရာရတယ်” ဟု မူဆယ်မြို့ မျက်မြင်တွေ့ခဲ့သည့် အသက် (၃၅) နှစ် အမျိုးသား က ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုကြောင့် ထိုပြည်သူ့စစ်နှစ်ဦး၏ လည်ချောင်း နှင့် ပါးစပ်တွင် ထိခိုက်သွားကြောင်းသိရသည်။ “သေတာတော့ မကြားသေးဘူး။ ဒဏ်ရာကတော့ လည်ချောင်း နဲ့ ပါးစပ်နား ထိသွားတယ်လို့ပြောတယ်။ ခနနေ သူများဆေးရုံ ခေါ်သွားမယ်ထင်တယ်” ဟု အထက်ပါ မျက်မြင်တွေ့သူက ပြောသည်။ အလားတူ ယမန်နေ့ သြဂုတ် (၁) ရက်နေ့မှာ ထို မီးပွိုင့် အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ (၂) ဦး သေဆုံးခဲ့ကာ ပြည်သူ့စစ်အပါအဝင် ယာဥ်ထိန်းရဲ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၁၂။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတစ်နေရာမှာ နှစ်လတာ ကွန်ပျူတာ သင်တန်းဖွင့်လှစ်
August 2, 2022
ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတစ်နေရာမှာ လူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး နှစ်လသာ အခြေခံ ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်လိုက်တယ်လို့ သင်တန်းဆရာတစ်ဦးက ပြောပါတယ်။ နွေဦးဂုရုလေးများ ပညာရေးစင်တာ လက်အောက်ကနေ ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ကစ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံလူငယ် စုစုပေါင်း၂၀ ဝန်းကျင်ကို စတင်သင်ကြားပေးနေတာဖြစ်ပါတယ်။ “ကျနော်တို့ဒီတော်လှန်ရေးကာလမှာ အခက်အခဲကြားထဲက အားတဲ့အချိန်လေးမှာ စိတ်မလေရအောင် တော်တော်များများကတော့ အနာဂတ်ပျောက်တယ်လို့ ခံစားနေကြရတယ်ပေါ့နော။ ကျနော်ကိုယ်တိုင်ကလည်း အဲ့ဒီလိုမျိုးခံစားနေရတယ်။ ဘယ်မှမသွားရတာချင်းအတူတူ ကိုယ်သွားနေတဲ့ နေရာမှာ တစ်ခုခု လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စလိုက်တယ်။ ဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။” လို့ သင်တန်းဆရာက ပြောပါ တယ်။ တစ်ရက်ကို နှစ်နာရီခန့် သင်ကြားပေးပြီး software အကြောင်း၊ Microsoft word၊ Excel၊ powerpoint စတာတွေကို အခြေခံအနေနဲ့ သင်ပေးသွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်က တိုက်ပွဲဖြစ်ပွားတဲ့နယ်မြေတွေမှာ လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကိုသွားတဲ့သူတွေ၊ စစ်ရှောင် စခန်းတွေမှာ လိုအပ်တာတွေကို ကူညီဆောင်ရွက်နေတဲ့သူတွေနဲ့ ပညာရေးကို ဆက်လက် သင်ယူနေကြတဲ့သူတွေ ရှိပါတယ်။ စစ်မြေပြင်ဖြစ်နေတဲ့အတွက် လုပ်ဆောင်နေကြတဲ့အခန်းကဏ္ဍတွေဟာ ပုံမှန်အခြေအနေတွေထက် အခက်အခဲ၊ လိုအပ်ချက် တွေ များစွာရှိနေတယ်လို့ ပြောကြပါတယ်။ ဒီလို အခက်အခဲတွေကြားထဲမှာ လူငယ်တွေဟာ သူတို့ရဲ့ အသိပညာ၊ အတတ် ပညာတွေနဲ့ပတ်သက်ပြီး ဆက်လက်သင်ယူနိုင်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

၁၃။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တစ်နေ့တည်းတွင် တိုက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့
August 2, 2022
ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ယနေ့(သြဂုတ်လ ၂ ရက်) နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပလက်ဝမြို့၊ အရှေ့ဘက် ကင်းချောင်းရွာနှင့် သူဌေးကုန်းတောင်(နွားတောင်)တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပေါက်ကွဲသံများ၊ လက်နက်ငယ်ပစ်ခတ်သံ များကြား ရကြောင်း ပလက်ဝဒေသခံတစ်ဦးက ဆိုသည်။ “ဒီနေ့မနက် ၁၀ နာရီကတည်းက ကင်းချောင်းရွာနားကနေ လက်နက်ကြီးရော လက်နက်ငယ်ရော ဆက်တိုက်ပစ်နေပါတယ်။ မနက်ကတည်းနေ ပစ်နေကြတာ၊ အခုထိ တိုက်ပွဲကမပြီးသေးပါဘူး။ အချက် ၆၀ လောက်ရှိပါပြီ”ဟု ၎င်းက ညနေ သုံးနာရီခန့်တွင်ပြောသည်။ ထို့ပြင် ယနေ့နံနက် ၁၀ နာရီနှင့် ၁၁ နာရီကြားတွင်လည်း မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင်အမှတ် ၄၀ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားလိုက်ရကြောင်း မီးတိုက်ကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

မိုင်တိုင် ၄၀ နှင့် အနီးစပ်ဆုံးကျေးရွာများမှာ မီးတိုက်ကျေးရွာ၊ သင်္ဘောလှကျေးရွာ၊ မင်းခမောင်း၊ မင်္ဂလာညွန့်ကျေးရွာ၊ တမန်းသားကျေးရွာတို့ရှိပြီး မီးတိုက်ကျေးရွာနှင့် အနီးဆုံးဖြစ်ကာ ၄ မိုင်ခန့်သာ ကွာဝေးသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG ဆက်သွယ်နေဆဲဖြစ်ပြီး ပြည်နယ်စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ ရက္ခိုင်ဒေသ အတွင်း၌ မြန်မာစစ်တပ်သည် စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်၍ မိဘပြည်သူများအနေဖြင့် သတိထားသွားလာကြရန်နှင့် စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် က ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၁၄။ မံစီ စီအူ ကျေးရွာရှိ နေရပ်ပြန် စစ်ရှောင်များ လုပ်ကိုင်စားသောက်ရေးတွင် အခက်အခဲဖြစ်နေ
2 August 2022
မံစီမြို့နယ် နမ်လင်းပါအနီးတွင် ပြန်လည်နေရာချထားသော စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှု မရရှိတော့ သဖြင့် ခက်ခဲမှု ရှိနေကြောင်း သိရသည်။ နမ်လင်းပါကျေးရွာမှ မိုင် ၂၀ ခန့်ဝေးသည့် စီအူ ကျေးရွာတွင် ပြန်လည်နေရာချထား သော စစ်ရှောင်များသည် ထိုနေရာတွင် ၃ နှစ်ကျော်ခန့် ဖြစ်ကျော်လာခဲ့ပြီးနောက် နောက်ပိုင်း ကိုယ်ပိုင်ရပ်တည်နိုင်ရန် ခက်ခဲ နေသည်ဟု စီအူ စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။ “ကျနော်တို့ နားလည်သိခဲ့တာက ဒီဘက် နမ်ခန်ရွာမှာ ပြန်လည် နေရာချထားပေးပြီး ၃ နှစ်လောက်ထိတော့ အနည်းအကျဉ်း စာနာထောက်ထားမယ်ဆိုပြီး မျှော်လင့်ခဲ့တာ ဒါပေမဲ့ ပြန်ဖြစ် လာတာက တစ်ခြားစီ ဖြစ်သွားတယ်။ အိမ်ရပြီဆိုတာနဲ့ ပြီးရော၊ ဘယ်သူမှ ဘယ်ဘက်ကမှ အချိတ်အဆက်မရှိတော့လို့ အရမ်းသိမ်ငယ် အထီးကျန်ဆန်သလို ခံစားနေရတယ်။ ကျနော်တို့က အခြေခံပစ္စည်းတွေကအစ ဘာမှမရှိတော့တဲ့ သူတွေဆို တော့ အိမ်ရှိတော့ အိမ်မှာခိုလှုံပြီး ပတ်ဝန်းကျင် လယ်ယာ အခင်းပဲ အားကိုးပဲ ဖြတ်ကျော်နေရတာပေါ့။” ဟု စီအူ စစ်ရှောင် ပြည်သူ တစ်ဦးက ပြောသည်။ ပြန်လည်နေရာချထားသော မြေနေရာသည် လယ်ယာမြေ လုပ်ကိုင်စားသောက်နိုင်သောကြောင့် ၎င်းတို့အတွက် အထောက်အကူရရှိစေရန် လယ်ယာမြေသုံး စက်ယန္တရားများကို ကူညီထောက်ပံ့ပေးစေလိုသည်ဟု ဆိုသည်။

KBC လူသားချင်စာနာထောက်ထားမှုအဖွဲ့ KHCC မှ ၎င်းတို့အတွက် နေအိမ် ၄၀ ကျော် တည်ဆောက်ပေးထားပြီး လူဦးရေ ၁၅၀ ကျော်ရှိသည်ဟု သိရသည်။ “KBC ကဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ်၊ KIO ကဖြစ်ဖြစ်ပေါ့ စစ်ရှောင်ဆိုလို့ နေရာတကာ ခက်ခဲတဲ့ စစ်ရှောင်တွေ ချည်းပဲတော့ ရှိလိမ့်မယ်။ ကျနော်တို့က ဒီနေ့ချိန်ထိ တိုက်ပွဲကြောင့် ကိုယ့်အိမ်၊ ကိုယ့်နေရာကို ထားခဲ့ပြီ။ ဒီနေ့ထိ တစ်ခါမှ ပြန်လည့်မကြည့်ခဲ့ရတဲ့ သူတွေဖြစ်တယ်။ ဒါကြောင့်ရှိတဲ့ ပစ္စည်းအားလုံးလည်း ထားခဲ့ပြီးဖြစ်တယ်။ အဖွဲ့အစည်းတွေဘက်က ကြည့်ခဲ့သမျှတွေကိုလည်း ကျေးဇူးတင်မဆုံးပါ။ ဆက်လက်ပြီးတော့လည်း အခုဒီမှာ နေရာပေးထားပြီ ပြီးပြီမဟုတ်ပဲ ဖြစ်နိုင်ရင် လုပ်ကိုင်စားသောက်ရေးမှာလိုအပ်တဲ့ ပစ္စည်းတွေကို အနည်းအကျဉ်း ဖြစ်ဖြစ် ကူညီထောက်ပံ့ပေးပါအုံးလို့ တောင်းဆိုချင်ရခြင်းဖြစ်ပါတယ်။” ဟု ၎င်းက တောင်းဆိုသည်။ ထို့အပြင် သောက်သုံး ရေနှင့် အိမ်သာအစရှိသည်တို့လည်း ခက်ခဲနေသကဲ့သို့ ကျန်းမာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများလည်း လိုအပ်နေသည်ဟု ပြောသည်။ စီအူ ပြန်လည်နေရာချထားရေးစခန်းတွင် ရှိနေသည့် စစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၁၆- ၂၀၁၇ ခုနှစ် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား မန်ဂေါင်ကျေးရွာ၊ နမ့်ငေါန် ၊ ဖဂါကောင့် နှင့် အောင်နန် အစရှိသည့် ကျေးရွာများမှ မိုင်းခေါင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူများ ဖြစ်သည်။

၁၅။ မုံးကိုး နေရပ်မပြန်နိုင် စစ်ရှောင် စားနပ်ရိက္ခာ ခက်ခဲနေ
August 2, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့ပေါ်တွင် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ရှောင်များ သည် နေရပ်ကျေးရွာသို့ မပြန်သေးသဖြင့် စားနပ်ရိက္ခာခက်ခဲနေကြောင်း စုံစမ်းသိရသည်။ မုံးကိုး စစ်ရှောင် (၈၀၀) ကျော်သည် (၄) လခန့် ကြာပြီး အလှူရှင်များ မရှိသောကြောင့် ယခုကာလတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ ခက်ခဲနေကြောင်း မုံးကိုးစစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အဆိုပါ စစ်ရှောင်များသည် ပန်ဆိုင်း၊ ဖောင်းဆိုင် နှင့် မုံးကိုး အနီးကျေးရွာများ ဖြစ်ကြပြီး စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် MNDAA တို့ စစ်ဆေးလှုပ်ရှားနေသဖြင့် နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။ “ကျနော် (၃-၄) လဝင်လာတော့ အလှူတွေ မရတော့တဲ့ အခြေနေရှိလာတယ်။ ကျနော်တို့ ဒီမှာလာပြီး စစ်ဘေးရှောင် လာရတာ (၁) နှစ် ရှိပြီ ၊ သိပ်ပြီးတော့မှ ဒီဖက်ဒေသက အကူညီမပေးနိုင် တော့ဘူး၊ အချိန်ကြာလာ တာနဲ့အခါ တခြားဟာနဲ့ ဖြေရှင်းနေတာတော့ တော်တော်ခက်ခဲတယ်” ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ရှောင်များ ယခင်က လယ်ယာ စိုက်ပျိုးချိန်တွင် နေ့စားဖြင့် လုပ်ကိုင်စားသောက်နေရသော်လည်း ယခုကာလ လယ်ယာစိုက်ပျိုးပြီးချိန်တွင် စစ်ရှောင်များအတွက် အလုပ်လက်မဲ့များဖြစ်ခဲ့ကြောင်း မုံးကိုး ဒေသခံတစ်ဦးက ပြောသည်။ “ အခု က အလုပ်ကိုင်မရှိတော့ဘူး၊ ကြံလည်း ခုတ်ပြီး စပါးလည်း စိုက်ပြီးတော့ သူတို့အလုပ်လည်း မရှိတော့ဘူး။ အရင်က သူတို့ နေ့စားသွားလုပ်ကြတယ်၊ အခုကဘာအလုပ်မှ မရှိတော့ သူတို့မှာ အစားသောက် ဝယ်စားဖို့ ပိုက်ဆံလည်း မရှိတော့ဘူး” ဟု ၎င်းကပြောသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ နှင့် MNDAA တပ်တို့ သျှမ်းမြောက် မုံးကိုးမြို့နယ် အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင် ရာချီထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

၁၆။ ဟားခါး-ထန်တလန်အကြား ခရီးသွားလာခြင်းမပြုရန် CDF-Zophei ထပ်မံသတိပေး
August 2, 2022
ဟားခါး-ထန်တလန်အကြား သီမစ်ချောင်းအောက်ပိုင်းတွင် စစ်ကြောင်းထိုးလာသော စကစတပ်သည် ယနေ့တွင် လည်း ဟားခါးဖက်မပြန်ဘဲ အဆိုပါနေရာတစ်၀◌ိုက်တွင် ဆက်လက်ရှိနေသေးတာကြောင့် မိဘပြည်သူများအနေနဲ့ ဟားခါး-ထန်တလန်အကြား ခရီးသွားလာခြင်း လုံး၀မပြုလုပ်ကြရန် CDF-Zophei က အသိပေးထုတ်ပြန်သည်။ CNA, CDF-Zophei, CDF-Thantlang နှင့် CDF-Hakha ပူးပေါင်းတပ်ဖွဲ့နှင့် စကစတပ်အကြား မနေ့ ဩဂုတ် ၁ရက်နေ့ ညနေပိုင်း ၂နာရီခွဲမှ ည ၈နာရီအထိ သီမစ်အောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးပူးပေါင်တပ်ဖွဲ့ဖက်တွင် ကျဆုံးမှုမရှိဘူးလို့ ထုတ်ပြန် သည်။ စကစဖက်က သေဆုံးသွားတဲ့ စစ်သားအလောင်းတစ်လောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က ရရှိသော်လည်း ညပိုင်းဖြစ်တာကြောင့် စကစဖက်တွင် အခြားသေဆုံးထိခိုက်မှုရှိမရှိမသိရှိနိုင်ကြောင်း ဖော်ပြထားသည်။ စကစတပ်သည် သီမစ် တွင် အခြေချနိုင်ရန် တပ်အင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလျှက်ရှိပြီး မိဘပြည်သူများအနေနဲ့ သီမစ်-ကြောင်ထီး ယားရွာ အကြားနှင့် ဟားခါး-ထန်တန်အကြားတွင် ခရီးသွားလားခြင်းမပြုကြရန် အသိပေးထားသည်။

၁၇။ ကယားပြည်နယ်မှာ အာဏာသိမ်း တစ်နှစ်ခွဲအတွင်း ဒေသခံ သုံးရာနီးပါး သေဆုံး
August 1, 2022
စစ်တပ်က အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ တစ်နှစ်ခွဲအတွင်း ကယား (ကရင်နီ) ပြည်နယ် ထဲမှာ အရပ်သား ၂၉၃ ဦး သေဆုံးတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီအထဲမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်တာနဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရ သူပေါင်း ၂၅၅ ဦးရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရသူ ၃၈ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)တာဝန်ရှိသူတစ်ဦးကအခုလိုပြောပါတယ်။ “စစ်ရှောင်ရင်းသေဆုံးသူတွေက သက်ကြီးရွယ်အိုနဲ့ ကလေးတွေများတယ်။ စစ်ဘေးဒုက္ခသည်စခန်းမှာ လက်နက်ကြီးကျလို့ သေဆုံးတာ၊ အစာအာဟာရနဲ့ ဆေးဝါး မလောက် လို့ သေဆုံးရတာတွေလည်းပါတယ်။ တချို့ကတော့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဖမ်းဆီးတာခံရပြီး သတ်ဖြတ်ခံရတာ တွေ လည်းပါတယ်” တစ်နှစ်ခွဲအတွင်း ဖမ်းဆီးခံထားရသူပေါင်း ၂၆၀ အထိရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၃၉၃ ကြိမ်ဖြစ် ခဲ့သလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၁၄၇ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက် က ၁၄၅၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၁၅၇ ကြိမ်လုပ်ခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၂၃ လုံးနဲ့ အရပ်သားနေအိမ် ၁၁၃၃ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ စတဲ့ မြို့နယ်တွေ က ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂၁၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေဟာ ဒီးမော့ဆို အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ အများဆုံး ခိုလှုံနေရပြီး ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူ တွေက ပြောပါတယ်။

၁၈။ မူဆယ်မြို့နယ် ဘတ်နွမ်‌ကျေးရွာဟောင်းတွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွား
August 2, 2022
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ လူသူနေထိုင်ခြင်းမရှိသော ဘတ်နွမ်‌ကျေးရွာဟောင်းတွင် ယမန်နေ့ည ၈ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တိုကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ကချင် လွတ်မြောက်ရေးတပ်(KIA) တပ်ရင်း (၉) တပ်ခွဲ (၂)ရှိရာ တပ်စခန်းရှိရာ နေရာသို့ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ထိုက်သည့် သတင်းရင်းမြစ် တစ်ဦးက The 74 Media ကိုပြောသည်။ “သူတို့( စစ်ကောင်စီ)က ကေအိုင်အေတွေရဲ့နယ်မြေထဲလာနေနေတာ။ အဲ့မှာ ကေအိုင်အေက လူတွေသွားပစ်လိုက်တာ။ အဲ့မှာသူတိုကလည်း ပြန်ပစ်နဲ့။ ရွာဟောင်းအဲ့မှာက လူမနေဘူး။ အဲ့လောက်ပစ် ရင်က သူတို့( စစ်ကောင်စီ)တွေ တော်တော်သေလောက်တယ်။ အဲ့ဒါကြောင့်လက်နက်ကြီးတွေနဲ့ပစ်ကူတာပေါ” ဟုပြောသည်။

တိုက်ပွဲသည် နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က မိနစ်သုံးဆယ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။ ဘတ်နွမ်‌ကျေးရွာဟောင်းသည် လူသူမနေထိုင်တော့သည့် ကျေးရွာဟောင်းတစ်ခုဖြစ်ပြီး ဒေသခံများမှာ အခြား ကျေးရွာများနှင့် စစ်ရှောင်စခန်းများတွင်နေထိုင်နေကြောင်းသိရသည်။ အလားတူ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ အနီး တွင် ဇူလိုင် ၂၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် (MNDAA) တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ မူဆယ်မြို့ နယ်တွင် ၂၀၁၄ သန်ခေါင်စာရင်းအရ လူဦးရေတစ်သိန်းခန့်ရှိပြီး ကျေးရွာအုပ်စု ၁၆ခုရှိကြောင်းသိရသည်။

၁၉။ သုဝဏ္ဏဝတီမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
August 1, 2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်က္ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ အုပ်ချုပ်ရေး မှူးရုံးရှေ့တွင် ဇူလိုင် ၃၁ ရက် နေ့လည် ၁ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဘီးလင်းမြို့နယ်မှ သထုံမြို့နယ်ဘက်သို့ စကစ် (၃၆) နှစ် ‌မောင်းနှင်ပြီး ဒေါ်သေးသေး (၅၉)နှစ် လိုက်ပါလာသော Dream 125 မော်တော်ယာဉ်သည် လမ်းဖြတ်ကူးလာသော ကျိုက္ကော်ရပ်ကွက် ဘုရားကြီးလမ်းနေ ဒေါ်မြင့်မြင့်ဝင်း(၅၃) နှစ်အား ဝင်ရောက်တိုက်မိခဲ့သည်။ အဆိုပါ တိုက်မှုကြောင့် တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိကာ သထုံမြို့ဘက်မှ ဘီးလင်းမြို့ ဘက်သို့ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နေ ကိုဖြိုးဇော်ဦး (၃၆) နှစ် မောင်းနှင်လာသည့် MITSUBISHI CANTER အမျိုး အစား ယာဉ်အား မျက်နှာချင်းဆိုင်တိုက်ခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာ စကစ် (၃၆) နှစ်သည် ကားအောက်သို့ ရောက်ရှိသွားကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အေးမြဖြူစင်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ကျနော်တို့လည်း ရောက်တာနဲ့ ဆေးရုံတိုက်ရိုက်ပို့ ပေးလိုက်တယ်။ ဆေးရုံရောက်တော့ဆရာဝန်နဲ့ ဆရာမ လာကြည့်တော့ အခြေအနေမကောင်းဘူး။ သေပြီးဆိုလို့ ရင်ကွဲရုံ ကိုပို့ပေးခဲ့တယ်”ဟု ၎င်းကပြောသည်။ ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ အမျိုးသမီး နှင့် ဆိုင်ကယ်တိုက်ခံရသူ အမျိုးသမီး တို့မှာ ပွန်းပဲ့ဒဏ်ရာများသာရရှိခဲ့ပြီး မစိုးရိမ်ရ အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ဒဏ်ရရှိသူ အမျိုးသမီး နှစ်ဦး ကို သထုံမြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထပ်ပြောသည်။ ယာဉ်မတော်တဆမှုဖြစ်စဉ် နှင့် ပတ်သက်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင်သူ စကစ် (သေဆုံးခဲ့သူ) အပေါ်သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

၂၀။ ကျေးရွာ မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်များအား ရဲနှင့် စစ်တပ်ယူနီဖောင်းများပေး၀တ်ကာ လုံခြုံရေး ကင်းစောင့်ခိုင်း
August 1, 2022
ဖားအံမြို့တွင် ဇူလိုင်လ ၁၅ ရက်နောက်ပိုင်းမှစတင်၍ စစ်ကောင်စီထောက်ခံသည့် မြို့နယ်အတွင်း ကျေးရွာများမှ -မဘသ၊ ပျူစောထီး၊ ပြည်သူ့စစ်တို့မှ စစ်သင်တန်းတက်ရောက်ပြီးသူ အရပ်သားအချို့အား ရဲနှင့်စစ်တပ်ယူနီဖောင်းများ ၀တ် ဆင်စေ၍ လှိုင်းဘွဲ-ဖားအံလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များနှင့် မြို့တွင်းလုံခြုံရေးတိုးမြှင့်ချထားခြင်း၊ ညဘက်ဧည့်စာရင်း စစ်ဆေးမှုများတွင် စစ်ကောင်စီတပ်များနှင့်တွဲဖက်၍တာ၀န်ချထားခိုင်းစေမှုများ လုပ်ဆောင်ရာတွင် ပါ၀င်ရသူများရှိနေကြောင်း ဖားအံဒေသခံများကပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းက ဖားအံမြို့အမှတ် ၉ ရပ်ကွက်တွင် ပြုလုပ်သည့် စစ်အာဏာ သိမ်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များ၏ လုံခြုံရေးတိုးမြှင့်ရေးအတွက် မြို့အ၀င်ဂိတ် များ အင်အားဖြည့်ရန်နှင့် ရပ်ကွက်များ လုံခြုံရေးပတ်ကင်း၊ ရပ်ကင်း၊ ၀တ်ကင်းများ၊ ဧည့်စာရင်းများစစ်ကြရန် အစည်းအဝေး ပြု လုပ်ပြီးနောက် ယခုလို လုပ်ဆောင် လာခြင်းဖြစ်သည်ဟု တောင်ကလေးကျေးရွာ ဒေသခံတစ်ဦးက ယခုလိုပြောသည်။ သူက “တောင်ကလေးဘက်က မဘသတို့၊ ကြံ့ခိုင်ရေးတို့ အမာခံရှိတဲ့ရွာတွေက စစ်သင်တန်းပေးထားသူတွေကိုခေါ်ပြီး ရဲနဲ့တပ် ယူနီ ဖောင်းနဲ့ လုံခြုံရေးလိုက် နေကြရတွေ့ ရတယ်၊ စစ်တပ်နဲ့ ရဲနဲ့တွဲပြီး သူတို့နေ့ဘက်၊ ညဘက် ဂိတ်တွေ အထိုင်စစ်တာ၊ ရပ်ကွက် ဧည့် စာရင်းစစ်ရာမှာပါကြရတယ်။ ရပ်ကွက်တွေရွာတွေဘက်လူစိမ်းအ၀င်အထွက် ရှိမရှိတွေသတင်းပို့ပေးရတယ်”ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီထောက်ခံသည့် အရပ် သတင်းပေးများ၊ နယ်ခြားစောင့်တပ်-BGF တပ်နှင့် ရဲတပ်ဖွဲ့တို့၏ စစ်ဆေးဖမ်းဆီးမှုများကြောင့် ဖားအံမြို့နယ် အနီးတစ်ဝိုက် တွင် နေထိုင်ကြသည့် ဒေသခံများမှာ နေထိုင်သွားလာရေး အခက်တွေ့နေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။ မိဇံကျေးရွာသားတစ်ဦးက “ကျနော်တိုရွာဘက်တွေမှာ ဖားအံ မသွားရဲကြဘူး၊ ဖုန်းစစ်၊ ဆိုင်ကယ်စစ်၊ ငွေညှစ် ၊ အမှုဆင်ဖမ်းပြီး ချုပ်ထားတာတွေ ခံကြရတဲ့ ရွာသားတွေ လူငယ်တွေ ကြုံရခံရဘူးတော့ ရွာအပြင် သိပ်မသွား လိုကြတော့ဘူး၊ ရွာကနေ ဖားအံသွားမယ်ဆို စစ်တပ်၊ BGF၊ ရဲ နဲ့ သတင်းပေးတွေရှိတဲ့ စစ်ဆေးရေး ဂိတ်တွေက ၅ ဂိတ်လောက်ဖြတ်ရတယ်၊ တစ်နေရာ တစ်မျိုးစစ်တာ၊ မေးတာတွေက ခတ်ရိုင်းရိုင်း ဆက်ဆံတယ်၊ ဖုန်းမပါရင်လည်းဆဲတယ်။ ပါရင်လည်း ဖုန်းထဲအကုန်ဖွင့်ပြခိုင်းပြီး သူတို့ စိတ်လိုမှ ပြန်ပေးပြီး ဆက်သွားခိုင်းတာမျိုး ကြုံကြရတယ်”ဟု ပြောသည်။ ဖားအံမြို့ ရပ်ကျေးနယ်ဒေသတွင်း ကရင် လက်နက်ကိုင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြသည့် ပူးပေါင်း အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားမှုမရှိ သေးသော်လည်း ကြာအင်ဆိပ်ကြီး၊ ဖာပွန်၊ ကော့ကရိတ်၊ မြ၀တီ၊ သံတောင်မြို့ဘက်တွင် တိုက်ပွဲများနေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။ ထို့အတူ လှိုင်းဘွဲမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်များ နှစ်ဘက်စစ်ရေး တင်းမာမှု များရှိနေကြောင်း နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။

၂၁။ ဂွမြို့နယ်တွင် ဒဏ်ရာများဖြင့်လဲကျနေသူ တစ်ဦးနှင့် သေဆုံးနေသူတစ်ဦးတို့ကို တွေ့ရှိ
August 2, 2022
ဂွမြို့နယ်၊ ရှားဖြူကွင်းကျေးရွာအနီး ကားလမ်းပေါ်တွင် ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသမီးတစ်ဦး အလောင်း နှင့် ဒဏ်ရာများဖြင့်လဲကျနေသော အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက ကားလမ်းပေါ်တွင် အမျိုးသမီးနှစ်ဦး ဒဏ်ရာများဖြင့်လဲကျနေသဖြင့် ဆေးရုံသို့ပို့ဆောင်ရန် ဂွမြို့နယ်ရဲစခန်းမှ အကူအညီ တောင်းခံသောကြောင့် သွားရောက်ယူဆောင်ရာတွင် တစ်ဦးမှာသေဆုံးလျက်ရှိပြီး ကျန်တစ်ဦးမှာဒဏ်ရာရရှိထားသည် ကိုတွေ့ ရသည်ဟု ကင်းရုံးလူငယ်ပရဟိတအသင်းမှ ကိုဖိုးချစ်ကပြောသည်။ “အမျိုးသမီးနှစ်ဦး လဲကျနေတာကို ဆေးရုံသို့ ပို့ဆောင်ဖို့ အတွက် ရဲစခန်းက အကူအညီတောင်းလာလို့ ကျနော်တို့သွားသယ်ပြီး ဆေးရုံပို့ပေးခဲ့ကြတယ်။ အမျိုးသမီး ၂ ယောက်မှာ တစ်ယောက်ကတော့ ခေါင်းပွင့်ပြီးသေနေတယ်။ နောက်တစ်ယောက်ကတော့ ခြေထောက်ကျိုးနေတယ်။ ပြီးတော့ ခေါင်း လည်းကွဲနေတယ်”ဟု သူကဆိုသည်။

လက်ရှိ ဆေးရုံတင်ထားသောအမျိုးသမီးမှာ သတိလစ်နေပြီး ဂွမြို့နယ်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှု ခံယူနေရသည်။ သေဆုံးသွားသောအမျိုးသမီးမှာ အသက် ၁၃ နှစ်အရွယ်ဖြစ်ပြီး သတိလစ်နေသည့် အမျိုးသမီးမှာ အသက် ၂၀ ခန့်အရွယ်ဖြစ်ကာ မွတ်ဆလင်အမျိုးသမီးများဟုယူဆရကြောင်း ‌ဒေသခံများကဆိုသည်။ ၎င်းတို့သည် ကားပေါ်မှ ပြုတ်ကျကျန်လိုက်ကာ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဖြစ်နိုင်ကြောင်း ဂွမြို့နယ်ကင်းရုံးလူငယ်ပရဟိတအသင်းမှ ကိုဖိုးချစ် က‌ ပြောသည်။ အဆိုပါ သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် ဂွမြို့နယ် ရဲစခန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပါ။

၂၂။ ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကွတ်ခိုင်က ကလေးငယ်ကို လေးလကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ ပေးမတွေ့တာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေ
August 2, 2022
ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးမန်ပြိန်းအုပ်စု မန်ပြိန်း ကျေးရွာက ၁၆ နှစ်အရွယ် မိုင်းအိုက်မြဆိုတဲ့ ကလေးငယ်ကို လေးလကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ ပေးမတွေ့တာ ကြောင့် စိုးရိမ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ မိုင်းအိုက်မြရဲ့ မိခင်က “ကျွန်မတို့က သူတို့ဆီသွားမေးတာ ၇ ကြိမ် ၈ ကြိမ်လောက်ရှိပြီ။ တစ်ခါသွားတာ တာဝန်ရှိသူတွေ မရှိဘူးပြောလိုက်။ အမျိုးမျိုးပေါ့။ ကျွန်မသားနဲ့ တွေ့ချင်တယ်လို့။ သူတို့ ပြောတာတော့ မင်းရဲ့သားကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲထားတာတဲ့။ ဘာမှ စိတ်မပူနဲ့တဲ့။ သူရှိတဲ့နေရာကို ခေါ်သွားပြီး ပေးတွေ့ပါလားဆိုတော့လည်း မရဘူး”လို့ ပြောပါတယ်။ အိုက်မြဟာ ပြစ်မှုကျူးလွန်ထားလို့ ဖမ်းဆီးထိန်းသိမ်း ထားတာဖြစ်တယ်လို့ ပြောဆိုပေမယ့် ဘာပြစ်မှုကျူးလွန်လို့ ဘယ်နေရာကို ဘယ်လိုပုံစံနဲ့ ဖမ်းထားတယ်ဆိုတာကို ဒီနေ့ အချိန်အထိ မသိရှိရတာကြောင့် စိတ်ပူနေရပြီး အပြစ်ရှိရင် မိသားစုဝင်တွေကို ပွင့်ပွင့်လင်းလင်းပြောပြစေတယ်လို့လည်း သူမကဆိုပါတယ်။

ဆက်လက်ပြီး သူမက “ကျွန်မလည်း တစ်ယောက်ထဲဆိုတော့ ခက်ခဲတယ်။ အိမ်မှာက သူ့ညီလေးပဲရှိတော့တာလေ။ သူများတွေက ပြောကြပါတယ် ဒီဟာလုပ်ပါလား။ ဒီလိုလုပ်ပါလားပေါ့ အခုက ဘာလုပ်လုပ် ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မရ တာလေ။ ကျွန်မက TNLA တို့ရော ရွာက တာဝန်ရှိသူတွေနဲ့ရော အကူအညီတောင်းပြီး သွားကြတယ်။ ဘာမှလည်း မထူးလာ သေးဘူး။ ကြားသိရတာတော့ သားက ကာလိုင်ဘက်မှာ သူတို့နဲ့ ရှိနေတယ်။ သေသေချာချာတော့ သူတို့မပြောဘူး”လို့ပြောပါ တယ်။ မိုင်းအိုက်မြဟာ ကွတ်ခိုင်မြို့ ရက်ကွက် ၆ မှာရှိတဲ့ ဆွေမျိုးအိမ်မှာ နေထိုင်ပြီး တရုတ်စာသင်ကြားနေသူ တစ်ဦးဖြစ်ပြီး ကိုးကန့် တပ်ဖွဲ့က လွန်ခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ နေအိမ်ထိလာရောက် ဖမ်းဆီးသွား တာလို့ ဆိုပါတယ်။

၂၃။ နာဂဒေသရှိ နေ့စားလပေး ကျောင်းဆရာ၊ ဆရာမများ နေ့စားခ မရ
1 August 2022
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နေ့စားလပေးဖြင့် ဝင်ရောက်လုပ်ကိုင်နေသည့် ဒေသခံ ကျောင်းဆရာ၊ ဆရာမများ နေ့စားခ မရရှိကြောင်း သိရသည်။ စစ်ကောင်စီက ဇွန်လကတည်းက ကျောင်းများ ပြန်ဖွင့်ခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့တွင် ကျောင်းများပြန်ဖွင့်ခဲ့သည်။ နေ့စားလပေးဆရာမအဖြစ် ၄ နှစ်ထိ လုပ်ခဲ့သော်လည်း တရားဝင်ကျောင်းဆရာမအဖြစ် သတ်မှတ်ခြင်း မခံရသေးသည့်အပြင် နေ့စားခလည်း မရကြောင်း ဆရာမ တစ်ယောက်က ပြောပါသည်။ နေ့စားခ မရသည့်ကိစ္စကို သက်ဆိုင်ရာပညာရေးမှူးရုံး၊ ဒေသဦးစီးတို့ကို မေးကြည့်သော်လည်း မသိရှိကြောင်းသာ ပြန်ပြောခဲ့သည်ဟု နေ့စားကျောင်းဆရာမတစ်ယောက်က ပြောပါသည်။ “ဘယ်ကပေးနေမှန်း မသိဘူးဆို ပြီး မြို့နယ်ပညာရေးရုံးကို မေးကြည့်တော့ အဲလိုပြောတယ်၊ ခရိုင်ကို မေးကြည့်တော့လည်းမသိဘူးတဲ့၊ ဒေသဦးစီးကို မေးကြည့် တော့လည်း မသိဘူးတဲ့”ဟု ဆရာမကဆိုသည်။ နေ့စားလပေး ဆရာ၊ ဆရာမများကို တစ်ရက်လျှင် ၅၀၀၀ ကျပ်ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။

နန်းယွန်းမြို့နယ်ရှိ နေ့စားကျောင်းဆရာ၊ ဆရာမများက စာဆက်မသင်ဘဲ တာဝန်ကျရာကျောင်းမှ အိမ်ပြန်သွား ကြပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ “မရဘူး ကျောင်းတောင် မသွားကြဘူး မရလို့၊ ဖွင့်ကတည်းကဆိုတော့ ၂ လ ရှိပြီ” ဟု ပြောသည်။ အာဏာသိမ်းပြီးသည့်နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျောင်းများဆက်ဖွင့်ပြီး CDM လုပ် သည့် ကျောင်းဆရာ၊ ဆရာမများလည်း များနေသည့်အတွက် ဆရာ၊ ဆရာမ လုံလောက်မှုမရှိကြောင်းလည်း သိရသည်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကိုင်းတိုင်းဒေသကြီးက လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ ပါဝင် ပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ဒေသဖြစ်သည်။

၂၄။ သိန္နီမြို့ရှိ သူခိုးများကို ပြည်သူဝိုင်းဖမ်းပြီး ရိုက်နှက်ဆုံးမ
August 2, 2022
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ဆိုင်ကယ်သူခိုးကို ပြည်သူကဝိုင်းဝန်း ဖမ်းဆီးပြီး ရိုက်နှက်လိုက်သောကြောင့် ဆေးရုံတွင် ဆေးကုသနေကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ် ၁ ရက် သိန္နီမြို့ ဈေးအရှေ့ဘက်တန်းတွင် ဆိုင်ကယ်လာခိုးသူ ၂ ဦးကို ပြည်သူတို့က ဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရသည်။ “မနေ့က ကျနော်တို့ ၂ ယောက်ဖမ်းမိတာ။ သူတို့ကို ပြည်သူတွေ ကပဲ ဝိုင်းဝန်းပြီးဖမ်းလိုက်ကြတာ။ သူခိုးဘက် တစ်ယောက်က ဓားပါတော့ ပြည်သူတွေဘက်က တုတ်နဲ့ရိုက်လိုက်တာခေါင်း ပေါက်သွားတာ။ ကျန်တဲ့တစ်ယောက်တော့ ဘာမှသိပ်မဖြစ်ဘူး” ဟု သိန္နီမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ သူခိုးအဖွဲ့များသည် ၄ ဦးရှိပြီး လက်ရှိမှာ ၂ ဦးသာဖမ်းဆီးခဲ့ပြီး ထို ၂ ဦးသည် လက်ရှိမှာ တစ်ဦး ဆေးရုံတွင်ရောက်ရှိနေပြီး ကျန် တစ်ဦးက ရဲစခန်းတွင် ပို့ဆောင်ထားကြောင်းသိရသည်။

“ သူတို့ အဖွဲ့ ၄ ယောက်ရှိတယ်။ အဲ့ထဲမှာ မိန်းကလေးတစ်ယောက်ပါတယ်။ အခုက ကျနော်တို့ ၂ ယောက်ဖမ်းမိထား တာ။ တစ်ယောက်ကတော့ ဆေးရုံမှရောက်နေတာ။ ကျန်တဲ့တစ်ယောက်ကတော့ ရဲစခန်းထဲရောက်နေတာ” ဟု သူခိုးကို လိုက်ဖမ်းခံသည့် သူက ပြောသည်။ သိန္နီမြို့သည် ပြီးခဲ့သည့် ၃ လအတွင်းမှစပြီး ဆိုင်ကယ်၊ ကားသူခိုးများပြားလာပြီး အဆိုပါ သူခိုးများဖမ်းဆီးရမိခြင်းသည် ပထမဆုံးအကြိမ် ဖမ်းဆီးမိကြောင်း သိရသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် သူခိုး၊ လောင်းကစား များနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု များလာသဖြင့် ယခုလို သူခိုး၊လုယက်မှုများလာခြင်း ဖြစ်ကြောင်းသိရသည်။

၂၅။ မိုးခေါင်၍ မိုးစပါးအတွက် ရေသွင်းစိုက်ပျိုးရာ၌ စပါးစိုက်တောင်သူများ ကုန်ကျစရိတ်များပြားနေ
August 2, 2022
ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ နေရာအနှံ့အပြားတွင် မိုးခေါင်သဖြင့် မိုးစပါးအတွက် ရေသွင်းစိုက် ပျိုးရာ၌ ကုန်ကျစရိတ်များပြားသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု လယ်တောင်သူများထံမှ သိရသည်။ မိုးစပါးစိုက် တောင်သူအများစုသည် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် မျိုးစေ့ကြဲ၊ ပျိုးနုတ်စပါးစိုက်ကြသည့် အချိန်ဖြစ်သော်လည်း ယခုနှစ် တွင် မိုးခေါင်ပြီး မိုးရေရရှိမှုနည်းနေသည့်အတွက် စပါးစိုက်ပျိုးရန်ခက်ခဲကာ အချို့မှာ ရေသွင်းပြီး စပါးစိုက်နေရသည့်အတွက် ကုန်ကျစရိတ်များပြားသည့် အခက်အခဲကြုံတွေ့နေရသည်ဟု လယ်စိုက်တောင်သူများက ပြောသည်။ ကော့ကရိတ်မြို့နယ် နဘူးကျေးနယ်မှာ လယ်တောင်သူ စောအောင်ပိုင်က “စပါးစိုက်ရမယ့်အချိန်ရောက်ပြီး လယ်ထဲမှာရေမရှိတော့ အခက်တွေ့ တယ်။ မိုးရာသီက နွေရာသီလိုပဲ ရေမရှိဘူး။ အခု စက်နိုးပြီး လယ်ထဲကို ရေးသွင်းမှစပါးစိုက်လို့ရတယ်။ ရေသွင်းဖို့ကလည်း ဓာတ်ဆီတွေထပ်ကုန်တယ်။ ဆီတွေစျေးတက်တာနဲ့ အဆင် မပြေဘူး။ လူပင်ပန်းတယ်၊ ငွေလည်းပိုကုန်တယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။ “ရေမရှိတော့ ပျိုးပင်တွေလည်း ပျိုးလို့မရဘူး။ စပါးစိုက်ဖို့ရေမရှိတော့ ဒီလိုပဲလယ်သမားတွေက မိုးအရွာကို စောင့်နေတယ်။ လယ်ထဲကိုရေသွင်းဖို့ကလည်း ရေသွယ်ရတာဝေးတယ်။ ပြီးတော့ ဓာတ်ဆီစျေးတွေ စျေးကြီးတော့ မတတ်နိုင် ဘူး။ ရေမရှိတော့ ပြန်စိုက်ရင် လယ်ကိုနောက်နှစ်ခေါက်၊ သုံးခေါက်ပြန်ထွန်ရအုံးမယ်၊ ပြန်ထွန်ပြီးမှ ပြန်စိုက်လို့ရတယ်။ လယ် တစ်ကွက်ကို တစ်ခေါက်ထွန်ရင် ဒီဇယ် ၁ ဂါလံကျော်ကုန်ပြီ။ ရေရတာ မမှန်တော့ ဒီနှစ်က စပါးကောင်းမှာ မဟုတ်ဘူး”ဟု ဖားအံမြို့နယ် ကော့ကူးရွာမှ လယ်စိုက်တောင်သူ စောဘိုးဘိုက ပြောသည်။

ထို့အပြင် ရေသွင်းပိုက်ကို လယ်ကွက်ပြောင်းရွှေ့ သွင်းပေးရသည့်အတွက် လယ်သမားများက နေ့ရော၊ ညပါ စောင့် ပေးရကြောင်း၊ အချို့စိုက်ပြီးသား စပါးပင်များလည်း ရေလုံလောက်စွာမရရှိသည့်အတွက် စပါးအပင်ကြီး ထွားမှုနှုန်းအား မကောင်းတော့ဘဲ အများအပြားပျက်စီးသွားကြောင်းလည်း စပါးစိုက်တောင်သူထံမှ သိရသည်။ ရာသီဥတုကြောင့် ယခုနှစ်တွင် စပါးစိုက်ရန်အခက်အခဲရှိသည့်အတွက် စပါးထွက်နှုန်းလျော့ကျနိုင်သလို စပါးစိုက်သည့် ကုန်ကျစရိတ်ပိုမိုများသည့်အပေါ် လာမည့်နှစ်တွင် ဆန်စျေးနှုန်းတက်နိုင်ကြောင်းလည်း တောင်သူများက ခန့်မှန်းပြောဆိုကြသည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ကော့ကရိတ်မြို့တောင်ပိုင်းရှိ အချို့ကျေးရွာများတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် လယ်တောင်သူများသည် လယ်ကွင်းထဲရေသွင်းမှုများလုပ်ဆောင်၍ မအားတော့သလို မိုးလည်းမရွာသည့်အတွက် လယ်ကွင်း ပြင် နှင့်စပါးခင်းကို ပစ်ထားရ၍ ပျက်စီးမှုများ ရှိလာကြောင်းလည်း လယ်တောင်သူများက ပြောသည်။ ကရင်ပြည်နယ် မြို့တွင်း နေထိုင်သူအများစုသည် အခြားဒေသမှ တင်သွင်းလာသည့် ဆန်များကို ဝယ်ယူစားသုံးကြ သော်လည်း ကျေးလက်နေ ဒေသခံ အများစုမှာ ဒေသတွင်း ထွက်ရှိသည့် ဆန်များကိုသာ မှီခိုစားသုံးနေကြသည်ဟု သိရသည်။

၂၆။ ရခိုင်မှာ စစ်ကောင်စီရိက္ခာဖြတ်တောက်မှု ဒုက္ခသည်လေးသောင်းကျော် အခက်အခဲဖြစ်
August 1, 2022
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သုံးနှစ်ကျော်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ဆန်ရိက္ခာတွေ ပုံမှန်မထောက်ပံ့တော့တဲ့အတွက် ဒုက္ခသည်လေးသောင်းကျော် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ အမ်း စတဲ့ မြို့နယ်တွေက ဒုက္ခသည်စခန်း ၁၃၄ ခုမှာ အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလို့ ပြောကြပါတယ်။ “အစိုးရ ကထောက်ပံ့တဲ့ ဆန်မရတာကတော့ သုံးလကျော်လောက်ရှိပါပြီ” မြေပုံမြို့နယ် ကမ်းထောင်းကြီးဒုက္ခသည် စခန်းမှာဆိုရင် လွန်ခဲ့တဲ့ သုံးလကျော်ကတည်းက စစ်ကောင်စီက ဆန်ရိက္ခာတွေ မထောက်ပံ့တော့တာလို့ စခန်းတာဝန်ခံ ကိုဝင်းလှမောင် က RFA ကို ပြောပါတယ်။ “အစိုးရကထောက်ပံ့တဲ့ဆန် မရတာကတော့ သုံးလကျော်လောက်ရှိပါပြီ။ အဲဒီလို ရိက္ခာတွေပြတ်တော့ စခန်းက ဒုက္ခသည်တွေကတော့ စားရေး၊ သောက်ရေး ကျပ်တည်း တာပေါ့။ ကျနော်တို့ လစဉ်လတိုင်း စာရင်းတွေတင်ပြတယ်။

သူတို့က ဘာမှလည်း အကြောင်းမပြန်ဘူး။ အထောက်အပံ့လည်း ဘာမှမရဘူး” အဲဒီကမ်းထောင်းကြီး ဒုက္ခသည်စခန်းမှာ အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုက အလယ်ကျွန်း၊ ရွာဟောင်း၊ ပိုးရွှီ စတဲ့ ကျေးရွာတွေနဲ့ တခြားကျေးရွာတွေက အိမ်ထောင်စု ၁၂၀ နဲ့ လူဦးရေ ၈၁၆ ဦး ခိုလှုံနေတာပါ။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒုက္ခသည်တစ်ဦးကို တစ်လအတွက် ကျပ်တစ် သောင်း ရှစ်ထောင်စီ ထောက်ပံ့ နေပေမယ့် မလုံလောက်တဲ့အတွက် အခက်အခဲနဲ့ ပိုမို ကြုံတွေ့နေကြရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ဒုက္ခသည်ခစန်းမှာလည်း စစ်ကောင်စီက ဆန်ရိက္ခာ မထောက်ပံ့တော့တဲ့အတွက် ဒုက္ခသည် တွေဟာ ဖြစ်သလို ရှာကြံစားသောက်နေကြ ရတယ်လို့ စခန်းတာဝန်ခံ ဦးဝင်းမောင်က ပြောပါတယ်။ “ကျနော်တို့ ဒုက္ခသည် စခန်းမှာတော့ ၄ လပိုင်းနဲ့ ၅ လပိုင်းအတွက် ရောက်ခဲ့တယ်။ ၆ လပိုင်းနဲ့ ၇ လပိုင်းအတွက် မရောက်သေးဘူး။ တအား ဒုက္ခ ရောက်နေပါတယ်။ ကျနော် တို့မှာက WFP နဲ့ လူကယ်ပြန်ကိုပဲ အားကိုးနေတာလေ။ WFP ကတော့ လကုန်ရင် ပုံမှန် ရောက် တယ်။ လူကယ်ပြန်ကတော့ နှစ်လစာ မရောက်သေးဘူး။ စားရေး၊ သောက်ရေး ကလည်း အဆင်မပြေဘူး။ တောင်တွေမှာ မျှစ်တွေသွားခူး၊ ငါးတွေရှာ၊ ကျောက်တွေ တင်ရတဲ့အခါ တင်ရတယ်။ မတင်ရတဲ့အခါ မတင်ရဘူး” ပုဏ္ဏားကျွန်းမြို့နယ် ဒုက္ခသည်စခန်းမှာ သာစည်၊ ကျောက်ဆိပ်ကျေးရွာတွေနဲ့ ပလက်ဝ မြို့နယ်တွေက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၅၄ စုနဲ့ လူဦးရေ ၅၅၅ ဦး ခိုလှုံနေတာပါ။ ဂျပန်အစိုးရရဲ့ နိပွန်ဖောင်ဒေးရှင်းကတော့ ရခိုင်စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ပေါင်း ငါးသောင်းငါးထောင်ကျော်ကို လှူဒါန်းဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ က ခွင့်မပြုသေးတာကြောင့် မဖြန့် ဝေနိုင်သေးဘူးလို့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဆန်ရိက္ခာ အကူအညီပေးရေးအစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ဦးဝင်းအောင် က RFA ကို ပြောပါတယ်။

၂၇။ မုံးပေါ်က မိုင်းထိလူနာတစ်ဦး အလုပ်လုပ်နိုင်ဖို့အတွက် သူကိုယ်တိုင် ဝါးနဲ့ခြေတုပြုလုပ်ပြီး အသုံးပြုနေရ
August 1, 2022
စစ်အာဏာသိမ်းပြီး စစ်ရေးလှုပ်ရှားမှုတွေများပြားလာနေတဲ့ ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်ဒေသမှာ မိုင်းနင်းမိလို့ ခြေထောက်ဆုံးရှုံးလိုက်ရတဲ့ လူနာတစ်ဦးဟာ သူကိုယ်တိုင် ဝါးနဲ့ခြေတု ပြုလုပ်အသုံးပြုနေရပြီး လယ်ယာထဲ အလုပ်ပြန် လုပ် ချိန်မှာ အဆင်မပြေတာကြောင့် ခြေတုရရှိဖို့ကို ကြိုးစားနေသလို ငွေကြေးအခက်အခဲလဲရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၇ရက်နေ့ နေ့လည် ၂နာရီအချိန်ခန့်မှာ ကျွဲပျောက်လို့ လိုက်ရှာနေခဲ့တဲ့ မုံးပေါ်တိုက်နယ် မန်ပိန်းကျွေးရွာက အသက် ၄၀အရွယ် ဦးလဖန်ဟာ တောတွင်းလမ်းတစ်နေရာမှာ လက်နက်ကိုင်တစ်ဖွဲ့တစ်ခုက ထောင်ထားတဲ့ မြေမြုပ်မိုင်း တစ်လုံးကို နင်းမိပြီး ဘယ်ဘက်ခြေဖဝါး(ဒူးအောက်ပိုင်း)တစ်ခုလုံး ဆုံးရှုံးသွားခဲ့ရပါတယ်။ ဦးလဖန် မိုင်းနင်းမိချိန်မှာ ခြေဖဝါး (ဒူးအောက်ပိုင်း)ပျက်ထွက်မသွားသေးတာကြောင့် သူကိုယ်တိုင် ဓားနဲ့ဖျက်လိုက်ရသလို ခြေတောက်တစ်ဖက်ဆုံးရှုံးပြီး ၃ လ အကြာမှာ ကိုယ်တိုင် ဝါးနဲ့ခြေတုကိုပြုလုပ်ကာ အသုံးပြုနေခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ ” ကျွဲပျောက်လို့ သွားရှာရင်း တောထဲမိုင်းနင်းမိတာ။ ခြေတောက်က မပျက်သေးတော့ သူကိုယ်တိုင်ဘဲ ဓားနဲ့ဖျက်လိုက်တယ်။ အဲတာနဲ့ သူနဲ့ လိုက်သွားတဲ့ ကလေးက သူ့ကိုထမ်းပြီး ရွာကိုသယ်လာတာ။ သွေးထွက်လွန်တော့ ဆေးကုတာတွေလုပ်တယ်။ နောက်တစ်ရက် မှ ရွာမှာဘဲ ခွဲစိတ်ကုသလိုက်တယ်။ မိုင်းထိပြီး ၃လမှာ အလုပ်ပြန်လုပ်မယ်ဆိုပြီး သူကိုယ်တိုင် ဝါး၊ သစ်သားတွေသုံးပီး ခြေတုလုပ်ပြီး သုံးနေတာ အခုထိပေါ့။”လို့ ပြောပါတယ်။

ဦးလဖန်တို့ မိသားစုဟာ စားဝတ်နေရေး ချို့တဲ့တာကြောင့် ကိုင်ပိုင်ခြေတုနဲ့ လယ်ယာထဲ အလုပ်လုပ်ဖို့ကြိုးစားရင်း လက်ရှိမိုးတွင်းကာလမှာ လမ်းမကောင်းတာ၊ အလုပ်လုပ်ချိန်မှာ ခြေတုက ပြန်ပြန်ထွက်ကျနေတာကြောင့် ခြေတုရရှိဖို့ ကြိုးစား နေတာဖြစ်တယ်လို့ အထက်ပါ မိသားစုတစ်ဦးက ပြောပါတယ်။ “အိမ်မှာက သူဘဲ အလုပ်လုပ်တာလေ။ သူ့ အဲလိုဖြစ်သွားတော့ လယ်ယာလုပ်ဖို့ဆိုပြီး ကြိုးစားရင်းနဲ့ ဝါးခြေတုကို လုပ်လိုက်တာ။ သူအဲခြေတုနဲ့ လယ်ယာသွားတယ်။ ကြာလာတော့ လမ်းဆိုး တာကြောင့် ရွံ့ပွက်နင်းမိရင် သူ့ခြေတုက ထွက်ကျတာ လယ်ယာလုပ်နေရင်းဘဲ သူ့ခြေတုက ခနခနထွက်ကျနေတော့ အဆင် မပြေဘူးပေါ့။ ခြေတုရရှိဖို့တော့ အကူညီတွေ လိုက်တောင်းနေပါတယ်။” ခြေတုရရှိဖို့ ဦးလဖန်ဟာလာမဲ့ ဒီလ ဩဂုတ် ၃ ရက် ဗုဒ္ဓဟူးနေ့မှာ လားရှိုးသို့ သွားရောက်ပြသရမှာဖြစ်ပြီး မိသားစု ၅ယောက်ရှိတဲ့ သူတို့မိသားစုဟာ ငွေကြေး အခက်ခဲဖြစ်နေတာ ကြောင့် အကူညီတွေပေးကြဖို့ ဦးလဖန်ကိုင်တိုင်က တောင်းဆိုနေပါတယ်။ မုံးပေါ်ဒေသမှာ ဒီနှစ် ၂၀၂၂ခုနှစ်ထဲ မြေမြုပ်မိုင်းနင်း မိလို့ ခြေတောက်တစ်ဖက်ဆုံးရှုံးရတာအပြင် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ကျွဲကျောင်းရင်း ဆော့ကစားမိတဲ့ ၈ နှစ် အရွယ်ကလေးငယ်တစ်ဦးလဲ သေဆုံးခဲ့ရတာ ရှိခဲ့ပါတယ်။ ခြေတုရရှိဖို့ ကြိုးစားနေတဲ့ ဦးလဖန်တို့ မိသားစုကို အကူအညီပေး လိုပါက 09699979711 ကိုဆက်သွယ်နိုင်ပါတယ်။

၂၈။ ၂ လအတွင်း AA ဖက်မှ စစ်ကောင်စီနှင့်ဆက်စပ်သူ ၂၀ ဦးခန့်ဖမ်းဆီး၊ ၄ ဦးကိုပြန်လွှတ်ပေး
August 1, 2022
ရခိုင်တွင်၂၀၂၂ ခုနှစ် ဇွန်လမှ စတင်၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA အပြန်အလှန်ဖမ်းဆီးခြင်းတို့ဖြင့် နှစ်ဖက်တင်းမာမှုများမှာ သိသိသာသာပြင်းထန်မှုတို့ရှိခဲ့ပြီး စစ်ကောင်စီနှင့်ဆက်စပ်သူ ၂၀ ဦးခန့်ဖမ်းဆီးကာ ၄ ဦးကို ပြန်လွှတ် ပေးခဲ့သည်။ ရက္ခိုင့်တပ်တော်ဖက်မှ ဖမ်းဆီးမှုများလုပ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဓိကထားဖမ်းဆီးမှုတို့လုပ် ဆောင်ပြီး ထိုအထဲတွင် အရပ်ဖက်အုပ်ချုပ်ရေးနှင့် ယခင်ဆက်စပ်မှုရှိခဲ့သူတစ်ချို့လည်းပါဝင်သည်။ Western News မှ စုစည်း ထားသည့်စာရင်းအရ ပြီးခဲ့သည့် ဇွန်၊ ဇူလိုင် ၂ လတာအတွင်း ရက္ခိုင်တပ်တော်မှ စစ်ကောင်စီနှင့်ဆက်စပ်မှုရှိသူ ၂၀ ဦးခန့် ဖမ်းဆီးမှုရှိခဲ့ပြီး ထိုအထဲမှ ၄ ဦးကိုပြန်လည် လွှတ်ပေးမှုရှိခဲ့သည်။ ရက္ခိုင်တပ်တော် အနေဖြင့် ဇွန်လအတွင်းတွင် ၁၁ ရက်နေ့က ကျောက်တော် စကစ(၉) မှ တပ်ကြပ် ၂ ဦးကို၊ ဇွန် ၁၆ ရက်က ပုဏ္ဏားကျွန်းမှ စစစ်ကောင်စီတပ်သား ၁ ဦး၊ ၁၇ ရက်က မြောက်ဦးမြို့နယ် တိန်ညိုရဲစခန်းမှ ရဲ ၁ ဦး၊ ၂၀ ရက်က ကျောက်တော်က ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ၂၁ ရက်က မြောက်ဦးမှ စရဖ ၃ ဦး၊ ၂၂ ရက်နေ့က သင်္ဂနက်ကျေးရွာကူးတိုးဆပ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်က စစ်တွေ ၃၅၃ တပ်ရင်းမှ ဗိုလ်ကြီးနှင့် တပ်သား ၁ ဦး၊ ဇွန် ၂၄ ရက်နေ့က ရသေ့တောင် ကူတောင်မှ စက်မှုကြီးကြပ်စစ်ဆေးရေးအရာရှိနှင့် ကျောင်းဆရာ ၁ ဦး စုစုပေါင်း ၁၆ ဦးခန့်ဖမ်းဆီးမှုရှိခဲ့သည်။

ထိုအထဲမှ ဇွန် ၂၄ ရက်နေ့ကဖမ်းဆီးခဲ့သည့် စက်မှုကြီးကြပ်စစ်ဆေးရေးဌာနမှဦးစီးအရာရှိ ဦးဆန်းလင်းအောင်နှင့် ကျူရှင်ဆရာ ဦးဇော်ဟိန်းထွန်းတို့ကို စစ်ဖက်ဆိုင်ရာနှင့်ပတ်သက်မှုမရှိ၍ဟုဆိုကာ ဇွန် ၂၆ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ဇူလိုင်အတွင်းတွင်မူ ၉ ရက်နေ့တွင် ကျောက်တော်မှ ယခင်ကစစ်မှုထမ်းးဟောင်းတစ်ဦးဖြစ်ခဲ့သည့် ကမ္ဘာ့ရတနာဘဏ် မန်နေ ဂျာ ဦးဝင်နိုင်၊ ၁၇ ရက်နေ့တွင် ပုဏ္ဏားကျွန်း မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် သူ၏ ကားဒရိုင်ဘာ၊ ဇူလိုင် ၂၄ ရက်နေ့တွင် စနဲစခန်းမှူး တို့ကို AA ဖက်မှဖမ်းဆီးခဲ့သည်။ ဇူလိုင်လအတွင်းက ဖမ်းဆီးသူများထဲတွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေ နှင့် ကားဒရိုင်ဘာ မောင်ကျော်နိုင် တို့ကို AA က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပြန်လွှတ်ပေးခဲ့သည်။ AA အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ဆက်စပ်မှုရှိသူများကို ဖမ်းဆီးနေခြင်းမှာ စစ်ကောင်စီမှ ULA/AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးထားမှုတို့ရှိသည့် အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်းပြောဆိုပြီး ULA/AA တပ်ဖွဲ့ဝင်များကိုပြန်လွှတ်ပေးပါက AA ဖက်မှ ဖမ်းဆီးထားသူများကို လည်းပြန်လွှတ်ပေးမည်ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ တတိယအကြိမ်မြောက်သတင်းစာရှင်းလင်း ပွဲတွင်ပြော ဆိုခဲ့သည်။

၂၉။ ရခိုင်ပြည်နယ်တွင် မိုးခေါင်သဖြင့် စပါးစိုက်သူများ အခက်ကြုံ
2 August, 2022
ရခိုင်ပြည်နယ်မှာ၊ မိုးမရွာတဲ့အတွက် လယ်ကွက်ထဲက ရေတွေခန်းခြောက်ပြီး လယ်မြေတွေ မာတာ စပါးမစိုက်ပျိုးနိုင် တာတွေစတဲ့ အခက်အခဲတွေ စပါးစိုက်တောင်သူတွေ ကြုံတွေ့နေကြရပါတယ်။ ဒါနဲ့ပတ်သက်ပြီး တောင်သူတွေက “အခု အချိန်မှာ မိုးလုံးဝမရွာတော့ စပါးပျိုးပင်ကို ဘယ်လိုနုတ်စိုက်မလဲ။ အရင်ရေရှိတုန်းက ထွန်ထားတဲ့ လယ်တွေကလည်း မိုးမရွာ တာကြာပြီဆိုတော့ ရေတွေခန်းခြောက်ပြီး လယ်မြေတွေ မာကုန်ပြီ။ ပြန်ထွန်ဖို့ကလည်း စက်ဆီဝယ်ဖို့ ပိုက်ဆံတွေကလည်းမရှိ အရင်နှစ်တွေက အစိုးရချေးငွေ ရရှိပေမဲ့ အခုနှစ်မှာ အစိုးရချေးငွေ မရရှိတော့ ပိုပြီးအခက်တွေ့ရတယ်။ စပါးပျိုးပင်တွေ က လည်း အခုစိုက်ဖို့ ကောင်းနေပြီ။ ဒီအတိုင်းဆို အရင်ထွန်ထားတဲ့ စက်ဆီဖိုးတောင် ရပါ့မလားမသိဘူး”လို့ ပြောပါတယ်။ စပါး စိုက်ပြီး တောင်သူလယ်သမားတဦးက “စပါးစိုက်လို့တော့ ပြီးသွားပြီဆိုပေမဲ့ ရေမရှိတော့ စပါးပင်တွေ ရှင်သန်မှာလားတော့ မသိဘူး။ မိုးမရွာရင် အရင်နှစ်တွေရဲ့ ထက်ဝက်တောင် စပါးထွက်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ် အထိ တောင်သူ လယ်သမားတွေ အစိုးရချေးငွေရရှိပြီး ၂၀၂၀ နောက်ပိုင်း အခုနှစ်အထိ အစိုးရချေးငွေ မရရှိတော့တာဖြစ်ပြီး တချို့ဆိုရင်လယ် မလုပ်ကြတော့တာလည်း ရှိပါတယ်။ လက်ရှိ ပြည်တွင်း ဆန် စပါးဈေးကွက်မှာလည်း အများပြည်သူ စားသုံးမှုများတဲ့ ဆန် အမျိုး အစားတွေ ဈေးနှုန်းမြင့်တက်နေပါတယ်။

၃၀။ ရေဖြူမြို့နယ်၊ မူးဒူးရွာက စစ်ကာင်စီ သတင်းပေးဒလန်ဟု နာမည်ကြီးသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
August 2, 2022
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊နဘုလယ်ဒေသ၊မူးဒူးရွာ က စစ်ကောင်စီသတင်းပေးဒလန်ဟု နာမည် ကြီးသည့် ဦးရီစိန်မှာ ယမန်နေ့ နေ့လည်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ၎င်းအား နေ့လည် ၂ နာရီ ခွဲ ခန့်အချိန်က နေအိမ်အရှေ့တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြစ် ၁၀ ချက် ကျော်ခန့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့ကဆိုသည်။ “သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားရ တယ်” သေနတ်သံကြား ရပြီးနောက် သွားကြည့်လိုက်တာ အသက် ၆ဝ ဝန်းကျင် သတင်းပေး ဒလန် ဦးရီစိန် ပစ်သတ်ခံရတယ်လို့ သိလိုက်ရတယ်။ ပစ်သတ်ခံရသူတော့နေရာမှာတင်ပွဲချင်းပြီး ဆုံးပါးသွားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူ ဦးရီစိန်မှာ ရပ်ထဲရွာထဲတွင် စစ်ကောင်စီတပ်သားများလာရောက်ပါက လမ်းပြအဖြစ်လိုက်ပါလေ့ရှိသူဖြစ်ပြီး ပျူစောထီးနှင့် သွေးသောက်အဖွဲ့များ၏ အစည်းအဝေးများတွင်လည်း ပါဝင်တက်ရောက်လေ့ရှိသူတစ်ဦးဖြစ်သည်ဟု ၎င်းကို ရင်းနီးသည့် ဒေသခံအချို့က ဆိုသည်။ ဒေသခံတော်လှန်ရေးအင်အားစုများအနေဖြင့် ဦးရီစိန် သေဆုံးမှုနှင့်ပတ်သတ်ပြီး သတင်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။