• Today is: Friday, March 29, 2024

တပ်အသိုင်းအဝိုင်းက ငြိုငြင်လာတဲ့ စစ်ခေါင်းဆောင်

■ တပ်အသိုင်းအဝိုင်းက ငြိုငြင်လာတဲ့ စစ်ခေါင်းဆောင်

●───── ๑۩۩๑ ─────●

-မင်းသေ့

ဂျပန်နိုင်ငံသား နိုင်ငံရေးသိပ္ပံပါမောက္ခ လုပ်နေတဲ့ ယိုရှီဟီရို နာဂါနီရှီ (မြန်မာအမည် – ကိုရဲရင့်) ရေးတဲ့ Strong Soldiers, Failed Revolution စာအုပ်ကို ပြန်ဖတ်မိတယ်။ ဒီစာအုပ်ဟာ၊ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ၁၉၆၂ ခုနှစ်ကနေန ၁၉၈၈ ခုနှစ်အထိ မြန်မာစစ်အစိုးရအုပ်ချုပ်မှုနဲ့ မြန်မာစစ်တပ်အကြောင်းကို လေ့လာဆန်းစစ် ထားတဲ့ စာအုပ်ပါ။ ဗိုလ်ချုပ်ကြီးနေဝင်း နိဂုံးချုပ်အပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထဲ အာဏာ ဆုပ်ဆုပ် ကိုင်ကိုင် ရလာတဲ့ အကြောင်းရင်း တချို့ကို လေ့လာမိတယ်။

■ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

ဒီစာအုပ်ထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အကြောင်းကိုလည်း ပုံဖော်ရေးသားတာ ဖတ်ရတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဘဝကို လေ့လာတဲ့အခါမှာ၊ အောက်ခြေစစ်သားဘဝကနေ ထိပ်ဆုံးကို ရာထူး အဆင့်ဆင့်နဲ့ တက်လှမ်းလာတဲ့ စစ်သားစစ်စစ်ဆိုတာကို တွေ့ရတယ်။ သူ ရယူခဲ့တဲ့ ရာထူးအဆင့်တွေ မှာ အထက်က ပေးအပ်တဲ့ စစ်ဆင်ရေးတာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့သူဆိုတာ တွေ့ရတယ်။ လမ်းစဉ်ပါတီခေတ်မှာ၊ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စီမံချက်အရ – ပါတီကော်မတီဝင်ဖြစ်လာ ပေမယ့်၊ တပ်ကိုသာ အထူးပြု အာရုံစိုက်သူဖြစ်တယ်။ စစ်သားစစ်စစ်က စစ်ခေါင်းဆောင်ဖြစ်လာဖို့ အတွက် တပ်တွင်းထောက်ခံမှုဟာ သိပ်အရေးကြီးတယ်၊ အလွန်အရေးကြီးတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ ဦးဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ စစ်ရေးအောင်မြင်မှု ရခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း တပ်ထဲမှာ သူ့ရဲ့ ဩဇာဟာ ခိုင်မြဲဖို့ အကြောင်းကောင်းတွေ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်တာ တွေ့ရတယ်။

စစ်ခေါင်းဆောင်တစ်ယောက်အဖို့၊ ပြည်သူလူထုထောက်ခံခြင်း မထောက်ခံခြင်းက သာမည ကိစ္စ။ တပ်တွင်းအင်အားစုတွေ ထောက်ခံဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ စစ်တပ်ရဲ့ ထောက်ခံမှုကို ရဖို့ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ – နှစ်ပေါင်း (၂၀) ကျော် ဦးဆောင်ခွင့်ရခဲ့သူပါ။ ၁၉၉၂ ခုနှစ် ဧပြီမှ နဝတအဖွဲ့ ဥက္ကဌ ဖြစ်လာတယ်ဆိုပေမယ့်၊ ဗိုလ်ချုပ်စောမောင် ခေါင်းဆောင်မှုနောက်မှာ သူက ဒုတိယခေါင်းဆောင်အနေနဲ့ ရှိနေခဲ့ သူဖြစ်ပါတယ်။ နှစ်ပေါင်း (၂၀) ကျော် စစ်အစိုးရခေါင်းဆောင်အနေနဲ့ သက်ဆိုးရှည်အောင် အုပ်ချုပ်နိုင်ခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းအတော်များများ ရှိပါတယ်။ အဲသည့်အထဲမှာ – တပ်ထောက်ခံမှုကို ဒင်းပြည့်ကျပ်ပြည့် ရအောင် အားထုတ်နိုင်ခဲ့ခြင်းဟာ အဓိက တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။

■ တပ်ထောက်ခံမှု

စစ်ခေါင်းဆောင်တွေဟာ – လူထု ထောက်ခံမှု မရရင်နေ၊ တပ်ထောက်ခံမှုကို ရအောင်တော့ ယူလေ့ရှိပါတယ်။ တပ်က ထောက်ခံဖို့အတွက်လည်း နိုင်ငံရေးလုပ်ငန်းစဉ်တွေ အောင်မြင်ခြင်း မအောင်မြင်ခြင်းထက် စစ်ရေး အရ အောင်မြင်မှုက ပိုအရေးကြီးပါတယ်။ စစ်ခေါင်းဆောင်ဟာ စစ်ရေးအရ ရှုံးနိမ့်ပြီဆိုရင်၊ တပ်တွင်း ထောက်ခံမှု အကြီးအကျယ် ကျဆင်းလေ့ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ – နိုင်ငံရေးကို ထိပ်ပိုင်းကနေ ပုံသွင်း တည်ဆောက်တာမျိုးကို လုပ်ခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေးကို ဖိနှိပ်တာ၊ ချုပ်ကိုင်တာ၊ ပုံသွင်းတာမျိုး လုပ်ပေမယ့် — သူဟာ စစ်သားစစ်စစ်ပါ။ နိုင်ငံရေးကို ပုံဖော်ဖို့ပဲ ကြိုးစားပါတယ်။ နိုင်ငံရေးမှာ ဝင်ကစားဖို့ မကြိုးစားပါဘူး။ သူ့လက်ထက်မှာ နိုင်ငံရေးလုပ်ခွင့်ကိုလည်း တားဆီးပိတ်ပင်ထားပါတယ်။

■ စစ်ရေးဦးဆောင်မှုမှာ အရှုံးပြလို့ မရ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ — တပ်ထောက်ခံမှုနဲ့ တပ်အသိုင်းအဝိုင်းထောက်ခံမှု အပါအဝင် ဗမာအညာပြည်မ က လူထုထောက်ခံမှုကိုပါ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ စစ်ဝါဒဖြန့်ချိရေးယန္တရားကို စနစ်တကျ သုံးစွဲပြီး၊ စစ်တပ်ထောက်ခံရေး အင်အားစုတွေ ပြည်သူထဲမှာ အများအပြား ရှိလာအောင် လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ — စစ်ရေးအရ အောင်နိုင်မှုတွေ လုပ်နိုင်ခဲ့ခြင်းဟာ၊ သူ့ရဲ့ တပ်တွင်းဩဇာကို ပိုမိုကြီးထွားစေတဲ့ အထောက်အပံ့ကောင်းဖြစ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်တစ်ယောက်အဖို့ စစ်ရေးအောင်မြင်မှုတွေ ရရှိခြင်းဟာ တပ်တွင်းထောက်ခံမှုကို ရရှိစေတဲ့အဓိက အကြောင်းရင်းဖြစ်ပါတယ်။ စစ်ခေါင်းဆောင်အဆက်ဆက်ဟာ — နိုင်ငံရေးအရ ရှုံးခဲ့ရင် အနည်းငယ် ခံသာပါသေးတယ်။ စစ်ရေးဦးဆောင်မှု မှာ အရှုံးပြတယ်ဆိုရင်တော့ — သူ့တပ်တွင်းက လူတွေရဲ့ အထင်အမြင်သေးခြင်းကို ခံရပါတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း တပ်တွင်းထောက်ခံမှု ကျဆင်းပြီး စစ်ခေါင်းဆောင်အဖြစ် လျော့ကျရတော့တာပါပဲ။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေဟာ – တပ်တွင်းထောက်ခံမှုကို အမြင့်မားဆုံး အနေအထားထိ ရအောင် တည်ဆောက်ယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

နှစ်ပေါင်း (၂၀) ကျော် စစ်အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် ဖြစ်တည်ခဲ့မှုဟာ— ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပ် ထောက်ခံမှု အဆင့်ဒီဂရီကို ပြသနေပါတယ်။ ဒီလို တပ်ထောက်ခံမှုကို အစဉ်တစိုက်ရရှိအောင်လည်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက သူ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်လာပြီးချိန်ကစလို့၊ တပ်မတော်ကို အင်အားကြီးအောင် တပ်တွင်းက စစ်ဗိုလ်တွေရဲ့ ကောင်းစားရေးကို အထူးအာရုံစိုက် ကြိုးစားခဲ့သူဖြစ်တာတွေ့ရပါတယ်။

တပ်ထဲမှာ စစ်သားနဲ့ စစ်ဗိုလ်တွေအပေါ် ဩဇာညောင်းစေတဲ့ အဓိက အကြောင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်ရေးအောင်မြင်မှုတွေ ဖြစ်ပါတယ်။ သူ့အတွက် အရေးကြီးတာကလည်း ပြည်သူ့ထောက်မံ မှု မဟုတ်ပါ၊ တပ်ထောက်ခံမှုသာ ဖြစ်ပါတယ်။ စစ်အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ရပ်တည်ရာမှာလည်း တပ်ထောက်ခံမှုကို ရထားလို့သာ အာဏာသက်ရှည်ကြာခဲ့ရခြင်းဖြစ်ပါတယ်။

■ ဗိုလ်ချုပ်ကြီး နေဝင်း

စစ်သားစင်စစ်ဘဝကနေ လာတဲ့ စစ်ဗိုလ်တွေ မင်းလုပ်အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရသက်တမ်းတစ်လျှောက်လုံးမှာ၊ စစ်ခေါင်းဆောင်တွေဟာ စစ်တပ်ထောက်ခံမှု ရဖို့ အထူးဂရုစိုက်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ — သခင် နိုင်ငံရေးသမားဘဝကနေ စစ်သားဖြစ်လာသူပါ။ သို့သော် သူက သခင်ဘွဲ့ခံခဲ့တယ်လို့ ပြောပေမယ့်၊ တကယ်က စစ်သားစိတ် ပိုရှိသူပါ။ သခင်ရှုမောင် ဆိုတဲ့ နာမည်ဟာ – ကိုလိုနီခေတ် မျိုးချစ်တော်လှန်ရေးသမားတွေ သဘောကို ဆောင်ပေမယ့်၊ တကယ်တော့ ဗိုလ်ချုပ်ကြီးနေဝင်းကို နိုင်ငံရေးသမားလို့ ပြောလို့ မရပါဘူး။ သူဟာ လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေး စစ်သားဖြစ်ခဲ့သူပါ။ လွတ်လပ်ရေးရပြီးတော့လည်း – နိုင်ငံရေးထဲ မပါဘဲ၊ တပ်ထဲမှာပဲ သူ့ရဲ့ ခေါင်းဆောင်မှုကို အထူး တွေ့မြင်ခဲ့ရတယ်။ စစ်ဗိုလ်က နိုင်ငံရေးသမားကို ဘယ်လို ကစားရမယ်၊ ဘယ်လို နေရာချရမလဲဆိုတာကို သူ အမြဲ တွက်ဆခဲ့တယ်။ နိုင်ငံရေးသမားကတော့ ပြည်သူထောက်ခံမှုရအောင် လုပ်ပေမယ့်၊ စစ်ခေါင်းဆောင်ကတော့ တပ်ထောက်ခံမှု ရအောင် အမြဲ လုပ်နေရ တာဖြစ်တယ်။ တပ်ထောက်ခံမှုကိုလည်းရတယ်၊ ပြည်သူ့ထောက်ခံမှုကိုလည်း ရတယ်ဆိုရင် စစ်ခေါင်းဆောင် အတွက် အတိုင်းအထက် အလွန်ဖြစ်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ — တပ်ထောက်ခံမှုကိုလည်း ရအောင် လုပ်နိုင်ခဲ့သူဖြစ်သလို၊ ဆိုရှယ်လစ်သကာချိုနဲ့ လူထုထောက်ခံမှုရအောင် လှည့်ဖြားနိုင်ခဲ့သူလည်းဖြစ်တယ်။ သို့သော် နောက်ဆုံး လုံးဝ မဟန်တော့မှ၊ ရာဇပလ္လင်ပေါ်က ဆင်းပေးလိုက်ရခြင်းဖြစ်တယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ — အတက်လှအောင်လည်း လုပ်နိုင်ခဲ့သလို၊ အဆင်းညက်ညောအောင်လည်း လုပ်နိုင်ခဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထွက်ပေါက်မဟာဗျူဟာကို ကောင်းကောင်း အသုံးချနိုင်ခဲ့သူပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ — အကန့်အသတ်တွေကို ဗိုလ်ချုပ်ကြီးနေဝင်း ထက် ပိုနားလည်သဘောပေါက်ခဲ့သူဖြစ်တယ်။ ဒါ့ကြောင့်လည်း သူဟာ စစ်ခေါင်းဆောင်ထဲမှာ တပ်တွင်း ထောက်ခံမှုမှာ မှတ်ကျောက် တင်ခံရသူ ဖြစ်ခဲ့ပါတယ်။

■ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့လည်း – စစ်ခေါင်းဆောင်အဖြစ် အာဏာသက်ရှည်ကြာဖို့၊ တပ်ထောက်ခံ ရေး အင်အားစုတွေကို အမြော်အမြင် ရှိရှိ တည်ဆောက်လာခဲ့သူ ဖြစ်ပါတယ်။ တပ်ထောက်ခံမှုကို အပီအပြင်ရခဲ့ လို့လည်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကို ရဲရဲဝံ့ဝံ့ ပိုင်ပိုင်နိုင် နိုင် လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးကာလမှာလည်း၊ စစ်ဗိုလ်ချုပ်ဟောင်း အသိုင်း အဝန်းထဲမှာ – ညင်သာသိမ်မွေ့စွာ အာဏာသိမ်းနိုင်ခဲ့တယ်လို့ ချီးမွှမ်းခံရတာတွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ “အာဏာသိမ်းတာက လွယ်တယ်၊ အာဏာထိန်းဖို့က မလွယ်ဘူး” ဆိုတာကို ခပ်ပေါ့ပေါ့ စဉ်းစားခဲ့ဟန်တူပါတယ်။ ခေတ်စနစ် အပြောင်းအလဲနဲ့ လူ့အဖွဲ့အစည်းရဲ့ ပုံပြောင်းဖြစ်တည်မှုတွေကို စနစ်တကျ နားလည်သဘောမပေါက်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ — တိုင်းပြည်ဟာ ဖရိုဖရဲနဲ့ ကသောင်းကနင်းတွေ ဖြစ်ခဲ့တာပါပဲ။

■ တပ်ထောက်ခံမှု လျော့ရွဲလာ

အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်တွင်းထောက်ခံမှုတွေဟာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းလာတာကိုတွေ့ရပါတယ်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးကို မထိန်းမကွပ်နိုင်ဘဲ၊ အရပ်ရှစ်မျက်နှာအားလုံးကို စစ်မျက်နှာဖွင့်ပြီး တိုက်နေရတဲ့ အခြေအနေဟာ — တပ်ကို ပရမ်းပတာဖြစ်စေတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ကွပ်ကဲမှုအောက်မှာ – မြန်မာစစ်တပ်ဟာ ဖရိုဖရဲ ပရမ်းပတာ ဖြစ်လာတာကို တပ်တွင်းအသိုင်းအဝိုင်းက ကောင်းကောင်း သိပါတယ်။ သူတို့ ဂုဏ်ယူခဲ့တဲ့ တပ်မတော်ဟာ လူအများတံတွေးခွက်မှာ ပက်လက်မျောပြီး ဂုဏ်သိက္ခာကျဆင်းနေတာကိုလည်း တပ်ထောက်ခံ သူ အသိုင်းအဝန်းက သိပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးဌာနက တပ်ထောက်ခံမှုကို ထိန်းထားနိုင်အောင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အင်တာနက်အွန်လိုင်း အပြန့်ကျယ်တာဖြစ်လို့ လိမ်ညာဖြီးဖြန်းလို့ မရဘူးဆို တာ ပေါ်လွင်နေပါတယ်။

■ အဖတ်ဆယ်လို့ မရတော့လောက်အောင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ – အုပ်ချုပ်ရေးစစ်မျက်နှာ၊ စီးပွားရေးစစ်မျက်နှာ၊ သံခင်းတမန်ခင်း စစ်မျက်နှာ၊ လုံခြုံရေးစစ်မျက်နှာနဲ့ စစ်ဆင်ရေးအသီးသီးကို စစ်မျက်နှာပေါင်းစုံ ဖွင့်ပြီး တိုက်နေရပါတယ်။ အထူးသဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအဖွဲ့တွေရဲ့ လက်နက်ကိုင် အင်အားစုတွေ၊ တော်လှန်သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအပေါ် စစ်ရေးအရ ရှုံးနိမ့်မှုတွေဟာ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်တွင်း ထောက်ခံမှုတွေကို အဖတ်ဆယ်လို့ မရအောင် ကျဆင်းစေတာတွေ့ရပါတယ်။ စစ်ခေါင်းဆောင်တစ်ယောက်အဖို့ စစ်ရေးရှုံးနိမ့်မှု ကြုံရတာလောက် သိက္ခာကျတာ မရှိပါဘူး။ ယခု လက်ရှိအခြေအနေမှာ — ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်သူလူထုထောက်ခံမှု ရဖို့ အသာထား။ တည်ဆဲ တပ်တွင်းအင်အားစုတွေ ထောက်ခံမှု မကျဆင်းအောင် မနည်း လုပ်ယူနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ စစ်ခေါင်းဆောင်တစ်ယောက်အဖို့ နေ့တိုင်း နေရာတိုင်း စစ်ဆင်ရေးတိုင်းမှာ အောင်မြင်မှု ကြီးကြီးကျယ်ကျယ် မပြနိုင်ခြင်းဟာ စစ်ခေါင်းဆောင် အချင်းချင်းကြားမှာလည်း ဩဇာမညောင်းတဲ့ အခြေအနေမျိုးဖြစ်လာနေပါတယ်။

■ လိမ်ညာဖြီးဖြန်းလို့ မရတော့

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖို့၊ တပ်တွင်းအသိုင်းအဝိုင်းမှာ ထောက်ခံမှုရအောင် နည်းအမျိုးမျိုးနဲ့ အာရုံစိုက် လုပ်ဆောင် နေရပါတယ်။ လက်ရှိ မြန်မာစစ်တပ်ရဲ့ စစ်ရေးရှုံးနိမ့်မှုတွေဟာ – တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးဌာနက လိမ်ညာဖြီးဖြန်း ဝါဒဖြန့်လို့ မရလောက်အောင်ကို အကြီးအကျယ် မရှုမလှ ရှုံးနိမ့်နေတာ တွေ့ရပါတယ်။ တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းအတွင်းမှာလည်း မလွှဲသာလို့သာ စစ်တပ်ကို ထောက်ခံနေရ တယ် တပ်ခေါင်းဆောင် ရဲ့ ညံ့ဖျင်းမှုကိုလည်း စိတ်ပျက်နေကြရရှာတယ်။ တပ်ခေါင်းဆောင်ရဲ့ စစ်ရေး ဦးဆောင်မှု ညံ့ဖျင်းချက်တွေနဲ့ အထွေထွေ အုပ်ချုပ်စီမံခန့်ခွဲမှုတွေ လျော့ရွဲနေခြင်းကို၊ ခပ်တိုးတိုး အားမလို အားမရ အပြစ်တင်ကြတာကို တွေ့ရပါတယ်။ သို့သော်လည်း တပ်ထောက်ခံရေးအသိုင်းအဝိုင်းအတွင်းမှာ — အလွန်အကျွံ ဝေဖန် ပြစ်တင်မှုကို လည်း မလုပ်ရဲကြပါဘူး။ အကြောင်းကတော့ — တပ်အသိုင်းအဝိုင်းဆိုတာ အချင်းချင်းလည်း သူတို့ မလိုရင် အသေနွှာတယ်ဆိုတာ သူတို့ သိနေကြလို့ပါပဲ။ ဒီတော့ တပ်အသိုင်းအဝိုင်းက လက်ရှိ စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “ဖင်ပိတ်ထောက်ခံရုံမှတပါး အခြားမရှိ” ဖြစ်နေရပါတော့တယ်။