• Today is: Wednesday, December 7, 2022

ကရင်နီအရပ်သား ၃ ဦး သေဒဏ်ချမှတ်ခံထားရ၊ သေဒဏ်ချမှတ်မှုကို မိသားစုဝင်တွေ ၉ လကြာမှ သိခဲ့ရ

ဓါတ်ပုံ – PKPF

ဖက်ဒရယ်ဂျာနယ်၊ ဩဂုတ် ၉

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်(ကရင်နီ) နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဝါရီတောင်ခြေကျေးရွာနေ ဒေသခံအရပ်သား ၃ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားပြီး သေဒဏ်ချမှတ်မှုကို ၉ လကြာမှ သိရှိခဲ့ရတယ်လို့ မိသားစုဝင်တွေက ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၆ ရက်နေ့က ဖယ်ခုံမြို့နယ်၊ ဝါရီတောင်ခြေကျေးရွာမှာ စစ်တပ်အရာရှိ ၂ ဦးနဲ့ တပ်ကြပ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံတွေ ဖြစ်တဲ့ ဦးမောင်ငြိမ်း၊ ဦးမောင်ခုံးနဲ့ ဦးဂျိုးစက်တို့ ၃ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီက သူတို့ ၃ ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂၊ ပုဒ်မ ၁၁၄ နဲ့ အမှုဖွင့် တရားစွဲဆိုပြီးနောက် သေဒဏ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

သေဒဏ်ချမှတ်ထားရတဲ့ ဦးမောင်ငြိမ်းရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်မနိုင်က“သတင်းအစအန မရတာ ၉ လတောင်ကြာသွားတယ်၊ အခုမှ အဒေါ်အမျိုးသား ဦးမောင်ငြိမ်းတို့ အဖွဲ့ကို တောင်လေးလုံး အကျဉ်းထောင်က လွတ်မြောက်လာသူ တဦး ပြောပြမှ အဲဒီမှာ ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရတာ သိခဲ့ရတယ်”လို့ ပြောပါတယ်။

သေဒဏ်ချမှတ်ထားရတဲ့ ဦးမောင်ငြိမ်းတို့ ၃ ဦးဟာ ဥပဒေကြောင်းအရ ဖြေရှင်းခွင့် အပါအဝင် မိသားစုနဲ့တွေ့ခွင့်မရခဲ့ သလို ရှေ့နေတွေနဲ့လည်း တိုင်ပင်ဆွေးနွေးဌားရမ်းခွင့်မရဘဲ သေဒဏ်ချမှတ် ခံလိုက်ရတာ ဖြစ်ပါတယ်။

ကရင်နီဒေသက ဖမ်းဆီးခံရသူတွေရဲ့ စာရင်းပြုစုနေတဲ့ တိုးတက်သော ကရင်နီအင်အားစု (PKPF) တာဝန်ရှိသူ တစ်ဦးကတော့ ဦးမောင်ငြိမ်းတို့ကို ဖမ်းဆီးပြီး သေဒဏ်ချမှတ်လိုက်တာဟာ တဖက်သတ် စွပ်စွဲမှုသာ ဖြစ်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ဦးမောင်ငြိမ်းဟာ သားသမီး ၁၀ ဦးရဲ့ ဖခင်ဖြစ်ပြီး၊ ဝါရီတောင်ခြေကျေးရွာမှာ သူရဲ့ မိသားစုတို့အတူ နေထိုင်တာ ဖြစ်ကာ ရပ်ရွာအတွင်းမှာ လူမှုရေးနဲ့ ကျေးရွာဖွံ့ဖြိုးရေးတွေမှာ တက်ကြွစွာပါဝင်လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါ်မနိုင်ကတော့“အဒေါ် အမျိုးသား ဦးမောင်ငြိမ်းကို အမြန်ဆုံး ပြန်လွတ် စေချင်တာပေါ့၊ သူက ဘာပြစ်မှုမှ ကျူးလွန်ထားတာလည်း မဟုတ်ဘူးလေ၊ အခုသူ ကျန်းမာရေးလည်း မကောင်းဘူး အသက်လည်းကြီးပြီ၊ ဆီးချို၊ သွေးတိုးတွေရှိလို့ အရင်ကတည်းက ဆေးခန်းခနခန သွားပြခဲ့ကြရတာ၊ အခုဆို ဘယ်လိုနေမလဲမသိဘူး၊ အဒေါ်တို့ကလည်း သွားတွေ့ခွင့်လည်းမရဘူး ဆိုတော့လေ၊ စိတ်ပူတာပေါ့၊ ဘယ်လိုနည်းလမ်းနဲ့ အဒေါ်အမျိုးသားကို လွတ်မြောက်အောင် လုပ်ပေးရမလဲ အဒေါ်လည်း နားမလည်ဘူးဆိုတော့ ဘယ်သူ့ကို အကူအညီတောင်းရမလဲ သေချာမသိဘူးဖြစ်နေတယ်”လို့ ပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ထုတ်ပြန်ချက်အရ ကရင်နီဒေသတွင်း သေဒဏ်နဲ့ထောင်ဒဏ်တသက် တစ်ကျွန်းကျခံရထားရသူ ၇ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲက ထောင်ဒဏ်တသက် တစ်ကျွန်းကျခံရထားရသူ ၄ ဦးကိုလည်း စစ်ကောင်စီက သေဒဏ်သို့ ပြောင်းလဲ သတ်မှတ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့  ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်ပြီးနောက် သေဒဏ်ချမှတ်ခံထားရတဲ့ မိသားစုတွေမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။