• Today is: Friday, March 29, 2024

စစ်တွေမြို့တွင် အသတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်းအမှု၏ လူသတ်တရားခံကို ဖော်ထုတ်နိုင်ပြီလို့ ULA သတင်းထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ သြဂုတ် ၃၁

ရခိုင်ပြည်သူများ စိတ်ဝင်စားနေသည့် စစ်တွေမြို့  ပြည်နယ်စစ်ကောင်စီရုံး အနီးတွင် အသတ်ခံခဲ့ရသည့် မနွယ်သန္တာဝင်း၏ အမှုတွင် ကျူးလွန်ခဲ့သူ လူသတ်တရားခံကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီလို့ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ ဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်( ULA) သတင်းနှင့် ပြန်ကြားရေးက ယနေ့  သတင်းထုတ်ပြန်လာပါတယ်။

အမှုမှန်တရားခံပေါ်ပေါက်ရေးအတွက် သံသယဖြစ်ခြင်းခံရသော ပတ်သက်နေသည့်သူများကိုခေါ်ယူ၍ စစ်ဆေး မြန်းကာ လူသတ်တရားခံအား စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပြီး လူသတ်တရားခံအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိသလို အမှုမှန် ပေါ်ပေါက် နိုင်ရေးနှင့် ပြစ်မှုကျူးလွန်ထားသော တရားခံကို ပေါ်ပေါက်အောင် ဖော်ထုတ်နိုင်ရေးအတွက် တာဝန်သိစိတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့သော  တာဝန်သိပြည်သူများကို အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါပေမယ့် ဖော်ထုတ်ထားတဲ့ တရားခံအမည်၊ တရားခံနှင့်ပတ်သက်သည့် အချက်အလက်ကိုတော့ ထုတ်ပြန်လာသာ မရှိသေးပါဘူး။

ယခုနှစ်ဆယ်တန်းကို ဂုဏ်ထူး တစ်ဘာသာဖြင့် အောင်မြင်ထားသူ အသက် (၁၈) နှစ်အရွယ်သာ ရှိသေးသည့် မနွယ်သန္တာဝင်းသည် စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတည်ရှိရာ မေယုလမ်းရှိ “Luminous/Livguard” ပလပ်စတစ် ပစ္စည်းနှင့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌ အလုပ်လုပ်နေသူ ဖြစ်ပြီး သူမ၏ အသတ်ခံထားရသည့် အလောင်းကို ဩဂုတ် (၁၅) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်၌ တွေ့ရှိခဲ့သာပါ။

သူမသည် အလောင်းကို  ၎င်းဆိုင်၏ စတိုခန်းအတွင်းတွင် ဝမ်းဗိုက်တွင် ဓါးထိုးဒဏ်ရာများ၊ လည်ပင်းတွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဆွေမျိုးများက တွေ့ရှိခဲ့ကြသာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးငယ် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများ အကြားတွင် မကျေနပ်မှု တိုးပွားခဲ့လာကာ ကျူးလွန်သူ လူသတ်တရားခံကို ဖော်ထုတ်ပေးရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်နှင့် လက်ရှိ စစ်ကောင်စီကို ရခိုင်ပြည်သူများက တောင်းဆိုခဲ့ကြပါတယ်။

ပြည်သူ့လုံခြုံရေး၊ တရားမျှတမှုရရှိစေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့် တပြေးညီလုပ်ဆောင်လျက်ရှိပြီး ပြည်သူများ အနေနှင့်လည်း  ပြည်သူ့တာဝန်သိစိတ်နှင့်အတူ ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်( ULA)  တိုက်တွန်း ထားပါ သေးတယ်။