• Today is: Thursday, March 28, 2024

ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည် ၆၀၀၀၀ ကျော်ထိ တိုးလာ

ဖက်ဒရယ်ဂျာနယ်မြန်မာ၊ သြဂုတ် ၂၄

ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည် ၆၀၀၀၀ ကျော်ထိ တိုးလာတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က သြဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ရှောင်ဒုက္ခသည် ၆၁၆၂၂ ဦးမှာ ၁၆၂၂ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၃  ရက်နေ့ကစပြီး ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (AA) တို့ရဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစ ကလေးငယ်တွေ အပါအဝင် အမျိုးသမီးတွေလည်း ပါဝင်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန် စစ်ရှောင်ဒုက္ခသည် ၆၀၀၀၀ ဟာ ပြီးခဲ့တဲ့ လေးနှစ်လောက်က ပလက်ဝဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ဖြစ်ပြီး သူတို့တွေကတော့ စစ်ရှောင်စခန်းတွေမှာ နေထိုင်လျက်ရှိတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် အခြေခံစားနှပ်ရိက္ခာ အပါအဝင် အဝတ်အထည်၊ စောင်၊ ခြင်ထောင်နဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အပါအဝင် ဆေးဝါးတွေကအစ အရေးပေါ် အကူအညီ လိုအပ်နေတာပါ။

စစ်ရှောင်ဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာတွေအတွက် နိုင်ငံတကာအပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လူသာချင်းစာနာထောက်ထားမှု အကူအညီတွေ ဝိုင်းဝန်ဖေးမကူညီပေးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က မေတ္တာရပ်ခံထားပါတယ်။