• Today is: Friday, March 29, 2024

ဝင်းတာပန်စခန်းကို KNU လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ဓါတ်ပုံ- Getty Images

ဖက်ဒရယ်ဂျာနယ်၊ သြဂုတ် ၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU လက်အောက်ခံတပ်တွေ လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သြဂုတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီ စခန်းမှူး မျိုးကျော်မြင့်က ဝင်းတာပန်ကျေးရွာ ရပ်မိရပ်တွေကို အစည်းအဝေး ခေါ်ယူပြီး KNU လက်အောက်ခံတပ်တွေ သူတို့စခန်းကို လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပြန်လည် ပစ်ခတ်သွားမယ်လို့ ခြိမ်းခြောက်လာတာပါ။

“စစ်ကောင်စီတပ်က သူတို့စခန်းကို သွားတိုက်ရင် ရွာထဲကို အမြဲလို လက်နက်ကြီး ပစ်ခတ်နေတာ၊ အခုကိစ္စကလည်း ကျွန်တော်တို့အဖွဲ့တွေ လာမပစ်နိုင်အောင် ရွာသားတွေကို သက်သက်ခြိမ်းခြောက်တာ ဖြစ်တယ်၊ ဒီအပေါ်မှာ လုံးဝ လက်မခံနိုင်ဘူး”လို့ KNU တပ်မဟာ(၁) သထုံခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအေးနိုင်က ပြောပါတယ်။

ဝင်းတာပန် စစ်ကောင်စီစခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက် ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

ဝင်းတာပန်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စကခ ၈ (ပိန္နဲတော)လက်အောက်ခံ ခမရ (၄၁၀) တပ်ရင်းက ဖြစ်ပြီး အဲဒီစခန်းကို စစ်ကောင်စီ တပ်ခွဲမှူး မျိုးကျော်မြင့် ဦးဆောင်တယ်လို့ KNU က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာပါ။