• Today is: Friday, April 19, 2024

တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

ဓာတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ်၊ သြဂုတ် ၉

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲ‌‌တွေမှာ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဘက်က ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေနဲ့ ပြောက်ကြားပစ်ခတ်မှု အကြိမ် ၂၅၉ ကြိမ် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဘက်က ၃၈၆ ဦး သေဆုံးပြီး ၂၈၀ ဦး ဒဏ်ရာရရှိခဲ့သလို KNU ဘက်ကလည်း ၁၂ ဦး ကျဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်တာ၊ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တာ၊ မတရားဖမ်းဆီး သတ်ဖြတ်ခံရတာကြောင့် အရပ်သား ၁၉ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် KNU အုပ်ချုပ်နယ်မြေထဲက ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်ရာ တောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။