• Today is: Thursday, March 28, 2024

မွန်လူထုတစ်ရပ်လုံး စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ် ဆန့်ကျင်ကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

ဓာတ်ပုံ – NMSP (ပုံစာအညွန်း- ၇၅ နှစ်ပြည့် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ဌာနချုပ်မှာ ကျင်းပနေစဉ်။)

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ သြဂုတ် ၁၁

အာဏာသိမ်း စစ်ကောင်စီကို မွန်အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ဆန့်ကျင်ကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ သြဂုတ် ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်ပြည့် မွန်တော်လှန်ရေးနေ့မှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မွန်တော်လှန်ရေး အင်အားစုအဖွဲ့ ၄ ဖွဲ့ဖြစ်တဲ့ NRFF, MNN, MNC-A နဲ့ MRO တို့ မွန်တော်လှန်ရေးနေ့ သဘေထားကြေညာချက်မှာတော့ မွန်လူထုတစ်ရပ်လုံး စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားတွေမှာ မပါဝင်တာ၊ စစ်တပ်ထုတ်ကုန် အသုံးမပြုတာ၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို အားဖြည့်ကူညီကြဖို့ တိုက်တွန်းထားပါတယ်။

မွန်လူငယ်တွေ အပါအဝင် မွန်လူထုတစ်ရပ်လုံးအနေနဲ့ မွန်တော်လှန်ရေးနေ့ကစပြီး စစ်ဘက်ဆိုင်ရာပညာရပ်တွေကို မဖြစ်မနေ သင်ယူလေ့လာပြီး မွန်လူမျိုးတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်သွားကြဖို့ တိုက်တွန်းတာပါ။

ဒါ့အပြင် တစ်နိုင်လုံးအတိုင်းအတာ တိုက်ပွဲဆင်နွှဲနေချိန်မှာ မိမိတို့ရဲ့ မွန်လူမျိုးနဲ့နယ်မြေအားလုံးကို အကာအကွယ်ပေးနိုင်တဲ့ ဒေသအုပ်ချုပ်ရေးစနစ်တစ်ခု ပေါ်ပေါက်လာနိုင်ရေးအတွက် မွန်အမျိုးသားထုတစ်ရပ်လုံး ရုန်းကန် တိုက်ပွဲဝင်သွားကြဖို့ နှိုးဆော်ထားပါတယ်။

မွန်တော်လှန်ရေးနေ့ဟာ ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်မှာ မွန်လူငယ်တွေ ဦးဆောင်ပြီး ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့နေ့အစွဲပြုပြီး သတ်မှတ်ကျင်းပလာခဲ့တာ အခုဆိုရင် ၇၅ နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီးပါတယ်။

၇၅ နှစ်ပြည့် မွန်တော်လှန်ရေးနေ့ကိုတော့ မွန်ပြည်သစ်ပါတီ ဌာနချုပ် အပါအဝင် မွန်လူမျိုးတွေ နေထိုင်ရာ နေရာ ဒေသတချို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။