• Today is: Thursday, March 28, 2024

JCC-Strategy မှ ပြုစုတင်ပြသော မဟာဗျူဟာ (မူကြမ်း)ကို အတည်ပြု နိုင်ရန်အတွက် ဆွေးနွေးလျက်ရှိတယ်လို့ NUCC ထုတ်ပြန်လာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၅

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)အနေနဲ့ JCC-Strategy မှ ပြုစုတင်ပြသော မဟာဗျူဟာ (မူကြမ်း)ကို အတည်ပြုနိုင်ရန်အတွက် ဆွေးနွေးလျက်ရှိတယ်လို့ ထုတ်ပြန်လာပါတယ်။
အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာ(မူကြမ်း) ဆွေးနွေး နေသလို စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မဟာဗျူဟာရေးဆွဲမှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-Strategy) က ပြုစု တင်ပြသော မဟာဗျူဟာ (မူကြမ်း) ကို အတည်ပြုနိုင်ရန် အတွက် ဆွေးနွေးလျက်ရှိတယ်လို့ ဆို ပါတယ်။
ဒါပေမယ့် ဘယ်လို ဘယ်ပုံ ဆွေးနွေး ပြီးစီးထားပြီဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန် လာသာ မရှိသေးပါဘူး။
အဲဒီဆွေးနွေးချက်များကတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” ၏ အခန်း (၃) “အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ” တွင် ပါဝင်သော သတ္တမအဆင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မဟာဗျူဟာရေးဆွဲမှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-Strategy) ကိုတော့ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ကိုအခြေခံပြီး မဟာဗျူဟာမူကြမ်း ရေးဆွဲတင်ပြရန်နှင့် မဟာဗျူဟာ လေ့လာဆန်းစစ်မှုများနှင့် စောင့်ကြည့်သုံးသပ်မှုများကို စဉ်ဆက် မပြတ် ပြုလုပ်ရန် ရည်ရွက်ချက်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့က စတင် ဖွဲ့စည်းခဲ့သာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ရဲ့ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အများပြည်သူ လေ့လာသိရှိနိုင်ဖို့ ချပြသင့်သည့် လုပ်ငန်းစဉ် များကို အမြန်ဆုံး ဖော်ပြဆွေးနွေးမှုများပြုလုပ်ပေးဖို့ ပြည်သူများကတော့ လိုလားနေကြသလို နှေးကွေးလွန်းတယ်လို့ မေးခွန်းထုတ် ဝေဖန်မှုများလည်း ရှိနေသာ တွေ့ရပါတယ်။