• Today is: Tuesday, March 19, 2024

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

(မေလ မှ ဇူလိုင်လ ၂၀၂၂ခုနှစ်)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ် မြန်မာက (၃)လ တစ်ကြိမ် လေ့လာ ပြုစု၍ ထုတ်ပြန်လျက်ရှိသည်။

ဤတစ်ကြိမ်တွင် ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအထိ အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခ များကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် အရပ်သားပြည်သူ အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုနှင့် တိုင်းရင်းသား ဒေသများက နိုင်ငံရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာများကို စုစည်းတင်ပြထားပါသည်။

အပိုင်း ()

ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့်လုံခြုံရေး နောက်ဆက်တွဲအခြေအနေများ

၁) တိုက်ပွဲဖြစ်ပွားမှု

မေလမှ ဇူလိုင်လအထိ သုံးလအတွင်း စစ်ပွဲကြောင့် တိုင်းရင်းသား ပြည်နယ်ဒေသမှာ စစ်ကောင်စီ တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ အကြား တိုက်ပွဲ အကြိမ် ပေါင်း (၁၅၁၆) ဖြစ်ပွားခဲ့ရာ ကချင် ပြည်နယ်တွင် (၆၁)ကြိမ်၊ ကရင်နီ ပြည် နယ်တွင်(၁၄၉)ကြိမ်၊ ချင်းပြည်နယ် တွင်(၁၀၅) ကြိမ်၊ ကရင် ပြည်နယ်တွင် (၁၀၇၂) ကြိမ်၊ မွန်ပြည်နယ်တွင် (၅၇)ကြိမ် နှင့် ရှမ်းပြည်နယ် တွင်(၇၂)ကြိမ် ဖြစ်ပွားခဲ့သည်။

၂) စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု

မေလ မှ ဇူလိုင်လ  ၃ လအတွင်း ပြည်နယ် အလိုက် စစ်ကောင်စီ တပ်ဖွဲ့ ဝင် (၂၃၂၉) ဦး သေဆုံးမှု ဖြစ်ပွားခဲ့ သည်။ ကချင်ပြည် နယ် တွင် (၁၅၅) ဦး၊ ကရင်နီ ပြည်နယ်တွင်(၂၉၉)ဦး၊ ချင်းပြည်နယ်  တွင် (၄၇၁) ဦး၊ ကရင် ပြည်နယ် တွင် (၁၀၉၉) ဦး၊ မွန်ပြည် နယ်တွင် (၁၅၀)ဦး နှင့် ရှမ်းပြည်နယ် တွင်(၁၅၅)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ စုစုပေါင်း (၁၂၁၀) ဦး ရှိခဲ့သည်။

၃) တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှု

မေလ မှ ဇူလိုင်လ  ၃ လအတွင်း ပြည်နယ် ဒေသအလိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၄၇) ဦး ကျဆုံးမှု ရှိခဲ့သည်။ ကချင် ပြည်နယ် တွင် (၈) ဦး၊ ကရင်နီ ပြည်နယ် တွင် (၂၇)ဦး၊ ချင်းပြည်နယ်တွင်(၅၅) ဦး၊ ကရင် ပြည် နယ်တွင် (၃၆) ဦး၊ မွန်ပြည်နယ်တွင် (၃) ဦး နှင့် ရှမ်းပြည်နယ် တွင်(၁၈)ဦး ကျဆုံးခဲ့သည်။

၄) နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းပြေးတိမ်းရှောင်ရမှု

မေလ မှ ဇူလိုင်လ ၃ လ အတွင်း ကရင်၊ ကရင်နီ၊ ချင်း ပြည်နယ်တို့တွင် ထပ်တိုး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် သူများသည် အရေ အတွက် အားဖြင့် ကရင်ပြည် (၁၀၀၀)၊ ကရင်နီ ပြည် (၅၀၀၀) နှင့် ချင်းပြည်(၃၅၃) ထိ ထပ်မံ တိမ်းရှောင် နေရသည်။

အာဏာသိမ်း မှုနှင့် ဆက်စပ် သည့် ပဋိပက္ခများ ကြောင့် ဇူလိုင်လ ကုန်အထိ နေရပ်စွန့်ခွာ ထွက် ပြေးတိမ်း ရှောင်ခဲ့ရ သည့် ဒုက္ခသည်များ သည် ကရင်နီ ပြည်နယ် တွင် (၁၉၃,၆၀၀)ဦးခန့် ဖြစ်ပြီး ကရင်ပြည်နယ်တွင် (၁၀၅,၆၅၀)ဦးခန့် ဒုတိယ အများဆုံး ဖြစ်ကာ  ချင်းပြည်နယ်တွင် (၆၈,၉၃၃) ဦးခန့် ဖြစ် တတိယ အများဆုံး ဖြစ်ခဲ့သည်။ ပြည်နယ် ဒေသ အသီးသီး ရှိ အရပ်သား ပြည်သူ များ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူ ဉီးရေ စုစုပေါင်းသည် (၄၂၇,၆၈၃)ဦးခန့် ရှိနေသည်။

၅) အရပ်သားများ သေဆုံးမှု

မေလ မှ ဇူလိုင်လ ၃ လအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီး မဆင်မခြင် ရမ်းသမ်း ပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှု နှင့် တိုက်ပွဲတွင်း ပစ်ခတ် သတ်ဖြတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သား ပြည်သူများ စုစုပေါင်း သေဆုံးမှု (၁၇၃) ဦးထက်မနည်း ဖြစ်ပွားခဲ့သည်။ ပြည်နယ်ဒေသအလိုက် အရေအတွက်များသည် ကချင်ပြည်နယ်တွင် (၂၇)ဦး၊ ကရင်နီပြည်နယ် တွင်(၁၅)ဦး၊ ချင်းပြည်နယ်တွင် (၅၅) ဦး၊ ကရင် ပြည်နယ်တွင် (၂၅) ဦး၊ မွန်ပြည်နယ်တွင် (၂၄) ဦးနှင့် ရှမ်း ပြည်နယ်တွင် (၂၇)ဦးထိ​ အရပ်သားများ သေဆုံးခဲ့ရသည်။

၆) အရပ်သားနေအိမ်များ ပျက်စီးမှု

 မေလ မှ ဇူလိုင်လ ၃ လအတွင်း ပြည်နယ်ဒေသ အသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ကျေးရွာများရှိ အရပ်သားနေအိမ်များ အိမ်ခြေ (၁၂၉၂)လုံးခန့် ပျက်စီးခံခဲ့ရသည်။

ပြည်နယ်ဒေသအလိုက် အရေအတွက်များသည် ကချင်ပြည်နယ်တွင် (၉၁)လုံး၊ ကရင်နီပြည်နယ် တွင်(၉၈၅)လုံး၊ ကရင် ပြည်နယ်တွင် (၁၅၉)လုံး၊ မွန်ပြည်နယ်တွင် (၅၇)လုံး ပျက်စီးခံခဲ့ရသည်။

မှတ်ချက်။ ရခိုင်ပြည်နယ်တွင် ဤကာလအတွင်း စစ်ပွဲဖြစ်ပွားမှု မရှိသလောက် ဖြစ်ပေါ်ခဲ့သည့် အတွက် ဖော်ပြခြင်းမရှိပါ။

အပိုင်း ()

ပြည်နယ်/လူမျိုးအလိုက် ကောင်စီနှင့် ကော်မတီများ၏ လှုပ်ရှားမှုများ

() ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၏ မူဝါဒ (အကျဉ်း) ကို သြဂုတ် ၇ ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့သည်။ ယင်း မူဝါဒကို ပအိုဝ်းအမျိုးသား ညီလာခံက အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ကောင်စီကို မဏ္ဍိုင် ငါးရပ်ဖြစ်သော ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ၊ နိုင်ငံခြားပအိုဝ်း အင်အားစု၊ ပြည်တွင်း သပိတ်နှင့် သမဂ္ဂအင်အားစု၊ (PaO Political Consultative Council – PPCC ) နှင့် PaO People Defense Force – Kham Dom – PPDF) စသည့် အင်အားစု ၅ စုတို့ကနေ ကိုယ်စားလှယ် ၃ ဦးစီ၊ စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦး ဖြင့် ဖွဲ့စည်းကြောင်း PNFC ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။  

() ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးကော်တီ (KPICT)

ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးကော်တီ (KPICT) အတွင်းရေးမှူး Salang Nsang Gum San နှင့်တကွ အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အလွတ်သဘော ဆွေးနွေးတင်ပြခြင်း အစီအစဉ် တစ်ရပ်ကို ၂၀၂၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် စစ်ကောင်စီ ရေနံလုပ်ငန်းပိတ်ဆို့ရေး၊ လုံခြုံရေးကောင်စီအနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ တွေ့ဆုံရေး၊ လူသားချင်း စာနာမှုကူညီရေး အထောက်အပံ့လမ်းကြောင်း စသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် KPICT သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကနေ နုတ်ထွက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် ပညာရေးဝန်ဆောင်မှု ပေးနိုင်ရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ကေအိုင်အေ ထိန်းချုပ်နယ်မြေ(လွတ်မြောက်နယ်မြေ) တို့တွင် KIO ပညာရေး ဌာန၊ KPICT ၏ ပညာရေးဆိုင်ရာ ကော်မတီများနှင့် CDM ကျောင်းဆရာ၊မများဖြင့် ဖွဲ့စည်းထားသည့် ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် ဖွဲ့စည်းရေးပေါင်းစပ် ညှိနှိုင်းမှု ကော်မတီတို့ကြား ပူးပေါင်း ဆောင်ရွက်ကာ လူငယ်များ၏ ပညာရေးအတွက် မြေပြင်သင်ကြားမှုကို ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။

()  ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) သည် ဖက်ဒရယ် ပညာရေးဆိုင်ရာ၊ ကျန်းမာရေး ဆိုင်ရာ တို့ကို ဖက်ဒရယ် ပညာရေးနှင့် ကျန်းမာရေး ကော်မတီများ ဖွဲ့စည်းပြီး အကောင်အထည် ဖော်ဆောင် လျက်ရှိ သည်ကို တွေ့ရှိရသည်။ သာဓက__Free Online Educational Institution Myanmar- FOEIM နှင့် တရားဝင် ပူးပေါင်းကာ ပညာရေးဝန်ဆောင်မှု ပေးလျက်ရှိသည်။ မြေပြင် သင်ကြားများကို လည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ JCC-Health အပါအဝင် ကျန်းမာရေး ဆိုင်ရာ NGO နှင့် ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် စစ်ဘေးရှောင်များနှင့် လက်လှမ်းမှီသည့် ကျေးရွာများတွင် မြေပြင် ကျန်းမာရေး ဝန်ဆောင်မှု ဆိုင်ရာ များကို အကောင်အထည် ဖော်ဆောင်ရွက်နေသည်။

– KSCC အပေါ် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF) ရဲ့ သဘောထား

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) သည် ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြောက်ခြင်းခံ ရသော ကိုယ်စားလှယ်များ၏ ဥပဒေကြောင်းအရ တရားဝင်မှု (De-Jure) နှင့် သမိုင်းကြောင်းနှင့် လက်တွေ့အရ တရားဝင်မှု (De Facto) ကို ပိုင်ဆိုင်ထားသော တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစဉ်အလာကြီးမားသော နိုင်ငံရေးခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ကရင်နီပြည်နယ်၏ ကြားကာလအတွက် အမြင့်ဆုံး အာဏာပိုင် ဖြစ်သည်ဟု မှတ်ယူသလို ကရင်နီ ပြည်၏ အမြင့်ဆုံး နိုင်ငံရေး ဥသျှောင်အဖြစ် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) က  ထုတ်ပြန် ပြောဆိုထားသည်။

– ကရင်နီပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ပြင်ဆင်အတည်ပြု ကျင့်သုံးနိုင်ရေး

တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ ယခင်ကတည်းက ပြင်ဆင် ရေးဆွဲလာခဲ့သော မူကြမ်းတို့ကို အခြေခံပြီး ကရင်နီပြည်နယ် ဖွဲ့စည်းပုံကို ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ ကြီးကြပ်မှုဖြင့် စီမံရေးဆွဲသင့်သည်ဟု  ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)က  မှတ်ယူထားသည်။

ဒါ့အပြင် ကရင်နီပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေး တို့ကို ဌာနေ တိုင်းရင်းသား များ၏ အမျိုးသားများ၏ ဂုဏ်ဇာတိအား မထိခိုက်စေဘဲ တန်းတူမျှတသည့် စီမံ ပြဌာန်းချက်များ ထည့်သွင်းရမှာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တိုင်းရင်းသား တန်းတူရေး၊ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးများကို အာမခံနိုင်သည့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ရမည် ဖြစ်ကြောင်း ဆိုထားသည်။

ကရင်နီပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး တော်လှန်ရေး အတက်အကျ ကြည့်တယ်၊ နယ်မြေထိန်းချုပ်မှုအပေါ်မှာလည်း ကြည့်တယ်၊ လူထုရဲ့ သဘောထားဆန္ဒက သဘောတူတယ်ဆိုရင် အချော အဖြစ် မကြာခင်လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်” ဟု ဗိုလ်မျက်မှန် (ပြောရေးဆိုခွင့်ရှိသူ၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်)က ဖက်ဒရယ်ဂျာနယ်မြန်မာသို့ ပြောသည်။

– ကြားကာလ ကရင်နီပြည်နယ်အစိုးရပေါ်ပေါက်ရေး

ကြားကာလ ကရင်နီပြည်နယ်အစိုးရ ပေါ်ပေါက်လာရေးနှင့်ပတ်သက်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေက အတိုင်းတခုထိ အောင်မြင် ပေါက်ရောက်နေပြီ ဖြစ်တယ်။ ကြားကာလ ကရင်နီပြည်နယ် အစိုးရပေါ်ပေါက်လာရေးက KSCC မှာ ပါဝင်နေတဲ့ အဖွဲ့ဝင်တွေရဲ့ ကြိုးစား အားထုတ်မှု တွေကြောင့် တနေ့ထက်တနေ့ ပိုတိုးတက်လာသာဘဲရှိပါတယ်၊ ဆုတ်ရုတ် သွားသာ မရှိပါဘူး၊ မကြာခင်မှာလည်း ကရင်နီပြည်ရဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး တွေကိုလည်း မြင်ရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မျက်မှန် (ပြောရေးဆိုခွင့်ရှိသူ၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်)က ဖက်ဒရယ်ဂျာနယ် မြန်မာသို့ ပြောသည်။

() ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)

ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC သည် ဒေသမြို့နယ် အခြေပြု ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတချို့နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ NUG အစိုးရ၏ သက်ဆိုင်ရာ ဌာနနှင့် ပူးပေါင်း၍ ချင်းပြည်ထောင်အတွင်း ပညာရေးကဏ္ဍနှင့် အခြားကဏ္ဍတချို့ တွင် ပံ့ပို့ပူးပေါင်း ကူညီမှုများ ပြုလုပ်လျက် ရှိသည်ဟု သိရှိရသည်။ အလားတူ NUG Bond for Chin အစီအစဉ်ဖြင့် ချင်းတော်လှန်ရေး အတွက် ရန်ပုံငွေ ရှာဖွေခြင်းလည်း ပြုလုပ်သည်ဟု သိရသည်။

ထို့ပြင် ချင်းပြည်ထောင် အုပ်ချုပ်ရေးနှင့် ချင်းလဲန်းအစိုးရ ပေါ်ပေါက်လာရေးအတွက် Chinland Joint Defense Committee (CJDC)နှင့် တွေ့ဆုံညှိနှိုင်းခြင်းများ ဆောင်ရွက်ပြီး Chinland Charter နှင့် Roadmap for Chin Nation Building ရေးဆွဲရေးအတွက်လည်း ညှိနှိုင်းကြသည်ဟု သိရသည်။

() မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC)

မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(MSICC) သည် ဇွန်လ ၁၉ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော် မတီနှင့် တွေ့ဆုံခဲ့ပြီး တော်လှန်ရေးကာလတွင် စစ်ရေးအပြင်၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားစီရင်ရေး ကိစ္စတို့ကိုပါ ပူးပေါင်းဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ကြသည်။ ဒါ့အပြင် လူထု ဝန်ဆောင်မှု လုပ်ငန်းများ အကူအညီပေးနိုင်ရန်နှင့် လူသားချင်းအကူအညီပေး ဝေရေး ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။

ဇူလိုင်လ ၆ ရက်နေ့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မဟာမိတ် ဆက်ဆံရေး ကော်မတီနှင့် မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) တို့ တွေ့ဆုံခဲ့သည်။ NUG ၏ မဟာမိတ် ဆက်ဆံရေးကော်မတီသည် အာဏာသိမ်း စစ်တပ်အား နည်းမျိုးစုံဖြင့် တော်လှန် တိုက်ခိုက်နေသည့် တိုင်းရင်းသားလူမျိုးစုများနှင့် မဟာမိတ်ဖွဲ့နိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကိုးကားချက်များ

၁) လွတ်လပ်သော သတင်းမီဒီယာများ  

၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)

၃) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ

၄) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ

၅) ဖက်ဒရယ်ဂျာနယ် မြန်မာ မေးမြန်း၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ် မြန်မာ စုစည်းတင်ပြသည်။

——၀၀၀——-