• Today is: Friday, April 19, 2024

မြဝတီ-ဝေါ်လေလမ်းပိုင်း ကျုးကျော်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း အထိနာပြီး ပြန်လည်ဆုတ်ခွာသွား

ပုံစာ – ကော်ဘရာစစ်ကြောင်း အမျိုးသမီးစစ်သည် တစ်ဦးပါဝင်နေရာယူထားစဥ်

ဖက်ဒရယ်ဂျာနယ်၊ သြဂုတ် ၅

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပိုင်းအား ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က အထိနာပြီး ပြန်လည် ဆုတ်ခွာသွားတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ် ၅ ရက်နေ့ မနက် ၈ နာရီလောက်ကစပြီး မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးသို့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ တရစပ် ပစ်ခတ်ပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာပါ။

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်သည်ကြောင်းနဲ့ နှစ်ဖက် တစ်နေ့ကုန်နီးပါးကြာ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက် များပြားလာတာကြောင့် ညနေ ၄ နာရီလောက်မှာ ပြန်လည် ဆုတ်ခွာသွားတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား (၁) ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိနေခဲ့ပြီး ကော်ဘရာစစ်ကြောင်းက စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။