• Today is: Friday, March 29, 2024

ALP ပါတီမှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုဗိုလ်မှူးခိုင်ပေါ်လင်းအား ULA/AA မှ ဖမ်းဆီးမှု ထုတ်ပြန်ချက်အပေါ် ALP ပါတီမှ အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်နှင့် ဆက်သွယ်မေးမြန်းချက်

ဖက်ဒရယ်ဂျာနယ်၊ ဩဂုတ် ၄

မေး။       ။ ဒုဗိုလ်မှူးခိုင်ပေါ်လင်းကို ULA/AA က ဘာလို့ဖမ်းတာလဲဗျ။

ဖြေ။        ။ ဘာကြောင့်ဖမ်းသွားတာလဲဆိုတာက လောလောဆယ်ကျနော်တို့ လေ့လာနေဆဲပဲရှိပါတယ်။ ကျနော်တို့က AA နဲ့ နိုင်ငံရေးပြဿနာရှိနေတာလည်း မဟုတ်ဘူးလေနော်။ ကျနော်တို့လေ့လာနေဆဲပဲရှိပါတယ်၊ အောက်ခြေက ဘာတွေဖြစ်လဲပေါ့နော်၊ တစ်ခုခုရှိလားပေါ့။ အဲလိုလေ့လာနေဆဲပဲရှိပါတယ်ခင်ဗျ။

မေး။       ။ ဖမ်းဆီးထားတဲ့သူတွေကိုဘယ်မှာထိန်းသိမ်းထားသလဲဆိုတာရော သိရလားခင်ဗျ။

ဖြေ။       ။ ကျနော်တို့အဲဒါတော့ မသိရသေးဘူးခင်ဗျ၊ ကျနော်တို့အဲဒါလည်း သေချာမသိရသေးပါဘူး။

မေး။     ။ ALP ပါတီအနေနဲ့ရော ဘာတွေလုပ်ဆောင်နေတာရှိလဲ။

ဖြေ။      ။ ရှိပါတယ်၊ ခေါင်ဆောင်ပိုင်းတွေကိုပေါ့နော်၊ AA ရဲ့ခေါင်းဆောင်ပိုင်တွေကို ကျနော်တို့ဆက်သွယ်ထားတာ ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ထဲထဲဝင်ဝင်တော့မသိရသေးပါဘူး။

မေး။         ။ ULA/AA ဘက်ကရော ဘယ်လိုတွေအကြောင်းပြန်လာတာရှိသလဲခင်ဗျ။

ဖြေ။         ။ သူတို့ကလည်း ပြောနေတာတွေရှိပါတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကို သူတို့လည်းလေ့လာနေတယ်လို့ ကျနော်တို့ကြားရပါတယ်။

မေး။       ။ ၈တန်းကျောင်းသားတစ်ယောက်လည်း ဖမ်းဆီးခံရတယ်ဆိုတော့ ဘယ်လိုဆက်စပ်ပြီးဖမ်းဆီးခံရတာလဲ။

ဖြေ။      ။ အဲဒါကဒီလိုပေါ့နော် ကျနော်တို့ဒုဗိုလ်မှူးကြီးကို သူကဆိုင်ကယ်နဲ့လိုက်ပို့ပြီးတော့မှ ပြန်လာတဲ့အချိန်မှာ သူ့ကိုပါ ဖမ်းသွားတယ်ပေါ့နော်၊ အဲဒီလိုမျိူးလို့ ကျနော်တို့သိရတယ်။

မေး။         ။အရင်ကဖမ်းခံရတဲ့သူတွေကရော ဘယ်တုန်းကအဖမ်းခံရတာလဲ၊ဘယ်နှဦးဖမ်းခံရတာလဲ။

ဖြေ။         ။ ကျနော်တို့ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဒီ ၃၊၄၊၅ နှစ်အတွင်းမှာ ဖမ်းခံထားရတဲ့သူ အတိအကျတော့ ပြောဖို့ခက်တယ်၊ ဒါပေမယ့် အနည်းဆုံး ၁၀ ကျော်လောက်တော့ရှိတယ်ပေါ့။

မေး။        ။ ဖမ်းဆီးခံရတဲ့သူတွေဟာ ပြန်မလွတ်လာဘူးလား၊ ထိန်းသိမ်းခံထာရတုန်းလား။

ဖြေ။         ။ ကျနော်တို့ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ပေါ့နော် ကျနော်တို့ တွဲဖက်အတွင်းရေးမှူးအပါအဝင် ၄၊၅ယောက်လောက် အဖမ်းခံရတယ်။ ပြီးတော့ကျနော်တို့ ပြန်လွတ်လာတာလည်းရှိပါတယ်။ ဒါပေမယ့်နောက်ပိုင်း အဖမ်းခံရတဲ့သူတွေ ၁၀ကျော်လောက်တော့ရှိတယ်။ အဲဒီလိုပဲပြောလို့ရပါတယ်။ ပြန်မလွတ်တဲ့သူတွေအနည်းဆုံး ၁၀ ကျော်လောက်တော့ရှိတယ်။ အဲဒီမှာကျနော်တို့ဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးဆိုတဲ့တစ်ယောက် ရှိပါတယ်။ ပြောရရင် လူတွေဘာကြောင့် အဖမ်းခံရတယ်ဆိုတာကို ကျနော်တို့မသိရသေးဘူး၊ အဆက်အသွယ်လည်း ကျနော်တို့ မရသေးဘူးပေါ့။ အဲဒီလိုအခြေအနေတော့ရှိတယ်။

မေး။         ။ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းကရော ULA/AA နဲ့ ပြဿနာတစ်စုံတစ်ရာတက်စေမယ့်ကိစ္စမျိူး လုပ်ထားတာရှိသလား။

ဖြေ။       ။ ကျနော်တို့လည်း အဲဒါကိုလေ့လာနေတယ်။ ကျနော်တို့နဲ့ ULA/AA နဲ့ကတော့ နိုင်ငံရေးအရ ပြဿနာတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အောက်ခြေမှာပေါ့နော် တစ်ခုခု လုပ်ငန်းပိုင်းတွေ ပွတ်တိုက်မှုတွေရှိလာပေါ့၊ အဲဒါတွေ ကျနော်တို့လည်း အဲဒါကိုလေ့လာနေဆဲပဲဖြစ်ပါတယ်။