• Today is: Friday, March 29, 2024

ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါ နဲ့ ရက္ခိုင်

ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါ နဲ့ ရက္ခိုင်

●───── ๑۩۩๑ ─────●

– မင်းသေ့

ကွန်ဖက်ဒရေးရှင်းနဲ့ အနက်သဘောမှာ – “အချုပ်အခြာအာဏာပိုင်ပြည်နယ်” ဆိုတဲ့အနက်သဘောပါဝင်တာ တွေ့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးသမိုင်းဇာတ်ကို ကြည့်ရင် – အချုပ်အခြာအာဏာဆိုတဲ့ စကား လုံးကို နိုင်ငံတော်နဲ့ တွဲဖက်ပြီး သုံးစွဲတာမျိုးပဲ အလေ့အထုံ ရှိခဲ့ပါတယ်။ မြန်မာလူထုကိုယ်၌ကလည်း အချုပ်အခြာအာဏာဆိုတာ နိုင်ငံနဲ့သာ သက်ဆိုင်တဲ့ ကိစ္စလို့ မြင်ကြတာများတယ်။ ဒါဟာ စွဲနေတဲ့အမြင် ဖြစ်နေတယ်။ public memory ထဲမှာ အချုပ်အခြာအာဏာ နဲ့ နိုင်ငံတော် ဆိုတဲ့ ဝေါဟာရ နှစ်ခုဟာ ပူးတွဲ မြင်နေ ကျဖြစ်ပါတယ်။ သို့သော်လည်း အချုပ်အခြာအာဏာ နဲ့ ပြည်နယ် ဆိုတဲ့ ဝေါဟာရ နှစ်ခုကို ပူးတွဲ မြင်တဲ့အခါ၊ တခါတရံ ရှော့ခ်ရသလို ဖြစ်နိုင်တယ်။

 

■ “ဒို့တာဝန်” စတိုရီတွေ

 

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ စတိုရီကို အမြဲ ယုံမှတ်ထားသူတွေကတော့ ဒါကို လက်မခံနိုင်ကြ။ တို့မြေကို တစ်လက်မမှ အကျူးကျော်မခံ၊ အပဲ့မခံနိုင်ဆိုတဲ့ မြေချစ်အမျိုးသားရေးဝါဒီတွေကလည်း ဒါကို လက်ခံနိုင်ကြမယ် မထင်။ ပြည်နယ်တွေကို အချုပ်အခြာအာဏာပေးရလောက်အောင် – လုပ်ပိုင်ခွင့်ပေးလိုက်ရင် ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်သွားနိုင်တယ်ဆိုတဲ့ အမြင်ကလည်း ရှိနေတယ်။

 

ပြည်နယ်တွေကို အချုပ်အခြာအာဏာအဆင့်ထိ ပေးလိုက်ရင် – ပြည်နယ်တွေ တည်ထောင်ပြီး စုစည်းထားတာ က အကွဲအပြဲ မဖြစ်နိုင်ဘူးလား ဆိုတော့။ ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်လို့ ဖြေရမယ်။ ဒါက ငြင်းလို့ မရဘူး။ ကွန်ဖက်ဒရေးရှင်းစတိုင်လ်ကိုယ်၌က ဗဟိုချုပ်ကိုင်မှုကနေ ၈၀ % – ၉၀ % လောက် ကင်းလွတ်နေတဲ့သဘောမို့ ဖြစ်ပါတယ်။

 

■ သဲနဲ့ ကျစ်ထားတဲ့ ကြိုး

 

လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုပုံစံဟာ – သဲနဲ့ ကျစ်ထားတဲ့ ကြိုးလို ဖြစ်နေပါတယ်။ မခိုင်မြဲဘူး။ အချိန် မရွေး ပျက်ပြုန်းနိုင်တယ်။ ယခုလည်း အလွန်အကျွံ လျော့ရဲတဲ့ပုံစံမှာ ရှိနေပြီ။ လက်ဖဝါးပေါ်မှာ တင်ထားတဲ့ သဲတွေလိုပါပဲ။ လွတ်ထွက်မှာ စိုးရိမ်လို့ အတင်းဆုပ်ကိုင်လိုက်တဲ့အခါ လက်ဖဝါးပေါ်မှာ ရှိတဲ့ သဲတွေတောင် လွတ်ထွက်သွားတယ်။ သူ့အတိုင်း လက်ဖဝါးပေါ်မှာ တင်နေတာက မဆိုးသေးဘူး။

 

မြန်မာစစ်အစိုးရအဆက်ဆက် တည်ဆောက်ထားတဲ့ ပြည်ထောင်စု စတိုရီဆိုတာ – သဲနဲ့ ကျစ်ထားတဲ့ ကြိုးလို ဖြစ်နေတယ်။ လက်ရှိ မြန်မာစစ်တပ်လုပ်နေတဲ့ လုပ်ရပ်ဟာ လက်ဖဝါးပေါ်က သဲတွေကို လွတ်ထွက်မှာ စိုးရိမ်လို့ အတင်း ဆုပ်ကိုင်လိုက်တာနဲ့ တူနေတယ်။ ဒါဟာ လက်ရှိ ဖြစ်နေတဲ့ ဖြစ်စဉ်ပါပဲ။

 

〓 ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါ

 

မြန်မာ့နိုင်ငံရေးပါဝါကော်ရစ်ဒါအပေါ်မှာ – ကွန်ဖက်ဒရေးရှင်အာဂျင်ဒါနဲ့ပတ်သက်ပြီး ထိထိမိမိ တွန်းတွန်း တိုက်တိုက် ဆွေးနွေးငြင်းခုံလာကြမယ့် အချိန်ဟာ မကြာခင် ရောက်လာမယ်လို့ ယူဆပါတယ်။ ကွန်ဖက်ဒရေးရှင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ဆွေးနွေးလာကြမယ်ဆိုတာလည်း ယေဘုယျတွက်ဆကြည့် ရင်၊ ခွဲထွက်ရေးစကားလုံးဟာ သကာအုပ်ပြီး ပါလာနိုင်တာပါပဲ။ ဒါကို ကြိုတွက်ထားကြဖို့ပါ။ ဘယ်အတိုင်းအတာအထိ ဘယ်လို လုပ်ကြမလဲဆိုတာကို လက်တွေ့ကျကျ စဉ်းစားတွက်ချက်ထားကြရပါလိမ့် မယ်။

 

〓 ခွဲထွက်ရေး အာဂျင်ဒါ

 

“ဝ” ခေါင်းဆောင်တွေကတော့ ၂၀၂၂ ခုနှစ်၊ မေလ က ထုတ်ပြန်တဲ့ ကြေညာချက်သဘောထားမှာ – လုံးဝ ခွဲထွက်မှာ မဟုတ်ဘူး၊ သံခင်းတမန်ခင်း ကိစ္စရပ်တွေကို ပါဝင်မှာ မဟုတ်ပါဘူး၊ သို့သော် ကိုယ့်ပြည်နယ်တွင်း ကိစ္စရပ်တွေအားလုံး အသေးအကြီးက အစ အားလုံး ဝင်စွက်စရာ မလို။ ကိုယ်တိုင်လုပ်ဆောင်မယ်ဆိုတဲ့ သဘောထားကြေညာချက်ကို အတိအလင်း ကြေညာတယ်။ ဒါပေမယ့် ၂၀၂၂ ဩဂုတ်လ ၁၁ ရက်နေ့က ကျင်းပ တဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ – ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါကို ထပ်မံ အတိ အလင်း ဖွင့်ထုတ်ပြတာကို တွေ့ရတယ်။ အဲသည့်ထဲမှာ – “ဝ” ခေါင်းဆောင်တွေရဲ့ သဘောထားလို၊ ခွဲမထွက်ပါဘူး ဆိုတဲ့ လေသံမျိုး မတွေ့ရ။ နောက်ပိုင်းမှာ – ခွဲထွက်ရေးအာဂျင်ဒါဟာ ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါ နောက်မှာ တွဲလျက် ပါချင်ပါလာနိုင်တယ်။ အထူးသဖြင့် ပထဝီနိုင်ငံရေးအရ – ပထဝီစီးပွားရေးအရ အခွင့်အလမ်းတွေ များစွာ ရထားတဲ့ ရက္ခိုင်ပြည်နယ်အရေးမှာ ဦးစားပေးပါဝင်လာနိုင်တယ်။

 

〓 “ဝ” နဲ့ ရက္ခိုင်

 

တချို့သော လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေ ဦးစီးထားတဲ့ ပြည်နယ်နဲ့ ဒေသတွေဟာ – ခွဲထွက်ရေးကိစ္စကို နိုင်ငံရေးအလိုဆန္ဒအရ ရှိထားကောင်း ရှိထားလိမ့်မယ်။ သို့သော်လည်း ပထဝီအနေအထားက မျက်နှာသာပေး တာမျိုး မရှိဘူး။ “ဝ” ဒေသဆိုရင်၊ ဘယ်လောက်ပဲ ခွဲထွက်ရေးဆန္ဒ ရှိရှိ၊ ခွဲထွက်ခြင်းဖြင့် သူ့ရဲ့ အကျိုးစီးပွားက တည်ဆဲအနေအထားထက် ပိုဆုတ်ယုတ်မှာ ဖြစ်လို့၊ ခွဲထွက်ရေးအာဂျင်ဒါကို မျက်ကန်းတစ္ဆေမကြောက် ဇွတ် အတင်း ပြောဝံ့မှာ မဟုတ်ဘူး။ သို့သော် ခွဲထွက်ရေးအာဂျင်ဒါနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ပြောဝံ့သူက – ရက္ခိုင်တွေ ဖြစ်လာလိမ့်မယ်။

 

ရက္ခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံတွင်းက ဘယ်ပြည်နယ်မှ ရမထားတဲ့ တစ်ခုတည်းသော ပထဝီနိုင်ငံရေးအားသာချက်၊ တစ်ခုတည်းသော ပထဝီစီးပွားရေးအားသာချက် ရှိတဲ့ ပြည်နယ်တစ်ခု ဖြစ်တယ်။ ဒါ့ကြောင့် ရက္ခိုင်တွေဟာ ကွန်ဖက်ဒရေးရှင်းကိုလည်း ရဲရဲပြောဝံ့နေပြီ၊ ယခုဆို ကျယ်ကျယ်လောင်လောင် ပြောဝံ့နေပြီ။ နောက်ထပ် ခွဲထွက်ရေးအာဂျင်ဒါကိုလည်း ထပ်ပြောဖို့ ဝန်လေးနေမယ့်သူတွေ မဟုတ်ဘူးဆိုတာ – ရက္ခိုင်တွေ ရထားတဲ့ ပထဝီအနေအထားအားသာချက်တွေက ကျောထောက်နောက်ခံပြုနေတယ်။

 

ခွဲထွက်ရေးကိစ္စကို အသာထား။ ရက္ခိုင်ပြည်နယ်ဟာ ကွန်ဖက်ဒရေးရှင်းအဆင့်ထိရပြီး ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်အနာဂတ်ကို ကိုယ်ပြဋ္ဌာန်းခွင့်သာ လွတ်လပ်တည်ငြိမ်စွာ ရရှိမယ်ဆိုရင် – ဘယ်ပြည်နယ်မှ လိုက်မမှီတဲ့ လူမှုစီးပွားအဆင့်အတန်းကို အချိန်တိုအတွင်းမှာ၊ ရောက်ရှိသွားနိုင်ချေ ရှိတယ်။ သို့သော် ရက္ခိုင်တွေ အနေနဲ့ တိုင်းပြည်တည်ဆောက်ရေးသမားကောင်းတွေနဲ့ အမြော်အမြင် ရှိရှိ၊ စနစ်တကျ စုစည်းချီမ ကြဖို့တော့ လိုပါလိမ့်မယ်။