• Today is: Thursday, April 25, 2024

ကော်သူးလေနယ်မြေ တပ်မဟာ(၆)မှာ သြဂုတ်လ ရက်သတ္တပတ် ၃ ပတ်အတွင်း တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပြီး စစ်ကောင်စီဘက်က ဆယ်ချီသေဆုံးတယ်လို့ KNU ထုတ်ပြန်

ဓါတ်ပုံ – KNU (Cobra Column)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၄

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေ၊ ဒူးပလာယာ ခရိုင်တပ်မဟာ (၆) နယ်မြေထဲမှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေကြား သြဂုတ် ၁ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၃ ပွဲဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၄၈ ဦးသေဆုံးတယ်လို့ KNU ဘက်က သတင်း ထုတ်ပြန်လာပါတယ်။

တပ်မဟာ ၆ နယ်မြေထဲမှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ လက်အောက်က တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း (၁၆)၊ တပ်ရင်း (၁၇)၊ တပ်ရင်း (၁၈)၊ တပ်ရင်း (၂၇)၊ တပ်ရင်း (၂၀၁)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဗဟိုလုံခြုံရေးတပ်ရင်း (၁)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ရင်း (၆) တို့ နဲ့ စစ်ကောင်စီ တပ်တွေ၊ နယ်ခြားစောင့် တပ်ရင်း စုစုပေါင်း ၁၈ ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်နေတာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲဒီတိုက်ပွဲတွေမှာတော့ ကော့ကရိတ်မြို့နယ်အတွင်းက တပ်ရင်း ၁၈ နဲ့ တပ်ရင်း ၂၇နယ်မြေတွေမှာ ထိတွေ့တိုက်ပွဲအများဆုံးဖြစ်နေပြီး တပ်ရင်း ၂၇ လက်အောက်က ကော်ဘရာစစ်ကြောင်းလုံခြုံရေး ယူထားတဲ့နေရာတွေကတော့ နှစ်ဖက်တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

အလားတူ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အတွဲလိုက်ပစ်ရော့ကတ်စနစ်၊ လက်နက်ကြီးအမျိုးမျိုး၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်တွေအသုံးပြုပြီး အင်အားအလွန်အကျွံနဲ့ ထိုးစစ်ဆင်နေတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်အထိလုပ်ခဲ့ပြီး ဒီတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်းတွေထဲက ၂ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်မှုတွေကြားမှာ အရပ်သား ပြည်သူ တစ်ဦးသေဆုံးခဲ့သလို ဒေသခံ ၉သောင်းကျော်ဟာလည်း နေရပ်ကိုစွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေး တိမ်းရှောင်အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားပါတယ်။