• Today is: Friday, March 29, 2024

ဆယ်ဇင်းစစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆယ်ဇင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ဖက်ဒရယ်ဂျာနယ်မြန်မာကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့က စစ်ကောင်စီ၊ ရှမ်းနီ SNA ပူးပေါင်းတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဆယ်ဆင်းနေ ပြည်သူ ၄၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဆယ်ဆင်းကျေးရွာကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ဆယ်ဆင်းနေ ပြည်သူတွေကိုလည်း ကျေးရွာထဲ ဝင်ထွက်သွားလာခွင့်ကန့်သတ်ထားတယ်လို့ ဆယ်ဆင်း စစ်ဘေးရှောင်အရေး ကူညီနေသူ တစ်ဦးက ပြောပါတယ်။

“လက်ရှိ ကျွန်တော်တို့လည်း အဲဒီနေရာတွေကိုသွားလာတာမျိုးမရှိဘူး၊ သွားလို့လည်းမရဘူးလေ ကန့်သတ်ထား တယ်ဆိုတော့၊ ကျနော်တို့ကြားသိရသလောက်ကတော့ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီအစိုးရဘက်ကပဲ ရှင်းလင်းရေးနဲ့ ထိန်းချုပ်ထားတာတွေ့ရတယ်။ ဘေးပတ်ဝန်းကျင်မှာတော့ ကန့်သတ်ထားတဲ့အတွက် ကျန်တဲ့အဖွဲ့အစည်းတွေက အဲဒီလမ်းကြောတွေမှာ တားမြစ်ထားတယ်လို့ အဲဒီလိုကြားသိ ထားရပါတယ်”လို့ သူက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး တစ်လနီးပါးကြာ စစ်ဘေးတိမ်းရှောင်ခဲ့တဲ့ ဆယ်ဇင်းနေ ပြည်သူအများစုကတော့ သက်ဆိုင်ဇာတိသို့ ပြန်သွားကြပြီး တချို့စစ်ဘေးရှောင်တွေက နီးစပ်ရာ မိသားစု ဆွေမျိုးတွေနဲ့ ကျေးရွာတွေမှာ ပြောင်းရွေ့ လုပ်ငန်း ဆက်လက် လုပ်ကိုင်ကြနေတာကြောင့် လက်ရှိမှာတော့ စစ်ဘေးရှောင် ၁၀၀၀ နီးပါးကို စောင့်ရှောက် ပေးထားရတယ်လို့ ဆယ်ဆင်း စစ်ဘေး ရှောင်များအရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“တချို့ကလည်း မီးလောင်တဲ့အထဲပါသွားတော့ ပြန်လည်ထူထောင်ရေးမှာ သူတို့ရဲ့ အိုးအိမ်စည်းစိမ် တစ်ခုမှ မကျန်ခဲ့တော့ သူတို့ရဲ့ အရင်တုန်းက ဇာတိမြေတွေကိုပြန်သွားကျတာရှိတယ်။ တချို့ကလည်း အဆင်ပြေ တုန်းက သူတို့လုပ်ကိုင်စားသောက်ခဲ့တဲ့နေရာမှာ တခြားကျေးရွာတွေမှာ အိမ်တို့ဝင်းတို့ ဆောက်ထားတာ တွေရှိတယ်၊ အဲဒီကိုပြန်ကြတယ်။ တချို့တစ်ဝက်ကတော့ ဖားကန့်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာတို့ ဘဗိုတို့ အဲဒီမှာမှော်ဒေသကို အခုစစ်ဘေးရှောင်နေရာကနေတစ်ဆင့် ကျနော်တို့ကပို့ပေးရတယ်”လို့ ဆိုပါတယ်။

ဆယ်ဇင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် စစ်ရှောင်စခန်း ၇ ခု ဖွင့်လှစ်ထားပြီး လတ်တလောမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတာပါ။

ဆယ်ဇင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်က ဒေသခံ နေအိမ် ၄၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

လက်ရှိမှာတော့ စစ်ဘေးတိမ်းရှောင်ပြည်သူတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် ဘာသာရေး အသင်းအဖွဲ့တွေ၊ သီးသန့်အလှူရှင်တွေနဲ့ International Committee of the Red Cross Myanmar (ICRC) အဖွဲ့တို့က ကူညီစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။