• Today is: Wednesday, September 28, 2022

စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ တပ်ဖွဲ့ဝင် ၄ ဦး CDM ပြုလုပ်

ဓာတ်ပုံ- Cobra Column

ဖက်ဒရယ်ဂျာနယ်၊ ဩဂုတ် ၆

 

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေးလမ်းပိုင်းမှာ ကော်ဘရာစစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံတပ်က တပ်ဖွဲ့ဝင် ၄ ဦး CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

 

CDM ပြုလုပ်လာတဲ့ တပ်ဖွဲ့ဝင် ၄ ဦးမှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၂) က စစ်မှုထမ်းသက် နှစ် ၃၀ ရှိတဲ့ တပ်ကြပ်ကြီး ဇော်မင်းဦးနဲ့ တပ်သားဟိန်းစိုး၊ တပ်သား စိုးဝင်း၊ တပ်သား ဇော်ဇော်တို့ ပါဝင်ပါတယ်။

 

သူတို့ ၄ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ကော်ဘရာစစ်ကြောင်းထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတာ ဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

 

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို လုံခြုံဘေးကင်းတဲ့ နေရာဆီသို့ နေထိုင်သွားလာရေး၊ စားဝတ်နေရေး၊ လုံခြုံရေး အဆင်ပြေစေဖို့ ကောင်းမွန်စွာ စီမံထားရှိထားတယ်လို့ ဆိုပါတယ်။

 

ထပ်မံပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် တခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိနေသလို သူတို့၏ လုံခြုံရေးအရ စိတ်ချရတဲ့ အချိန်မှာ အလင်းသင့်သလို သတင်းထုတ်ပြန်ပေးသွားမည်လို့ ကော်ဘရာ စစ်ကြောင်းဘက်က ပြောပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ထုတ်ပြန်ထားပါတယ်။