• Today is: Friday, April 19, 2024

တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ

-တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ-

-ကိုဦး (စာရေးသူသည် တိုင်းရင်းသားရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

မြန်မာပြည်၏ တိုင်းရင်းသား လူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿနာသည် မြန်မာပြည် လွတ်လပ်ရေး ယူ ရန် ကြိုးပမ်းနေစဉ်ကထဲက ကြုံရသည့် ပြဿနာ ဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် ထိုပြဿနာသည် ပို၍ ကြီးထွားလာ၏။ လက်နက်ကိုင် ပဋိပက္ခအထိ ဖြစ်ပွားလာခဲ့သည်။

မည်သို့ဖြစ်စေ ထိုပြဿနာအား ဖဆပလခေတ်က ပါလီမာန် အတွင်း လွတ်လပ်စွာပြောဆိုခွင့်ရှိ၏။ ဖက်ဒရယ်ဆိုသော ဝေါဟာရအား လွတ်လပ်စွာသုံးစွဲ၍ရသည်။ ဖက်ဒရယ်သည် မစားကောင်းသော အသီး မဟုတ်ခဲ့ပေ။

သို့သော် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖက်ဒရယ်ဆိုသည်မှာ မစားကောင်းသော အသီးအဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရသည်။

၁၉၆၂ ခုနှစ်ကစပြီး ဖက်ဒရယ်ဆိုသည်မှာ ပြည်ထောင်စုကြီးအား ပြိုကွဲစေသည့် မကောင်းဆိုးဝါးအဖြစ် ပုံဖေါ်ခံခဲ့ရပြီး ဖက်ဒရယ်ဆိုသည့် ဝေါဟာရသည် နှစ် ၅၀ ခန့် တိမ်မြုပ်နေခဲ့သည်။ ထို့အတူ တိုင်းရင်းသားလူမျိုးများ တန်းတူရေး ဆိုသည်မှာလည်း ပြည်ထောင်စု အမည်ခံထားသည့် ဗဟိုချုပ်ကိုင်မှုအောက်တွင် ပျောက်ကွယ်နေခဲ့ရ၏။

မြို့ပြဝါဒဖြန့်ချိရေးနယ်ပယ်၊ စာသင်ကျောင်းများတွင် ဖက်ဒရယ် သို့မဟုတ် တိုင်းရင်းသား လူမျိုးတိုင်း၏ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား ပိတ်ပင်တားဆီးနိုင်ခဲ့သော်လည်း ပြည်နယ်တောင်တန်းများတွင်တော့ တားဆီး၍ မရခဲ့ပါ။

တိုင်းရင်းသား ပြည်နယ်တိုင်း၊ တောင်တန်း ဒေသတိုင်းတွင် တိုင်းရင်းသားအရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်း သားတော်လှန်ရေးတပ်ဖွဲ့များ တဖွဲ့ပြီး တဖွဲ့ပေါ်ပေါက်လာခဲ့၏။ အားကောင်းမောင်းသန် ဖြစ်လာခဲ့၏။

ပြည်နယ်တိုင်းရှိ တိုင်းရင်းသား လူမျိုးတိုင်းလိုလို ပုန်ကန်တော်လှန်ကြသည်မှာ မြန်မာပြည်၏ ထူးခြားချက်ဖြစ်ပြီး အခြား တိုင်းပြည်များတွင် တွေ့ရန် မလွယ်သည့် ပုံသဏ္ဍာန် ဖြစ်ခဲ့သည်။

ဤသို့သော တော်လှန်ပုန်ကန်မှုများကြောင့် ၁၉၈၉ မှစပြီး အပစ်အခတ်ရပ်စဲရေးပေါ်လာ၏။ ၂၀၁၁ ခုနှစ်မှစပြီး ငြိမ်း ချမ်း ရေး ဆွေးနွေးပွဲ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်လာခဲ့သည်။ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ရေး တို့နှင့် ပတ်သက်သည့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့်အတူ ဖက်ဒရယ်ဆိုသည့်‌ ဝေါဟာရကို ကန့်သတ်၍ မရတော့။

၁၉၆၂ ခုနှစ်ကစပြီး ဖက်ဒရယ်ဆိုသည်မှာ ပြည်ထောင်စုကြီးအား ပြိုကွဲစေသည့် မကောင်းဆိုးဝါးအဖြစ် ပုံဖေါ်ခံခဲ့ရပြီး ဖက်ဒရယ်ဆိုသည့် ဝေါဟာရသည် နှစ် ၅၀ ခန့် တိမ်မြုပ်နေခဲ့သည်။ ထို့အတူ တိုင်းရင်းသားလူမျိုးများ တန်းတူရေး ဆိုသည်မှာလည်း ပြည်ထောင်စု အမည်ခံထားသည့် ဗဟိုချုပ်ကိုင်မှုအောက်တွင် ပျောက်ကွယ်နေခဲ့ရ၏။

ဖက်ဒရယ်ကို တစတစ ကျယ်ကျယ်လောင်လောင်ပင် ပြန်၍ ပြောဆိုလာခဲ့ကြသည်။ သို့သော်လည်း ဖက်ဒရယ်ကို အဓိပ္ပါယ် ဖွင့်ပုံတော့ မတူခဲ့ကြပေ။ သို့သော်လည်း ဆယ်နှစ်တာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလအတွင်း မြန်မာစစ်တပ်၏ တင်းမာသော သဘောထားကြောင့် နိုင်ငံရေးရလဒ် ကောင်းထွက်ရန် မဖြစ်နိုင်ခဲ့သည့်အပြင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များအား တပ်ဖျက် လက်နက်အပ်ရန်သာ ရည်ရွယ်ခဲ့သဖြင့် ဆွေးနွေးပွဲများ မအောင်မြင်ခဲ့ပေ။

မအောင်မြင်ခဲ့ရုံသာမက တိုင်းရင်းသားလူမျိုးများ၊ ‌တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များသည် မြန်မာစစ်တပ်နှင့် အစိုးရအပေါ် ပို၍ အယုံအကြည်မဲ့လာခဲ့ကြ၏။ ၎င်းတို့၏ တော်လှန်ရေး တပ်ဖွဲ့များကို အင်အားတောင့်တင်းအောင် ပို၍တည် ဆောက်လာကြ၏။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၀ နှစ်ကာလအတွင်း ရက္ခိုင့်တပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) စသည့် အဖွဲ့ ၃ ဖွဲ့ အားကောင်း မောင်း သန် ပေါ်ထွက်လာသည်။

အခြား တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များသည်လည်း ၎င်းတို့အင်အားကို တစတစ တိုးချဲ့ဖွဲ့စည်းလာကြသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၁၀ နှစ်တာ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အင်အား ၅၀၀၀၀ အထိ တိုးပွားလာခဲ့သည်။ ၎င်းတို့ အင်အားကောင်းလာသည်နှင့်အညီ နယ်မြေများကိုလည်း တိုးချဲ့ ထိန်းချုပ်နိုင်လာခဲ့ကြ၏။

လွတ်လပ်ရေးရပြီး အနှစ် ၇၀ ကျော်အတွင်း ပြည်ထောင်စုဟု အမည် သမုတ်ထားခဲ့သော်လည်း ဗဟိုက ချုပ်ကိုင်သည့် တပြည်ထောင်စနစ်ကိုသာ ကျင့်သုံးခဲ့သည့်အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုသည်များကလည်း တိုင်းရင်းသား တပ်ဖွဲ့ များအား တပ်ဖျက် လက်နက်အပ်ရေးကို ဦးတည်လုပ်ဆောင်နေကြရာ တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် ၎င်းတို့တော်လှန်ရေးတပ်ဖွဲ့များ၏ အင်အားနှင့် ထိန်းချုပ်နိုင်မှုပေါ်တွင်သာ ပို၍ တည်မှီလာသည်။

၎င်းတို့ တိုင်းရင်းသားလူမျိုးများ ရပိုင်ခွင့်သည် ၎င်းတို့ လက်နက်ကိုင်တပ်ဖွဲ့အင်အားပေါ် ပို၍ တည်မှီလာရာ ၎င်းတို့ တပ်ဖွဲ့ အင်အားကောင်းရေးနှင့် နယ်မြေထိန်းချုပ်ရေးနိုင်ရေးတို့မှာ ၎င်းတို့အတွက် အရေးပါသည့် သော့ချက် ပြဿနာ ဖြစ်လာသည်။

လက်တွေ့တွင် လူဦးရေ ငါးသိန်းခန့်ရှိသည့် နယ်မြေကို ထိန်းချုပ်ထားသည့် UWSA “ဝ” နှင့် လူဦးရေ တသိန်းခန့်ရှိသည့် နယ်မြေကို ထိန်းချုပ်ထားသည့် NDAA (မိုင်းလား)တို့သည် ထိုအချက်ကို အားဖြည့်ပေးနေသည်။

တိုင်းရင်းသားလူမျိုးများ၊ ‌တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များသည် မြန်မာစစ်တပ်နှင့် အစိုးရအပေါ် ပို၍ အယုံအကြည်မဲ့လာခဲ့ကြ၏။ ၎င်းတို့၏ တော်လှန်ရေး တပ်ဖွဲ့များကို အင်အားတောင့်တင်းအောင် ပို၍တည် ဆောက်လာကြ၏။

ဤအချက်ကပြသနေသည်မှာ မြန်မာပြည်၏ ပြည်ထောင်စုပုံသဏ္ဍာန်သည် ဖက်ဒရယ်မဖြစ်နိုင်တော့ဟု ဆိုလိုခြင်း ဖြစ်သည်။ တိုင်းရင်းသား လူမျိုးများအနေနှင့် ၎င်းတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ၎င်းတို့တပ်ကို ဖျက်သိမ်းရန်မဆိုထားနှင့် ၎င်းတို့တပ်အုပ်ချုပ်ကွပ်ကဲမှုအား အခြားသူထံသို့ သို့မဟုတ် ဗဟိုသို့ လွှဲပြောင်းပေးရန် မဖြစ်နိုင်ပေ။

၎င်းတို့ပြည်နယ်နှင့်ပတ်သက်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်သည် ၎င်းတို့ပြည်နယ်တွင် ရှိရမည်ဟု KIA စစ်ဦးစီးချုပ်က ၂၀၁၂ ခုနှစ်က ပြောဆိုခဲ့၏။ ထို့ပြင် တိုင်းပြည်၏ အနာဂတ်ပုံစံနှင့် ပတ်သက်ပြီး ကွန်ဖက်ဒရေးရှင်းဟု AA စစ်ဦးစီးချုပ်က ၂၀၁၆ ခုနှစ်တွင် စ၍ အတိအလင်းဆိုခဲ့ပြီး နောက်ပိုင်းတွင်လည်း ထပ်မံအတည်ပြုခဲ့သည်။

၁၉၈၉ ကထဲက ကိုယ့်ဒေသကိုယ် အပြည့်အဝ အုပ်ချုပ်နေသော UWSA က ၂၀၁၉ ခုနှစ် UWSA နှစ် ၃၀ ပြည့်ပွဲတွင် “ဝ” ပြည်နယ်တည်ဆောက်ရေးဟု စတင်၍ တရားဝင်ကြွေးကြော်ခဲ့သည်။

၂၀၂၂ ခုနှစ် စကစ ဥက္ကဌနှင့် တွေ့ဆုံရာတွင် UWSA အနေနှင့် နိုင်ငံတော်အား ပြိုကွဲစေခြင်း၊ ခွဲထွက်ခြင်း လုံးဝပြုမည် မဟုတ်ပါ။ နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာမှအပ မိမိကိုယ်မိမိတို့စီမံအုပ်ချုပ်သွားမည်ဟု ၎င်းတို့သဘောထားကို ဖေါ်ပြသည်။

၎င်းတို့ဒေသအား “ဝ” အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ဟု ဖေါ်ပြ၏။ UWSA က ကွန်ဖက်ဒရေးရှင်းဟူသော ဝေါဟာရအား မသုံးစွဲသော်လည်း ၎င်းတို့ဆိုလိုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်သည် တရုတ်ပုံစံကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မဟုတ်ပေ။ သို့သော် ကွန်ဖက်ဒရေးရှင်းပုံစံ ဖြစ်၏။

၂၀၂၂ ခုနှစ်အတွင်း TNLA အတွင်းရေးမှူးဖြစ်သူက တအာင်း လူမျိုးများအနေနှင့် ပြည်ထောင်စု ပြည်နယ်အဆင့် တည် ဆောက်ရေးအတွက် ပြင်ဆင်နေသကဲ့သို့ အခြေအနေက ပိုမိုပြင်းထန်လာ၍ တော်လှန်ရေး အရှိန်ပြင်းထန်လာမည်ဆိုပါက နိုင်ငံတည်ဆောက်နိုင်ရန် လိုအပ်ပါက နိုင်ငံတည်ဆောက်ရန် ပြင်ဆင်ထားရမည်ဟု ဆိုခဲ့သည်။

မြန်မာပြည်၏ ပြည်ထောင်စုပုံသဏ္ဍာန်သည် ဖက်ဒရယ်မဖြစ်နိုင်တော့။ တိုင်းရင်းသား လူမျိုးများအနေနှင့် ၎င်းတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ၎င်းတို့တပ်ကို ဖျက်သိမ်းရန်မဆိုထားနှင့် ၎င်းတို့တပ်အုပ်ချုပ်ကွပ်ကဲမှုအား အခြားသူထံသို့ သို့မဟုတ် ဗဟိုသို့ လွှဲပြောင်းပေးရန် မဖြစ်နိုင်ပေ။

ကရင်၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ မွန်စသည့် တော်လှန်ရေးအဖွဲ့များသည်လည်း ၎င်းတို့၏ နိုင်ငံရေးမှန်းချက်များကို ‌တရားဝင် ဖေါ်ထုတ်သည်ဖြစ်စေ၊ မဖေါ်ထုတ်သည်ဖြစ်စေ အလားတူ သဘောထားကြ၏။ ထိုသဘောထားများကို အကောင်အထည်ဖေါ်ရန်မှာ လက်တွေ့လက်နက်ကိုင်တပ် တည်ဆောက်နိုင်သည့်အပေါ် အခြေခံသည်ဟုယူဆကြသည်။

ထို့ကြောင့်လည်း ၎င်းတို့တပ်အား ဖျက်သိမ်းရန်သော်လည်းကောင်း၊ ကွပ်ကဲမှု လွှဲပြောင်းရေးကိုသော်လည်းကောင်း လုံးဝ လက်မခံကြပေ။ ထိုအချက်သည် တိုင်းရင်းသားတပ်များအား တပ်ဖျက်၊ လက်နက်အပ်ခိုင်းရန် ကြိုးစားသည့် မြန်မာ စစ်တပ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရခြင်း၏ အဓိက အကြောင်းအချက် ဖြစ်၏။

ဤအခြေအနေသည် ယခင်အခါက ကော်သူးလေနိုင်ငံ၊ ရှမ်းသမ္မတနိုင်ငံ၊ ရခိုင်သမ္မတနိုင်ငံ တောင်းဆိုစဉ်ကာလ အခြေအနေနှင့် မတူသည်ကို သတိပြုရန်လိုသည်။ ယခင်အခါက တိုင်းရင်းသားလူမျိုးများ၏ သမ္မတနိုင်ငံ တည်ဆောက်ရေး တောင်းဆိုချက်သည် ၎င်းတို့ ရည်မှန်းချက်သက်သက်ဟု ဆို၍ရ၏။

၎င်းတို့တပ်အား ဖျက်သိမ်းရန်သော်လည်းကောင်း၊ ကွပ်ကဲမှု လွှဲပြောင်းရေးကိုသော်လည်းကောင်း လုံးဝ လက်မခံကြပေ။ ထိုအချက်သည် တိုင်းရင်းသားတပ်များအား တပ်ဖျက်၊ လက်နက်အပ်ခိုင်းရန် ကြိုးစားသည့် မြန်မာ စစ်တပ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ရခြင်း၏ အဓိက အကြောင်းအချက် ဖြစ်၏။

လက်ရှိကာလ ကွန်ဖက်ဒရေးရှင်း တောင်းဆိုမှုများသည် လက်တွေ့ကျသော အခြေအနေများပေါ်မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်း စတင်ခဲ့သော မြန်မာစစ်အစိုးရသည် ဝ/မိုင်းလား ဒေသများ ၏ သူ့ဒေသသူ အုပ်ချုပ်ရေးအား မလွှဲမရှောင်သာ ခွင့်ပြုပေးခဲ့ရ၏။

၎င်းတို့အင်အားကောင်းလာပါက ပြန်လည်တိုက်ခိုက်ခိုက်ရန် မြန်မာစစ်တပ်က ရည်ရွယ်ရင်းရှိသော်လည်း ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းက ပိုဆိုးလာ၍ မတိုက်နိုင်တော့ပေ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်း ပိုကြီးလာသော မြန်မာစစ်တပ်သည် AA အား ထိပ်တိုက်မတွေ့အောင် ကြိုးစားရှောင်သည်။

သို့ဖြစ်ရာ AA ၏ အင်အားနှင့် အုပ်ချုပ်ရေး နယ်ပယ်ပိုကျယ်လာသည်။ ၂၀၂၁ ခုနှစ်အတွင်း ကိုးကန့် MNDAA အား တိုက်ခိုက်ခဲ့သေးသော်လည်း ၂၀၂၂ ခုနှစ် အတွင်း မတိုက်ခိုက်နိုင်တော့။ MNDAA ၏ အင်အားနှင့် ထိန်းချုပ်နယ်မြေ ပိုကျယ်လာသည်။

၂၀၂၁ ခုနှစ်မှစ၍ TNLA အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုနိုင်တော့ရာ TNLA ၏ အင်အားနှင့် ထိန်းချုပ်နယ်မြေ ပိုကျယ် လာ၏။ ၂၀၂၂ ခုနှစ်အတွင်း SSPP အား တိုက်ရန် ခြိမ်းခြောက်ခဲ့သေးသော်လည်း လက်တွေ့တွင် မတိုက်ရဲရာ SSPP ၏ အင်အားနှင့်ထိန်းချုပ်နယ်မြေ ပိုကျယ်လာ၏။

ချုပ်၍ဆိုရလျင် မြန်မာစစ်တပ်သည် တပြည်လုံးတွင် နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်း‌တွေ့နေပြီး တိုက်ခိုက်အား လျော့ ကျနေပြီး နယ်မြေထိန်းချုပ်နိုင်စွမ်း လျော့ကျနေသည်။ တဖက်တွင် တိုင်းရင်းသားတပ်ဖွဲ့များက အင်အား ပိုကောင်းလာပြီး ထိန်းချုပ်နယ်မြေပိုကျယ်လာသည်။ ပိုခိုင်မာလာသည်။

ဤသို့သော အခြေအနေတွင် ယနေ့ တိုင်းရင်းသားလူမျိုးတပ်ဖွဲ့များ၏ တောင်းဆိုချက်သည် ယခင်ကကဲ့သို့ ၎င်းတို့ ရည် မှန်းချက်သက်သက်ကို ပြောနေခြင်း မဟုတ်ဘဲ မြေပြင်လက်တွေ့အခြေအနေ ပေါ်ကလာသည်ဟု ဆိုရမည်။

မြန်မာစစ်တပ်သည် တပြည်လုံးတွင် နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်း‌တွေ့နေပြီး တိုက်ခိုက်အား လျော့ ကျနေပြီး နယ်မြေထိန်းချုပ်နိုင်စွမ်း လျော့ကျနေသည်။ တဖက်တွင် တိုင်းရင်းသားတပ်ဖွဲ့များက အင်အား ပိုကောင်းလာပြီး ထိန်းချုပ်နယ်မြေပိုကျယ်လာသည်။ ပိုခိုင်မာလာသည်။

ဤသို့သောအခြေအနေတွင် တိုင်းရင်းသားပြည်နယ်အလိုက်၊ဒေသအလိုက် တိုင်းရင်းသားတပ်ဖွဲ့များ အင်အား ကောင်း သလောက် ထိန်းချုပ်စိုးမိုးနိုင်သော နယ်ပယ်များ ရှိလာမည့်အခြေအနေကို ရှောင်လွှဲ၍ မရပေ။

မူအရ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ အာဏာ သုံးရပ်ခွဲဝေရေးတို့ အခြေခံပြီး ထိုဒေသ၊ ထိုပြည်နယ်များကို ပြန်လည်ပေါင်းစည်းရေးသည်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကွန်ဖက်ဒရေးပုံစံဖြင့်သာ ပြန်လည် ပေါင်းစည်းရ မည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ကို မြင်တွေ့နေရသည်။

ထိုသို့သော အခြေအနေအောက်တွင် မြန်မာပြည်၏ ပုံသဏ္ဍာန်အသစ်နှင့်ပတ်သက်၍ လက်တွေ့ကျကျ စဉ်းစား အကောင် အထည်ဖေါ်ကြရန်လိုသည်။

အထူးသဖြင့် stakeholder များ ဖြစ်ကြသည့် လက်ရှိ NUG တွင် ပါဝင်ကြသည့် NLD များဖြစ်စေ၊ ပြည်မ ဒီမိုကရေစီ အင် အားစုများဖြစ်စေ ထိုပြဿနာကို အဖြေရှာရန် လက်တွေ့ကျကျ စဉ်းစားသုံးသပ်ရန် လိုအပ်ပေသည်။

ဌာနေဒေသခံ တိုင်းရင်းသား လူမျိုးများဖြင့် စုဖွဲ့ထားသည့်နိုင်ငံဖြစ်ရာ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင် လက္ခဏာကို အသိအမှတ်ပြုရန်လိုအပ်သကဲ့သို့ တိုင်းရင်းသားလူမျိုးအသီးသီး၊ ဒေသအသီးသီးအား အာဏာခွဲဝေပေးရန် လိုအပ်သည်ကို ရှင်းလင်းစွာ မြင်ရန် လိုအပ်သည်။

ပထမအချက်အနေနှင့် ပြည်မ ဒီမိုကရက်များသည် ပဒေသရာဇ်နိုင်ငံတော်အား ပုံပြောင်းထားသည့် မြန်မာစစ်တပ်၏ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုပါတီဆိုသည့် ပုံသွင်းထားသည့် အနှောင်အဖွဲ့မှ ဖေါက်ထွက်စဉ်းစားကြရန် လို၏။

ထို့ပြင် မြန်မာပြည်သည် အမေရိကန်၊ ဩစတေးလျနိုင်ငံများကဲ့သို့ ပြောင်းရွှေ့အခြေချသူများဖြင့် ထူထောင်ထားသည့် နိုင်ငံမဟုတ်။ ဌာနေဒေသခံ တိုင်းရင်းသား လူမျိုးများဖြင့် စုဖွဲ့ထားသည့်နိုင်ငံဖြစ်ရာ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင် လက္ခဏာကို အသိအမှတ်ပြုရန်လိုအပ်သကဲ့သို့ တိုင်းရင်းသားလူမျိုးအသီးသီး၊ ဒေသအသီးသီးအား အာဏာခွဲဝေပေးရန် လိုအပ်သည်ကို ရှင်းလင်းစွာ မြင်ရန် လိုအပ်သည်။

ဒုတိယအနေနှင့် တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏အားကောင်းသောတော်လှန်ရေးတပ်ဖွဲ့များဖြင့် ၎င်းတို့ဒေသကို ချုပ်ကိုင်ထားသည်ကို အသိအမှတ်ပြုပြီး ထိုပြသနာကို နိုင်ငံရေးအရ ဖြေရှင်းရန် ရည်ရွယ်ရမည်။

အာဏာခွဲဝေရေးနှင့်ပတ်သက်သည့် မူဝါဒများကို လက်တွေ့ပြင်ဆင်ထားရန်လို၏။ ရွေးကောက်ပွဲရလဒ်အရ ပြည်နယ် ၅ ခု တွင်အနိုင်ရခဲ့သော NLD သည် စစ်အင်အားဖြင့် ထိုဒေသများအား ထိမ်းချုပ်ရန် လုပ်ကိုင်နေသည့် မြန်မာစစ်တပ်ထက် ပို၍ သစ်လွင်သည့်အမြင်ရှိရန်လို၏။

ပြောင်းလဲထိုးဖေါက်၍ စဉ်းစားရန် လို၏။ ထိုသို့မပြောင်းလဲနိုင်ပါက စစ်အာဏာရှင်အား အနိုင်တိုက်ပြီးတောင်မှ တိုင်းရင်းသား လူမျိုးများပြဿနာကို မဖြေရှင်းနိုင်ဘဲ စစ်ပွဲနွံအတွင်း ပြန်လည်ရောက်ရှိသွားနိုင်သည်ကို သတိပြုရန်လိုသည်။

တတိယအချက်အနေနှင့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များသည် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့ကို ဖျက်သိမ်းရန်သော်၎င်း၊ ၎င်းတို့လက်နက်ကိုင်တပ်ဖွဲ့ ကွပ်ကဲမှုကို စွန့်လွှတ်ရန်သော်၎င်း စဉ်းစားမှု မရှိကြပေ။

NUG အာဏာရလျင်တောင်မှ လက်ခံကြလိမ့်မည် မဟုတ်ပေ။ အနှစ် ၇၀ကျော် ပြည်တွင်းစစ်နှင့် အပြန်အလှန် မယုံကြည်မှုများကို ချက်ခြင်းပြောင်းလဲရန် ဖြစ်နိုင်မည်မဟုတ်ပေ။

အတွေးအခေါ်အဟောင်းများ၊ အစဉ်အလာဟောင်းများမှ ဖေါက်ထွက်စဉ်းစားရန် လိုသည်။ ကွန်ဖက်ဒရေးရှင်းဖြစ်စေ၊ မည်သည့်ပုံစံဖြစ်စေ အပြန်အလှန်လေးစားစွာ၊ ချစ်ခင်စွာ ၊ အကျိုးရှိစွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် တိုင်းရင်း သားအချင်းချင်း စစ်ပွဲမဖြစ်သည့် တိုင်းပြည်ပုံသဏ္ဍာန်သစ်တခု တည်ဆောက်ကြရပေမည်။

၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်အကောင်အထည်ဖော်ရေးအား ၎င်းတို့၏ တော်လှန်ရေး တပ်ဖွဲ့ အပေါ် အခြေပြု ထားသည်ဖြစ်ရာ လက်ရှိအချိန်တွင် တိုင်းရင်းသား ပြည်နယ်များ၊ ဒေသများအား စိတ်တူကိုယ်တူ ငြိမ်းငြိမ်းချမ်းချမ်း တစုတစည်းတည်း ပေါင်းစည်းရန် ကွန်ဖက်ဒရေးရှင်းပုံစံသာရှိသည်ကို မလွဲမရှောင်သာ အသိအမှတ်ပြုရန် လိုအပ်ပေမည်။

အပြန်အလှန် လေးလေးစားစား အသိအမှတ်ပြုပြီး ချစ်ကြည်စွာနေထိုင်နိုင်ရန်၊ ပေါင်းစည်းနိုင်ရန် ထိုတလမ်းသာ လမ်းပွင့်နေပေသည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ဖက်ဒရယ်ဆိုသည်ကို နှစ် ၅၀ ခန့် ပြောဆိုခွင့်မရသည့်အပြင် ဖက်ဒ ရယ်ဆိုသည်မှာ ပြည်ထောင်စုပြိုကွဲရေးဖြစ်သည်ဟု ဝါဒဖြန့်မှိုင်းတိုက်ခံရသည့်အခြေအနေတွင် ကွန်ဖက်ဒရေးရှင်းဆိုသည်က ပို၍ ထိတ်လန့်စရာအဖြစ် မြင်ကောင်းမြင်နိုင်ပေသည်။

သို့သော် ဌာနေ ဒေသခံတိုင်းရင်းသားလူမျိုးများ ပေါင်းစည်းနေသည့် မြန်မာပြည်တွင် ဗဟိုမှချုပ်ကိုင်သည့် တပြည် ထောင်စနစ်အား စွန့်လွှတ်ပြီး တိုင်းရင်းသားလူမျိုးပြည်နယ်များ၊ ဒေသများအား အာဏာခွဲဝေပေးရန်၊ ကိုယ် ပိုင် အုပ်ချုပ်ခွင့်ပေးရန်လိုအပ်သည်ဟု ရိုးစင်းစွာ စဉ်းစားရန်လို၏။

အတွေးအခေါ်အဟောင်းများ၊ အစဉ်အလာဟောင်းများမှ ဖေါက်ထွက်စဉ်းစားရန် လိုသည်။ ကွန်ဖက်ဒရေးရှင်းဖြစ်စေ၊ မည်သည့်ပုံစံဖြစ်စေ အပြန်အလှန်လေးစားစွာ၊ ချစ်ခင်စွာ ၊ အကျိုးရှိစွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် တိုင်းရင်း သားအချင်းချင်း စစ်ပွဲမဖြစ်သည့် တိုင်းပြည်ပုံသဏ္ဍာန်သစ်တခု တည်ဆောက်ကြရပေမည်။

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအပြင် တိုင်းပြည်ပုံသဏ္ဍာန်အသစ်တရပ်တည်ဆောက်ရန် လိုအပ်သည်ကတော့ မလွဲမရှောင်သာဖြစ်ပေသည်။