• Today is: Thursday, March 28, 2024

KNU နဲ့ DKBA ပြန်လည်ပေါင်းစည်းရေး နှုတ်အားဖြင့် သဘောတူညီမှု ရရှိ

ဓာတ်ပုံ- CJ

ဖက်ဒရယ်ဂျာနယ်၊ သြဂုတ် ၄

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တို့ကြား ပြန်လည်ပေါင်းစည်းရေး အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့တယ်လို့ နှစ်ဖက်စစ်ရေးဆိုင်ရာ ထိပ်သီးခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ဦးဆောင်တဲ့အဖွဲ့ နဲ့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး ဦးဆောင်နေတဲ့ နှစ်ဖက်စစ်ရေးဆိုင်ရာ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် အချက် ၅ ချက် သဘောတူညီမှု ရရှိခဲ့တာပါ။

အဲဒီထဲမှာ KNU နဲ့ DKBA ပြန်လည်းပေါင်းစည်းရေးအတွက် နှုတ်အားဖြင့် သဘောတူပြီး၊ အောက်ခြေတပ်ဖွဲ့ဝင်တွေ တစ်စုတစည်းတည်းဖြစ်ကြောင်း ယာယီအမှတ်တံဆိပ်တစ်ခုကို ညှိနှိုင်းတပ်ဆင်သွားဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြ တည်ထောင်ထားတဲ့ ကော်သူးလေတပ်မတော်ကိစ္စနဲ့ပတ်သက်ပြီး KNU ဒုဗိုလ်မှူးကြီး နယ်ဒါးထူးနဲ့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးတို့က ညှိနှိုင်းဆွေးနွေး ကိုင်တွယ်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

နှစ်ဖက်တွေ့ဆုံမှုကိုလည်း ဖြစ်နိုင်ရင် တစ်လ တစ်ကြိမ် တွေ့ဆုံကြဖို့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက DKBA အတွက် ထုတ်ပြန်ထားတဲ့ ၁/၉၄ ထုတ်ပြန်ကြေညာချက်ကိုလည်း ပြန်လည်ဖျက်သိမ်းပေးဖို့ သဘောတူဆုံးဖြတ်ခဲ့ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ ရန်သူထိုးစစ် ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစတီးက တာဝန်ယူပြီး စစ်ကောင်စီနဲ့ ဆွေးနွေးဖို့၊ စစ်ကောင်စီက ညိနှိုင်းဆွေးနွေးမှုကို သဘောမတူဘဲ တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မယ်ဆိုပါက အတူတကွပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီအချက်ကိုတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးက DKBA သဘောထားနဲ့ လုံးဝ မတိုက်ဆိုင်ကြောင်း ဒီကနေ့ သြဂုတ် ၄ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းက အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးထားတာပါ။