• Today is: Wednesday, September 28, 2022

နိုင်ထက်စီးနင်းမှု နှင့် ဘာ့ကြောင့် ဖက်ဒရယ်

နိုင်ထက်စီးနင်းမှု နှင့် ဘာ့ကြောင့် ဖက်ဒရယ်

-မင်းသေ့

မြန်မာ့လူ့အဖွဲ့အစည်းတွင်းက၊ နိုင်ငံရေးအသိုင်းအဝန်းတစ်ခုလုံးက ဖက်ဒရယ်ဆိုတာကို ဘာ့ကြောင့် တောင်းဆို နေရသလဲ။ ဖက်ဒရယ်ကို ဘာ့ကြောင့် ပြင်းပြင်းပြပြ အလိုရှိကြသလဲဆိုတဲ့ မေးခွန်းမှာ၊ တိတိကျကျ အကြောင်း ရင်းတွေ ရှိနေပါတယ်။ ဒါဟာ တစ်ခုမက ရှိပါတယ်။ အဲသည့်ထဲက တစ်ချက်ကို ပြောချင်ပါတယ်။

အနိုင်အထက်ပြုခံရခြင်းဘေး

နိုင့်ထက်စီးနင်းလုပ်မှု၊ ဗိုလ်ကျခံရမှု၊ လွှမ်းမိုးချုပ်ကိုင်မှုကို အလို မရှိခြင်းလို့ ပြောနိုင်ပါတယ်။ ဒီစကားလုံး အတွဲ အဆက် သုံးလုံးကို တွဲလျက် ပြောတာ အကြောင်းရှိပါတယ်။ ပို၍ အနက်ပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။ အုပ်စုကြီး (majority) တစ်ခုက နိုင့်ထက်စီးနင်း လုပ်တာကို အလို မရှိဘူး။ အင်အားကြီးလူတစ်မျိုးကပဲ ဗိုလ်ကျ တာကို မခံချင်ဘူး။ တစ်ယောက်တည်း၊ တစ်စုတည်း၊ တစ်မျိုးတည်းကပဲ လွှမ်းမိုးချုပ်ကိုင်တာမျိုးကို မလိုချင် ဘူး။ ဒါ့ကြောင့် ဖက်ဒရယ်ဆိုတာကို အလိုရှိတာ ဖြစ်တယ်။ ဖက်ဒရယ်ဆိုတဲ့ အနက်အဓိပ္ပာယ်က လိုရင်း – (၃) ချက် ဖြစ်တယ်။

  • (၁) အာဏာခွဲဝေရေး
  • (၂) သယံဇာတ ခွဲဝေရေး နဲ့
  • (၃) အခွန်ဘဏ္ဍာခွဲဝေရေးဖြစ်တယ်။

မြန်မာ့သမိုင်းအဆက်ဆက်ကို လေ့လာကြည့်ရင်၊ တစ်ယောက်တည်း တစ်စုတည်း တစ်မျိုးတည်းကပဲ အာဏာကို မောင်ပိုင်စီးထားတာ၊ ဦးပိုင်စီးထားတာ တွေ့ရတယ်။ ဒါ့ကြောင့် တန်းတူညီမျှမှုဆိုတဲ့ စကားလုံးကို လူမျိုးစုနိုင်ငံရေးဝန်းကျင်မှာ ကျယ်ကျယ်လောင်လောင် ကြားနေရတာ ဖြစ်ပါတယ်။ တန်းတူညီမျှမှု မရှိဘဲ တစ်ဖက်စောင်းနင်း နိုင်မှုဟာ – ဖြစ်ချင်သလို ဖြစ်နေတယ်။ အကန့်အသတ် မရှိ၊ အတားအဆီး မရှိ ဖြစ်ပျက်နေ တယ်။ ဒါဟာ ဘယ်တော့မှ ဆုံးနိုင်မလဲ။ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်ရင်၊ ဒီဇာတ်လမ်းဟာ ဆုံးမယ်။

အုပ်စုအားနဲ့ အနိုင်ကျင့်

နိုင့်ထက်စီးနင်း လုပ်တာကို (Tyranny) လို့ နားလည်နိုင်တယ်။ ဒီမိုကရေစီရဲ့ အားနည်းချက်ကို ထောက်ပြရာမှာ – tyranny of majority ဆိုတဲ့ စကားလုံးကို သုံးတယ်။ ဒါကို “အများညီ – ဤ – ကျွဲ – ဖတ်” လို့ သုံးတယ်။ အမှားကို အများစုအားနဲ့ အမှန်ဖြစ်အောင် လုပ်ယူပုံသွင်းတာမျိုး။ ဒါက ဒီမိုကရေစီရဲ့ အားနည်းချက်ပဲ။ ဒါ့ကြောင့် မြန်မာ လူမျိုးစုနိုင်ငံရေးမှာ – ဒီမိုကရေစီနဲ့ မလုံလောက်၊ ဖက်ဒရယ်အထိ သွားမှ ကောင်းမယ်လို့ မှတ်ယူကြတာ ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတဲ့ အတွဲအဆက်ကို နားလည်မှာပါ။

မြန်မာပြည် ပြဿနာ

မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာတဲ့အခါ၊ အောက်ပါ အချက်တွေကို တွေ့ရတယ်။

  • အာဏာကို တစ်ဦးတည်း တစ်စုတည်း လူမျိုးတည်းက မောင်ပိုင်စီးထားတာကို တွေ့ရတယ်။
  • သယံဇာတကို အုပ်စုကြီးတစ်ခုကပဲ လွှမ်းမိုးချုပ်ကိုင်ထားတာကို တွေ့ရတယ်။
  • နိုင်ငံတော်အခွန်ဘဏ္ဍာကို တစ်ဖွဲ့တည်း တစ်စုတည်းက လိုသလို ခြယ်လှယ်တာ တွေ့ရတယ်။
  • အမှတ်သရုပ် ယဉ်ကျေးမှုမှာလည်း ဗိုလ်ကျတာကို ခံရတယ်။
  • အလှတွေဟာ အပြိုင် မဖြစ်ထွန်းဘူး။
  • တစ်မျိုးတည်း တစ်ခုတည်း တစ်စုတည်းက ဝိသေသတစ်ခုတည်းအပေါ်မှာ ဗိုလ်ကျထားတယ်။

၎င်းအချက်တွေကို ပယ်ရှားဖို့အတွက် ဖက်ဒရယ်ဆိုတာကို တည်ဆောက်ရတာဖြစ်တယ်။ ဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့အခါမှာ၊ လူ့အဖွဲ့အစည်းအတွင်းမှာ အခြေခံယဉ်ကျေးမှုဓာတ်ခံတွေ ဖြစ်ထွန်းမှ ကောင်းမယ်။ အခြေခံယဉ်ကျေးမှု ဝန်းကျင် မကျယ်ပြန့်ဘဲနဲ့ လက်နက်နဲ့ပဲ ဖက်ဒရယ်ကို တည်ဆောက်ရင် – ဖက်ဒရယ်တော့ ဖြစ်ကောင်း ဖြစ်မယ်။ ဒီမိုကရေစီ ပြတ်ကျန်နေခဲ့တဲ့ ဖက်ဒရယ်သာ ဖြစ်မယ်။ ဒီမိုကရေစီ ပါမလာတဲ့ ဖက်ဒရယ် သာ ဖြစ်မယ်။ ဒီမိုကရေစီ ပါမလာခဲ့ရင်၊ လူထုဟာ လွတ်လပ်ခွင့်ကို စစ်ဘုရင်တွေ ပေးသလောက်သာ ရမယ်။ ဒီမိုကရေစီ ပါမလာရင် လူထုဟာ လူ့အခွင့်အရေးကို စစ်ဘုရင်တွေ ပေးသနားသလောက်သာ ရမယ်။ ဒီမိုကရေစီ ပဲ ဖြစ်ပြီး၊ ဖက်ဒရယ် ပါမလာဘူးဆိုရင်လည်း အာဏာ ၊ သယံဇာတနဲ့ အခွန်ဘဏ္ဍာကို အုပ်စုကြီးတစ်စုတည်းက ပဲ နိုင့်ထက်စီးနင်းလုပ်ပြီး ဗိုလ်ကျလွှမ်းမိုးနေလိမ့်မယ်။ ဒါ့ကြောင့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီဟာ တစ်တွဲတည်းပါမှ ကောင်းမွန်ပြည့်ဝပါလိမ့်မယ်။

ဖက်ဒရယ်ဆိုတာ

  • ဖက်ဒရယ်ဆိုတာ စစ်ဘုရင်တွေ အကြားက အာဏာခွဲဝေရေး မဟုတ်ဘူး။
  • ဖက်ဒရယ်ဆိုတာ အရပ်ဘက် – စစ်ဘက် အာဏာခွဲဝေတာ မဟုတ်ဘူး။
  • ဖက်ဒရယ်ဆိုတာ ဗမာ နဲ့ ဗမာမဟုတ်တဲ့လူမျိုးတွေအကြား အာဏာခွဲဝေတာ မဟုတ်ဘူး။
  • ဖက်ဒရယ်ဆိုတာ စစ်ဘုရင်တွေ အကြားက သယံဇာတခွဲဝေရေးမဟုတ်ဘူး။
  • ဖက်ဒရယ်ဆိုတာ အရပ်ဘက်နဲ့ စစ်ဘက်အကြား သယံဇာတခွဲဝေတာ မဟုတ်ဘူး။
  • ဖက်ဒရယ်ဆိုတာ ဗမာနဲ့ ဗမာမဟုတ်တဲ့လူမျိုးတွေ အကြား သယံဇာတခွဲဝေတာ မဟုတ်ဘူး။

ဖက်ဒရယ်ဆိုတာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ အကြား အာဏာခွဲဝေရေးဖြစ်တယ်။ ဖက်ဒရယ်ဆိုတာ ဗဟိုအစိုးရ နဲ့ ပြည်နယ်အစိုးရ အကြား သယံဇာတခွဲဝေရေး ဖြစ်တယ်။ ဖက်ဒရယ်ဆိုတာ ဗဟိုအစိုးရနဲ့ ပြည်နယ် အစိုးရအကြား အခွန်ဘဏ္ဍာခွဲဝေရေးဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာ ရှိတဲ့ ဗဟိုအစိုးရဆိုတာ လူထုထံကနေ လာတဲ့ လူထုက ရွေးကောက်တင်မြှောက်ပြီး လူထုကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုအစိုးရဖြစ် တယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်မှာ ရှိတဲ့ ပြည်နယ်အစိုးရဆိုတာ လူထုထံကနေ လာတဲ့ လူထုက ရွေးကောက် တင်မြှောက်ပြီး လူထုကို ကိုယ်စားပြုတဲ့ ပြည်နယ်အစိုးရဖြစ်တယ်။ ၎င်းပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြားမှာ ခိုင်မာတဲ့ လူမှုပဋိညာဉ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာနဲ့ စည်းနှောင်သဘောတူထားတဲ့ နိုင်ငံရေးပဋိညာဉ် (political pact) ရှိထားရတယ်။

နိုင်ငံရေးပဋိညာဉ် နဲ့ အခြေခံဥပဒေ

ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ အကြားက အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးနဲ့ အခွန်ဘဏ္ဍာခွဲဝေရေးကို နိုင်ငံရေးပဋိညာဉ် (တနည်း) ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေပြုပြီး အာမခံချက်ရှိရှိ လုပ်တယ်။ အခြေခံ ဥပဒေ မခိုင်ရင် နိုင်ငံရေးပဋိညာဉ် မခိုင်ဘူး။ နိုင်ငံရေးပဋိညာဉ် မခိုင်ရင် အခြေခံဥပဒေ မခိုင်ဘူး။ အခြေခံ ဥပဒေ မခိုင်ဘူးဆိုရင် constitutional crisis ဖြစ်မယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းလို့ ပြောနိုင်တယ်။ ၎င်းအကျပ်အတည်းဟာ နိုင်ငံရေးကျင်းထဲကျပ်ထဲရောက်မှုကို ဖန်တီးလိမ့်မယ်။ နိုင်ငံရေးမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်ရင် နိုင်ငံရေးပဋိပက္ခ ထပ်ဖြစ်မယ်၊ လူမျိုးရေးပဋိပက္ခ ထပ်ဖြစ်မယ်၊ လက်နက်ကိုင် ပဋိပက္ခ ထပ်ဖြစ်မယ်။

ဒါဟာ လက်ရှိ မြန်မာပြည် ဆင်ခြင်စဉ်းစားရမယ့် အချက်ပဲ။ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေ အတွင်း မှာ ဒီသဘောကို အခြေခံကျေလည်ရင် အနာဂတ်တိုင်းပြည်ကို ကောင်းစွာ တည်ဆောက်နိုင်မယ်။ သို့မဟုတ်ရင် ဘယ်လို နိုင်ငံရေးပြဿနာ၊ ဘယ်လိုလူမျိုးစုပြဿနာနဲ့ ဘယ်လို လက်နက်ကိုင် ပဋိပက္ခမျိုးကိုမဆို ဖြေရှင်းလို့ လုံးဝ မရဘူး။