• Today is: Wednesday, September 28, 2022

ဓမ္မကို ဆန်းစစ်ခြင်း

●───── ဓမ္မကို ဆန်းစစ်ခြင်း ─────●

  • မင်းသေ့
ဓမ္မဆိုသည့် အနက်သဘောကို၊ ကျမ်းစာ အစောင်စောင်မှ လေ့လာမိပါ၏။ စူးစမ်းမိပါ၏။ ဓမ္မကို ဘယ်သူက ဘယ်လို ပြောသနည်း။ လက်တွေ့ ဘဝ၌ ဓမ္မကို လူတို့ ဘယ်လို အနက်ဖွင့်ကြသနည်း။ မေးစရာ မေးခွန်းများ ရှိ လာပါသည်။ ဓမ္မဘက်မှ ရပ်၍ ပြောသူ၊ လုပ်သူတို့ကိုယ်၌ပင် ဓမ္မဆိုသည်ကို ကောင်းစွာ နားလည်သဘောပေါက် ပါ၏လော။ ဓမ္မဟူသည် လူတို့၏ အတ္တနောမတိဖြင့် ဖန်တီးစီရင်ထားသော ဇာတ်ညွှန်းပေလော။ သို့တည်း မဟုတ် — လောကီနယ်က ပညတ်ထားသော ဓမ္မအပေါ် ယုံမှတ်လက်ခံထားခြင်းမှာ အဘယ်သို့နည်း။ ရိုးရိုးသား သား ဖြောင့်ဖြောင့်မတ်မတ် မဖဲ့မစောင်း လေ့လာစူးစမ်းထိုက်သော ဘာသာဗေဒပါတည်း။

ဓမ္မကိုယ်၌က သဘာဝထဲမှာ ဘယ်သို့ ဖြစ်တည်ပါသနည်း။ လောကုတ္တရာနယ်က ပြောသော၊ ဟောသော ဓမ္မ နှင့် လောကီနယ်က ပြောသော၊ ဟောသော ဓမ္မတို့ တူညီသည်ဟု ထင်ပါသလား။ သို့မဟုတ် – ထပ်တူကျသည်ဟု ထင်ပါသလား။

ဆရာကြီး ဦးရွှေအောင် ပြန်လည်ပြုစုရေးသားတဲ့ ဓမ္မပဒ စာအုပ်၊ ယမကဝဂ် အပိုင်းမှာ – ဤသို့ တွေ့ရပါသည်။

■ ဓမ္မ နှင့် အဓမ္မတို့တွင် ဓမ္မသည် အကြောင်းမညီညွတ်၍ မည်မျှပင် ရှုံးစေကာမူ နောက်ဆုံး တစ်နေ့၌ ဓမ္မသည် အဓမ္မအပေါ် မလွဲမသွေ ထာဝရအောင်ပွဲကို ရယူနိုင်မည်သာ ဖြစ်၏။ (ဦးရွှေအောင်၊ ဓမ္မပဒ ၊ ယမကဝဂ် ၊ စာ ၇၁)

လောက၌ ဓမ္မ နှင့် အဓမ္မတို့သည် အစဉ်အမြဲ အားပြိုင်နေသည်လည်း ရှိ၏။ အပြိုင်ဖြစ်ထွန်းနေသည်လည်း ရှိ၏။ ရောစပ် ဖြစ်တည်နေသည်လည်း ရှိတတ်ပါ၏။ တခါတရံ၌ ဘယ်အရာက ဓမ္မ၊ ဘယ်အရာက အဓမ္မဆို သည်ကို လူ့သာမာန် ဉာဏ်အမြင်ဖြင့် ခွဲခြားရန် ခက်ခဲနိုင်ပါ၏။ ဓမ္မနှင့် အဓမ္မကို ခွဲခွဲခြားခြား ပိုင်းပိုင်းဖြတ်ဖြတ် သိမြင်နိုင်ရန် ၊ သာမန်ထက် ပိုလွန် စူးရှသည့် ဉာဏ်အမြင်လည်း လိုကောင်း လိုပါလိမ့်မယ်။ လောကီနယ်က ပညတ်ထားသော ဓမ္မနှင့် လောကုတ္တရာနယ်က သတ်မှတ်သော သဘာဝဓမ္မတို့သည် အမြဲ တူနိုင်မည် မဟုတ်ပါ။ ခြားနားမှုများ ရှိနိုင်ပါသည်။ တခါတရံလည်း ဓမ္မကို နယ်ခြား၍ သတ်မှတ်ပြဋ္ဌာန်းထားခြင်းသည် အန္တရာယ် ကြီးနေတတ်ပါသည်။

ဝိပဿနာတရားပြ ဆရာကြီး ဦးဂိုအင်ကာက ဤသို့ မိန့်မှာ ခဲ့ဖူးပါ၏။

■ သီလသည် ဓမ္မ၏ အုတ်မြစ်ဖြစ်သည်။
■ သမာဓိသည် ဓမ္မ၏ နံရံ ဖြစ်သည်။
■ ပညာသည် ဓမ္မ၏ အမိုးဖြစ်သည်။

သီလ သမာဓိ နှင့် ပညာတို့သည် မြင့်မြတ်မင်္ဂလာနှင့် ပြည့်စုံသော ဓမ္မ၏ ဗိမာန်ဖြစ်သည်— ဟု၊ ဟောပြော သွန်သင်ခဲ့ဖူးပါသည်။

ဓမ္မ၏ ဘုံဗိမာန်တို့၌ လူအများအပြား ခိုဝင်နိုင်ရန် ဘယ်သို့သော လူအများက ဓမ္မဗိမာန်များကို ဖန်တီး တည်ဆောက်နေပါသနည်း။ ဓမ္မဗိမာန်ကို သဲတို့၊ အုတ်တို့၊ ကျောက်တို့၊ သံတို့၊ ဘိလပ်မြေတို့ဖြင့် တည်ဆောက် ရသည်ဟု မယူဆပါ။ ထိုနည်းဖြင့် တည်ဆောက်၍လည်း ရနိုင်မည် မဟုတ်ပါ။ သီလ ဆိုသည့် ကိုယ်ကျင့်တရား။ သမာဓိဆိုသည့် ဖြောင့်မတ်တည်ကြည်ခြင်း နှင့် ပညာဆိုသည့် ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ဖြင့်သာ တည်ဆောက်နိုင် မည် ထင်ပါသည်။

■ ဓမ္မကို ဝါဒဖြန့်ချိရေးယန္တရားဖြင့် တည်ဆောက်၍ မရနိုင်ပါ။
■ ဓမ္မကို ယုတ်သောလူများဖြင့် တည်ဆောက်၍ မရနိုင်ပါ။
■ ဓမ္မကို ကိုယ်ကျင့်သီလညစ်ထေးသူများဖြင့် တည်ဆောက်၍ မရနိုင်ပါ။

ဓမ္မအဆောက်အအုံကို ပညာအမိုးဖြင့်သာ ကာမိုးနိုင်ပါလိမ့်မည်။ ဓမ္မအဆောက်အအုံကို ဖြောင့်မတ်တည်ကြည် ခြင်း နံရံဖြင့်သာ ရုပ်လုံးဖော်နိုင်ပါလိမ့်မည်။ ဓမ္မအဆောက်အအုံကို ကောင်းမြတ်သောကိုယ်ကျင့်တရား အုတ်မြစ် အပေါ်မှာသာ တည်ဆောက်နိုင်ပါလိမ့်မည်။ သီလ – သမာဓိ – ပညာ နှင့် ပတ်သက်၍၊ ဆရာကြီး ဦးရွှေအောင်က ဓမ္မပဒ၊ ယမကဝဂ် ပြန်လည်ရှင်းလင်းပြဆိုချက်၍ ဤသို့ ထပ်မံ ရေးသားစီရင်ခဲ့ပါ၏။

■ ချစ်ခြင်း၊ ကြင်နာခြင်း၊ လေးစားခြင်း၊ မှန်ကန်မျှတခြင်း မပါသော ဒါန၊ သီလ၊ ဘာဝနာ သို့မဟုတ် သီလ၊ သမာဓိ၊ ပညာတို့သည် လောကယန္တရားကို အေးချမ်းသာယာအောင် ဆောင်ရွက်ရာ၌ ထိရောက်ကြမည် မဟုတ်။ တစ်သားတည်း၊ တစ်ခုတည်းအဖြစ်သို့ ရောက်သော ညီညွတ်မှု (Harmony) ကိုဖြစ်အောင် ဆောက်ရွက်နိုင်ကြမည် မဟုတ်။ (ဦးရွှေအောင်၊ ဓမ္မပဒ၊ ယမကဝဂ် ၊ စာ ၅၉)

ဓမ္မဖြင့် ထုံမွှမ်းသော လောကအဆောက်အအုံကို တည်ဆောက်ရာတွင် ၊ ချစ်ခြင်းလည်း ပါဝင်ရပါလိမ့်မည်၊ ကြင်နာခြင်းလည်း ပါဝင်ရပါလိမ့်မည်၊ လေးစားခြင်းလည်း ပါဝင်ရပါမည်၊ မှန်ကန်ခြင်း မျှတခြင်းလည်း ပါဝင် ရပါလိမ့်မည်။ ချစ်ခြင်း၊ ကြင်နာခြင်း၊ လေးစားခြင်းနှင့် မှန်ကန် မျှတခြင်း မပါဝင်သော သီလ၊ သမာဓိ နှင့် ပညာ တို့သည် လောကကို အေးချမ်းသာယာအောင် ထိရောက်စွာ စွမ်းဆောင်နိုင်မည် မဟုတ် — ဟု ဆရာကြီး ဦးရွှေအောင်က အတိအလင်း ရေးသားပါသည်။

■ ချစ်ခြင်း၊ ကြင်နာခြင်း၊ လေးစားခြင်းနှင့် မှန်ကန် မျှတခြင်း မပါဝင်သော လောကထဲက ဓမ္မ အုတ်မြစ်၊ ဓမ္မနံရံ၊ ဓမ္မအမိုးဟူသည် လောကကို ညီညွတ်မှုဖြစ်အောင် ဆောင်ရွက်နိုင်မည် မဟုတ်။ ဝိရောဓိသဘောဆောင်သော ဆန့်ကျင်ဘက် ပဋိပက္ခများဖြင့် ဒုက္ခ သုက္ခရောက်စေ မည်သာ ဖြစ်သည်။

ထိုမျှမက လုပ်ဆောင်သော အလုပ်တို့၏ ရလဒ် နှင့် သက်ရောက်မှုသည်၊ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်နေမည်သာ ဖြစ်နေပါလိမ့်မယ်။ မည်သည့် လုပ်ကိုင်ဆောင်တာဟူသမျှ ကမောက်ကမ အဖြစ်များနှင့် ကြုံနေ ရမည်ဖြစ်ပါသည်။ စစ်မှန်သော သဘာဝဓမ္မဖြစ်ရန် အလို့ငှာ – ချစ်ခြင်း၊ ကြင်နာခြင်း၊ လေးစားခြင်း၊ မှန်ကန် မျှတခြင်းဟူသော ဝိသေသများ ယှဉ်တွဲဖြစ်တည်စေမှသာ ကောင်းမြတ်သော လူ့ဘောင်ကို တည်ဆောက် နိုင်လိမ့်မည်ဟု ယူဆပါသည်။

နိဂုံးချုပ်အနေဖြင့် – ဆရာကြီး ဦးရွှေအောင်၏ ရေးသားချက်ဖြင့်ပင် နိဂုံးချုပ်လိုပါသည်။

〓 လောကယန္တရား ငြိမ့်ညောင်းသာယာစွာ လှုပ်ရှားနိုင်ရေးအတွက် ဆိုင်ရာဆိုင်ရာ ဘဝအဆင့်အလိုက် ကိုယ်စီတာဝန်များကို ဆောင်ရွက်ရာတွင် အခြေခံမူ အဖြစ် ချစ်ခြင်း၊ ကြင်နာခြင်း၊ လေးစားခြင်း၊ တရားမျှတခြင်းတည်းဟူသော ဗြဟ္မစိုရ်တရား လေးပါးတို့ဖြင့် ထုံမွမ်းထားသော ကိုယ်ကျင့်သိက္ခာများ ကို တစစ်ဦးချင်းစရိုက်၊ တစ်ဦးချင်းဉာဉ်အဆင့်ကို ကျော်လွန်ကာ အမျိုးသားစရိုက်၊ အမျိုးသားဉာဉ် အဆင့်သို့ ရောက်အောင် အားထုတ်အပ်ပါ၏။ (၎င်း၊ စာ ၅၉)