• Today is: Friday, April 19, 2024

ဆယ်ဇင်းမှာ စစ်ကောင်စီ ရဲစခန်း အပါအဝင် ပူးပေါင်းတပ် စခန်း ၃ ခုကို KIA တိုက်ခိုက်သိမ်းပိုက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆယ်ဇင်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းအပါအဝင် ပူးပေါင်းတပ် စခန်း ၃ ခု ကို  ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းမှာ သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေးခဲ့ပေမယ့် နေ့လယ် ၂ နာရီလောက်မှာ စခန်းသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဆယ်ဇင်းရွာလမ်းမှာ ရှိတဲ့စခန်း သုံးခုကို သိမ်းလိုက်တယ်လို့ ကြားတယ်၊ ရဲကင်းစခန်းလည်းပါတော့ သုံးခု ပေါ့၊ အရင်တစ်ခေါက်က တိုက်ပွဲစဖြစ်ကတည်းက ဆယ်ဇင်းပြည်သူတွေကို KIA နဲ့ PDF တို့က ရှောင်ဖို့ ပြောထားတာ၊ ရှောင်ခိုင်းတယ်ဆိုတာကလည်း အဆင်သင့်ဖြစ်တယ်ဆိုမှ စတင်တိုက်ခိုက် တယ်ဆိုတဲ့ သဘောဖြစ်တယ်၊ အခုစခန်း သုံးခုကိုတော့ သိမ်းလိုက်ပြီ” လို့ ဖားကန့်မြို့နယ် ကချင်လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဒါ့ရှီနော်လွောမ်က ဖက်ဒရယ်ဂျာနယ်မြန်မာကို ပြောပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ရဲ့ တပ်စခန်း ၂ ခုကိုလည်း ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆယ်ဇင်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီပူးပေါင်းတပ်ဘက်က ၂၀ ဦး ထက်မနည်း သေဆုံးပြီး လက်နက်ပစ္စည်းအများအပြားကို KIA က သိမ်းယူနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့က ပြောဆိုထားကြပါတယ်။ ဒါ့အပြင် ၎င်းတို့ ပူးပေါင်း တပ်ဖွဲ့ဝင် ၁၀ ဦးကိုလည်း KIA က ဖမ်းဆီး ရမိထားတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ထိခိုက်တချို့ ရှိကြောင်း သိရပေမယ့် မြေပြင် အခြေအနေ အသေးစိတ် အချက်ကိုတော့ မသိရသေးပါဘူး။

ဆယ်ဇင်းဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်၊ ရှမ်းနီပူးပေါင်းတပ်ဖွဲ့နဲ့ KIA တို့ကြား နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။