• Today is: Friday, March 29, 2024

ဗန်းမော်မြို့၊ သာစည်ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဓာတ်ပုံ- ဗန်းမော်ပွင့်သစ်

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ ဩဂုတ် ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သာစည်ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးဝင်းအတွင်း ယနေ့ နံနက် ၁၁ နာရီအချိန် တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများဆီက သိရပါတယ်။

“ခရိုင်စုပေါင်းရုံးမှာ ဗုံးကွဲတာတော့မှန်ပါတယ်။ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ လောက်မှာ ပေါက်ကွဲခဲ့တယ်လို့ ကြားလိုက်ရတယ်၊ အဲဒီရုံးကနေ ဖြတ်သွားမိတဲ့ အသိသူငယ်ချင်းကလည်း ပြောပြတယ်၊ ကျနော်တို့ကတော့ အဲဒီဘက်က မသွားမိလိုက်ဘူး၊ ခရိုင်စုပေါင်းရုံး ဗုံးပေါက်ပြီးတော့ သိတဲ့အတိုင်းဘဲ စစ်ကောင်စီတပ်တွေက မြို့ပေါ်ကားတွေနဲ့ ကင်းလှည့်နေကြတော့ တွေ့မိလိုက်တယ်” ဟု ဒေသခံ တဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

ယနေ့ ဗန်းမော်မြို့၊ သာစည်ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး ဗုံးပေါက်ကွဲမှုအတွင်း ရုံးဝန်ထမ်းများ ထိခိုက်မှု ရှိမရှိ အသေးစိတ် မသိရှိသေးသော်လည်း ဗန်းမော်ပွင့်သစ် လူမှုကွန်ရက်(Facebook Page) ၏ ဖော်ပြချက်အရ “ဆိုင်ကယ်စတန်းတွင် မိုင်းပေါက်ကွဲခဲ့ရာ ယင်းနေရာအနီးရှိ ဆိုင်ကယ် (၃၆)စီး မီးလောင်ပျက်စီးခဲ့ပြီး စုပေါင်းရုံးကြီးတွင် တပ်ဆင်ထားသည့် ပြတင်းပေါက်များလည်း ပျက်စီးဆုံးရှုံးခဲ့သလို မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအေးခိုင်၏ ခြေထောက်နှင့် ယာလက်ဖျံတွင် မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်” လို့ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ဗန်းမော်မြို့၊ ဂေါက်ကွင်းလမ်းဆုံအနီးမှာလည်း မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက ယနေ့ ညနေ ၄ နာရီခန့်တွင် ပစ်ခွဲရှင်းလင်းခဲ့ရတယ်လို့ ဆိုထားပါတယ်။

ယနေ့ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုသာကိုတော့ တိတိကျကျ မသိရှိရသေးပါဘူး။

Urban Revolutionary Force – Bhamo အဖွဲ့ကတော့ ပြည်သူများအနေဖြင့် စစ်သား၊ ရဲများနှင့် တတ်နိုင်သမျှ ဝေးနိုင်သမျှ အဝေးဆုံးတွင် ရှောင်ရှားနေထိုင် ကြရန် အထူးသတိပေးချက် ထုတ်ပြန် ထားပါတယ်။