• Today is: Wednesday, September 28, 2022

စစ်တပ်က အခု လူထုကို ဘယ်လို အကြောက်တရားသွင်းနေတယ်လို့ မြင်ပါသလဲ

■ စစ်တပ်က အခု လူထုကို ဘယ်လို အကြောက်တရားသွင်းနေတယ်လို့ မြင်ပါသလဲ။

  • မင်းသေ့
မြန်မာ့အတိတ်သမိုင်းမှာ၊ စစ်အစိုးရအဆက်ဆက် လူထုကို အကြောက်တရားသွင်းတဲ့ ပုံစံက အတူတူပဲ။ မပြောင်းဘူး။ ဒါပေမယ့် ဒီဘက်ခေတ်မှာ ထူးခြားလာတာ ရှိတယ်။ အဲဒါကတော့ အွန်လိုင်းအင်တာနက်ပဲ။ စစ်တပ်ဟာ လွန်ခဲ့သော ဆယ်နှစ်လောက်ကတည်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူ့ရဲ့ ဝါဒဖြန့်ချိရေးဆဲလ် တွေကို ဖြန့်ထားတယ်လို့ ယူဆတယ်။ အထူးသဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နိုင်ငံရေးအရ ကြိုးဆွဲရ လွယ်အောင် သူ့ရဲ့ ဝါဒဖြန့်ချိရေးဆဲလ်တွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတပ်သားတွေကို ဖြန့်ကျက်ထားတယ်ဆိုတာ သိသာထင်ရှားတယ်။

စစ်အာဏာသိမ်းမှုအပြီးနောက်ပိုင်း စစ်တပ်ကို မခန့်လေးစားလုပ်ရင် ဒီလိုဖြစ်မယ် ကြည့်ထား ဆိုတဲ့ ပုံစံနဲ့ ဖမ်းဆီးပြတာ၊ နှိပ်စက်ပြတာ၊ သတ်ဖြတ်ပြတာ။ ဒီဖမ်းဆီးသတ်ဖြတ်ညှင်းဆဲတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖြန့်တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်လာတာတွေ့ ရတယ်။ ဒါ့အပြင် – သွေးသောက်အဖွဲ့လို ကြေးစားလူသတ်အဖွဲ့ကို နောက်ကွယ်က မွေးထားပြီးတော့ – သူတို့ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ထိပါးရင် အခုလို ခံရမယ် ကြည့်ထား… ဆိုတဲ့ ပုံစံနဲ့ ၊ လူသတ်ပြီးတော့ အလောင်း ကို လူသူလေးပါးမြင်အောင် လာပြစ်ထားတာမျိုးလုပ်တယ်။ ဒါ့အပြင် အသတ်ခံရတဲ့ လူကို လည်ပင်းဖြတ်ထား တာမျိုး လုပ်တဲ့အပြင်၊ သွေးသောက်အဖွဲ့ ဆိုတဲ့ တံဆိပ်ကို လည်ပင်းမှာ ချိတ်ပြီး ပစ်ထားလိုက်တယ်။

တကယ်တော့ မြန်မာစစ်တပ်ဟာ သူ့ကို အာဏာဖီဆန်သူ၊ သူ့အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးလုပ်တယ်လို့ ယူဆရင် ဒီလို ရက်ရက်စက်စက် သတ်ဖြတ်တာ အခုမှ မဟုတ်ဘူး။ အရင်ကတည်းက ဒီအတိုင်းပဲ။ သို့သော် အခုတော့ အကြောက်တရားကို ပိုပျံ့အောင် လူမှုကွန်ယက်ပလက်ဖောင်းကို သုံးပြီးတော့ အကြောက်တရား ပိုကြီးအောင် တမင်ဝါဒဖြန့်တာမျိုးကို ရည်ရွယ်ချက်ရှိရှိ လုပ်တာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း သူတို့ လုပ်ရပ်ကို အင်အားစုတစ်ခုက ထောက်ခံလာအောင် ဘေးတီးပေးတာမျိုးတွေ လုပ်တာ တွေ့ရတယ်။ ဒါကိုလည်း လူမှုကွန်ယက်စာမျက်နှာတွေကို သုံးပြီးတော့ လုပ်တာပါပဲ။

■ စစ်တပ်က ဘယ်လိုနိုင်ငံမျိုးကို လိုချင်နေတာလဲ။

မြန်မာစစ်တပ်ထဲမှာ အုပ်စုအကျိုးစီးပွားရှိတယ်။ စစ်အုပ်စုရဲ့ အကျိုးစီးပွားပေါ့။ သူတို့က အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးလို့ သုံးနှုန်းပေမယ့် လက်တွေ့မှာ တကယ် မဟုတ်ဘူး။ မြန်မာစစ် တပ်မှာ အုပ်စုအကျိုးစီးပွားပဲ ရှိတယ်။ အင်စတီကျူးရှင်းရဲ့ အကျိုးစီးပွားလို့တောင် ပြောဖို့ ခက်တယ်။ မြန်မာ စစ်တပ်ထဲမှာ အောက်ခြေစစ်သားက ဘယ်လောက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတယ်ဆိုတာ အသိသာကြီးပဲ။ ဒါပေမယ့် ဒါကို စိတ်ဓာတ်စစ်ဆင်ရေးဌာနက အမျိုးသားရေးနဲ့ စွန့်လွှတ်စွန့်စား သူရဲကောင်းဝါဒမှိုင်းနဲ့ ဖိထား တယ်။ ဒီတော့ အောက်ခြေစစ်သားက အသုံးချခံဖြစ်နေတာ သူ့ကိုယ်သူ မမြင်ဘူး။ ထားတော့။

မြန်မာစစ်တပ်ဟာ အုပ်ထိန်းသူအယူအဆကို လက်ကိုင်ထားတယ်။ ဒါကို guardianship အယူအဆလို့ ပြောနိုင် တယ်။ အနာဂတ်ကာလတစ်လျှောက်လုံးမှာ၊ စစ်တပ်ဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ ဆိုတဲ့ အုပ်ထိန်းသူအယူအဆ အထိုင်နဲ့ နိုင်ငံရေးမှာ အစဉ်တစိုက် ပါဝင်ဖို့၊ တနည်း၊ နိုင်ငံရေးအာဏာနဲ့ အုပ်ချုပ်ရေး အာဏာကို ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်ဖို့ ကြိုးစားအားထုတ်တာ တွေ့ရတယ်။ စစ်တပ်ရဲ့ စပွန်ဆာနဲ့ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း – အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က အစဉ်တစိုက်ပါဝင်မည် ဆိုတဲ့ ပြဌာန်းချက်ဟာ ဒီအချက်ကို သိသာ ထင်ရှားစေတယ်။

နောက်တစ်ခုက စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ ဆိုတဲ့ အခင်းအကျင်း။ ဒီနေရာမှာ – စည်းကမ်းပြည့်ဝသောဆိုတဲ့ စကားလုံးဟာ စစ်တပ်က နိုင်ငံရေးသမားတွေကို ဒီအတိုင်းလွှတ်ပေးထားရင် တိုင်းပြည် ဗရမ်းပတာ ဖြစ်လိမ့်မယ်ဆိုတဲ့ အထိုင်က စဉ်းစားတာ။ ဒီတော့ ဒီမိုကရေစီလိုလားတဲ့ လူထုကို စစ်တပ်က စည်းနဲ့ ကမ်းနဲ့ အမြဲတမ်း စောင့်ကြည့်ထိန်းကျောင်းတည့်မတ်ပေးရမယ်ဆိုတဲ့ ကြီးကြပ်သူနေရာ ကနေ မြင်ထားတာတွေ့ရတယ်။

မေးခွန်းကို တိတိကျကျ ဖြေရင်- မြန်မာနိုင်ငံဟာ ဘယ်လို နိုင်ငံရေးစနစ်မျိုးကို ကျင့်သုံးသည်ဖြစ်စေ စစ်တပ်က ဦးဆောင်မှု အခန်းကဏ္ဍမှာ အမြဲ ပါဝင်နေတဲ့ နိုင်ငံမျိုးကို လိုချင်တာပဲ။ ဒါမှ လည်း စစ်တပ်အကျိုးစီးပွားနဲ့ စစ်ခေါင်းဆောင်တွေရဲ့ တစ်ဦးချင်းကိုယ်ကျိုးစီးပွားက အမြဲတမ်း တည်မြဲနေမှာ ပေါ့။ လူထုက ဒီမိုကရေစီလို့ အော်တော့ – မြန်မာစစ်တပ်ကလည်း စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်လို့ ပြောပြီး ပါဝင်ခဲ့တယ်လေ။ အခု လူထုက ဖက်ဒရယ်လို့ ပြောတော့လည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်ဆိုတဲ့ လေသံ ပစ်လာတာပဲလေ။ သို့သော် “ငါတော့ ဦးဆောင်ရမယ်” ဆိုတာမျိုးပေါ့။

■ သေဒဏ်မပေးခင်က နိုင်ငံရေးထွက်ပေါက်ဟာ စစ်တပ်အတွက် ငွေ့ငွေ့ကလေး ကျန်နေသေးတယ်။ အခုရော စစ်ကောင်စီမှာ နိုင်ငံရေးထွက်ပေါက် ရှိပါသေးလား။

သေဒဏ်ကို လက်တွေ့ကျင့်သုံးပြီးကြောင်း သတင်းတွေ တက်လာချိန်မှာ၊ ကချင်ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်က သူ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလို ရေးသားလိုက်တာတွေ့ရတယ်။ “တကယ်မှန်ခဲ့မယ်ဆိုရင် မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ၊ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာ” လို့ ရေးသားတယ်။ အဲသည့် စကားထဲမှာ “ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာ” ဆိုတဲ့ စကားလုံးက အခုမေးတဲ့‌ မေးခွန်းကို တိုက်ရိုက် အဖြေသက်ရောက်တယ်လို့ ယူဆတယ်။

သေဒဏ်ကို လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်ပြီးနောက်ပိုင်း မြန်မာစစ်တပ်အပေါ်မှာ လူထုရဲ့ ရွံမုန်းမှုက ပိုကြီးလာ တယ်။ ပိုပြင်းထန်လာတယ်။ အငြိုးတရားလို၊ ကလှည့်စားလိုတောင် ဖြစ်လာတယ်။ သက်ဆိုင်ရာ လူမျိုးစုလက် နက်ကိုင်ခေါင်းဆောင်ပိုင်းကတောင် – တချိန်မှာ ငြိမ်းချမ်းရေး စားပွဲဝိုင်း လုပ်ဖြစ်ခဲ့သည်ရှိသော် လူသတ်သမားနဲ့ စားပွဲဝိုင်းထဲ အတူထိုင်ရမလိုဖြစ်နေလို့၊ ရှာကြံ ခွင့်လွှတ်ပေးလို့တောင် မရဘဲ နောက်ဆုတ်သွားကြမှာ ဆိုတာမျိုး ပြောတယ်။

မြန်မာစစ်တပ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီရင်ခဲ့သလို ထွက်ပေါက်မဟာဗျူဟာ (exit strategy) ကို အောင်မြင်စွာ လုပ်နိုင်ဖို့ လုံးဝ ခက်ခဲသွားပြီ။ မြန်မာစစ်တပ်အနေနဲ့လည်း အဆုံးသတ် အပြုတ်တိုက်ပြီး အဆုံးထိသွားရမယ့် အနေအထားကို ရောက်သွားပြီ။ သူတို့ ရှုံးရင် လုံးဝ အရှင်မထွက်နိုင်တော့ ဘူးဆိုတာ သေချာသလောက်ဖြစ်သွားပြီမို့၊ သူတို့ဟာ မျက်ကန်းတစ္ဆေမကြောက် ဇွတ်တိုး ဆက်လုပ်ဖို့သာ ရှိ တော့တယ်။ မြန်မာစစ်တပ်ကိုယ်၌က တစ်ဖက်ပိတ်လမ်းအန္တရာယ်ချောက်ကမ်းပါးထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားပြီ။ စစ်ကောင်စီက အဆုံးထိ မိုက်ကန်းတော့မှာပါ။

■ လူထုရဲ့ ဒီမိုကရေစီ လိုလားစိတ်ကို ဘယ်လိုမြင်ပါသလဲ၊ ဘယ်အထိ သယ်ဆောင်သွားနိုင်မလဲ။

လူထုက လွတ်လပ်မှု တစ်စုံတစ်ရာကို ခံစားတွေ့ကြုံဖူးပြီးသွားပြီ။ ဒီမိုကရေစီကို အားလုံး လုံးစေ့ပတ်စေ့ နားလည် ချင်မှ နားလည်လိမ့်မယ်။ သို့သော်လည်း လူထုက လူချင်းတူတူ သူချင်းမျှမျှ ရှင်သန်ရပ်တည်ပြီး အကြောက်တရားနဲ့ စိုးရိမ်ကြောင့်ကြမှု နည်းပါးတဲ့ အရသာကို ခံစားဖူးပြီးသွားပြီ။ ဒါက တော်လှန်ရေးကို ဆက်ပြီး တွန်းနေလိမ့်မယ်။ မြန်မာစစ်တပ်ဟာ နောင် နှစ်ပေါင်း ၃၀ – ၄၀ – ၅၀ လောက်အထိ ပြည်သူ့ တံတွေးခွက်မှာ ပက်လက်မျောနေလိမ့်မယ်။ လူထုဟာ စစ်တပ်ကို အမုန်းကြီး မုန်းသွားပြီ။ ပြန်အဖတ်ဆယ်လို့ မရတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်မှာ အင်တာနက် အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေ အပျံ့ကျယ် လာလို့ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ ပျံ့ကျဲ ပေါက်ကွဲကုန်ပြီ။ ဒါတွေဟာ အမုန်းတရားကို ဆက်ပြီး ဖြန့်လိမ့်မယ်။ လူထုရဲ့ အငြိုးတရားနဲ့ အာဃာတကို အနာဂတ် နှစ်ပေါင်းများစွာအထိ သယ်ဆောင်ဖြန့်ချိပေးနေ လိမ့်မယ်။

မြန်မာနိုင်ငံဟာ သိမ်သိမ်မွှေ့မွှေ့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် အချိန်တိုအတွင်း ပြန်လည်ရောက် ရှိနိုင်ဖို့တော့ အခွင့်အလမ်း အင်မတန် နည်းပါတယ်။ သို့သော်လည်း စစ်တပ်ကို မုန်းတီးနာကျည်းတဲ့ စိတ်ကပဲ – လူထုရဲ့ ဒီမိုကရေစီ လိုလားစိတ်ကို မီးထိုးပေးနေလိမ့်မယ်။