• Today is: Wednesday, September 28, 2022

မြန်မာတို့ရဲ့ ညှိယူပြောင်းပြင်နိုင်စွမ်း

မြန်မာတို့ရဲ့ ညှိယူပြောင်းပြင်နိုင်စွမ်း

●───── ๑۩۩๑ ─────●

မင်းသေ့

မြန်မာ့လူ့အဖွဲ့အစည်းနဲ့ပတ်သက်ရင် ၊ social capital အားကောင်းတာကို အပြောများတယ်။ တစ်ဖက်မှာလည်း မြန်မာတွေဟာ resilience အားကောင်းတယ်လို့ ပြောကြတယ်။ မြန်မာတွေဟာ အခက်အခဲ အကျပ်အတည်း ကြားမှား အချင်းချင်း ရိုင်းပင်းမှု အားကြီးတာကို ကြည့်ပြီး – လူမှုအရင်း အားကောင်းတယ်လို့ ပြောကြတာပါ။ ဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားလို့လည်း၊ အပြန်အလှန် အမှီသဟဲပြုခြင်း၊ ဖေးမခြင်း၊ ကူညီခြင်း ဖြစ်ထွန်းလို့ လူမှုအရင်းအားကောင်းတယ်လို့ ဆိုတာ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ တစ်ကိုယ်ကောင်း မဆန်တတ်ခြင်း၊ သနား ကရုဏာထားခြင်း၊ မေတ္တာထားခြင်း၊ ဒါနပြုခြင်း၊ စွန့်ကြဲပေးကမ်းခြင်းနဲ့ ဒုက္ခရောက်သူကို ကူညီပေးတတ်ခြင်း တွေဟာ လူမှုအရင်း အားကောင်းတဲ့အချက်တွေလို့ ပြောပါတယ်။

■ ကြံ့ကြံ့ခံနိုင်စွမ်း

အခက်အခဲ အကျပ်အတည်းနဲ့ ကြုံတဲ့အခါ၊ ကြံ့ကြံ့ခံ ဖြတ်သန်း လျှောက်လှမ်းနိုင်ခြင်းဟာလည်း၊ မြန်မာတို့ရဲ့ ဗီဇ မှာ ပါဝင်ထားတာတွေ့ရပါတယ်။ ဒါကိုပဲ resilience ဖြစ်တယ်လို့ ပြောတယ်။ ကြံ့ကြံ့ခံနိုင်စွမ်းက မြင့်မားတယ် ဆိုတဲ့ သဘော။ မြန်မာတို့ဟာ အမြဲတမ်း ဒုက္ခနဲ့ ဖက်ပြီး မွေးဖွားလာရလို့ အခက်အခဲ အကျပ်အတည်းဆိုတာဟာ ထမင်းစားရေသောက်သလို ဖြစ်နေတယ်။ ဒါကလည်း သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို အလိုအလျောက် မြှင့်ပေးသွား ဟန်တူတယ်။ မြန်မာတွေဟာ ဒုက္ခနဲ့ အတူ လည်ပင်းဖက် ပေါင်းသင်းနေထိုင်နိုင်သလို၊ ဒုက္ခတောထဲမှာလည်း ပျော်စရာ ရွှင်စရာကို ရှာကြံတတ်ကြသေးတယ်။ ဒါ့အပြင် မြန်မာတွေကို သိပ်အပြောမများတဲ့ အချက် တစ်ခု ရှိနေပါသေးတယ်။

Adaptable လို့ ခေါ်တဲ့ အချက်ဖြစ်ပါတယ်။

■ ညှိယူပြောင်းပြင်နိုင်စွမ်း

မြန်မာတွေဟာ ရှေးရိုးစွဲ အဟောင်းကိုပဲ တွယ်ဖက်တတ်တဲ့ ဗီဇစရိုက်ရှိပေမယ့်၊ တကယ့် ရှင်သန်ရပ်တည်ရေး အတွက် လိုအပ်လာတယ်ဆိုရင် ပြုနိုင် ပြင်နိုင်စွမ်း မြင့်မားတာကိုလည်း တွေ့ရတယ်။ ပြောင်းလွယ်ပြင်လွယ် လို့ ပြောရင် ပိုလို့ တိကျမယ် ထင်ပါတယ်။ ဒါကို adaptable လို့လည်း ခေါ်နိုင်တယ်။ အဘိဓာန် အလိုအရ adaptable ကို (able to adjust to new conditions) လို့ အနက်ဖွင့်တယ်။ အခြေအနေသစ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ညှိယူနေထိုင်နိုင်စွမ်း လို့ ပြောရမယ် ထင်ပါတယ်။

မြန်မာတွေဟာ – အခြေအနေသစ်ကို ချက်ချင်းလက်ခံလိုက်ဖို့ ခက်ခဲတတ်တဲ့ သဘောရှိတာကို တွေ့ရပါတယ်။ သို့သော်လည်း ဒီလိုလုပ်မှ၊ ဒီလိုပြုမူမှ၊ ဒီလိုပြောဆိုမှ၊ ဒီလိုနေထိုင်မှ၊ ဒီလိုတွေးခေါ်မှ – ရှင်သန်ရပ်တည်နိုင်တော့ မယ်လို့ ဆိုလိုက်တာနဲ့ မြန်မာတွေရဲ့ ပြောင်းလွယ်ပြင်လွယ် ဖြစ်မှုဟာ အလွန် အင်မတန် မြန်ဆန်တာကို တွေ့ရ တယ်။ ဒါဟာ မြန်မာတွေရဲ့ adaptable ဖြစ်မှုကို ပြတာပါ။

■ မြန်မာမှုပြုနိုင်စွမ်း

မြန်မာ့ယဉ်ကျေးမှု အများအပြားကို ကြည့်ရင်လည်း မြန်မာတွေဟာ မွေးစားပြီး မြန်မာမှုပြုထားနိုင်စွမ်း မြင့်မား တာကို တွေ့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှုတွေထဲမှာ – တရုတ်ယဉ်ကျေးမှုတွေ ရောစွက်ပါဝင်နေသလို၊ အိန္ဒိယက အမွေရတဲ့ ဓလေ့အယူအဆတွေလည်း ပါဝင်နေပါတယ်။ ပျူနဲ့ မွန်တို့ရဲ့ ယဉ်ကျေးမှုထဲက အမွေခံပြီး မြန်မာမှု ပြု ထားတာတွေလည်း ရှိသလို၊ ထိုင်း(ယိုးဒယား) တို့ဆီကလည်း ယဉ်ကျေးမှုကို သယ်လာပြီး မြန်မာ့ယဉ်ကျေးမှု အဖြစ် လုပ်ယူထားတာတွေ ရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့တော့၊ ဥရောပရဲ့ အယူအဆနဲ့ နည်းနာလုပ်ဟန်တွေ ကိုလည်း ယူငင်သုံးစွဲတာကို တွေ့ရပြန်တယ်။ မြန်မာ့ယဉ်ကျေးမှုကို ကြည့်ရင် အားလုံးဟာ ကပြားတွေချည်းပဲ ဆိုတာ တွေ့ရမှာပါ။ ဒါဟာ မြန်မာတို့ရဲ့ ညှိယူနိုင်စွမ်း ပြောင်းလဲကျင့်သုံးနိုင်စွမ်းကို ပြနေပါတယ်။

Adaptable ဆိုတဲ့ နောက်ထပ် အနက်အဓိပ္ပာယ်က able to be modified for a new use or purpose လို့ အနက် ထွက်ပါတယ်။ မြန်မာတွေဟာ ကိုယ့်ယဉ်ကျေးမှုအပိုင်ဖြစ်အောင် တခြားသော နယ်ပယ်ဒေသနဲ့ လူမျိုးတွေ ဆီက ယဉ်ကျေးမှု၊ စာပေနဲ့ အနုလက်ရာတွေ၊ ဂီတနဲ့ သီချင်းတွေကို ဘယ်လို မွေးစားယူနိုင်စွမ်းရှိသ လဲဆိုတာ လေ့လာပြီး မြန်မာတွေရဲ့ abaptable ဖြစ်မှုကို သုံးသပ်နိုင်ပါတယ်။ ထို့နည်းတူစွာပဲ အခက်အခဲ အကျပ်အတည်းမှာ အခြေအနေသစ်နဲ့ ညှိယူပြီး ရှင်သန်နိုင်တဲ့ survival skill ကိုလည်း မြန်မာတွေဆီမှာ တွေ့ရပါ တယ်။

■ ဒေါက်တာကျော်သက် တင်ပြချက်

သမိုင်းပညာရှင်ဒေါက်တာကျော်သက်ဟာ “ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်း” စာအုပ်ကို ပြုစုရေးသားပါတယ်။ ၎င်းစာအုပ်မှာ ဒေါက်တာကျော်သက်ဟာ ပါတော်မူပြီးကာလ ၊ သက္ကရာဇ် ၁၈၉၁ ခုနှစ်နောက်ပိုင်း မြန်မာတို့ရဲ့ သဘောထားကို အခုလို ရေးသားတင်ပြပါခဲ့ပါတယ်။

◉ …. ထိုအချိန်က မြန်မာတို့ရဲ့သဘောထားများကို ဆန်းစစ်ကြည့်ရလျှင် ၊ ထင်ရှားသော အချက်ကြီး နှစ်ရပ်ကို တွေ့ရလေသည်။ ထိုနှစ်ချက်တို့မှာ အင်အားကြီးသော ဗြိတိသျှတို့၏ စိုးမိုးမှုကို ယေဘုယျ အားဖြင့် လက်ခံလာသော အချက်နှင့် မိမိတို့၌ ကြုံလာရသော ဘဝသစ်တွင် လိုက်လျောညီထွေနေတတ် ရန် နည်းအမျိုးမျိုးကို ရှာကြံလာသော အချက်တို့ပင် ဖြစ်သည်။ (ဒေါက်တာကျော်သက်၊ ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်း၊ ဒုတိယအကြိမ်၊ ၂၀၁၅ ၊ စာ ၃၇၄ )

အထက်ဖော်ပြပါ ကောက်နုတ်ချက်နဲ့အတူ ပါတော်မူပြီးခေတ် နောက်ပိုင်း မြန်မာတို့ဟာ လေးငါးခြောက်နှစ် လောက် အထိ ငုံ့မခံဘဲ ရရာလက်နက်စွဲကိုင်ပြီး အင်္ဂလိပ်ကို အာဏာဖီဆန်တော်လှန်တယ်ဆိုတဲ့ အချက်ကို သတိရပါ။ သီပေါမင်းနဲ့ စုဖုရားလတ်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကာလဟာ ၁၈၅၅ ခုနှစ် နှစ်ကုန်ပိုင်းပါ။ အင်္ဂလိပ်အတွက် သီပေါမင်း လက်နက်ချအောင် လုပ်ဖို့ လိုသည်ထက် ပိုတဲ့ ခက်ခဲမှု မရှိခဲ့ပေမယ့်၊ ပါတော်မူပြီး နောက်ပိုင်း လေးငါးခြောက်နှစ်အထိ ရရာလက်နက်နဲ့ တော်လှန်ပုန်ကန်တဲ့ မြန်မာတွေကို နှိမ်နင်းရာမှာတော့ အတော်ကြီး လက်ဝင်ခဲ့တာ၊ အားစိုက်ခဲ့ရတာကို တွေ့ရပါတယ်။ မြန်မာတို့ရဲ့ လက်နက်ကိုင်ပုန်ကန်တော်လှန်မှု ဟာ မအောင်မြင်ခဲ့ပါ။ မြန်မာတို့ဟာ ၁၈၉၁ ခုနှစ်လောက် အရောက်မှာ — မျှော်လင့်ချက်မဲ့ခဲ့ကြောင်း နဲ့ အင်္ဂလိပ်နဲ့ ဘယ်လို လိုက်လျောညီထွေဖြစ်အောင် နေမလဲဆိုတဲ့ နည်းအမျိုးမျိုးကို မြန်မာတို့ ရှာကြံလာကြောင်း ဒေါက်တာ ကျော်သက်ဟာ အခုလို ရေးပါတယ်။

◉ ၁၈၉၁ ခုနှစ်တွင်မူ ဗြိတိသျှတို့သည် ပုန်ကန်မှု မှန်သမျှကို ထိထိရောက်ရောက် ချေမှုန်းဖြိုခွင်းခဲ့ရာ လုံးဝ လက်နက်ကင်းမဲ့နေသော မြန်မာတို့သည် မိမိတို့ တစ်သက်တွင် မျှော်လင့်ချက်မရှိတော့သည်ကို သိမြင် လာလေသည်။ (စာ ၃၇၀)

◉ နည်းအမျိုးမျိုးကို ရှာကြံကြရာတွင် တချို့က ဗြိတိသျှတို့ စိုးမိုးမှုကို မလိုလားသော်လည်း မတွန်းလှန်နိုင် ဟူသော အချက်ကို မလွဲမရှောင်သာ အသိအမှတ်ပြုလျက် ဗြိတိသျှကို ချော့မော့မြှောက်ပင့်ကာ ဗြိတိသျှတို့၏ ရက်ရောမှု၊ မသိနားမလည်မှုတို့မှ ရတတ်သမျှ အမြတ်ထုတ်၍ ဗြိတိသျှ၏ ဖိနှိပ်အုပ်ချုပ် မှုကို လျော့ပါးစေရန်လည်းကောင်း၊ တိုင်းပြည်အတွက် အခွင့်အရေးရစေရန် လည်းကောင်း ရည်မှန်း ကြသည်။ တစ်ဖက်တွင်ကား ဗြိတိသျှအုပ်စိုးမှုနှင့် မြန်မာ့အစဉ်အလာ ခေါင်းဆောင်မှုတို့၏ အကြားတွင် မလှုပ်မယှက်သာ နေကြရသော တောသူတောင်သားများ ရှိကြလေသည်။ ၎င်းတို့ကား ကျွဲနှစ်ကောင် ခတ်သည့် အကြားတွင် မြေဇာပင်များ ဖြစ်ကြသဖြင့် မိမိတို့ ကံကြမ္မာအလျောက် သက်သက်သာသာ အေးချမ်းစွာ နေကြရမည် ဆိုပါက အင်္ဂလိပ်ကို “သခင်” ခေါ်ရန်ပင် ဝန်မလေးသည့်သူများ ဖြစ်ကြသည်။ (စာ ၃၇၅ – ၅)

■ အဆင်ပြေသလို တည့်အောင် နေဖို့

မြန်မာတို့ရဲ့ စရိုက်မှာ၊ ကျပ်တည်းလွန်းမက ကျပ်တည်းလာတဲ့အခါ သက်သာရာ သက်သာကြောင်း နည်းအမျိုး မျိုးကို ရှာကြံတတ်တဲ့ အကျင့်ဟာ အလိုအလျောက် ရှိနေပြီးသားဖြစ်တယ်။ တော်လှန်ဖီဆန်စိတ် ပြင်းထန်သော် လည်း၊ လုံးဝ မျှော်လင့်ချက်မဲ့ပြီလို့ သိလိုက်ရရင်တော့ ဘယ်လို နေသားကျအောင် ညှိနှိုင်းနေထိုင်မလဲဆိုတဲ့ အမူ အကျင့်ကိုလည်း တွေ့ရပြန်တယ်။ အထူးသဖြင့် ရှင်သန်ဖို့အတွက် ဘယ်နည်းက အသင့်တော်ဆုံးလဲဆိုတာကို ကြည့်ပြီး အဆင်ပြေသလို တည့်အောင် ပေါင်းသင်းနေထိုင်တတ်တဲ့အကျင့် မြန်မာတွေမှာ ရှိတယ်။ အင်္ဂလိပ် ဗြိတိသျှ အုပ်စိုးမှုကို လက်ခံလိုက်ပြီးချိန်မှာတော့၊ မြန်မာတွေဟာ အင်္ဂလိပ်ကို တော်လှန်ဖို့ထက် အင်္ဂလိပ်နဲ့ ဘယ်လို အဆင်ပြေအောင် နေထိုင်မလဲဆိုတာပဲ တွက်ဆကြတော့တယ်။

မြန်မာတို့ရဲ့ adaptability ဖြစ်မှုဟာ ရှင်သန်ရပ်တည်နိုင်စွမ်းအတွက် အားကောင်းတဲ့ အချက်တစ်ချက်အနေနဲ့ ရှိခဲ့ကြောင်း၊ ယခုလည်း ရှိနေကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။