• Today is: Friday, March 29, 2024

ကလေးမြို့မှာ တိုက်ပွဲပြင်းထန်နေ၊ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိ

ဓာတ်ပုံ – PDF Kalay
ဖက်ဒရယ်ဂျာနယ်၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေးနည်းပညာတက္ကသိုလ်အနီးမှာ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲဟာ ကလေးနည်းပညာတက္ကသိုလ်အနီး တောင်ဘက်ရှိ သာယာကုန်းကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက် တိုက်ခိုက်ရာကနေ ဒီကနေ့အချိန်ထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့သလို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကလည်း ၃ ဦး သေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ကလေးနည်းပညာတက္ကသိုလ်ဝင်းနဲ့ ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တို့ကနေ သာယာကုန်းနဲ့ထောက်ကြန့်ကျေရွားထဲကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာပါ။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ အခြေအနေကလွဲပြီး နေအိမ်အပြင် မထွက်ဘဲ၊ အသွားအလာ ဂရုတစိုက် နေထိုင်ဖို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်က မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ကလေးမြို့ မြောက်ပိုင်းမှာလည်း တမူးကနေ ကလေးဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာတဲ့ ကား ၁၄ စီးပါ စစ်ကောင်စီ ယာဉ်တန်းနဲ့ ရှေ့ပြေးမိုင်းရှင်း ခြေလျင် တပ်အင်အား ၆၀ လောက်ကို ကလေး PDF က မိုင်း ၁၂ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးခဲ့သလို အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ကျဆုံးမှု ရှိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ၅၅ မိုင်ကျေးရွာအတွင်း အရပ်သားပြည်သူတချို့ ဖမ်းဆီးထားပြီး ရာဇဂြိုလ်ကျေးရွာထဲကိုလည်း လက်နက်ကြီး ပစ်ခတ်နေတယ်လို့ PDF (Kalay) က ထုတ်ပြန်ထားပါတယ်။