• Today is: Thursday, April 18, 2024

မြန်မာဒုက္ခသည်တွေကို ပြည်တွင်း ပြန်ပို့ဖို့ စိတ်ကူးမရှိဘူးလို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပြော

ဓါတ်ပုံ – Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၅

စစ်တပ် အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေကို ပြည်တွင်း ပြန်ပို့ဖို့ စိတ်ကူးမရှိဘူးလို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မီဇိုရမ်ရောက် စစ်ဘေးရှောင်တွေရဲ့ နေရပ် ပြန်လည် ပို့ဆောင်ရေးနဲ့ တင်ပြထားတဲ့ ရုံးတွင်းစာ ပေါက်ကြားပြီးနောက် မီဇိုရမ်ရောက် မြန်မာဒုက္ခသည်တွေကြားမှာ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့တာပါ။

မီဇိုရမ်ရောက် မြန်မာ ဒုက္ခသည် နေရပ်ပြန်ပို့ရေး ပေါက်ကြားလာတဲ့ စစ်ကောင်စီရုံးတွင်းစာနဲ့ ပတ်သက်ပြီး ချင်းလွှတ်တော်ကိုယ်စားလှယ်တွေက မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga ကို သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ချင်းလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဝန်ကြီးချုပ်အနေနဲ့ မြန်မာ ဒုက္ခသည်တွေကို ပြည်တွင်း ပြန်ပို့ဖို့ စိတ်ကူးမရှိဘူးလို့ ပြောဆိုခဲ့ကြောင်း ဖက်ဒရယ်ဂျာနယ် မြန်မာကို အခုလို ပြောပါတယ်။

“ဝန်ကြီးချုပ်ကတော့ သူ့အနေနဲ့ စစ်ကောင်စီ ကောင်စစ်ဝန်ရုံးကို မည်သည့်စာမျှ အကြောင်း မပြန်ထားပါ။ ကျွန်တော် အနေနဲ့ကတော့ မြန်မာဒုက္ခသည်တွေကို အရင်ကလည်း ပြည်တွင်းပြန်မပို့ပေးခဲ့သလို နောက်လည်း ပြန်ပို့မှာ မဟုတ်ဘူး၊ ပြန်ပို့ဖို့လည်း စိတ်ကူးမရှိဘူး၊ အခုပြောနေကြတဲ့ စစ်ကောင်စီရဲ့ မီဇိုရမ် ရောက် ဒုက္ခသည်တွေ ပြည်တွင်းပြန်ပို့ရေးဆိုင်ရာ စစ်ကောင်စီရဲ့ ရုံးတွင်းစာနဲ့ ပတ်သက်ပြီး မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်က မီဇိုရမ်အစိုးရအဖွဲ့ကို စုံစမ်းမေးမြန်း စီစစ်ခိုင်းထားကြောင်း အတိအလင်းပြောကြားခဲ့တယ်”လို့ ပြောပါတယ်။

မီဇိုရမ်ရောက် မြန်မာဒုက္ခသည်တွေကို အတက်နိုင်ဆုံး ကူညီပေးမှာ ဖြစ်တယ်လို့ မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu Lalchamliana ကလည်း The Mindat Post သတင်းဌာနကို ဖြေကြားထားတာပါ။

“မြန်မာပြည်ဘက်က ဒုက္ခသည်တွေ မီဇိုရမ်ပြည်နယ် နယ်စပ်အနီးအနား ကျေးရွာတွေမှာ ဝင်ရောက်လာပြီး အခြေချနေထိုင်နေကြပါတယ်၊ အဲဒါကို မီဇိုရမ် ပြည်နယ်အစိုးရအနေနဲ့ တက်နိုင်သမျှ ကူညီပေးဖို့ စဉ်းစား ထားပြီး ဖြစ်ပါတယ်၊ အစိုးရတခုတည်းတင်မဟုတ်ပဲ၊ မီဇိုရမ် လူငယ်သမဂ္ဂ (YMA)၊ မီဇိုရမ် ကျောင်းသား သမဂ္ဂ (MZP) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေ အပါအဝင် ဘာသာရေး အသင်းအဖွဲ့တွေကလည်း တက်နိုင်သမျှ အကူအညီပေးနေကြတာ သိရလို့ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ အထူးပဲဝမ်းသာကြိုဆိုနေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကော်လ်ကတ္တားမှာ ရှိတဲ့ စစ်ကောင်စီ ကောင်စစ်ဝန်ရုံးက မီဇိုရမ်အစိုးရကို မြန်မာပြည် ဒုက္ခသည်တွေကို ပြည်တွင်းပြန်လည် ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး ရုံးတွင်းစာ တစောင်ပေးပို့တဲ့အပေါ်မှာလည်း မီဇိုရမ်အစိုးရအနေနဲ့ ပြည်တွင်းပြန်ပို့မယ့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးဆိုင်ရာကို စစ်ကောင်စီက တာဝန်ယူ နိုင်မလားဆိုတာ မေးခွန်းထုတ် အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

မီဇိုရမ်ရောက် မြန်မာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ဘက်ကို ဖက်ဒရယ်ဂျာနယ်မြန်မာက ဆက်သွယ်မေးမြန်းရာမှာတော့ “NUG အစိုးရဘက်ကလည်း အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယ အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်ချက်တွေ ရှိပါတယ်။ မီဇိုရမ်အစိုးရနဲ့ ဒီဘက်က လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ထိတွေ့ ဆက်ဆံမှုတွေလည်း ရှိပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း ပဋိပက္ခတွေကြောင့် မြန်မာပြည်က ချင်းလူမျိုးအများစု ဒုက္ခသည် ၄၀၀၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို စစ်ဘေးတိမ်ရှောင် ရောက်ရှိနေကြသာ ဖြစ်ပါတယ်။