• Today is: Wednesday, December 7, 2022

သတ္တိရှိရင် မြို့ပြင်မှာ စစ်ဆင်‌ရေးလုပ်မယ်လို့ စစ်ကောင်စီတပ်ကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ စိန်ခေါ်

ဓာတ်ပုံ – CDF

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ သြဂုတ် ၁၀

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်အနေနဲ့ သတ္တိရှိရင် မြို့ပြင်မှာ စစ်ဆင်ရေးလုပ်မယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဟားခါး) CDF က စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

သြဂုတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)ရဲ့ ကြေညာချက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးနေရတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်က သြဂုတ် ၁၀ ရက်နေ့မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဟားခါးမြို့နယ် Hniarlawn ကျေးရွာနေ Pi Chia Hnem နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် Pi Chia Hnem အသက်ဆုံးရှုံးဖြစ်ပေါ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိတယ်။

ဒါ့အပြင် ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၆ ဦး သေဆုံးပြီး ပြည်သူနေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် နိုင်ငံတကာ စစ်ဥပဒေ ရာဇဝတ်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ပြည်သူတွေဆုံးရှုံးခဲ့ရတဲ့ နစ်နာမှုအပေါ် တာဝန်ယူဖြေရှင်းရမယ်လို့ ကြေညာထားပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)အနေနဲ့ စစ်ကောင်စီတပ်ကို ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီတပ်အနေနဲ့ သတ္တိရှိရင် ပြည်သူနဲ့ ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှု မရှိတဲ့ မြို့ပြင်မှာ စစ်ဆင်ရေးလုပ်ဖို့ စိန်ခေါ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် အပါအဝင် သူတို့ရဲ့ ကြိုးကိုင်ကျောထောက်လုပ်နေတဲ့ ရာထူးခံလူပုဂ္ဂိုလ်တွေ ၊ Non-CDM ဝန်ထမ်းတွေနဲ့ သတင်းပေးဒလန်တွေကိုလည်း စစ်ဘက်ဆိုင်ရာစည်းမျဉ်း ဥပဒေနဲ့အညီ ပြင်းထန်စွာ အရေးယူသွားမယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဟားခါး) CDF သတိပေးထားပါတယ်။